နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁)

ကို ၿပံဳးMarch 17, 20131min2224

(မြန်မာ နိုင်ငံအတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ၊ တရုတ်-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် ပတ်သတ်ပြီး ပြောင်းလဲ လာနိုင်သော တရုတ်-မြန်မာ ဆက်ဆံရေး အကြောင်း ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်)

          မြန်မာ့ဒီမိုကရေစီရထားကြီး  ၂ နှစ်ခန့်ခုတ်မောင်းခရီးနှင်ခဲ့ပြီဖြစ်ရာ ယနေ့တွင် ခလုတ်ကန်သင်းများသော၊ အကွေ့အကောက်များသော၊ လမ်းအစိတ်အပိုင်းတစ်ခုသို့ရောက်ရှိဖြတ်သန်းရလျက်ရှိနေသည်။ ရည်မှန်းချက် ဘူတာသို့ရောက်ရန် ဤလမ်း၊ ဤနေရာ၊ ဤအချိုးအကွေ့တို့အား မဖြစ်မနေဖြတ်သန်းရမည်ဖြစ်သည်။ အတိမ်းအစောင်းမခံသည့်ကာလအတွင်း ဂီယာအချိန်းအပြောင်းနှင့် စီယာရင်အထိန်းအကြောင်း မှန်မှသာရှေ့ခရီးကို ဆက်နိုင်မည့်သဘောဖြစ်သည်။ ဆိုလိုသည်မှာ ခလုတ်ကန်သင်းနှင့်တူသော စိန်ခေါ်မှုများကို ဖြတ်သန်းနိုင်ရန် အတွက် အခြေအနေအရပ်ရပ်ကို မှန်ကန်စွာသိမြင်သုံးသပ်၍ အန္တရာယ်ကင်းသောဆုံးဖြတ်မှုမျိုးကို ရွေးချယ်နိုင်ရန် လိုအပ်ခြင်းဖြစ်သည်။

နယ်နိမိတ်အရှည်လျားဆုံးထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးနှင့် မြန်မာနိုင်ငံတို့ကာလရှည်လျားစွာ ချစ်ကြည်မှုတည်ဆောက်နိုင်ခဲ့သည်ဆိုသည်ကို မငြင်းနိုင်သော်လည်း လက်ရှိအခြေအနေများအရ အရှေ့ဘက်က နဂါးကြီးအနေဖြင့် ဒေါသအခိုးအငွေ့တို့ တရှူးရှူးမှုတ်ထုတ်စပြုနေပြီလားဟု တွေးထင်စရာများရှိလာသည်။ မည်သည့်အတွက်ကြောင့်ပါနည်း။ ဘင်္ဂလားပင်လယ်အတွင်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ သောက်သုံးရှုရှိုက် နိုင်ရန် နဂါးကြီးခေါင်းပြူထွက်ရမည့်နေရာသည် တစ်ခုတည်းသောမြန်မာနိုင်ငံမှအပ အခြားဖြစ်နိုင်ဖွယ်မရှိခြင်း ကြောင့် အသက်ရှုပေါက်တစ်ခုအတွက်ဟု ဖြေကြားရမည်ဖြစ်ပါသည်။

တရုတ်အစိုးရ။   တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရတာဝန်ယူစဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးအား များစွာတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းသို့တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့်လည်း တရုတ်တို့၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် ထုနှင့်ထည်နှင့်ရှိနေခြင်းဖြစ်သည်။ စွမ်းအင်လိုအပ်ချက်များစွာမှ အတိုင်းအတာတစ်ခုအထိအား မြန်မာနိုင်ငံမှရရှိရေး နောင်နှစ်ပေါင်းများစွာအတွက်မျှော်တွေးကာ အခြေခံအုတ်မြစ်များ တည်ထားခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ကျင့်သုံးခဲ့ခြင်းကြောင့် အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများမှ Sanction များရုပ်သိမ်းခြင်း၊ သံတမန်အဆင့်တိုးမြှင့်ခြင်း၊ အမေရိကန်သမ္မတကိုယ်တိုင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်း၊ ဥရောပနိုင်ငံများနှင့်အပြန်အလှန် အလည်အပတ်ခရီးသွားလာခြင်း စသည့်ဆက်ဆံမှု တိုးမြှင့်လာခြင်းများမှာ တရုတ်တို့အတွက်စိုးရိမ်မှုဒီရေကို တစ်လိမ့်လိမ့်တိုးပွားစေပါတော့သည်။ မိမိနှင့် စိတ်သဘောထားချင်း မတိုက်ဆိုင်သူများက မိမိ၏မိတ်ဆွေအိမ်တစ်အိမ်သို့ အလျှိုလျှိုဝင်ထွက် လည်ပတ်လာခြင်းကို မည်သူမျှဝမ်းသာအားရဖြစ်နိုင်လိမ့်မည်မဟုတ်ပါ။ တရုတ်တို့အစိုးရိမ်ဆုံးမှာ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အပြောင်းအလဲတွင် အမေရိကန်ဘက်သို့ ယိမ်းယိုင်သွားမည့်အရေးဖြစ်ပါသည်။ တစ်ပေါက်တည်းသော ထွက်ပေါက် အား အပိတ်ဆို့ခံရပါက တရုတ်တို့အတွက် အရှင်လတ်လတ်မြေမြှုပ်သတ်ခံရဘိအလား ခံရချက်နာနိုင်ပါသည်။

