သူမ ကို ချစ်သော၊ သူမ ကို မုန်းသော သူများ သို့

မြစပဲရိုးMarch 17, 20131min40336

ဒီရက်မှာ ကျွန်မ စဉ်းစားနေမိပါတယ်။
“သူ့ကို ထိရင် ငါ ဘာလို့ စိတ်တို မိတာလဲ။
သူ့ကို ဘာလို့ ကာကွယ်ပေးချင်နေရတာလဲ။
သူ့ ကို ဆုံးရှုံးသွားမှာ ဘာလို့ အရမ်း ကြောက်နေရတာလဲ” စသဖြင့်ပေါ့။
ကျွန်မ ညွန်းနေတဲ့ “သူ” ဆိုတာ “ဒေါ်အောင်ဆန်းစုကြည်” ပါ။

ဒီရက် တွေထဲမှာ လူထုကြားက သူ့ ဓာတ်ပုံလေးတွေ တွေ့ရပြန်ပါတယ်။ ဟိုးအရင် စည်းရုံးရေးဆင်းတုန်းက ပြည်သူလူထု ထဲ က ပုံမျိုး တော့ မဟုတ်ဘူး။  အဲဒီတုန်းက ဆိုရင် လူတိုင်းမျက်နှာမှာ အပြုံးတွေ နဲ့ သူ့ကို ချစ်ခင်တဲ့ အကြည့်တွေ နဲ့။  အခုတော့ သူ့ ကို ကြည့်တဲ့ တစ်ချို့ရဲ့ မျက်ဝန်းတွေက နာကျည်းချက် တွေနဲ့၊ မကျေနပ်ချက် တွေ အပြည့်နဲ့။ သူ့နားမှာ ဝိုင်းရံပြီး ပြောဆိုနေတာ ဒေါသ တွေနဲ့ အတော်လေးနွမ်းနွမ်းပါးပါး အဝတ်အစား နဲ့ အမျိုးသမီးတွေ ပါ။

အဲဒီ ပုံတွေ ကြည့်ရင်း ကျွန်မ အတော်ခြားနားချက် တစ်ခု ကို မြင်လိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သာမာန်ဝတ်ထားတဲ့ အဝတ်အစားက တောင် အကောင်းဆုံး ဝတ်လာဟန် ရှိတဲ့ သူတို့ အဝတ်အစားထက် အများကြီး သစ်လွင် နေတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အဝတ် မှမဟုတ်ပါဘူး။ မြို့ပေါ်က လူတွေ (သူတို့ နဲ့ စာရင် လူနည်းစုပေါ့) တိုင်း သူတို့ ထက် ပိုပြီး အများကြီး ဝတ်နိုင် စားနိုင် သုံးနိုင်ကြမှာ အသေအချာပါ။

သူတို့ ရဲ့ အိမ် ကို သွားကြည့်ပါ။ မိုးမလုံတဲ့ အမိုး နဲ့ ယိုင်နေတာ ကို မပြင်နိုင်တဲ့ တဲ လေးတွေ ဘဲ ဖြစ်မှာပါ။
သူတို့ရဲ့ ထမင်းအိုးကတော့ နေ့တိုင်းသုံး နေနိုင်ဖို့ မိသားစု အားလုံး အနိုင်နိုင်ရုန်း ရတာ။
သူတို့ ကလေးတွေလား။ စာသင်ချင်ပေမဲ့ အခွင့်မရှိလို့ စာသင်ကျောင်းပြူတင်း ကနေ စာ ခိုးပြီး လိုက်ရွတ် နေရပုံကို မျက်စိထဲ ပုံဖော်ကြည့်နိုင်ကြလား။
သူတို့ မိဘ တွေ ကတော့ တရားရိပ်ခို သီကစောင့် ဖို့ မပြောနဲ့ ဝမ်းဝ ဖို့ တောင် အဟာရ မရှိဘဲ နေဝင်ချိန်ကို မသက်မသာ အံကြိတ် စောင့်နေကြတာတွေ ဟာ ပုံပြင်မဟုတ်ပါ ဘူး။
ဒီလို လူတွေဟာ အဲဒီ တစ်နေရာထဲမှာ စုနေကြတာ မဟုတ်ဘူး။ ဒီလို လူတွေဟာ မြန်မာပြည် မှာ နေရာအနှံ့ ရာခိုင်နှုန်း အများစု ပါ။
အဲဒီလိုမျိုးဘဝ ဘယ်သူက လိုချင်ပါ့မလဲ။ လူတိုင်းကတော့ ဖြင့် ပညာတတ်၊ ဇိမ်ကျကျနေ၊ အစားကောင်းစား၊ အကောင်းဆုံး ဝတ်ပြီး တန်ဖိုးကြီးအိမ် နဲ့ နေချင်တာပါဘဲ။

