ရင်ကို ထိမှန်စေခဲ့သော မြားချက်များ

ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး၊ ပညာရှင်အချို့က သုတေသန ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊ စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့ အထိ ဖြစ်သွားတာတွေ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသန စာတမ်းကို ဖတ်ရတော့ ဒီလောက်တောင်ပဲ ဆိုးဝါးသလားလို့ သံသယ၀င်ခဲ့မိပါတယ်။ အွန်လိုင်း စာမျက်နှာ အသာထားလို့၊ ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ ဒဏ်ကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့ စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုတလော ပုဂ္ဂိုလ်ရေးနဲ့ လုံးဝမဆိုင်တဲ့၊ ကျွန်မ ရဲ့ စာမျက်နှာပေါ်မှာ လာတင်ထားတာလဲ မဟုတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားတဲ့ မှတ်ချက်လေးတွေကတော့ ကျွန်မရဲ့ ရင်ကို မြားချက်တွေလို ထိမှန်စေခဲ့ပါတယ်။ ဒီမှတ်ချက်လေးတွေကြောင့် မေးခွန်းတွေလဲ အများကြီး ပေါ်ခဲ့သလို၊ တွေးစရာတွေလဲ အများအပြား ရှိသွားခဲ့ပါသေးတယ်။ အဲဒီမှတ်ချက်လေးတွေရဲ့ မူလအစကတော့ လက်ပန်းတောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဆန္ဒပြကြတဲ့ ရွာသူ၊ ရွာသားတွေကို အွန်လိုင်းကနေ ပေးထားကြတဲ့ မှတ်ချက်တချို့ပါ။ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး တရားခံတွေ၊ ဓားစာခံတွေ၊ သားကောင်တွေ၊ ဓားခုတ်ရာ လက်ဝင်လျှိုမိသူတွေ အများအပြား မြန်မာပြည်မှာ ရှိနေခဲ့ပါပြီ။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေကို ဒီစာစုလေးထဲမှာ ရေးသားတင်ပြမှာ မဟုတ်ပါဘူး။ မှတ်ချက်လေးတွေနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာတဲ့ အတွေးစလေးတွေကိုသာ ရေးသားတင်ပြမှာ ဖြစ်ပါတယ်။

() သွဲ့သွဲ့ဝင်းက ဥပဒေစကား ပြောရအောင် ဘယ်တက္ကသိုလ်က ဆင်းလာတာလဲ။ အောက်စဖိုဒ့်၊ ကင်းဘရစ် တက္ကသိုလ်က ဆင်းလာတာမို့လား။