တရုတ်တို့တွင် ရွေးချယ်ရန် နည်းလမ်းနှစ်ခုရှိပါသည်။ ပထမနည်းလမ်းမှာ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ အပါအဝင် ကမာ္ဘ့နိုင်ငံများ ချစ်ကြည်ရင်းနှီးမှုရှိခြင်းကိုမုဒိတာပွား၍ မြန်မာနိုင်ငံနှင့်ယခင်ရှိပြီးသားဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင်လုပ်ဆောင်ခြင်းနှင့် ဒုတိယနည်းလမ်းမှာ နယ်စပ်တွင်လိပ်ခဲတည်းလည်းဖြစ်နေသော ပြဿနာများကို ရှည်ကြာစေရန် KIO/KIA နှင့် “ ဝ ” အဖွဲ့တို့ကို ထောက်ပံ့မှုများပေး၍ မြန်မာအစိုးရကို ဘေးကြပ်နံကြပ်ဖြစ်စေခြင်း တို့ဖြစ်ပါသည်။ တရုတ်တို့ဒုတိယနည်းလမ်းကိုရွေးချယ်ရန်ပြင်ဆင်နေသည်လားကို စောကြောစရာရှိနေသည်။ အဘယ့်ကြောင့်နည်း။ UWSA “ဝ” တပ်ဖွဲ့ဝင်များ၊ KIO/KIA တပ်ဖွဲ့ဝင်များနှင့် SSPP/SSA တပ်ဖွဲ့ဝင်များ အင်အားကြီးထွားလာမှုက ဤအဖြေအတွက် ခိုင်လုံစေပါသည်။  “ ဝ ” နှင့် KIO/KIA နယ်မြေများတွင် တရုတ်တို့၏ စီးပွားရေးလုပ်ငန်းများစွာ တည်ရှိနေသကဲ့သို့ အပြန်အလှန်အားဖြင့် ယူနန်ပြည်နယ်ထဲတွင်လည်း “၀”နှင့် KIO/KIA ခေါင်းဆောင်တို့၏ ပိုင်ဆိုင်မှုများစွာ ရှိနေပါသည်။

34

တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ရှိ KIA အဖွဲ့ပိုင် “ 123 ” ဟိုတယ်     တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ KIA အဖွဲ့ပိုင် ကျင်းချိန်ဟိုတယ်

တရုတ်တို့အနေဖြင့် ဒုတိယနည်းလမ်းအားရွေးချယ်ပါက မြန်မာနိုင်ငံအတွင်းရှိ လက်ပံတောင်းတောင်နှင့် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအပါအဝင် ကြီးမားလှသည့်ရင်းနှီးမြှုပ်နှံမှုများမှ ထွက်ပေါ်လာလတ္တံ့သော အကျိုးရလဒ်များအတွက် လွန်စွာမှစိုးရိမ်ဖွယ်ပင်ဖြစ်ပါသည်။ စွမ်းအင်သည် တရုတ်တို့၏အသက်သွေးကြော ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် တရုတ်တို့၏ရင်းနှီးမြှပ်နှံမှုများနှင့် အကျိုးစီးပွားများကို ချုပ်ဆိုခဲ့သောသဘောတူညီချက်များအတိုင်း ကာကွယ်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံမှစွမ်းအင်များမရရှိပါက အရှိန်အဟုန်ဖြင့်တိုးတက်နေသော တရုတ်တို့၏စီးပွားရေးလုပ်ငန်းများစွာမှ ရာခိုင်နှုန်းမည်မျှလျော့ကျသွားမည်ကို တရုတ်ပညာရှင်တို့ ကြိုတင်တွက်ဆထားသင့်ပါသည်။  မည်သို့ဆိုစေ “၀”နှင့် KIO/KIA တို့ အသက်ဆက်ရှင်သန် နေခြင်းသည် ၎င်းတို့တရုတ်နိုင်ငံလုံခြုံရေးအတွက် အနည်းနှင့်အများအကျိုးရှိစေမည်ဟု တရုတ်တို့ကယူဆထားဟန် တူသည်။ သို့တည်းမဟုတ် ဤအချက်သည် တရုတ်တို့အတွက် အရံအစီအစဉ်ပေပဲလား…ဟုလည်း တွက်ဆနိုင်ပါသည်။