ကျွန်မတို့ တွေ အွန်လိုင်းပေါ်က လေတိုက်ပွဲ ဝင်နေကြတယ်။
ကျွန်မ တို့ ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ကျွန်မ တို့ ရဲ့ ပန်းတိုင် ကဘာလဲ။
မြန်မာပြည် ကို အများသူငါ နိုင်ငံတွေ လို တိုးတက်စေချင်လို့။
မြန်မာပြည်သူ လူထု ကို ဆင်းရဲတွင်း နက် ထဲကနေကယ်ထုတ် ပေးချင်လို့။
မြန်မာပြည် က အာဏာရှင် စနစ် ပျက်သုန်းသွား စေချင်လို့။
မြန်မာပြည်မှာ လူသားချင်းစာနာထောက်ထား တဲ့ စိတ်ထားတွေ ပွါးများ လာစေချင်လို့။
မြန်မာပြည်မှာ အများကို မထိခိုက်ရင် လွတ်လပ်စွာ ပြောဆို၊နေထိုင်၊ လုပ်ကိုင်၊ ကိုးကွယ် စေနိုင်ဖို့။
အဲဒါတွေပါ။

အဲဒါတွေ အတွက် ကျွန်မတို့ လူပေါင်းစုံ ဟာ နည်းမျိုးစုံ၊ ဘက်ပေါင်းစုံ က တိုက်ပွဲ ဝင်နေကြတာပါ။
ဒီလို တိုက်ပွဲဝင်ရာမှာ ကျွန်မတို့ ကိုယ်လုပ်ချင်သလို ထင်ရာစိုင်း လုပ်နေတာထက် ခေါင်းဆောင်ကောင်း တစ်ယောက် ထားပြီး သူသွားရာ လိုက်မှ အားလုံး တညီတညွတ် ထဲ လိုရာရောက်မှာပါ။
ခေါင်းဆောင်ကောင်းဆိုတာကလဲ လုပ်တိုင်းမှန်တဲ့၊ ပြောတိုင်း ဖြစ်စေတဲ့ စေတလုံးပိုင်ရှင် မဟုတ်ပါဘူး။
သူ့မှာလဲ အမှားတွေ ရှိနိုင်မှာပါ။

ဒါပေမဲ့ …
ခေါင်းဆောင်ကောင်း ဆိုတာ
မှားရင် ချက်ချင်းပြင်ဖို့ ဝန်မလေးသူ
တာဝန်ခံ တာဝန်ယူရဲ တဲ့ သူ
အများအကျိုး ကို ရှေ့တန်းထားတဲ့သူ
ကိုယ်ကျိုးစွန့်ထားသူ
ပညာ နဲ့ စဉ်းစားဉာဏ် ရင့်သန်သူ
အများစကား အမြဲ အသေအချာ အလေးထား နားထောင်တတ်သူ
ဆင်ခြင် ချင့်ချိန်အားကောင်းသူ
အများလေးစားသူ
မာန်မာန မရှိသူ
အညိုးအတေးမထား ခွင့်လွှတ်တတ်သူ

ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူလူထု ခေါင်းဆောင် လို့ သတ်မှတ်ခဲ့တာ အလကား မဟုတ်ပါဘူး။
အဲဒီ အချက်တွေ နဲ့ ပြည့်စုံနေလို့ ပါဘဲ။
တစ်ခြား ဘယ်သူနဲ့များ ဒီလို စွန့်လွှတ် အနစ်နာခံ ထားတဲ့ သူရဲ့ နေရာမှာ အစားထိုးလို့ ရမယ်ထင်ပါသလဲ။

ကျွန်မ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေး ပံ့ပိုး ကူညီ ကာကွယ်ချင်တာ ဟာ …..
သူက ပညာတတ် အောက်စ်ဖို့ဒ်ကျောင်းဆင်း မို့ မဟုတ်ဘူး။
သူက ကျွန်မ ကိုးကွယ်တဲ့ (ဦး)အောင်ဆန်း ရဲ့ သမီးမို့ မဟုတ်ဘူး။
သူက အင်မတန်ကျက်သရေရှိ တဲ့ ရုပ်ရည်ပိုင်ရှင်မို့ မဟုတ်ဘူး။
သူက တကမာ္ဘလုံးက လေးစားတဲ့ နိုဗယ်ဆု ပိုင်ရှင် မို့ မဟုတ်ဘူး။