ဒီမှတ်ချက်ကို ဖတ်လိုက်မိချိန်မှာ ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံနိုင်ဘူး ဖြစ်သွားပါတယ်။ ရေးထားတဲ့ စာသွားစာလာအရ တက္ကသိုလ်ဘွဲ့ရ တယောက်က ရေးထားတာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဥပဒေစကားဆိုတာ တက္ကသိုလ်ကျောင်းထွက်မှ ပြောရတဲ့ စကားလို့ သူ့ကို ဘယ်တက္ကသိုလ်ကများ သင်ပေးလိုက်ပါလိမ့်လို့ သံသယဖြစ်မိပါတယ်။ လူတယောက်မှာ မွေးဖွားလာကတည်းက မွေးရာပါ လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ ဒီလိုလူ့အခွင့်အရေးတွေနဲ့ မွေးဖွားရှင်သန်လာတဲ့ တိုင်းပြည်မှာရှိတဲ့ အစိုးရက ဥပဒေများပြဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးထားပါတယ်။ ဒါကြောင့် တက္ကသိုလ် ကျောင်းထွက်မှ မဟုတ်ပါဘူး။ လူသားမှန်ရင် ဘယ်သူမဆို ဥပဒေစကား ပြောခွင့်ရှိပါတယ်။ ဥပဒေကို နားလည်အောင် လေ့လာရပါတယ်။ နားမလည်သူရှိရင်လဲ အခြားနိုင်ငံသားများက ရှင်းလင်း ပြောကြားပေးပါတယ်။ လူသားမဟုတ်တဲ့ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးတွေကိုတောင် ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနေကြတဲ့ ခေတ်မှာ တက္ကသိုလ်ကျောင်းထွက်မှပဲ ဥပဒေစကားပြောခွင့် ရှိရမယ် တဲ့လားရှင်။ မှတ်ချက်ပေးသူက အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ်တွေကို အတော်လဲ အထင်ကြီးပုံရပါတယ်။ ဒါပေမယ့် ဒီမှတ်ချက်အကြောင်းကို အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ်က ဥပဒေပါမောက္ခတွေများ သိသွားရင်တော့၊ ဂုဏ်ယူဖို့နေနေသာသာ၊ ဘုရားသခင်လို့ ထရေရွတ်ကြမှာ မလွဲမသွေပါပဲ။ ဘာကြောင့်လဲဆိုတော့ အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ် အပါအ၀င် နိုင်ငံတကာတက္ကသိုလ်များက ကျောင်းသားတွေကို ပညာတွေ၊ ဘွဲ့လက်မှတ်တွေကိုတင် ပေးတာ မဟုတ်ပါဘူး။ လူသားအချင်းချင်း တန်ဖိုးထားမှုတွေ၊ ခွဲခြားဆက်ဆံမှုမရှိပဲ တန်းတူရည်တူ ဆက်ဆံမှုတွေ၊ စာနာနားလည်မှုတွေကိုပါ ကျောင်းသားတွေရဲ့ ရင်ထဲမှာ ရှင်သန်လာစေတဲ့ ပတ်ဝန်းကျင်တွေကို ဖန်တီးပေးထားကြတာပါ။ ဥပဒေအဝေးသင်ဘွဲ့အတွက် ကင်းဘရစ်တက္ကသိုလ်က ဥပဒေရက်တို သင်တန်းတွေကို ကျွန်မ သွားတက်နေခဲ့တာ သုံးနှစ်ရှိပါပြီ။ ဥပဒေပညာကို လေ့လာဆည်းပူးဖြစ်ခဲ့တာလဲ လေးနှစ်နီးပါးရှိနေပါပြီ။ ဘယ်သင်ရိုးမှာမှ၊ ဘယ်သင်တန်းပို့ချမှုမှာမှ၊ ဘယ်စာအုပ်ထဲမှာမှ တက္ကသိုလ်ကျောင်းထွက်ကသာ ဥပဒေစကားပြောရမယ်၊ အခြေခံလူတန်းစားက ဥပဒေစကားပြောခွင့်မရှိဘူးလို့ မပြဌာန်းထားပါဘူး။

