၂၀၀၈ အခြေခံဥပဒေ ပြန်သုံးသပ်မည့်အပေါ် အမြင်သဘောထား(များ)

kaiMarch 16, 20131min37014

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွွှှတ် တော်က သဘောတူလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွွှှတ်တော်အစည်းအဝေးထဲမှာ ဝက်လက်မြို့နယ် ပြည်သူ့ လွွှှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး မြစ်ကြီးနား မြို့နယ် ပြည်သူ့လွွှှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။

(ဝဲမှယာ-အပေါ်ပုံ သခင်ချန်ထွန်း၊ ဦးတင်ဦး၊ ဦးခင်မောင်ဆွေ၊ အောက်ပုံ ဦးဂျင်မီ၊ ဒေါက်တာအေးမောင်၊ ဦးစိုင်းညွန့်လွင်)

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ နိုင်ငံရေးပါတီအသီးသီးနဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ အမြင်သဘောထားအချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက)

“ကျနော်တို့က ၂၀၀၈ သူတို့ လူထုဆန္ဒခံယူပွဲကတည်းက ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မမှန်ကန်ဘူးဆိုတာ တောက်လျှောက်ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်လို့လည်း ရွေးကောက်ပွဲမဝင်ခဲ့ဘူး။ ဝင်မယ်လို့ စလုပ်တော့လည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွွှှတ်ပေးရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချိန်အခါအားလျော်မှာ ပြင်ရမယ်ဆိုတာ မူအားဖြင့် သဘောတူခဲ့တယ်။ နောက် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်ပြုမယ်ဆိုတာကြောင့် ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ ၂၀၁၁ ဧပြီမှာလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတာလည်း ပြင်းပြင်းထန်ထန် တောင်းခံခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအဆိုတင်သွင်းတာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီးတော့ သို့မဟုတ် ပြန်လည်ပြီး တချို့အချက်အလက်တွေနဲ့ပတ်သက်တာကို ပြန်သုံးသပ်ပြီး ဒီမိုကရေစီစနစ်နဲ့မညီတာအားလုံးကို ပြုပြင်ပြောင်းလဲမယ်၊ ဖျက်သိမ်းမယ် ဆိုတဲ့ သဘောသက်ရောက်လို့ ကြိုဆိုပါတယ်။”

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ)

အန်ဒီအက်ဖ်ပါတီရဲ့ မူဝါဒမှာကိုက အခြေခံဥပဒေပြင်ဖို့ဆိုတာ ပါတယ်။ ရွေးကောက်ပွဲမဝင်ခင်၊ ပါတီမထောင်ခင်ကတည်းက ရေးထားတဲ့ မူဝါဒမှာ ပါပါတယ်။ အင်အားကြီးပါတီတခုက ကော်မတီ၊ ကော်မရှင်ဖွဲ့ဖို့ကို ပြောလာပြီဆိုတော့ အခြေခံဥပဒေက ဒီမိုကရက်တစ်ဖြစ်ဖို့လိုတယ်ဆိုတာ လက်ခံလိုက်ပြီဆိုတဲ့သဘော ဖြစ်ပါတယ်။ ကျနော်တို့ကလည်း ရွေးကောက်ပွဲ ဝင်ပြီးမှာသာလျှင် အခြေခံဥဒေကို ပြင်လို့ရမယ်။ အတွင်းက ဝင်ပြင်မှသာလျှင် အကျအဆုံးနည်းနည်းနဲ့ ထိရောက်မယ်ဆိုတဲ့ အယူအဆဟာ မှန်သွားပြီဆိုတာလည်း ပေါ်လွင်သွားတာပေါ့။ အင်အားကြီးပါတီက အခြေခံဥပဒေပြင်ရေး တင်တဲ့ဟာကိုလည်း ကျနော်တို့ ဝမ်းသာပါတယ်။ ပြည်သူလူထုဆန္ဒကို မလွန်ဆန်ဘူး၊ ဒီမိုကရေစီအပြောင်းအလဲကို တကယ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကိုင်စွဲလာပြီဆိုတာ တနည်းအားဖြင့် ပြည်သူတွေအတွက် ဝမ်းသာကြောင်း ပြောချင်တယ်။

သခင်ချန်ထွန်း (ဝါရင့်နိုင်ငံရေးသမားကြီး)