ကျွန်မတို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေး ပံ့ပိုး ကူညီ ကာကွယ်ချင်တဲ့ အကြောင်း ဟာ ….
ကျွန်မ တို့ ရဲ့ ရည်ရွယ်ချက်၊ ကျွန်မ တို့ ရဲ့ ပန်းတိုင် ကို ရောက်ဖို့ အကျိုး အတွက်ပါ။
သူ့ရဲ့ ရင်ထဲက လာတဲ့ စိတ်စေတနာ အပြည့်နဲ့ ကျွန်မတို့ နိုင်ငံ နဲ့ ပြည်သူလူထုကို စွမ်းဆောင်ကူညီ ပေးနိုင်သူ လို့ ကျွန်မ အကြွင်းမဲ့ ယုံကြည် လို့ပါ။

တကယ်တော့ ကျွန်မက အပြင်ကနေ လေ နဲ့ အော်နေဖို့ဘဲ တတ်စွမ်းတာပါ။
ပြည်တွင်းမှာ ဒေါ်အောင်ဆန်းကြည် နဲ့ လက်တွေ့ ပူးပေါင်း ပြီး လုပ်ပေးနိုင်မဲ့သူတွေ အများကြီးလိုပါတယ်။
အဲဒီထဲ မှာ လက်ရှိ အာဏာ ပါဝါ ရှိသူတွေ ရဲ့ အကူအညီ အထောက်အပံ့ လဲ အများကြီး လိုပါတယ်။
တကယ်တော့ လက်ရှိအာဏာရှိ သူတွေ ထဲမှာ ရော၊ အတိုက်အခံ များမှာပါ ကိုယ့်တစ်ဘို့ ထဲ ကြည့်တတ်သူများ ရှိသလို အများအကျိုးအတွက် ကြည့်တတ် သူများ လဲ ရှိပါတယ်။
ကိုယ့်တိုင်းပြည်အနာဂါတ် နဲ့ သမိုင်းကောင်းဖို့အတွက်၊ မြန်မာ မျိုးဆက်သစ် ကလေး တွေ အတွက်၊ လက်ရှိ ဆင်းရဲတွင်းနက် နေရတဲ့၊ လူတန်းစေ့ မနေနိုင်တဲ့ ပြည်သူအများစု အတွက် ကူညီ ပေးကြပါ။
သူတို့အတွက်  ဒေါ်အောင်ဆန်းကြည် ကို ချစ်သည်ဖြစ်စေ၊ မုန်းသည် ဖြစ်စေ ဝိုင်းဝန်းပြီး အင်အားထောက်ပံ့ ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။
အဲဒီလို ကူညီတာ ဒေါ်အောင်ဆန်းကြည် အတွက် မဟုတ်ပါဘူး။
အမှန်တကယ် အကူအညီ လိုနေတဲ့ ကျွန်မ တို့ မှီတင်း နေထိုင်တဲ့ နိုင်ငံ အတွက်ပါ။ ကျွန်မတို့ သွေးချင်း မြန်မာပြည်သူ လူထု အတွက်ပါ။

ကိုယ့်လိုဘဲ တစ်ခြား နယ်ဖျားကျေးရွာ က သူတွေလဲ အဆင့်မှီမှီ လူတန်းစေ့ နေချင်မှာဘဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ထားကြည့်ပေးပါ။

အချုပ်ပြော ရရင်ဖြင့် …..
ကျွန်မတို့ ခေါင်းဆောင်တစ်ယောက်နောက် ကို ယုံပြီး လိုက်နေကြတာဟာ လူ ပုဂ္ဂိုလ် စွဲ ပြီး နောက်က ဖြစ်ချင်တာဖြစ် လိုက်မဟဲ့ ဆိုပြီး မျက်စိမှိတ်လိုက် ဖို့ မဟုတ်ပါ။
ကျွန်မတို့ ချစ်တဲ့ ခေါင်းဆောင် က …..
လမ်းမှားခဲ့ရင်တောင်  အမှန် ကို ကြားနာ ပြန်ပြင် နိုင်တဲ့ စိတ်ဓာတ်ရှိ ပြီး
အဲဒီ စိတ်ဓာတ် နဲ့ ရည်ရွယ်ချက်၊ ပန်းတိုင် ရောက်ဖို့ သူရဲ့ လုပ်ပေးနိုင်စွမ်း ကို ယုံလို့ပါ။
ပုဂ္ဂိုလ်ခင်လို့ တရားမင် တာ မဟုတ်ဘဲ။
မှန်တဲ့တရား ကြောင့် ပုဂ္ဂိလ် ကို ခင်ရခြင်းပါ။