တရုတ်တို့ မြန်မာနိုင်ငံအပေါ် သဘောထားပြောင်းလဲလာမှုရှိ/မရှိဆိုသည်ကို KIO/KIA တပ်စခန်းများ နယ်စပ်တွင် နေရာချထားမှုအပေါ်မူတည်၍ လေ့လာသုံးသပ်နိုင်ပါသည်။ ယခင်မြန်မာအစိုးရနှင့်တရုတ်အစိုးရတို့ ဆက်ဆံရေး ကောင်းမွန်နေသည့်ကာလအတွင်း KIO/KIA အနေဖြင့် မြန်မာ-အိနိ္ဒယနယ်စပ် ROKA(I)နေရာသို့ ပြောင်းရွှေ့အခြေပြုရန် ဟန်ပြင်ခဲ့ကြပါသည်။ သို့သော်လက်ရှိတွင် ယင်းအစီအစဉ်ကိုရပ်တန့်ကာ တရုတ်နိုင်ငံ နယ်စပ်ဘက်ခြမ်းတွင် ပြန်လည်အခြေပြုနိုင်ရေး ပြင်ဆင်လာသည်မှာလည်း သက်သေတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ဖွယ်ရှိနေပါသည်။ တရုတ်တို့မှ “ ဝ ” ၊ KIO/KIA အဖွဲ့များနှင့် မပတ်သက်ဘူးဟု ပြောနေသော်လည်း KIO/ KIA ၊ “ ဝ ” ၊ SSPP/SSA အဖွဲ့များသည် လက်နက်ခဲယမ်းကို လိုသလိုဖောဖောသီသီသုံးစွဲနေနိုင်သည်မှာ တရုတ်တို့ ထောက်ပံ့ထားခြင်းမဟုတ်ပါက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်၍ လက်နက်ခဲယမ်း မိုးရွာခဲ့ခြင်းလားဟု မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။

မြန်မာအစိုးရ။  ပျိုးအိတ်အတွင်းမှ မြေချစိုက်ပျိုးစ ၂ နှစ်သားအရွယ် ဒီမိုကရေစီသစ်ပင်မှာ အင်မတန်မှ နုနယ်လှပါသေးသည်။ ပင်စည်တို့ခိုင်မြဲဖို့ထက် ဖြစ်တည်စအရွက်ကလေးများပင်လျှင် အစိမ်းရင့်ရောင်သို့ မပြောင်း နိုင်သေးဘဲ နုဖတ်ဖတ်အစိမ်းရောင်သမ်းစ အဆင့်ပင်လျှင်ရှိပါသေးသည်။ ဒီမိုကရေစီသစ်ပင်ငယ်တစ်ခုသည် နှစ်ပေါင်း ၂၀ဝ ကျော်ခန့်သက်တမ်းရှိ ပင်အိုကြီးများကဲ့သို့ အကြမ်းခံနိုင်လိမ့်မည်မဟုတ်ပါ။ ကြီးထွားဖွံ့ဖြိုးရှင်သန်ရန် အပင်ကြီးများအောက် လောင်းရိပ်ခိုနေ၍မဖြစ်နိုင်သလို သတိ္တကောင်းသည်ဟုဆိုကာ နေရောင်ပြင်းပြင်းအောက် တစ်ဦးတည်းထွက် ရပ်တည်၍လည်းမရနိုင်ပါ။ လေကြမ်း၊ နေကြမ်းမခံနိုင်သေးသည့်အခြေအနေဖြစ်ပါသည်။ ကြီးမြန်စေလို၍ အရမ်းကာရောရေလောင်းလျှင်သော်လည်းကောင်း၊ ရှင်သန်စေလို၍ စေတနာဗရပွဖြင့် မြေဩဇာ အလွန်အကျွံထည့်မိလျှင်သော်လည်းကောင်း နုနယ်သောပင်စည်နှင့်ပင်မြစ်တို့ကို လောင်မြိုက်၊ ပုပ်ဆွေးစေ ပါလိမ့်မည်။