“ပြန်ပြင်ဖို့ ပြန်လည် စိစစ်တာဟာ ဒါအင်မတန်ကောင်းတဲ့လုပ်ငန်းပဲ။ အဲအဆိုကို ဘဘတို့ ကြိုဆိုပါတယ်။ ထောက်ခံပါတယ်။ အခြေခံဥပဒေထဲမှာက အများကြီးပြင်စရာတွေပါနေတယ်လေ။ အထူးသဖြင့် စစ်တပ်နဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ၊ ဆွေးနွေးစရာတွေ ပိုများတယ်လို့ ဆဒီလိုပဲတွက်တယ်။ ပြင်ဖို့ ဒီလိုအဆိုတင်သွင်းလိုက်တာကို အားလုံးလက်ခံပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် ဒါကြိုဆိုဖို့ကောင်းတဲ့ လုပ်ငန်းရပ်လို့တွက်ပါတယ်။”

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)

“အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်သုံးသပ်တဲ့ကာလမျိုးမှာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်တဲ့ ပုံသဏ္ဌာမျိုးဖြစ်အောင် ဖန်တီးတဲ့ အဖွဲ့အစည်းမျိုးဖြစ်အောင် သုံးသပ်နိုင်တဲ့ ဖွဲ့စည်းပုံကို ပြန်သုံးသပ်တာမျိုးဆိုရင် လူထုကလည်း ထောက်ခံနိုင်တယ်။ နိုင်ငံရေးပါတီတွေကလည်း လိုက်ပါလာနိုင်တယ်။ အခုလို ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမျိုးမှာ တောင်းဆိုနေကြတဲ့ တန်းတူအခွင့်အရေးတွေပါတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်အောင် ပြောင်းလဲပုံဖော်နိုင်မယ်ဆိုရင် တပ်မတော်ရဲ့ အနေအထားကိုလည်း တပ်မတော်ဆိုတဲ့ ကဏ္ဍတခုတည်းကို အာရုံစူးစိုက်တဲ့အဖွဲ့အစည်းဖြစ်အောင် ပုံဖော်နိုင်တယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။

စိုင်းညွန့်လွင် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)

“ကြိုဆိုပါတယ်။ ကျနော်တို့ ယုံကြည်ရာကို သူတို့လိုက်ပြီး ယုံကြည်လာတဲ့ သဘောပဲဖြစ်ပါတယ်။ လက်ခံတယ်။ ပူးပေါင်းပြီးဆောင်ရွက်ဖို့ ကမ်းလှမ်းလာရင်လည်း အဆင်သင့်ပါပဲ။ ဒီကော်မတီတွေ၊ ကော်မရှင်တွေဖွဲ့ဖို့ အဓိက နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ အပစ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသင့်ပါတယ်။

ဦးဂျင်မီ- ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)

“ဒါက ပြုပြင်ပြောင်းလဲရေး တကယ်ဖြစ် မဖြစ်တော့ မသိဘူးပေါ့။ ဒါပေမယ့် အဆိုပြုတဲ့သူက သူရဦးအေးမြင့်။ ထောက်ခံတဲ့သူက ဦးသိန်းဇော်။ ဒါက လက်ရှိ အာဏာရပါတီက စတင် လှုပ်ရှားလာတဲ့ အဓိပ္ပာယ်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေ့လာသုံးသပ်ဖို့ ကော်မတီ၊ ကော်မရှင်ဖွဲ့ဖို့ အဆိုဟာ စစ်စစ်မှန်မှန် အဆိုဖြစ်ဖို့တော့ လိုတယ်။ ကော်မရှင်မှာလည်း ဘယ်ဟာတွေ ပြင်သင့်တယ်။ ဘယ်ဟာတွေ အမြန်ပြင်သင့်တယ်ဆိုတာမျိုး အဖြေတွေထွက်ဖို့ကတော့ ဒီမိုကရေစီအင်အားစုတွေ အများကြီးပါဖို့ လိုတယ်။ ဆိုလိုချင်တာက ဒါကို စီးပွားရေးပြေလျော့အောင်၊ ဖိအားတွေပြေလျော့အောင်ပဲ အရင်ကလို လုပ်ဖို့ မသင့်ဘူး။ တကယ်ပြုပြင်ပြောင်းလဲဖို့လုပ်တယ်ဆိုရင်တော့ ဒါကြိုဆိုရမှာပါ။”

by ​အေး​နိုင် (ဒီဗွီဘီ)

