“ပဲပြုတ် ပဲပြုတ် ……. ´´

 

 

“ပဲပြုတ် ပဲပြုတ် ……. ´´

မနက်ဖက် အရပ်ထဲ လှည့်လည်ရောင်းတဲ့ ပဲပြုတ်သည် ကလေးမလေး

ခင်ခ နေတဲ့ လမ်းထဲဝင်လာပြီး အော် သံကြားတော့ မနက်ထမင်းကြော်ကို

ပဲပြုတ်လေးထဲ့ကြော်လိုက်မယ် စိတ်ကူးပြီး

“ လာပါအုံး ´´

လို့ ခင်ခ ခေါ်လိုက်တယ်။

ဒါနဲ့ဘဲ ဈေးသည် ကလေးမလေးလည်း ခင်ခ အိမ်ရှေ့ တောင်းလေးချကာ

“ ဘယ်လောက်ဖိုးလဲ ဦးလေး ´´

“၃၀၀ ဖိုးပေါ့´´

ဆိုပြီး ပုဂံလေးပေးတော့ ဈေးသည်ကလေးမလေးလည်း ပဲပြုတ် ၃၀၀ ဖိုး ချိန်ကာ ခင်ခ

ပေးတဲ့ ပုဂံလေးထဲထဲ့ ကာ ပုဂံကို ခင်ခ အား အပေးမှာ

“ဦးလေး … ဦးလေးတို့အိမ်မှာ ဖုန်းရှိလား´´

လို့ ဈေးသည်ကလေးမလေးကမေးတော့

“ရှိတာပေါ့ ဘာလုပ်မလို့လဲ အရေးကြီး ဖုန်းဆက်ချင်လို့လား´´

“မဟုတ်ပါဘူး ဦးလေးရဲ့ လဆန်းရောက်ရင် သမီး ဦးလေးတို့ ဖုံးနံပါတ်တွေ လာမှတ်မလို့´´

“ဟေ ဘာလုပ်မလို့တုန်းကွယ့်´´

ခင်ခ လည်း အံသြစွာမေးမိလိုက်တယ်

“အခု ဧပြီလဆန်းဆို ဖုန်းကဒ်တွေက ၂၀၀၀/၅၀၀၀ လောက်နဲ့ရမှာဆိုတော့ သမီးက

ဖုန်းတစ်လုံးဝယ်မှာလေ၊ ပြီးတော့ ဒီရပ်ကွက်ထဲက အိမ်တွေရဲ့ ဖုန်းနံပါတ်တွေ

လိုက်မှတ်ထားပြီး ညဖက်ပဲပြုတ်ရင်းနဲ့ ဆက်ပြီးမေးမှာပေါ့ မနက်ဖြန်မနက် လူကြီးမင်းတို့

ပဲပြုတ်ယူအုံးမလား ယူမယ်ဆိုရင် ဘယ်လောက်ဖိုးယူမလဲ အဲလိုမေးပြီး တစ်ခါတည်း

မနက်မထွက်ခင် အိတ် ကလေးတွေနဲ့ထဲ့ပြီး အိမ်တွေကိုလိုက်ဝေပြီး ရောင်းလိုက်ရုံဘဲ

အခုလို ၀ယ် မ၀ယ် မသိဘဲနဲ့  လမ်းတကာလည်း အော် ပြီး သွားစရာမလိုတော့ဘူး

ခြေထောက်လည်း မညောင်းတော့ဘူး  အချိန်လည်း မကုန်တော့ဘူး အဲ သမီးရဲ့ ဖုန်းနံပါတ်လည်း

ပေးထားမယ်လေ အကယ်လို့ ဦးလေးတို့က မနက်ဖြန် ပဲပြုတ်လာပို့စေချင်ရင် တစ်ရက်ကြိုပြီး

အော်ဒါမှာလည်း ရတယ်ပေါ့ မဟုတ်ဘူးလား ဦးလေရေ နောက်လကြရင် ပဲပြုတ်မ၀ယ်တဲ့နေ့

သမီးအသံမကြားရတော့ဘူးနော်´´

ဆိုကာ သူစိတ်ကူးကို ပြောပြီး တောင်းလေးခေါင်းပေါ်တင်မယ်လုပ်တော့ ခင်ခ က

“ဒီလိုလား သမီးရေ အခုလို လိုက်ပြီ အော် ရောင်းတာကမှ အဆင်ပြေ ပဲတွေ အမြန်ကုန်အုံးမယ်နော်´´

လို့ ခင်ခ ကပြန်ပြောတော့ ပဲပြုတ်သည်ကလေးမလေးက

“ဦးလေးကလည်း အခုလို လမ်းတကာ ၀ယ်ဝယ် မ၀ယ်ဝယ် မသွားချင်လို့ ဖုန်းဝယ်ပြီး ဖုန်းနဲ့မေးလို့

ရောင်းပါ့မယ်ဆိုမှ ခေတ်ကိုမဆန်ဘူး´´

လို့ဆိုကာ ခေါင်းပေါ်ဈေးတောင်း တင်ကာ

“ပြဲပုတ် ပဲပြုတ် …….. ´´

ဆောင့်ကာအော်လို့ ပဲပြုတ်သည်ကလေးမလေး ထွက်သွားတာကို

ခင်ခ ခဏမျှကြည့်ရင်း

“ ဒီကလေးမလေး လူကြီးမင်း… နဲ့ မတွေ့ကြုံဘူးသေးတော့လည်း ဒီလိုဘဲ တွေးကာပြောမှာပေါ့ကွယ်´´

လို့သာ ရေရွတ်မိပါတော့တယ်လေ။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..