မျက်လှည့်ဆရာ

naywoon niMarch 17, 20131min1618

လေတစ်လုံးမိုးတစ်လုံးနဲ့
မိုးပြော ဂျိုးပြော
ဇလီဖားတုံး သွားကြားထိုးပြီး
မီးရထားသံလမ်း ခါးပတ်ပတ်မယ်လို့ပြောလိုပြော
သူ့လက်ညှိုးနဲ့ပဲထိုးလိုက်ရင်
ကောင်းကင်ကြီးပေါက်ပြီး
ချက်ချင်းပဲ ရတနာမိုးရွာတော့မလိုလို

ဘယ့်နဲ့ဗျာ ……
သူကိုင်ထားတဲ့ ပုဝါထဲက
ငှက်ကလေး ပျံထွက်သွားမယ်ဆိုလို့
အမေခိုင်းထားတဲ့ အလုပ်တွေမေ့ထားပြီး
စောင့်ကြည့်နေတဲ့ ဒီကောင်လေးကိုမှအားမနာ
ပြမယ်ပြောတဲ့ ပြကွက်ကိုမပြသေးပဲ
ဟိုသေတ္တာထဲက မြွေတွေ
သူထုတ်နေပြန်ပြီ….။
ပြီးတော့
ဒီမြွေတွေ ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုပြီး
အလမ္မာယ်ပြပြီး မြွေနိုင်ဆေးရောင်နေတော့တာပဲ ……။
သူစောစောကပြောထားတဲ့ စကား
မေ့သွားပြီနဲ့တူရဲ့ ….။
သူ့လက်ထဲ ကိုင်ထားတဲ့ ပုဝါထဲက
ငှက်ကလေးပျံထွက်သွားမယ်ဆိုတာ လေ…….။

ဒီလိုနဲ့ပဲ
နေက အတော်ပူလာပြီ
ငါ့ကိုအမေရိုက်ခံရတော့မယ် ……။
စိုးရိမ်စိတ်နဲ့ဆက်ကြည့်
မျက်လှည့်ဆရာကတော့
သူပြောတဲ့ပြကွက် သူမေ့သွားပြီနဲ့တူရဲ့
သူ့မြွေတွေ သူပြန်သိမ်း
ဆေးရောင်းရတဲ့ပိုက်ဆံတွေကို ဆုပ်ကိုင်ရင်း
မျက်လှည့်လာကြည့်သူတွေကိုကျေးဇူးတင်ကြောင်းပြောပြီး
မျက်လှည့်ဝိုင်းသိမ်းလိုက်တော့တယ်….။
ငါကလည်း ငါပါပဲ
လမ်းဘေးက လူတစ်ယောက်ရဲ့စကား
ယုံစားမိတာကိုး
နောက်ဆို ဘယ်တော့မှ
စကားတွေ ဖောင်လောက်အောင်ပြောတတ်တဲ့လူ
မဖြစ်နိုင်လောက်တဲ့ အကြောင်းတွေပြောတတ်တဲ့သူ
ကိုယ့်ကိုကိုယ် သိပ်အမွှမ်းတင်တဲ့သူ
ဘယ်လိုလူရဲ့စကားကိုမှ
ယုံလည်းမယုံတတ်တော့ဘူး
နားလည်းမထောင်ဖြစ်တော့ဘူး …..။

နေဝန်းနီ

8 comments

  • အရီးခင်လတ်

    March 17, 2013 at 11:41 pm

    ဟုတ်ပ။
    ကျွန်မတို့ ငယ်တုန်းက မျက်လှည့်ပွဲ တွေမှာ မြွေဆိပ်ဖြေဆေး တွေပါတွဲရောင်းတာ ဝယ်သူတွေလဲ ဝယ်ကြတာဘဲ။
    ဒီခေတ်မှာတော့ ဒီနည်း နဲ့ ညာလို့ ရတော့မယ်တော့ မထင်တော့ဘူး။