Credit: DVB > http://burmese.dvb.no/archives/37479

 

14 comments

  • kai

    March 16, 2013 at 3:17 am

    အပေါ်ကစာကို http://burmese.dvb.no/archives/37479 ကတိုက်ရိုက်ကူးယူပါတယ်..
    ခွင့်မတောင်းထားပေမယ့် ခွင့်ပြုလိမ့်မယ်လို့မျှော်လင့်မိပါတယ်..။
    သမိုင်းတွင်မယ့်.. ဒီအင်တာဗျူးအတွက်.. ဆိုင်ရာခရက်ဒစ်ကို.. ​အေး​နိုင် (ဒီဗွီဘီ) ကိုပေးပါတယ်ခင်ဗျား..။
    =
    အာဏာရပါတီ.. လွှတ်တော်ထဲစူပါမဂျောရတီပါတီ.. ပြည်ခိုင်ဖြိုးပါတီကိုယ်တိုင်က.. သဘောတူညီလိုက်တာမို့.. ဒီအပြောင်းအလဲဦးတည်ချက်ဟာ.. တကယ်ဖြစ်လာမယ်လို့.. ထင်မိပါတယ်..။

    ရွာသူားတွေရဲ့သဘောထားလည်း သိချင်လို့ပါ..။
    ရေးပေးကြစေလိုပါတယ်လို့..။

  • ဦးဦးပါလေရာ

    March 16, 2013 at 6:22 am

    ပွင့်ပွင့်လင်းလင်းပြောရရင်
    အမြင်ကတ်လွန်းလို့သာ တစ်ခါတစ်ရံ ချိုးဖဲ့နှိမ်ချပြောမိပေမယ့်-
    (ကိုယ်တတ်နိုင်တာကလဲ ဒါပဲကိုး)
    တပ်မှုးအများစုဟာ အရာရှိအများစုဟာ လူညံ့တွေ မဟုတ်ကြပါဘူး..။
    ၁-အခြေအနေကို သူတို့သိပါတယ်
    ၂-အခြေအနေကို သင့်လျော်သလို တုန့်ပြန်ဖို့မှာလဲ လက်မနှေးလှပါဘူး.. ။ အဲဒါ သူတို့ သင်ကြားထားတာပါ။
    ၃-တပ်မတော်အရာရှိအများစုဟာ အပြောင်းအလဲကို တကယ်လိုလားပါတယ်။ နေရာရပြီးသူတွေကလဲ ကိုယ်အဆင်ပြေနေတာလေး ပျောက်သွားမှာစိုးတာကတစ်ပိုင်း၊ ဒါပေမယ့် ကောင်းတဲ့အပြောင်းအလဲကိုတော့ လိုလားကြပါတယ်။

    ကျုပ်နားလည်သလောက်
    ပြီးခဲ့တဲ့သမိုင်းတွေကို လူတစ်ဦး၊ လူတစ်စု ကပဲ ရေးသွားတာပါ။
    အဲဒီထဲမှာ စစ်တပ်က ရောယောင်ပြီး ပါလဲပါ၊ နာမည်လဲပျက်၊ သူတို့ကိုယ်တိုင်လဲ စရိုက်ပျက်အောင် အလုပ်ခံလိုက်ရတာပါ။

    စစ်တပ်တစ်ခုလုံးအနေနဲ့သာ အင်မတန် ဆိုးသွမ်း အကျည့်တန်နေပေမယ့်
    ကျုပ်ဆက်ဆံဘူးသမျှ စစ်အရာရှိတွေ အကုန်လုံးနီးပါးဟာ လူကောင်းတွေပါ
    အဲဒီထက်က ထက်ဝက်ကျော်က ကိုယ့်ထက်သေသေချာချာတော်ပါတယ်။

    အခု သမိုင်းသစ်ကိုရေးဖို့
    နာမည်ကောင်းအသစ်ကို တည်ဆောက်ဖို့
    အခွင့်အရေးလေးရမယ်လို့ထင်ရင်
    တပ်မှုးတွေက လက်လွတ်ခံကြမယ်မထင်ပါဘူး။

    အင်း…..
    တစ်ချို့က ကိုယ်တိုင်ဝင်ရေးကြမယ်ထင်ပါတယ်……..