မြန်မာအစိုးရအနေဖြင့် ညောင်သီးလည်းစား၊ လေးသံလည်းနားထောင် စကားပုံအတိုင်းကျင့်သုံးရပါမည်။ တရုတ်နိုင်ငံအနေဖြင့်လည်း မိတ်ဆွေကောင်းပီသရန်လိုပါသည်။ မြန်မာအစိုးရအနေဖြင့် တရုတ်တို့၏သဘောထား အပေါ် မှန်ကန်စွာသုံးသပ်သိမြင်ပြီး အကင်းပါးပါးဖြင့် ဆောင်ရွက်နိုင်ရန်နှင့် မိမိနိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် သုံးသပ်ဆောင်ရွက်ရန်လိုပါသည်။

အပိုင်း(၂) ကို ဆက်လက်ဖေါ်ပြသွားပါမည်

နိုင်ငံရေး သုတေသီတစ်ဦး

orginal source – https://www.facebook.com/mg.phonelay.12

4 comments

  • နေဝန်းနီ

    March 17, 2013 at 9:05 pm

    ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်၍ လက်နက်ခဲယမ်း မိုးရွာခဲ့ခြင်းလားဟု မေးခွန်းထုတ်ရတော့မည်ဖြစ်ပါသည်။
    အဲဒိစကားလေးတော့ ကြိုက်ဗျ….။ သူများနဲ့ ဆန့်ကျင်ဘက်ပြောနေကျမို့ ဆက်ပြောပါရစေဦး
    ငြိမ်းချမ်းရေး မရလေ….. တရုတ်ရဲ့ အတွင်းသဘောပေါ်လွင်လာလေ နေမှာပဲဗျ…။ အဲဒိတော့ သူ့သဘောသူဆောင်သွားပါလိမ့်မယ်…..။
    ခုတောင် တရုပ် ပစ္စည်းမသုံးဘူး တရုပ်က လာတာဆိုရင်မစားဘူးဆိုတဲ့ သူတွေတွေ့နေရပြီ ကြာလာလေ ပိုဆိုးလေနေမှာပဲ နောက်ဆုံး ဈေးကွက်မပျောက်ရင်တောင် 50% လောက်လျော့ကျသွားရင် ………..

  • Foreign Resident

    March 18, 2013 at 10:46 am

    ဟဲ့ ပလုတ်တုတ် ၊
    တစ်ခါမှ မရေးဘူးတဲ့ ရွာသား အသစ် က ၊
    Foreign Resident ဆိုပြီးကို Tag လုပ်ထားတာပါလား ။
    ပြီးတော့လည်း စာရေးသူ ရဲ့ ကိုယ်ပိုင် Idea လည်း မဟုတ်ဘူး ။
    E Mail က ရတာပါတဲ့ ။

    ၁ ။
    ” တစ်ပေါက်တည်းသော ထွက်ပေါက် အား အပိတ်ဆို့ခံရပါက
    တရုတ်တို့အတွက် အရှင်လတ်လတ်မြေမြုပ်သတ်ခံရဘိအလား
    ခံရချက်နာနိုင်ပါသည် ”

    တစ်ပေါက်တည်းသော ထွက်ပေါက် တော့ မဟုတ်ပါဘူးကွယ် ။
    တရုတ်ကြီး က Turkmenistan-China gas pipeline ရော ၊
    Kazakhstan ကနေ ကက်စပီယံ ပင်လယ် အထိ ရေနံ ပိုက်လိုင်းပါ ဖေါက်ပြီးပါပြီ ။
    တရုတ်ကြီး ဖေါက်ပြီးတဲ့ ဂက်စ် နှင့် ရေနံ ပိုက်လိုင်း မြေပုံတွေ ၊
    အောက်က Web Page မှာသွားကြည့်ကြပါ ။
    ( http://www.atimes.com/atimes/Central_Asia/KL17Ag01.html )