() အောက်တန်းစား လယ်သမားတွေ။

ဒီမှတ်ချက်တွေ အများအပြား ဖတ်လိုက်ရပါတယ်။ ရေးသားသူတွေက မြန်မာမှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိပါတယ်။ မြန်မာပြည်မှာရှိတဲ့ လူဦးရေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက လယ်သမားတွေကို ကိုယ်စားပြုနေပါသလဲ။ တိုင်းပြည်ရဲ့ ၀င်ငွေကို ဘယ်သူတွေက ရှာပေးနေတာပါတဲ့လဲ။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဆိုတာတွေ၊ ကုမ္ပဏီဆိုတာတွေ၊ စီးပွားရေးလုပ်ငန်းဆိုတာတွေ၊ စက်ရုံအလုပ်ရုံဆိုတာတွေ မရှိခင်တုန်းက မြန်မာတွေ ဘာလုပ်ပြီး စားဝတ်နေရေးဖူလုံအောင် လုပ်ဆောင်ခဲ့ကြပါသလဲ။ ခုလိုမှတ်ချက်ချသူတွေရဲ့ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်မှာ လယ်သမားလုံးဝ မရှိခဲ့ပါဘူးဆိုတာကို သေချာအာမခံနိုင်ပါသတဲ့လား။ ကမ္ဘာပေါ်မှာကော စားနပ်ရိက္ခာထုတ်လုပ်ရေးကို ဘယ်သူတွေက လုပ်ဆောင်နေကြတာပါလဲ။ ဘွဲ့လက်မှတ်တွေ၊ ဂုဏ်ပကာသနတွေ၊ စည်းစိမ်ဥစ္စာ ရတနာတွေ၊ ရာထူးတွေကမှ အထက်တန်း ကျတယ်လို့ ယူဆပြီး၊ ကိုယ်ကိုကိုယ် အထက်တန်းစားလို့ သတ်မှတ်နေသူတွေဟာ အဲဒီ အောက်တန်းစား လယ်သမားဆိုသူတွေ ထုတ်လုပ်ပေးထားတဲ့ စားသောက်ကုန်တွေကို မစားပဲ ဘွဲ့လက်မှတ်တွေ၊ ကျောက်မျက်ရတနာတွေ၊ ဂုဏ်တွေ၊ ငွေစက္ကူတွေကို ၀ါးစားပြီး အသက်ရှင်သန် နိုင်ကြပါ့မလားလို့ တွေးတောမိပါတယ်။

() စာမတတ်၊ ပေမတတ်တွေ။

လူတွေရဲ့ ဘ၀ပေးအခြေအနေတွေက မတူညီကြပါဘူး။ တချို့က မွေးကတည်းက ရွှေလင်ပန်းနဲ့ အချင်းဆေးခွင့်ရကြပါတယ်။ ဒါပေမယ့် မြန်မာမှာသာမက ကမ္ဘာပေါ်မှာ လူမှန်းသိတတ်စကတည်းက ဘ၀အတွက်၊ ထမင်းတနပ်အတွက်၊ ပေါင်မုန့်တဖဲ့အတွက် ရုန်းကန်နေကြရပြီး၊ ပညာသင်ကြားခွင့် မရကြတဲ့ ကလေးတွေ အများအပြားရှိနေခဲ့ပါတယ်။ ပြီးတော့ ဒါကလဲ ဘ၀ပေးအခြေအနေ တခုတည်းနဲ့တင် မဆိုင်ပါဘူး။ မွေးဖွားကြီးပြင်းရတဲ့ သက်ဆိုင်ရာ တိုင်းပြည်က နိုင်ငံတော်အစိုးရများရဲ့ တာဝန်ယူမှု အရည်အသွေးတွေနဲ့လဲ ဆိုင်ပါသေးတယ်။ အချို့သော နိုင်ငံတွေမှာ အခြေခံပညာရေးက အခမဲ့ဖြစ်ပေမယ့်၊ တချို့နိုင်ငံတွေမှာတော့ တိုးတက်ဖွံ့ဖြိုးမှုနှောင့်နှေးတာကြောင့် မူလတန်း ကျောင်းတက်ဖို့ အရေးကိုတောင် တနေ့ဆယ်မိုင်လောက်လမ်းလျှောက်ပြီး ကျောင်းတက်ရတဲ့ ကလေးတွေ ရှိခဲ့ပါတယ်။ ကျောင်းစရိတ်ကလဲ မတတ်နိုင်၊ မိဘမှာလဲ ကူဖော်လောင်ဖက်မရှိလို့ မိသားစုတံပိုးကို ငယ်ငယ်ရွယ်ရွယ်နဲ့ မနိုင့်တနိုင် ၀င်ရောက်ထမ်းခဲ့ကြရသူတွေလဲ အများအပြားပါ။ ဒီလိုလူတွေရဲ့ ဘ၀ကို စာနာမှုနဲ့ ဖေးကူဖို့ မစဉ်းစားရင်တောင် သူတို့ရဲ့ ဘ၀ပေးအခြေအနေကို နှိမ့်ချပြောဆိုဖို့ မသင့်ပါဘူး။ မြေနိမ့်ရာလှံစိုက်တာဟာ လှံကိုင်ထားသူရဲ့ အရည်အချင်းကိုလဲ ဖော်ပြရာကျပါတယ်။ လောကမှာ စာတွေ၊ ပေတွေ ဆိုတာက ပညာရေးအခွင်အလမ်းရှိတယ်ဆိုရင် သင်ယူလို့ရပါတယ်။ စာတွေပေတွေ တတ်လို့လဲ အထင်ကြီးစရာ မလိုသလို၊ စာတွေပေတွေ မတတ်လို့လဲ အထင်သေးနှိမ့်ချဆက်ဆံဖို့ မလိုအပ်ပါဘူး။ စာတွေပေတွေ ဆိုတာကလဲ လူသားတွေက အဆင့်ဆင့်တီထွင်ဆန်းသစ်လာကြပြီးမှ၊ အချင်းချင်းမျှဝေလာခဲ့ကြတာ ဖြစ်ပါတယ်။ စာတတ်မြောက်ရေး လှုပ်ရှားမှုဆိုတာ စာတတ်ပေတတ်တွေက ပြန်လည်အကောင်အထည် ဖော်လာခဲ့ကြတာပါ။ နိုင်ငံတကာမှာရှိတဲ့ ကမ္ဘာ့အသိအမှတ်ပြု စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးတွေကတောင် ကမ္ဘာ့ပြည်သူ တရပ်လုံး စာတတ်မြောက်ရေး၊ မူလတန်းပညာ သင်ကြားတတ်မြောက်ရေး၊ ပညာရေး အခွင့်အလမ်းများ တိုးမြှင့်ရေးတွေကို အားတက်သရော လုပ်ဆောင်နေကြချိန်မှာ ဘ၀ပေးအခြေအနေနဲ့ နိုင်ငံ အခြေအနေကြောင့် ပညာရေးအခွင့်အလမ်း ခံစားခွင့်မရခဲ့ရှာသူတွေကို စာမတတ်၊ ပေမတတ် တွေလို့ နှိမ့်ချသတ်မှတ်တဲ့ မြန်မာ့စာတတ်ပေတတ် ပုဂ္ဂိုလ်ကျော်ကြီးများ ပေါ်ထွက်လာတာဟာ အံ့သြဖွယ် ကောင်းလိုက်ပါဘိ။

() သူများမြှောက်ပေးတိုင်း အိုဗာအိုက်တင်တွေ လုပ်ပြနေကြတယ်။ မြေလေးသိမ်းခံရတာများ လျော်ကြေးပြန်တောင်းလိုက်ရင် ပြီးတာပဲကိုး။