  • MaMa

    March 16, 2013 at 7:25 am

    ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ရောင်နီပျိုးလာပြီလို့ မြင်မိတယ်။
    ကိုဂျင်မီပြောသလို အစစ်အမှန်ဖြစ်ဖို့ ရှေ့ဆက်သွားဖို့ လိုပါတယ်။
    နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီသတင်းကြားရတာ ဝမ်းသာအားရှိရပါတယ်။ 🙂

  • kai

    March 16, 2013 at 8:08 am

    လက်ပံတောင်းတောင်အစီရင်ခံစာနဲ့.. အလောင်းအစားထပ်တဲ့သဘော.. မြင်လိုက်ရသလိုပဲ..
    ဘာပဲဖြစ်ဖြစ်တန်ပါတယ်.. :harr:

    ဆိုတော့..
    ယူအက်စ်က.. အခြေခံဥပဒေဆွဲတဲ့ကျွမ်းကျင်သူပရိုတွေလည်း.. မြန်မာပြည်ထဲဝင်ထွက်နေကြပြီပဲ..
    အဆင်သင့်ဖြစ်လောက်ပါပြီ..။
    သိပ်ရှည်ဝေးနေစရာမရှိဘူးထင်ပါတယ်..။ လွှတ်တော်ထဲက.. စစ်သား၂၅ရာခိုင်နှုန်းကို.. ဆွဲထုတ်.. ယူအန်ငြိမ်းချမ်းရေးတပ်ဖက်..အလှည့်ကျပြောင်းတာဝန်ထမ်းခိုင်းယုံ.. :kwi:

    ဒီချုပ်ကတော့.. ပညာသည်ခါးပြတ်မယ့်သဘောမြင်နေရတယ်.. ..ပြတ်လည်း ပြတ်နေပါပြီ..။
    ဦးသိန်းစိန်တို့ပါတီကို ယှဉ်နိုင်ဖို့ဆိုရင်.. သူတို့လို..အပြည်ပြည်ဆိုင်ရာက.. ပညာရှင်အကြံပေးတွေခေါ်သုံးနိုင်မှဖြစ်လိမ့်မယ်..
    နောက်တောင်တော်တော်ကျနေပြီ…

    ခေါင်းစဉ်နဲ့ဆိုင်တာပြောရရင်..
    အခြေခံဥပဒေကိုပြင်တဲ့အခါ..

    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    ဆိုတာလေး.. ထည့်စေချင်တာပါပဲ..
    မြန်မာနို်င်ငံသားတိုင်း.. ခွင့်တူညီမျှရှိရေး… ဒို့အရေး..။
    မြန်မာနိုင်ငံသားတိုင်း… သခင်ဖြစ်သည်။
    ကျုပ်ဟာ ခင်ဗျားရဲ့ကျွန်မဟုတ်..။

  • ဦးဦးပါလေရာ

    March 16, 2013 at 8:26 am

    လက်ပံတောင်းတောင်အစီရင်ခံစာကြောင့်
    ကျန်တာ ဖြစ်လာတာ မဖြစ်လာတာအပထား…
    ဒေါ်စုကို စစ်တပ်နဲ့ တရုတ်က ပိုယုံကြည်လာတဲ့သဘောပဲ…။
    အဲဒီအချက်ဟာ အင်မတန့်အင်မတန် အရေးကြီးပါတယ်။
    အဲဒီနှစ်ခုကို ဘယ်လောက်ချဉ်ချဉ် ဘယ်လောက်မုန်းမုန်း
    ကျုပ်တို့နိုင်ငံရဲ့အနာဂတ်အတွက်မှာ အဲဒီနှစ်ခုရဲ့ အလွန်အရေးပါမှု့ကို
    ဘယ်လိုမှ ငြင်းလို့မရပါဘူး။

    ဒါပေသိ
    ပြင်တယ်ဆိုတာ အဟောင်းကို မစွန့်ချင်သေးလို့ ပါနော…
    အဟောင်းကို စွန့်ချင်မှဖြင့် အသစ်လုံးလုံးပဲ ဝယ်သုံးတော့မပေါ့…။