ဒါပေမဲ့  ကျွန်မတို့ ဘက်က လဲ ခေါင်းဆောင် ဆီမှာချည်း တာဝန်ပုံ မထား ဘဲ ကိုယ်နိုင်ရာ ကို အားလုံး မျှပြီး တာဝန် ယူနိုင်ဖြင့် ကျွန်မတို့ အားလုံး ရဲ့ တူညီ တဲ့ ရည်ရွယ်ချက်၊ ပန်းတိုင် ကို မကြာခင် ရောက်မှာ လို့ ယုံကြည်တာပါဘဲ။

သွားနေတဲ့ လမ်း မှန်လား၊ မှားလား ဘယ်သူကမှ အနာဂါတ်ကို ကြိုမပြောနိုင်ပါဘူး။
ကျွန်မတို့ ညီညွတ် နေမှ မှားလဲ သူ့ကြောင့် ကိုယ့်ကြောင့် လက်ညိုးထိုးပြီး အချိန်ကုန် ခံ မနေဘဲ အမှန်ကို ချက်ချင်းပြင်နိုင်မှာပါ။
ကျွန်မတို့ ညီညွတ် နေမှ အဆင်းဘီးတွန်း ပြီး ပန်းတိုင်ပျောက်အောင် လုပ် နေသူတွေ မနှောက်ယှက်နိုင်မှာပါ။
ကျွန်မတို့ အားလုံး ညီညွတ်ကြရအောင်လား။

36 comments

  • padonmar

    March 17, 2013 at 10:17 pm

    စာနောက်မှဖတ်မယ်။
    ရှားရှားပါးပါး အရီးလတ်ပြန်ပေါ်လာလို့ ရှေ့ဆုံးကနေရာဦးတာ။

  • weiwei

    March 17, 2013 at 10:23 pm

    ဟုတ်ကဲ့ပါ ..
    သေချာဖတ်ပြီး ဒုတိယနေရာဦးသွားပါတယ် …

  • uncle gyi

    March 17, 2013 at 10:28 pm

    ထောက်ခံပါတယ် ထောက်ခံပါတယ် ထောက်ခံပါတယ်
    အဲဒါပဲအရီးရဲ့
    ခေါင်ဆောင်ဆိုတာအရာရာကြိုတွေးကြိုမြင်ဖို့လိုတယ်
    ကိုယ့်ကိုလုပ်ထားတဲ့သူတွေဆိုပြီးအခုတခါအပီနှိပ်လိုက်ဖို့အခွင့်ကောင်းပဲ
    အခုလုပ်လိုက်ရင်တိုင်းပြည်ရှေ့ရေးဘာဖြစ်သွားမလဲ
    သူမြင်သလိုမမြင်နိုင်သူတွေ
    ဝိုင်းအော်နေကြတာကြာတော့စိတ်တောင်ပျက်မိတယ်ဗျာ

  • padonmar

    March 17, 2013 at 10:34 pm

    သေချာတယ်၊သူ ဘယ်တော့မှ တိုင်းပြည်ကို ရောင်းမစားဘူး၊
    သေချာတယ်၊သူဘယ်တော့မှ ပြည်သူကို ချောက်ထဲတွန်းမချဘူး။
    သေချာတယ်၊သူဘယ်တော့မှ တာဝန်ကို ခေါင်းမရှောင်ဘူး။
    သေချာတယ်၊သူဘယ်တော့မှ ဆူဆူပူပူလုပ်တဲ့သူတွေ မချောင်ဘူးမှတ်လို့ မခြိမ်းခြောက်ဘူး။

    သူ့ကို ယုံကြည်တဲ့ ဒို့တွေ

    သူ့လိုပဲ စည်းကမ်းရှိမယ်။
    သူ့လိုပဲ စာနာမယ်။
    သူ့လိုပဲ တာဝန်သိမယ်။
    သူ့လိုပဲ အနစ်နာခံမယ်။
    သူ့လိုပဲ ဇွဲရှိမယ်။
    သူ့လိုပဲ ရဲရင့်မယ်။

  • nozomi

    March 17, 2013 at 10:36 pm

    ထောက်ခံပါတယ်
    သူ ့ ကို ဒီရက်ထဲ ပိုချစ် ပိုလေးစား မိလာတယ်

  • ခင်ခ

    March 17, 2013 at 10:53 pm

    မြန်မာပြည်မှာ ခင်ခ လေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင် သုံဦး ဘဲ ရှိတယ်
    အလောင်းမင်းတရားကြီး ဦအောင်ဇေယျ
    ဗိုလ်ချုပ်အောင်ဆန်း
    ဒေါ်အောင်ဆန်းစုကြည်တို့ဘဲဗျ
    သူတို့ရဲ့စွမ်းရည်နဲ့ စိတ်ဓာတ်ကို ကြိုက်လို့ပါ
    ပိုစ့်ပိုင်ရှင်ရဲ့အရေးကို ထောက်ခံတယ်ဗျို့။