    ပါကစ္စတန် နိုင်ငံ ကနေဖြတ်ပြီး အရှေ့ အလယ်ပိုင်း အီရန် အထိ ၊
    တိုက်ရိုက် ရေနံ ပိုက်လိုင်းဖေါက်ဖို့လဲ လုပ်နေပါပြီ ။
    ( http://www.aljazeera.com/indepth/opinion/2011/05/2011527104451497291.html )

    ပါကစ္စတန် က ဆိုရင် ၊ တရုတ်ကို သူ့နိုင်ငံမှာ ၊
    ရေတပ် စစ်စခန်း ဆောက်ဖို့ပါ ဖိတ်ခေါ်နေတာ ( ဖိတ်ခေါ်နေတာ ) ။

    မြန်မာ ပိုက်လိုင်းဟာ တရုတ်ကြီး ရဲ့ Plan ပေါင်း မြောက်များစွာ ထဲက ၊
    Plan တစ်ခု မျှသာဖြစ်ပါတယ် ။

    ကိုယ့် ရဲ့ အခြေအနေ ကို လျှော့ တွေးတာဟာ အမှားပါ ။
    အဲလိုပဲ ၊ ကိုယ့် ရဲ့ အခြေအနေ ကို ပို တွေးတာဟာလည်း အမှားပါပဲ ။

    အဘ အရင် Post တွေမှာ ရေးခဲ့သလိုပါပဲ ။
    ဦး အောင်မင်း လို ပြည်ထောင်စု ဝန်ကြီး တစ်ဦး က လူအများရှေ့မှာ ၊
    တရုတ်ကြီးကို ကြောက်ရပါတယ်လို့ သောက်ရှက် အကွဲခံပြီး ဘာလို့ပြောရသလဲ ။

    ရှင်းရှင်းလေးပါ ၊
    ကိုယ် က တရုတ်ကြီး ကို ဒုက္ခပေးနိုင်တာထက် ၊
    တရုတ်ကြီး က ကိုယ့် ကို ဒုက္ခပေးနိုင်တာက ၊
    အဆပေါင်း မြောက်မြားစွာ ပိုများနေလို့ပေါ့ကွယ် ။

    ၂ ။
    ” ဒုတိယနည်းလမ်းမှာ
    နယ်စပ်တွင်လိပ်ခဲတည်းလည်းဖြစ်နေသော ပြဿနာများကို ရှည်ကြာစေရန်
    KIO/KIA နှင့် “ ဝ ” အဖွဲ့တို့ကို ထောက်ပံ့မှုများပေး၍
    မြန်မာအစိုးရကို ဘေးကြပ်နံကြပ်ဖြစ်စေခြင်း ”

    အဘ သာ တရုတ် အစိုးရ ဆိုရင်တော့ ဒုတိယနည်းလမ်း ကို ရွေးမှာပဲ ။
    တရုတ် အစိုးရ လည်း ၊ အဘ ထက်တော့ ညံ့မယ် မထင်ဘူး ။

    တပည့်ကျော်ကြီး မြန်မာအစိုးရကို ဘေးကြပ်နံကြပ်ဖြစ်အောင် ၊
    တမင် လုပ်တာတော့ ဟုတ်မယ် မထင်ပါဘူး ။

    ဘာဖြစ်လို့လဲ ဆိုတော့ ၊ လက်ရှိ မြန်မာ စစ်တပ်က ၊
    တရုတ်ကြီး ပိုက်လိုင်း နှင့် ရေကာတာတွေကို ကာကွယ်ပြီး ၊
    အသက်ပေါင်းများစွာ အဆုံးခံပြီးကို KIA နှင့် တိုက်နေရရှာတာကိုး ။
    ( လက်ရှိ မြန်မာ စစ်တပ်က တရုတ်ကြီး ဘက်ကနေ တိုက်နေတာပါ )

    KIA ကို တရုတ်ကြီး က အမြစ်တော့ ဖြတ်ခွင့် ပေးမှာ မဟုတ်ဘူး ။
    Counter Balance လုပ်တဲ့ သဘောပေါ့လေ ။
    Buffer Zone ထားတဲ့ သဘောပေါ့လေ ။
    Real Politic ကိုး ။