    အဲဒါလေး သတိချပ်ပြီး
    စစ်သားတွေကို လွှတ်တော်က မောင်းချဘို့ ဆန္ဒမစောစေလိုကြောင်း..
    ဖြစ်နိုင်တာက တစ်နေ့မှာ သူတို့အတော်များများ လူဝတ်အပြီးလဲပြီး လူအမတ်ပြန်လုပ်ဦးမှာဖြစ်ကြောင်း…။
    အခုပြင်မယ်ဆိုတာက ၂၀၀၈ ဥပဒေမှာ အမြီးအမောက်မတည့်တာတွေကို ပြန်တည့်ပြီး ပိုခိုင်အောင်လုပ်မှာလဲဖြစ်နိုင်သေးကြောင်း…။
    ကျုပ်ကတော့ ဒေါ်စုသမ္မတဖြစ်နိုင်ရုံလောက်ပြင်ပေးနှင့်မယ်လို့ပဲ ထင်မိပါကြောင်း….။

  • ဦးဦးပါလေရာ

    March 16, 2013 at 8:30 am

    ပြီးတော့ အပေါ်ကလူကြီးတွေးသလို
    ဒီလောက်စားပေါက်ချောင်တဲ့နေရာကိုစွန့်ပြီး
    အရှေ့အလယ်ပိုင်းမှာ ဗုံးသွားနင်းမလား…လို့….။
    ခက်ပါ့….

  • Foreign Resident

    March 16, 2013 at 8:34 am

    ၁ ။
    ပြီးခဲ့တဲ့ NLD ညီလာခံကို လာသွားတဲ့ ၊
    ကြံ့ဖွတ် ခေါင်းဆောင် ဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦး က စပြောတယ် ။
    ” ကျွန်တော် ဘယ်လိုပဲ ပြောပြော ၊ ၂၀၁၅ မှာ မမစု ကသာ သမ္မတ ဖြစ်မှာပါ ” တဲ့ ။

    ၂ ။
    အခု လက်ပန်းတောင်း ကိစ္စ မှာ အမေစု က
    ပေါ်ပြူလာ နိုင်ငံရေး ( ပေါ်ပြူလာ နိုင်ငံရေး ) နောက် မလိုက်ပဲ ၊
    ပါတီ အကျိုး တစ်ခုတည်း ၊ သူ့ အကျိုး တစ်ခုတည်း ကို မကြည့်ပဲ ၊
    တိုင်းပြည်ရဲ့ ရေရှည် ကောင်းကျိုးကိုပဲ ကြည့်ပြီ ၊
    ဖြစ်သင့် ဖြစ်ထိုက်တာကိုပဲ လုပ်သွားတဲ့ အပေါ် ၊
    တပ်မတော်သား အများစုကြီး ကိုယ်နှိုက်က တော်တော် ခံစားခဲ့ကြတယ် ။

    ၃ ။
    တပ်မတော် နှင့် ဒီမိုကရေစီ အင်အားစုတွေ ( အတိုက်အခံ / NLD ) အကြား ၊
    ရင်ကြားစေ့ပြီး ၊ နားလည်မှု ၊ ယုံကြည်မှု ကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့တယ် ။

    ၄ ။
    အဲဒီမှာ ချက်ချင်း ဆိုသလို ၊ အဲဒီ အခြေခံ ဥပဒေ ကို ပြင်လိုတဲ့ အဆိုကြီးကို ၊
    တပ်မတော် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွတ် ပါတီကနေ စ တင် တော့တာပဲ ။

    ၅ ။
    ပုံစံ ကတော့ ၊ ၂၀၁၅ မှာ အမေစု ကို သမ္မတ ဖြစ်ခွင့်ပေးဖို့ ၊
    တပ်မတော် ဘက်ကကို လက်ခံ / စိတ်ပါ လာပုံ ရတယ် ။

    ၆ ။
    ကျနော်သာ လက်ရှိ တပ်မတော် အရာရှိကြီး တစ်ယောက်ဖြစ်နေရင်လည်း ၊
    မဆိုင်းမတွ အမေစု ကို ထောက်ခံမိမှာပဲ ။

    ဘာဖြစ်လို့လဲ ဆိုတော့ ၊ အမေစု သာလျှင် ၊
    ယခင် စစ်အစိုးရ လက်ထက်က ၊
    တပ်မတော်သားတွေ ( ခမျာ ) အထက်က ပေးတဲ့ အမိန့် အရ ၊
    တာဝန် အရ ၊ လုပ်ခဲ့ရတာတွေ အပေါ် ၊ အာဃာတ မထားပဲ ( အာဃာတ မထားပဲ ) ၊
    လက်ရှိ ရောက်တဲ့နေရာကနေပဲ ( နောက်ကြောင်းပြန် ချေးနှူး မနေပဲ ) ၊
    တိုင်းပြည်ကောင်းဖို့ တစ်ခုတည်း ကိုသာ ဆက်လုပ်မယ့် ခေါင်းဆောင် ဆိုတာ ၊
    တဖြေးဖြေး ပေါ်လွင် ထင်ရှားလာလို့ပါ ။
    ( ဦး ဝင်းတင် လို လူမျိုး တက်လာရင် ၊ သူတို့ မလွယ်ဘူးလေ )