    • nozomi

      March 17, 2013 at 11:28 pm

      ကျွန်တော်တို ့ သူကြီးကိုရော ဘယ်လို သဘော ထားလဲ ခင်ဗျ

  • koaung

    March 17, 2013 at 11:48 pm

    အပြောမဟုတ် အလုဎ်နဲ့သက်သေပြ ခဲ့လို့ မြင်မိသူ တိုင်းကြားသိသူတိုင်း လေးစားကြတာပါ ကိုယ်ကျိုးစွန့်အနစ်နာခံတယ်ဆိုတာ ပြောတာလွယ်ပေမဲ့ လုဎ်ဆောင်ရခက်တဲ့အရာမျိုးပါ သူမကိုမယုံကြည်မလေးစားရင်တောင်မှ မစော်ကားသင့်
    ပါဘူး

  • ဦးဦးပါလေရာ

    March 18, 2013 at 12:10 am

    မမေ့ပါနဲ့ …
    ကျုပ်တို့နိုင်ငံရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ
    ကိုယ့်အကျိုး ကိုယ့်အဖွဲ့အစည်းအကျိုးအတွက် ပြည်သူ့အကျိုးစီးပွားကို ချနင်းစတေးသွားကြတဲ့ ခေါင်းဆောင်တွေကိုသာ အများစုတွေ့ရတယ်…။
    အဓိပ္ပါယ်က- ဒီမြေက ဒါမျိုးပဲထွက်တာများတယ် ဆိုတဲ့သဘောပဲ…

    အခု ရှားရှားပါးပါး…
    ပြည်သူ့အကျိုးစီးပွားအတွက်သာ တစိုက်မတ်မတ်ဦးတည်ပြီး
    ပြည်သူ့အကျိုးစီးပွားအတွက် ကိုယ့်အကျိုးကို မျက်တောင်မခတ်ပဲ စတေးခံနိုင်တဲ့ ခေါင်းဆောင်မျိုး
    ကျုပ်တို့မှာရှိနေပြီ….

    ဒီအခွင့်အရေးကိုလက်လွတ်မခံကြပါနဲ့…။
    သူမကို ဝန်းရံကြ….

    သူ့သားသမီးတွေကိုပစ်ထားပြီး
    ကျုပ်တို့သားသမီးတွေရဲ့အနာဂတ်အတွက်
    အရာရာကိုစွန့်လွှတ် အရာရာကို ရင်ဆိုင်နေခဲ့တာကိုမမေ့နဲ့…။
    သူမကို ဝန်းရံကြ….

    ရှေ့လမ်းခရီးမှာ ဆူးညှောင့်ခလုတ်တွေအပြည့်
    ပရိယာယ်ထောင်ချောက်တွေအပြည့်ရှိသေးတယ်
    ကျုပ်တို့လိုအပ်တုန်းက သူမ တစ်ချက်နောက်မတွန့်ခဲ့ဘူး…
    တစ်နေ့ ကျုပ်တို့ကို သူမလိုအပ်လာရင် မတွေဝေနဲ့…။
    သူမကို ဝန်းရံကြ….။

  • kai

    March 18, 2013 at 1:55 am

    သိပ်ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး..
    ဒေါ်အောင်ဆန်းစုကြည်ကို.. ဆဲ.. အပြစ်ပြော..
    ကိုယ့်ကိုယ်ကိုယ်.. ငါက..ဒေါ်စုကိုဝေဖန်နိုင်တာ(သူ)မို့.. အများအမြင်မှာ.. တန်းတူသလိုလိုဖြစ်လာသပေါ့..။
    နာမယ်ကြီးလာသလိုလို..
    မန်းဂဇက်ကလည်း.. ခါတော်မှီ.. ဒေါ်စုကို..”လေကြောင်းတိုက်ခိုက်မှုလုပ်” ကြကြည့်ပါလား..။
    မန်းဂဇက်နာမည်ကြီးဦးမှာ.. ကြီးမှာသေချာသပေါ့..။

    ဒါက.. နိုင်ငံရေးသမားတွေအတွက်.. ကမ္ဘာသိ.. တက်တစ်ခ်တခုပဲ..။
    အဲလိုပဲမြင်ပါကြောင်း…။ :kwi:

  • အရီးခင်လတ်

    March 18, 2013 at 4:30 am

    မှတ်ချက် ချီးမြှင့်ပေးကြသော
    အစ်မပဒုမ္မာ (နှစ်ထပ်ကွမ်း)
    ဝေဝေ
    uncle gyi
    ကိုနို
    ကိုခင်ခ
    ကိုအောင်
    ဆေးလိပ်မကြာခဏ ထွက်ထွက်ဖွာ နေသော ငှက်ကထကြီး
    သူကြီးမင်း
    တို့ နှင့် တစ်ကွ ဝင်ရောက် ဖတ်ရှုအားပေးသွားသူများ အားလုံး ကို ကျေးဇူး အထူးပင်တင်ရှိပါကြောင်း။