    မမေ့နှင့်နော် ။
    ” ထာဝရ မိတ်ဆွေ ဆိုတာ မရှိဘူး ။
    ထာဝရ ရန်သူ ဆိုတာလဲ မရှိဘူး ။
    ထာဝရ အကျိုးစီးပွား ဆိုတာပဲ ရှိတယ် ”

    တရုတ်ကြီး က မြန်မာ ကို KIA, UWSA နှင့်
    Counter Balance လုပ် Buffer Zone ထား တယ် ။

    ယိုဒယား ကလည်း မြန်မာ ကို KNU, SSA နှင့်
    Counter Balance လုပ် Buffer Zone ထား တယ် ။

    မြန်မာအစိုးရ ကလည်း အိန္ဒိယ ကို ကသည်း ၊ နာဂ သူပုန်တွေ နှင့် ၊
    Counter Balance လုပ် Buffer Zone ထား တယ် ။

    Real Politic မှာ စိတ်ကူးယဉ်လို့ / စိတ်ခံစားမှုနောက်လိုက်လို့ မရဘူးကွဲ့ ။
    ထာဝရ အကျိုးစီးပွား ပဲ ရှိတာလေ ။

    ၃ ။
    အမေရိကန် နှင့် ဂျပန် မြန်မာပြည်ကို ဝင်လာပါပြီ ။
    သူတို့ နှစ်နိုင်ငံလုံး ရဲ့ လက်ရှိ အဓိက ပြိုင်ဖက်ဟာ တရုတ်ကြီး ပါ ။
    အခု တရုတ်ကြီး မုန်းတီးရေး ဝါဒဖြန့် မီဒီယာ တွေဟာ ၊
    အမေရိကန် နှင့် ဂျပန် လက်ရာ မကင်းဘူး ထင်ပါတယ် ။

    အဲဒီလို ဖြစ်နေလို့ အမေရိကန် နှင့် ဂျပန် ကို အဘ အပြစ် မတင်ချင်ပါဘူး ။
    သူတို့က ၊ သူတို့ နိုင်ငံ အကျိုးစီးပွား အတွက် ၊ သူတို့အလုပ် သူတို့ လုပ်တာပါ ။

    တစ်ခုခု ဖြစ်ရင်လည်း ၊ အမေရိကန် နှင့် ဂျပန် နှစ် နိုင်ငံလုံး က ၊
    သူတို့ နှစ် နိုင်ငံ အနစ်နာခံပြီးတော စီးပွားရေး နံပါတ် ၂ ၊ တရုတ်ကြီး နှင့် ၊
    ထိပ်တိုက် ရင်ဆိုင် အနာခံမှာ မဟုတ်ပဲ ၊ အသာ ရှောင်သွားကြမှာပါ ။

    အဲ ၊ မြန်မာ နိုင်ငံသားတွေ အတွက်ကတော့ ၊
    စစ်ပွဲတွေက သူတို့ ( မြန်မာ နိုင်ငံ ) မြေ ပေါ်မှာဖြစ်မှာဖြစ်ပြီး ၊
    မြန်မာ နိုင်ငံသားတွေ ၊ တိုင်းရင်းသားတွေပဲ သေကြေကြပြီး ၊
    မြန်မာ နိုင်ငံကြီးကတော့ မွဲပြာကျကျန်ခဲ့မှာပါ ။

    သိပ် မ တုံးကြပါနှင့် လို့ပဲ ပြောချင်ပါတယ် ။
    ( အစိုးရ နှင့် အမေစု တို့ကတော့ သဘောပေါက်ပြီးသားပါ )

    အမေစု လို အမျှော်အမြင် လဲရှိ ၊ တိုင်းပြည်ကိုလည်းချစ်တာ သေချာတဲ့ ၊
    လူထု ခေါင်းဆောင် ရဲ့ နောက်ကသာ မှန်မှန် လိုက်ဖို့ ကြိုးစားကြစေလိုပါတယ် ။

    • nature

      March 25, 2013 at 8:39 pm

      သက်ရောက်မှုတိုင်းမှာတုန့်ပြန်မှုဆိုတာရှိတတ်စမြဲပါ။

  • kyeemite

    March 18, 2013 at 11:13 am

    မြန်မာအစိုးရအနေဖြင့်“ ညောင်သီးလည်းစား၊ လေးသံလည်းနားထောင်” စကားပုံအတိုင်းကျင့်သုံးရပါမည်။
    အမှန်ပဲ..

Leave a Reply