    ရ ။
    တပ်မတော် အရာရှိကြီး တွေ ၊ သူတို့ ရွေးရတော့မယ် ၊
    ပြည်သူတွေ မုန်းတဲ့ တပ်မတော် ဘဝမှာ ဆက်နေပြီး ၊
    သူတို့ ရဲ့ သမိုင်း ကိုကော ၊ တပ်မတော် ရဲ့ သမိုင်း ကိုပါ ၊
    ဆက်ပြီး အမည်းစက် ထင်စေ မလား ။

    တပ်မတော် အရာရှိကြီး တွေ အတွက် ၊ အမေစု ဟာ ၊
    နောက်ဆုံး နှင့် အကောင်းဆုံး အခွင့်အလမ်းကြီးပါပဲ ။

    ဒီလောက် စိတ်ထား ဖြူစင် ၊ သဘောထားကြီးတဲ့ ၊
    ပြည်သူ နှင့် တပ်မတော် ကြားကို ရင်ကြားစေ့ ၊ သင်ပုန်းချေပေးနိုင်တဲ့ ၊
    သူတို့ ရဲ့ အရင် အမှားတွေအတွက်လဲ Buffer တံတိုင်းကြီး ဖြစ်မဲ့ ၊
    ( အမေစု ) လို ခေါင်းဆောင်မျိုး သူတို့ ထပ်ရှာ မတွေ့နိုင်တော့ဘူး ။

    ခွင့်သာခိုက်မှ မလိုက်ရင် ၊ ငမိုက် နင့်ပြင် ရှိဦးမလားပဲ ။

    ၈ ။
    တစ်ခုတော့ တပ်မတော် ကို ချီးကျူးမိပါတယ် ။
    သူတို့ ရဲ့ အမေစု အပေါ် Respond တုန့်ပြန်မှု က အရမ်းမြန်တာပဲ ။
    အဘ တို့တောင် အခြေခံ ဥပဒေ ပြင်ဖို့ အဆို ဒီလောက်မြန်မြန် ဖြစ်လာမယ် မထင်မိဘူး ။
    ( တစ်သွေး ၊ တစ်သံ ၊ တစ်မိန့် စံနစ် ရဲ့ အားသာချက် တစ်ခုပါပဲ လေ )
    ( ရှေ့လျှောက်မှာ တိုင်ပြည် အကျိုး ရှိမယ့် ကိစ္စတွေမှာ အဲဒီ အားသာချက် ကို သုံးနိုင်ပါစေဗျာ )

    ၉ ။
    ကျနော် ယုံကြည်ပါတယ် ။
    လက်ရှိ တပ်မတော် နှင့် သူ့ ခေါင်းဆောင် တွေဟာ လည်း ၊
    ယခင် သွားလေသူကြီး လက်အောက်က အခြေအနေမျိုး မဟုတ်ပဲ ၊
    တရားမျှတမှု နှင့် ဒီမိုကရေစီ စံနှုန်းတွေကို ဦးတည် လာတာ တွေ့ရပါတယ် ။
    ( ဦးအောင်မင်း က Federal စံနစ် ကိုသွားမယ် လို့ကို ပြောလာပါပြီ ၊ ကြိုဆိုပါတယ် )

    ၁ဝ ။
    ရန်ဖြစ်နေရမယ့် အချိန် မဟုတ်တော့ပါဘူး ၊ တိုင်းပြည် က သိပ်နောက်ကျန်နေခဲ့ပြီကွယ် ။
    အဲဒီတော့ ၊ အာဃာတ တွေ မထားပဲ လက်ရှိ ရောက်နေတဲ့နေရာကနေပဲ ၊
    ( နောက်ကြောင်းပြန် ချေးနှူး မနေပဲ ) တိုင်းပြည်ကောင်းဖို့ တစ်ခုတည်း ကိုသာ ဆက်လုပ်ကြပါစို့ ။