ဒီလို မှတ်ချက်မျိုး ပေးသူတွေဆီမှာ အိမ်ခြံမြေတွေ၊ ပိုင်ဆိုင်မှုတွေများ ရှိပါသလားလို့ ကျွန်မ ရိုးသားစွာ သိချင်မိပါတယ်။ သူတို့ အိမ်ခြံမြေတွေကို အစမ်းသဘောနဲ့ ခဏသွားသိမ်းကြည့်ထားလိုက်ရင် ဘယ်လိုမျက်နှာမျိုး ဖြစ်နေကြမလဲဆိုတာ မြင်ဖူးကြည့်ချင်လို့ပါ။ မြေဆိုတာကို အသာထားလို့ ကိုယ့်အိတ်ထဲက ပိုက်ဆံအိတ်လေးကို ခါးပိုက်နှိုက်သွားရင်တောင် ဘယ်လိုခံစားရပါသတဲ့လဲ။ ကုန်ကားတွေမှောက်၊ ပွဲရုံတွေ မီးလောင်လို့ နှလုံးရောဂါဖောက်ပြီး သေသွားတဲ့ သူဋ္ဌေးတွေ၊ စီးပွားပျက်သွားလို့ စိတ်ဓာတ်ကျဘ၀ပျက်သွားတဲ့ လူတွေ၊ သူခိုးဓားပြဒဏ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်နေတဲ့လူတွေ မြန်မာတနိုင်ငံလုံးမှာ ဒုနဲ့ဒေးပါ။ ဒီလိုလူတွေတောင် ကိုယ့်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတဲ့အခါ ခံစားကြရသေးရင်၊ ဓါးမဦးချ လုပ်ကိုင်စားသောက်နေရတဲ့ လယ်ယာမြေတွေလဲ မတရားအသိမ်းခံရ၊ စားဝတ်နေရေးပြဿနာတွေလဲ ကြုံတွေ့ရ၊ အဆိပ်သင့်ရေတွေလဲ သောက်သုံးနေရတဲ့ လူတွေရဲ့ နှလုံးအိမ်ထဲကို ခဏလောက်ဝင်ပြီး ခံစားကြည့်ကြစမ်းပါ။ သူများမြှောက်ပေးလို့ မျက်ရည်ကျရအောင် ဒီလူတွေဟာ ဇာတ်ခုံပေါ်က ကျွမ်းကျင်သဘင်သည်တွေ မဟုတ်ဘူး။ နှလုံးအိမ်ထဲက ခံစားချက်ကြောင့် စီးဆင်းလာတဲ့ သူတို့ မျက်ရည်တွေက မျက်ရည်တုတွေ မဟုတ်ဘူး။

အထက်မှာဖော်ပြထားတဲ့ မှတ်ချက်တွေလို ကျွန်မရဲ့ ရင်ကို မြားချက်တွေလို တိုက်ရိုက်မထိမှန်ပေမယ့် တစုံတရာ ထိရှစေခဲ့တဲ့ တခြားမှတ်ချက်တွေလဲ အများအပြားရှိပါသေးတယ်။ မှတ်ချက်တွေကို တွေ့စမှာ ကျွန်မ အံ့သြသွားမိတယ်။ ပြီးတော့ စိတ်ထိခိုက်မိတယ်။ နောက်တော့မှပဲ မျက်ရည်တွေ အလိုအလျောက် ကျနေခဲ့တာကို ကိုယ့်ဘာသာကိုယ် သတိထားလိုက်မိတယ်။ ကျွန်မဟာ လွယ်လွယ်ကူကူနဲ့ မျက်ရည်ကျတတ်တဲ့ မိန်းမတယောက်မဟုတ်ပါဘူး။ ပြည်ပမှာနေတုန်းမှာ မှတ်မှတ်ရရဆိုလို့ ဒီပဲယင်း လူသတ်ပွဲနဲ့ ရွှေဝါရောင်တော်လှန်ရေး ကာလတွေတုန်းကပဲ မျက်ရည်ကျခဲ့ဖူးတာပါ။ ၀မ်းသာလွန်းလို့ မျက်ရည်ကျခဲ့ရတာလဲ တခါကတော့ ရှိခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက ကျွန်မ သိပ် တန်ဖိုးထားခဲ့ ဖူးသူတယောက်၊ လှောင်အိမ်ထဲက လွတ်မြောက်လာစဉ်ကပါ။ ဒါပေမယ့်ရှင်၊ ကျွန်မကိုယ်ကျွန်မတောင် သတိမထားမိလောက်အောင် လက်သီးကို တင်းတင်းဆုပ်ရင်း မျက်ရည်ကျခဲ့မိတာကတော့ ဒီတကြိမ် ပထမဦးဆုံးပဲ ထင်ပါရဲ့။ အရှိန်ပြင်းတဲ့ မြားချက်တွေက ကျွန်မရဲ့ ရင်ထဲကို စူးဝင်သွားခဲ့တယ်။

ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၃)

kai

About kai

Kai has written 933 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.