  • KZ

    March 18, 2013 at 9:35 am

    ငါ၊ ဦးထုပ်ထဲ က ယုန်လေးထုတ် ပြ သလို~~~
    မင်း စိတ်ထဲက အချစ်လေး ထုတ်ပြမယ်~~~
    မျက်လှည့် တစ်ခု ဆိုလည်း~~~
    မျက်လှည့် တစ်ခုပါပဲ~~

    ဟိ။
    ဝိုင်းစုရဲ့ မျက်လှည့် သီချင်း ဝင်ဆိုသွားပါသည် ကို နေဝန်းနီ။
    အဲ့ မျက်လှည့်မျိုးပဲ တတ်ချင်တယ်ရယ်

    :kwi:

  • မောင် ပေ

    March 18, 2013 at 8:47 pm

    တစ်ကယ်တမ်းကြတော့
    လောကဇါတ်ခုံကြီးပေါ်မှာ
    ကံဇါတ်ဆရာ စီစဉ်ပေးသလို
    ကကြရတာကလား

  • နေဝန်းနီ

    March 18, 2013 at 9:53 pm

    @အရီးခင်လတ် ကျွန်မတို့ ငယ်တုန်းက မျက်လှည့်ပွဲ တွေမှာ မြွေဆိပ်ဖြေဆေး တွေပါတွဲရောင်းတာ ဝယ်သူတွေလဲ ဝယ်ကြတာဘဲ။
    ဒီခေတ်မှာတော့ ဒီနည်း နဲ့ ညာလို့ ရတော့မယ်တော့ မထင်တော့ဘူး။ ဒီခေတ်မှာ ညာတာတွေ ပိုပြီး တိုးတက်လာပါတယ်…။ အညာခံချင်တဲ့သူကလည်း ညာမဲ့သူကိုလိုက်ရှာနေကြတာကလား…..။
    KZ မျက်လှည့် ပညာတတ်ချင်တာက ဘယ်သူ့ကိုမျက်လှည့်ပြမလိုလဲဟင် ????
    @ ကပေ က ကံကိုယုံတယ်လား ကံာုံပြီးတော့ ဆူးပုံမနင်းလိုက်ပါနဲ့ကွယ်….။

  • MaMa

    March 19, 2013 at 6:25 am

    မျက်လှည့်အတတ်ပညာရဲ့ စွဲဆောင်နိုင်မှုကို အသုံးချပြီး ကိုယ်ရောင်းချင်တဲ့ပစ္စည်းကို ရောင်းတာလည်း မာကက်တင်းလို့ပဲ ပြောလို့ရမလား။
    မျက်လှည့်လား လက်လှည့်လား မသိပေမယ့် ထူးဆန်းအံ့ဩဖွယ်မို့ စိတ်ဝင်စားစရာကောင်းတာတော့ သေချာတယ်။ :hee:

  • kai

    March 20, 2013 at 6:14 am

    နားမထောင်ဖြစ်တော့ပေမယ့်..
    ..
    ..

    ခွေးကတက်ကနေ ရှေ့တက်
    အများချွေးနဲ့စက်တဲ့ ခုံပေါ်အခန့်ထိုင်
    မလိုင်နဲ့အသွေးတွေ သူစား
    တယ်လီပို့ကနေ ဗစ်ရှင်းလေတော့..။

    သူလိုငါလို လမ်းဘေးကလူ
    အိမ်အောက်တိုက်ပေါ် ခေါ်ပြောတဲ့လူ
    တလူလူနဲ့ လူတွေကြား
    အမြင်လေးပါ ကပ်သွား
    နောက်ဆုံးမတော့…
    ရုပ်လဲမြင်ရ အသံလဲကြားသွား
    အဟမ်းးးးးးးးးးး
    မျက်လှည့်ဆရာ အကြီးစား…။ ။

Leave a Reply