    အမေစု နှင့် ဦးသိန်းစိန် ကို ထောက်ခံပါတယ် ။

    • Foreign Resident

      March 16, 2013 at 8:47 am

      အဘ comment စ ရေးဖို့လုပ်တုန်းက ၊
      ရှေ့မှာ သူကြီး comment တစ်ခုပဲ ရှိတယ် ။

      Comment ရှည်ကြီး ရေးပြီးလို့ တင်လိုက်တော့ ၊
      ရှေ့မှာ comment ၆ ခုတောင် ရောက်နေပြီ ။
      မြန်လိုက်တာ ။

  • စောခက်သူ

    March 16, 2013 at 9:49 am

    အပေါ်က ပညာရှင်တွေပြောသလိုဘါဘဲ
    ကိုယ့်အဆင့်က ဒီကိစ္စကြီးလောက်ဝေဘန်ပျဘို့မတတ်နိုင်ဘေမဲ့
    ဒီကိစ္စတွေမတိုင်ခင်ကတည်းက ဒီကိစ္စကို အကောင်ထည်ဖေါ်ဂျဘို့တိုက်တွန်းနိူးဆော်တင်ပြအစီရင်ခံ
    ထားတဲ့ မှတ်တမ်းတွေစိဘါဒယ် :mrgreen:
    တစ်နေ့ အခွင့်သာလို့ကတော့ကွာ မင်းတို့ကိုဘာပြန်လုပ်မယ် ညာပြန်လုပ်မယ်ဆိုတဲ့
    စိတ်ဆိုးစိတ်ညစ်တွေကို ခုကတည်းက ပျင်ထားဂျဘို့လည်း ပညာပေးကြဘို့လိုလိမ့်မယ်
    ဒီလိုပြောလိုက်လို့ ကျုပ်အဘဂ ဂျီသရီးမမှန်ဘူးတော့ ပြောအားရှိတာပေါ့မထင်စေခြင်ဘူး
    ဒီဖြစ်အင်မှာမြင်တတ်ရမှာက အဖွားဂျီးချဉ်းကပ်ပုံက အာဃာတနဲ့ချဉ်းကပ်တာမဟုတ်ဘဲ
    သူ့အလိုကို လိုက်လျှောခြင်းသဘေါစိဒယ်
    ဟုတ်လားမဟုတ်လားတော့သိဘူး ခပ်တည်တည်နဲ့ဝင်ဖေါဒါ

  • ကထူးဆန်း

    March 16, 2013 at 9:51 am

    ပြောပေါင်းများလို့ ရိုးနေပါပြီ …. အဲ့ဒီ့ သီချင်း မဆိုချင်ပါကြောင်း ..
    သုံးယောက်ပေါင်း လေးတန်း မအောင် တဲ့ စစ်ဗိုလ်များ ဆိုတဲ့ ခေတ်က လည်း ပြောင်းခဲ့ ပြီမို့ မျှော်လင့် ချက်တော့ ထားမိပါကြောင်း ။

    ဝမ်းသာ ရမလို နဲ့ ချောတော့ ငေါ့ သွားတာတွေလည်း များပြီဖြစ်တဲ့ အတွက် ..
    အဟဲ … နိုင်ငံရေးသမားများ ပြောသလို ကျယ်ကျယ် ကြီးကြီး ပြောရရင်တော့ သတိဖြင့် ကြိုဆိုပါကြောင်း ..
    အလံထောင် မစော ချင်ပါကြောင်း :harr:

  • ခင်ခ

    March 16, 2013 at 2:09 pm

    ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်မယ်ဆိုတာကိုတော့ ကြိုဆိုပါတယ်၊
    အဲဒီအခြေခံ ဥပဒေက တဖက်စောင်းနင်းဖြစ်နေတဲ့ အချက်တွေကို ပြန်ပြီး ဘက်မျှညီစေချင်ပါတယ်။
    လွှတ်တော်ထဲက စစ်သား ၂၅%ကိုတော့ ချက်ချင်းကြီး ဆွဲမထုတ်လောက်ဘူးလို့ထင်ပါတယ် ဘာလို့လဲ ဆိုတော့ အဲဒီလောက်ထိ စွန်လွှတ်ကြအုံးမယ်မထင်သေးဘူး၊ သမ္မတ ရွေးချယ်မှု့ အပိုင်းတွေ ပါတီက အမတ်ဦးရေ ဝင်ရောက်ယှဉ်ပြိုင်မှု့တွေအပေါ် သတ်မှတ်မှု့တွေ ဒါတွေကိုဘဲ အရင်ပြင်မလားလို့ဘဲ အရင်ကြားနေအသံတွေအရ ထင်တာဘဲလေ။

