သဂျီး အပမှီနေပြီထင်တယ်၊ ရွာသူနှောက်ယှက်တာလား၊ ပယောဂဝင်တာလား တခုခုတော့ တခုခုပဲ မနေ့က သူ့ဆီ သတင်းသွားမေးတော့ အိမ်ဧည့်ခန်းမှာ ခြေနှစ်ချောင်း ကွားရားခွ ငုတ်တုပ်ထိုင်နေတာ နှစ်လုံးပြူးဂျီး အတိုင်းသား မြင်နေရတယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်ပုံ မရဘူး။ သေချာအောင် အနားသွားပြီး ပရိတ်ရွတ်တော့ မျက်နှာဂျီး မဲ့ပြတယ်၊ ပုံတော်ထုတ်ပြတော့ မိုးကောင်းကင် မော့ကြည့်ပြီး စကိုင်းဘီလူး…. စကိုင်းဘီလူးလို့ နှုတ်ကတဖွဖွ ရွတ်လို့ဗျို့။ ကျုပ်လည်းကြောက်လိုက်တာ… ဘာဖြစ်မှန်း သိဘူးလေ၊ တော်ကြာနေ အာဠာဝက ဘီလူး၊ တာနောယက္ခ ဘီလူးလိုမျိုးဆို ဘယ်လိုလုပ်မလဲ။ နောက်တော့ ကျနော့်ကို ခေါင်းပေါင်းဆောင်းဆိုပြီး သူ့ဘေး အတင်းထိုင်ခိုင်းတော့တာပဲ။ ဘာလုပ်တယ်မှတ်လဲ လွှတ်တော်တက်တာတဲ့ဗျာ။ သူနဲ့ကျနော်ပေါင်း နှစ်ယောက်ရှိလို့ လွှတ်တော်စည်းဝေးပွဲ တက်ရောက်သူဦးရေ ရာနှုန်းပြည့် အထမြောက်သတဲ့။ ပြောလိုက်တာ စုံလို့ဗျာ.. ဘာတွေမှန်း မသိဘူး။ ကျနော့်မှာ လက်ခုပ်တီးဆို တီးရ၊ ထောက်ခံပါဆို ထောက်ခံရနဲ့…. အမယ် လွှတ်တော်အမတ်လုပ်ရတာ ခက်ဘူးဗျ၊ လွယ်လွယ်မှ လွယ်လွယ်လေး။ အဲလောက်တော့ ရွာတောင်ပိုင်းက ယစ်ထုတ်ကြီး ဖိုးအောင်ပုတောင် လုပ်တတ်သေး။

ဆွေးနွေးတဲ့အထဲ ထူးတာတခုက အခြေကွိုင်ဥပဒေ ပြင်ဆင်ရေးတဲ့ဗျ။ ကျုပ်သေချာအောင် မေးပါသေးတယ်၊ စာလုံးပေါင်း မှားနေလားလို့.. မမှားဘူး အဲဒီအတိုင်းပဲဗျို့။ ကျုပ်ထွင်တာ မဟုတ်ဘူးနော် သူ့နှုတ်ကထွက်တာ။ ပြင်မယ်ဆို ပြင်ပေါ့ဗျာ၊ ကျုပ်ဘာသိတာမှတ်လို့.. သူ့ဟာသူ ပြင်ပြင်၊ပျက်ပျက်.. သူစိတ်ချမ်းသာဖို့ ပထမလေ။ တော်ကြာနေ စိတ်ပေါက်လို့ နှစ်လုံးပြူးဂျီး ထုတ်ပစ်မှ ကျုပ်ပြေးပေါက်မှားမှာ။ ဒီတော့ အားလုံးကောင်းပါသည် သဂျီးမင်းပေါ့။ သူပြောနေတုံး ကျုပ်လည်း ဘီယာလေး တကျိုက်သောက် ကိုဘေးနွားကင် တဖတ်မြုံ့လိုက်နဲ့ ဟန်ကိုကျလို့။ ဒါနဲ့ ကြုံလို့ပြောရအုံးမယ်၊ အဲဒီကိုဘေးနွားကင်ဆိုတာ သိပ်ချို သိပ်နူးညံ့သဗျ။ သူပြောတော့ ဂျပန်ဘီယာနဲ့ မြည်းရတယ် အဲဒါမရှိရင် ဂျပန်ဆာကေးအရက်နဲ့ ဆိုပဲဗျ။ အေးလေ သူက ရွာသဂျီးဆိုတော့ ဧည့်စာရင်းကြေး ကင်းကြေးတို့ ရှိတာကိုး.. သောက်နိုင် စားနိုင်မှာပေါ့။ မနာလို ဖြစ်ဝံ့ပေါင်ဗျာ။