    ဘီဘီစီ သတင်းထဲ မှာ ရေးထားတာလေး သဘောကျမိတယ်။
    ဒေါ်အောင်ဆန်းစုကြည် ဟာ အရင်ကလို လူတွေ နဲ့ ဓာတ်ပုံတွဲရိုက် ခံနေရုံ အလှပြ အရုပ်ကလေး မဟုတ်တော့ဘူး တဲ့။
    မတည်ငြိမ်သေးတဲ့ မြန်မာ့နိုင်ငံရေး နယ်ပယ်သစ်မှာ အစွမ်းရှိရှိ ကစားနေတဲ့ လူသားတစ်ယောက် ဖြစ်လာပြီ တဲ့။
    {{{ In truth, she is no longer an icon, but a player – a powerful, beguiling and very human one – on Burma’s new and unsteady political stage.}}}
    http://www.bbc.co.uk/news/magazine-21802811

    တကယ်တော့ သူဟာ ဒါမျိုး အခက်အခဲတွေ ကို ရင်ဆိုင်ဖြေရှင်းပေးဖို့ အတွက် စောင့်နေခဲ့ရတာ ကြာခဲ့ပေါ့။
    သူ လုပ်ချင်ခဲ့တာ ဒါဘဲမို့ ဒီလို ဆန့်ကျင်မှုတွေ အပေါ် သူစိတ်ပျက်မှာ မဟုတ်ပါဘူး။
    ဒါကဘဲ သူ့ကို အင်အားပိုပြီး ဖြည့်ပေးသွားမှာပါဘဲ။
    သူ့ကို အသုံးမချရဘဲ ကုန်ခဲ့တဲ့အချိန်တွေ အင်မတန်နှမြောစရာပါဘဲ။
    ထပ်ပြီး အလဟသမဖြစ်ဖို့အတွက် တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့ လူတိုင်းမှာ တာဝန်ရှိပါတယ်။

  • Wai Aung

    March 18, 2013 at 5:35 am

    လုပ်ပုံလုပ်နည်း ဘယ်လိုပဲ ကွဲပြားပါစေ ရည်ရွယ်ချက်ပန်းတိုင်ဟာ အားလုံးအတူတူမို့ တယောက်ပေါ်တယောက် အပြစ်တင်နေမယ့်အစား ကိုယ့်နီးစပ်ရာကစလို့ တပြည်လုံးလိုရာပန်းတိုင်ရောက်အောင် အုတ်တချပ် သဲတပွင့် ပါဝင်ဆောင်ရွက်ကြရအောင်စို့လားဗျာ