  • နေဝန်းနီ

    March 17, 2013 at 7:09 pm

    အပေါ်က ရွာသားတွေနဲ့ မတူတဲ့ဘက်က တွေးကြည်ကတာပါ…။ မှန်တာပြောရရင် အပြင်မှာတောင် အလွန်ရင်းနှီးတဲ့သူ သုံးလေးယောက်လောက်လွဲပြီး သိပ်မပြောဖြစ်ပါ…။. ကျွန်တော့အမြင်ကတော့ ဒီကိစ္စဟာ သူ့တစ်ခုထဲ ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်နိုင်ဘူး ….။ အပေးအယူ ကဏ္ဍ ပါနေမလားလို့ ….။ လက်ပန်းတောင်းတောင် အစီရင်ခံစာနဲ့ မရှေးမနှောင်းထွက်ပေါ်လာတဲ့အတွက် စဉ်းစားမယ်ဆိုရင် အရှည်ကြီး …။ ရွာသားတွေ မ, အ ပါဘူး အဲဒိဘက်ကနေ ဆက်စဉ်းစားကြည့်စေလိုပါတယ်…။

  • padonmar

    March 17, 2013 at 7:38 pm

    အရင်ခေတ်က အာဏာရထားရင် အောက်ကလူတွေက လှန်မကြည့်ရဲ မပြောရဲဘူး။
    ခုတော့ နည်းနည်းလွဲတာနဲ့ ဝိုင်းအော်ခံရမယ်ဆိုတာကို တော်တော်တုံးပြီး တော်တော် လောဘကြီးတဲ့သူတွေက လွဲရင် ရိပ်မိနေကြပါတယ်။
    ဒါကြောင့် အာဏာကို အသေ မဆုပ်ကြတော့ပဲ မျက်နှာဖုံး လှလှလေး ပြောင်းတပ်ကြတာပါ။
    ဒါကို မင်းသားရုပ်ကလေးရဲ့အောက်မှာ အမာရွတ်ကြီး ရှိသေးလား သွားလှန်မကြည့်ကြပါနဲ့တော့။
    မျက်နှာဖုံးကြီးလှန်ခွင့်မရအောင် ဝိုင်းစောင့်ကြည့်ကြဖို့ အားလုံးရဲ့တာဝန်ပါ။
    သူ မင်းသားခန်းက တစ်သက်လုံးကသွားတော့လည်း ကောင်းတာပေါ့။

  • ဦးဦးပါလေရာ

    March 17, 2013 at 11:35 pm

    ကိုနေပြောတာ မှန်တာပေါ့ဗျာ..
    ဒီကိစ္စက သူ့ချည်းသက်သက် ဖြစ်လာတာမဟုတ်တာသေချာပါတယ်။
    ဒါက အသေအချာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ထဲက တစိတ်တပိုင်းသာဖြစ်ပါတယ်။

    ဗိုလ်ချုပ်ဌေးဦး NLD ညီလာခံမှာ ပြောသွားကတည်းက ရိပ်မိပါတယ်။
    ပြောရရင် ဗိုလ်ချုပ်ဌေးဦးဆိုတာ အနာဂတ်အတွက် သမ္မတလောင်းတဦးလို့တောင် ပြောနို်င်သူပါ။
    သူပြောတဲ့စကားက ယောင်မှားပြီးပြောသွားတာမဟုတ်တာသေချာတယ်။
    အဲဒီလိုပြောချင်လို့ကို ညီလာခံတက်တာလို့တောင် ယူဆနိုင်တယ်။
    NLD ဥက္ကဌနေရာအတွက် (ဘယ်သူ့ကိုလက်ခံမယ်လို့) တစ်ခါတည်း မဲပေးသွားတဲ့သဘောပဲ…။

    အဲ… ဘယ်လိုဖြစ်ဖြစ်ပါ
    ကြိုက်တဲ့ဇတ်သာက
    ကောင်းဘို့ အဓိက မဟုတ်လားဗျာ…။

Leave a Reply