အရာခပ်သိမ်း ကန့်ကွက်သည်။

အရာခပ်သိမ်း ကန့်ကွက်သည်။

ပြောလိုက်တာ စုံလို့.. ခေတ်နဲ့အညီ ပြုပြင်ရမယ် ဆိုလားဘာလား။ ကျုပ်လည်း မသိလို့ မေးကြည့်ပါတယ်၊ ခေတ်နဲ့မညီတော့ ဆိုရအောင် ဘယ်တုံးက ဥပဒေပြုလိုက်သလဲမေးတော့…. လွန်ခဲ့တဲ့ သုံးနှစ်ကမှတဲ့ဗျာ၊ ဆွဲလိုက်တာလည်း ဆယ့်ငါးနှစ်ကျော် ကြာသတဲ့။ သူ့သမီးဂလေးတောင် အပျိုဂျီးဖားဖား ဖြစ်ရောပဲ။ ဘာ …… သူ့နဲ့ကျနော်.. အဲဒါ မမေးနဲ့လေ၊ လွှတ်တော်မှာ ပုဂ္ဂိုလ်ရေး အကြောင်းအရာ မပြောရဘူး စည်းကမ်းရှိတယ်။ သမီးဒေါ်ဂလေးက ကျနော့်ဆို ဦးကြောင် ဦးကြောင်နဲ့ ကျုပ်ငါးကြော်များ စားနေရင် အနားက မခွာတော့ဘူး။ အဖေဂျီးက ရုပ်ဆိုးသလောက် သမီးဒေါ်လေးက ခြစ်စရာလေးဗျာ။ သဂျီးဂဒေါ်ဘက် လိုက်လို့တော်ပါသေးရဲ့။

ဒါနဲ့ ဥပဒေပြင်ရော ဆိုပါတော့ဗျာ။ သူ့ဟာသူ အဆိုတင် သူပဲ ပြင်ဆင်ချက်ရေး… အားလုံးပြီးပြီဆိုမှ ကျုပ်က ထောက်ခံရတာပေါ့..။ အတည်ပြုတာလား ဘယ်သူရှိမလဲ သူပဲပေါ့ဗျာ။ ကျုပ်လည်း နားကငြီး မူးလည်းမူးမူးနဲ့ သဂျီးယီးပဲကွာလို့ နှုတ်ကထွက်မိသွားရောဗျို့။ ကျောပူခံနိုင်တယ် နားပူမခံနိုင် စကားပုံ ရှိသားပဲ မဟုတ်လား။ အခုဟာက ပူယုံမက နားမုဒိမ်း အကျင့်ခံရတာ။ သဂျီးလည်း အစတော့ ထောင်းကနဲ ဒေါသထွက်သွားပုံရတယ်။ ဒါပေမဲ့ ကျုပ်မှမရှိရင် ထောက်ခံမည့်သူမရှိ ဖြစ်သွားမှာ စဉ်းစားမိဟန်တူရဲ့၊ ဒင်းဘာလုပ်တယ်မှတ်လဲ.. ကျုပ်နဲ့ ယီးလေးလေး ယီးလေးယိုဆိုပြီး သံယောင်လိုက်သဗျာ.. တကဲ့လူရှုပ်ကြီး…။ ပြီးတော့ သူကပဲ ပြောသေးသဗျ… “တိုင်းပြည်တပြည်ဟာ သူနဲ့ထိုက်တန်တဲ့ လွှတ်တော်ပဲရမယ်တဲ့..   :kwi:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 639 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး