အင်ပျဉ်ထခြင်း ၊နှင်းခူရောဂါ၊ အနီပိမ့်ထွက်ခြင်းစတဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေဟာ ယားလိုက်၊ ကုတ်လိုက်၊ ယားလိုက် သံသရာထဲမှာ လည်နေတတ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်စေတဲ့  ပစ္စည်းမျိုးနဲ့တွေ့တဲ့အခါ ခန္ဓာကိုယ်ကနေ ဟစ်စတာမင်းဓာတ်ထွက်လာတတ်ပါ တယ်။ အဲဒီ ဟစ်စတာမင်းဓာတ်ဟာ ယားယံစေနိုင်ပါတယ်။ယားတဲ့အတွက် ကုတ်ခြစ်လိုက်တာဟာ Mast Cells တွေကို လှုံ့ဆော်ပြီး ဟစ်စတာ မင်းဓာတ်ကို ပိုမိုထွက်ရှိစေပါတယ်။ အဲဒီအခါ ပိုယားလာပါတော့တယ်။ ဟစ်စတာမင်းဟာ ရောင်ရမ်းခြင်းဖြစ်အောင်လှုံ့ဆော် ပေးနိုင်တာကြောင့် နဂိုရှိတဲ့အရေပြားပြဿနာက ပိုဆိုးလာပါတော့တယ်။ဒါကြောင့် ခံရခက်လှတဲ့ အရေပြားဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်နည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) အရေပြားယားယံခြင်းဖြစ်ရင် မကုတ်ခြစ်ပဲ ဟစ်စတာမင်းဆန့်ကျင်ဆေးဝါး (Antihistamine) အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

(၂) ယားယံတဲ့အရေပြားနေရာပေါ် အစိုဓာတ်ထိန်းအလှဆီ (Moisturizer) လိမ်းပြီး ခြောက်သွေ့ရောင်ရမ်းမှုမဖြစ်အောင် ထားပါ။

အရေပြားဟာ ခြောက်သွေ့နေရင် အက်ကွဲခြင်းနဲ့ ရောင်ရမ်းခြင်းတို့ ပိုဖြစ်စေတာကြောင့် Moisturizer လိမ်းဖို့က အရေးကြီးပါတယ်။ အရေပြားခြောက်သွေ့အက်ကွဲခြင်းဟာ အရေပြားမျက်နှာပြင်အောက်ဆီ ဓာတ်မတည့်စေတဲ့ပစ္စည်းရောက်ရှိဖို့ တွန်းအားပေးရာရောက်ပါတယ်။

(၃) အရေပြားကို အလွန်အမင်း ခြောက်သွေ့သွားစေနိုင်တဲ့ အရာတွေကိုရှောင်ပါ။ဥပမာ-ရုတ်တရက် အပူချိန်အပြောင်းအလဲဖြစ်သွားခြင်းမျိုး၊ အားကစားကို အလွန်အကျွံလုပ်ခြင်းကြောင့် ချွေးထွက်များစေကာ ဓာတ်မတည့်မှု ပိုဆိုးစေတာကြောင့် သတိထားပါ။

(၄) အရေပြားအတွက် သက်သောင့်သက်သာ ရှိစေမယ့် သဘာဝချည်သား ပေါ့ပါးတဲ့ဝတ်စုံမျိုး ၀တ်ဆင်ပါ။

(၅) ရေချိုးတဲ့အခါ ရေပူနဲ့ကြမ်းတမ်းတဲ့ ဆပ်ပြာသုံးခြင်း ရှောင်ပါ။ Dove, Olay စတဲ့ ပျော့ပျောင်းတဲ့ဆပ်ပြာမျိုးကို သုံးပါ။

(၆) ရေချိုးပြီးတဲ့အခါ ခြောက်အောင်မသုတ်ပါနဲ့။အရေပြားစိုပြည်ချိန်မှာ Moisturizer လိမ်းပါ။အရေပြားကို ညစ်ပစ်နေတဲ့ လက်တွေနဲ့ မထိတွေ့ ပါနဲ့။အရေပြားကို ကိုင်တွယ်ထိတွေ့ လိုရင် လက်တွေကို အရင်ဆုံးသေချာဆေးကြောပေးပါ။

(၇) အေးမြတဲ့ ရာသီမှာ အရေပြားအလွန်အမင်းမခြောက်သွေ့စေဖို့ အစိုထိန်းစက် (Humidifier) သုံးပါ။

(၈) ၀တ်ဆင်မယ့်အ၀တ်အစားတွေကို သေချာလျှော်ဖွတ် မီးပူတိုက်ပြီးမှ ၀တ်ပါ။

(No.289, Good Health Magazine ပါ ဇွန်ရေးသားသော စာကို ပြန်လည်မျှဝေပါသည်။)

About maypearl

may pearl has written 25 post in this Website..

I like writing & reading