  • ဦးကြောင်ကြီး

    March 18, 2013 at 6:29 am

    အဲ့လိုဆိုဒေါ့ ဘာမှ မဝေဖန်ရတော့ဘူးလား…။ ဆရာတင်မိုး ငယ်စဉ်ကထင်တယ် အချင်းချင်း စကားအချေအတင် ပြောရင်းနဲ့ တဖက်က ဆင်သွားရင် လမ်းဖြစ်တယ်ပြောတော့ သူက မင်းဆင်က အကန်းကြီးလို့ ပြန်ပက်တယ်တဲ့။
    ပြောရင်း ရယ်ချင်ပက်ကျိ ဖြစ်လာတယ်။ ဒေါ်စု အာဏာယူမည့် နိုင်ငံရေးခေါင်းဆောင် ဖြစ်နေပြီဗျာ။ သူ့လမ်းသူထွင်နေပြီ၊ အရေးတော်ပုံတခုရဲ့ လမ်းဆုံလမ်းခွဲ ရောက်နေတယ် ပြောရင် မမှားဘူး။ အရင်ထဲက အထူးသဖြင့် ၂၀၁ဝနောက်ပိုင်း ဘွားဒေါ်ဂျီး လုပ်ဆောင်ချက်တွေကြည့်ပြီး ဘဝင်မကျမှုတွေကနေ ဝေဖန်မှု ပွင့်အန်ထွက်ကုန်တာ။ သတင်းအချက်အလက်အားလုံးကို တယောက်ထဲ ချုပ်ကိုင်ထားတာ အာဏာကို ချုပ်ကိုင်ထားသလိုပဲ အန္တရာယ်ကြီးတယ်။ အခြင်းခြင်းကြားမှာ မယုံသင်္ကာမှု တိုးပွားစေတယ်။ ဝမ်ပေါင်အရေးမှာ သူ့ဖက်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးသူ နည်းတာကြည့်ရင် အနေအထား ခန့်မှန်းနိုင်တယ်။ ရေငုံနှုတ်ပိတ်နေသူတွေ မရှားဘူး။ နို့မို့ရင် အမေစု အမေစုနဲ့ (အခုရွာထဲမှာ ခြစ်ပြနေသလို) ပွက်ပွက်ညံနေမှာပေါ့။ လေနဲ့ကန့်ကွက်နေတယ်ပြောရင် ပြည်တွင်းပြည်ပမှာ တကယ်လှုပ်ရှားနေသူများ တုံ့ပြန်ချက်ကို ကြည့်ပါအုံး။ ဘာပြောနေကြသလဲဆိုတာ။ ပမွှားတွေပါသလို ဟဲဗီးဝိတ်တွေ အများဂျီးမှ အများဂျီး။ ဒေါ်စုကို ကာကွယ်သူတွေက တသက်လုံး အမှန်လုပ် နေလာခဲ့တော့ အခြင်းခြင်း စကာများတဲ့အခါ ကိုယ်ပဲအမှန် လုပ်ချင်နေတယ်။ အဲဒီခေတ်ကုန်ပြီ။ (ကုန်တော့မယ်) ကိုယ်သန်ရာသန်ရာ မူတွေနဲ့ စခန်းသွားတော့မှာ။ ဒေါ်စုရော ဘာထူးလဲ.. စိတ်ကြိုက်မူ သူချနေတာပဲ မဟုတ်လား။ ကိုယ့်မျက်ချေး ကိုယ်မြင်ဗျာ.. အချင်းချင်း ဆရာမလုပ်ရင် ကွဲတဲ့အခါ ရန်သူချထက် ပိုနာတတ်တယ်။ အဲလိုမဖြစ်အောင် အထိမခံ ရွှေပန်းကန်စိတ်တွေ လျှော့မှရမယ်။ အဝေဖန် မခံနိုင်ရင် နိုင်ငံရေး မလုပ်နဲ့။ စင်ကြယ်အောင် မနေနိုင်ရင် သာသနာ့အရေ မခြုံနဲ့။ ရာရှင်မစားချင်ရင် စစ်ထဲမဝင်နဲ့…. အိုခေ…
    မှတ်ချက်။ တဦးတယောက် သီးသန့်မရည်ရွယ်ပါ၊ ယေဘူယျခြုံငုံ ပြောခြင်းဖြစ်၏။

  • ဦးဖွတ်ကျား

    March 18, 2013 at 8:16 am

    ပြောသင့်တာပြောပြီး လုပ်သင့်တာလုပ်ခဲ့သူ လို့ပဲ မြင်ပါတယ်…။
    ချစ်တာ မုန်းတာ အချစ်ခံရမှာ အမုန်းခံရမှာ စတဲ့ အရောင်တွေ မစွန်းထင်းတဲ့
    ဖြစ်သင့်တာ လုပ်သင့်တာကို ချပြသွားတယ် ဆိုတာလည်း ယုံကြည်ပါတယ်။
    ခုချိန်မှာ အဖြစ်သင့်ဆုံးက ရလာဒ်ကို လက်ခံဖို့ ..တကယ်တမ်း
    လမ်းညွှန်ချက်အတိုင် းလုပ်ဆောင်ဖို့ ကို စောင့်ကြည့်လေ့လာ ထောက်ခံဖို့
    ကလွဲရင် တခြားမရှိဘူး လို့ မြင်ပါရဲ့…။

    အနီဂိုဏ်းကို ခုထိလက်ဝင်လျှိုဖို့ ကြပ်ပေးနေကြတုန်း…။
    ချဉ်ဇယာ
    👿

  • KZ

    March 18, 2013 at 8:34 am

    အရီး ရေ။
    ကျွန်တော်ကတော့ ရှင်းရှင်းပဲ။
    ချစ်တယ်၊ ထောက်ခံတယ်။
    ဝေဖန်တယ် ဆိုရအောင် သူ့ ကို ဝေဖန်ချင်တဲ့ လူက သူ့လောက် ပြည့်စုံတဲ့ ခေါင်းဆောင်လက်အောက် နေဘူးသလားလို့ပဲ မေးချင်တယ်။
    သူ့ကို မထောက်ခံရင် တခြားဘယ်သူရှိသေးတုန်းပဲ မေးချင်တယ်။
    ဟီး။ :mrgreen:
    အရီး ပို့(စ) အောက်တော့ ဒေါသသံ မပါတော့ပါဘူးနော့။
    ကို မြစ်ကျိုးအင်း ရေးထားတာလေး ပေးခဲ့ပြီ အရီး ရေ။
    __________________________

    ကိုယ့်ကျန်းမာရေးပဲ အထူးဂရုစိုက်ပါတော့အမေ…

    အလုပ်တွေ မနားတမ်းလုပ်လွန်းလို့ အိမ်သာထဲထိ ဆွဲခေါ်ပြီး ဘီစကစ်မုန့် အတင်းကျွေးရတာမျိုးလည်း အဖြစ်မခံပါနဲ့တော့…

    နှစ်ပေါင်းများစွာ စိတ်ထောင်းကိုယ်ကျေ ဖြစ်ခံခဲ့ရတာတွေကိုလည်း သတိရပြီး နာတတ်ပါအမေ…

    မိသားစု တကွဲတပြားနဲ့ လူတယောက်ရဲ့ ဘဝအရသာကို မခံစားခဲ့ရတာကိုလည်း နာတတ်ပါအမေ..

    စစ်ဖိနပ်တွေနဲ့ စုတ်ပြတ်သတ်အောင် တက်နင်းထားတဲ့ နိင်ငံကိုလည်း အပင်ပန်းခံပြီး အရောင်တင်…မနေပါနဲ့တော့ အမေ…

    ချိန်ထားတဲ့ သေနတ်တွေကို ဆွဲဖယ်ပြီး လက်ဆွဲနှုတ်ဆက်ချင်စိတ်ကိုလည်း လျှော့ပါတော့…

    သေချာတာက…
    အမေသေသွားရင်တော့ သူတို့တတွေ ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းဆွတ်တမ်းတသလို အော်ဟစ်မြည်တမ်းပြီး နှစ်တိုင်း သတိရခြင်းတွေ လုပ်ကြလိမ့်မယ်။

    ဒါပေမယ့်…
    အမေ အသက်ရှင်နေချိန်မှာတော့ အမေ လုပ်ခဲ့သမျှ အနစ်နာခံခဲ့သမျှတွေဟာ တောင် တလုံးလောက်တော့ တန်ဖိုးမရှိဘူးလို့ သူတို့ သတ်မှတ်လိုက်ကြပြီ…

    အမေ့စေတနာကိုစော်ကားနေတဲ့ ဆန္ဒပြပွဲ ရှိတဲ့ အရပ်ကနေပြန်ခဲ့တော့…

    မထိုက်တန်ဘူး အမေ…

    Credit to : Myit Kyoe Inn
    ________________________________________________

    တခါ တခါ သူ့ ကို အေးအေး နေစေချင်ပြီ။
    သူက လွဲ ဘယ်သူမှ ကယ်နိုင်သူမရှိလို့သာ။

    စိတ်အေးအေးထား ပါ အရီးရယ်။ ၂၀၁၅ ပိုဆိုးမှာ။ :mrgreen:

    ဒီမိုကရေစီ ဆိုတာကြီး ကို အွန်လိုင်း အော်ဒါမှာသလို အမြန်ကြီးရချင်တဲ့ သူတွေကြားမှာ ……. ။

    :eee:

    • ဦးကြောင်ကြီး

      March 18, 2013 at 9:00 am

      ကေဇီ လူမိုက် .. ဒါမျိုးမှ ကြိုက်တာ၊ သူများတော့ အမုန်းခံ မပြောဘူး.. ကေဇီခြစ်လေးကိုတော့ ဦးကြောင် ပိုင်လို့..ဆောတီး.. ဆိုင်လို့ပေါမယ်။ အရင်က ဘွားဒေါ်ကို မပြောဘူး လက်ရှောင်နေတာ လိုအပ်လို့၊ သူနေရာ ဆက်ခံမည့်သူ ရှာမရလို့..။ အခု၈၈အဖွဲ့ ရှိနေပြီ။ အကြွင်းမဲ့အာဏာသည် လူကို အကြွင်းမဲ့ ပျက်ဆီးစေတယ်။ သမိုင်းမှာ အာဏာရှင် အတော်များများသည် ကောင်းတာ မှန်တာ လုပ်ရင်း ဖောက်ပြန်တာ၊ တလွဲဖြစ်ကုန်တာ။ သူတို့လက်ထက် မဖြစ်လည်း နောက်တယောက်လက်ထဲကြတော့ ဖြစ်ရော။ မဖြစ်လည်း သူမရှိတော့ ပျက်ရော။ အဲလို တိုင်းပျီဂျီးကို ဖြစ်ချင်တာလား။ ဘွားဒေါ်ဂျီးလည်း စေတနာနဲ့လုပ်ရင်း ဖြစ်မလာတဲ့အခါ စွတ်တင်ရတော့တယ်။ မူဝါဒပိုင်း ပေါ်လစီပိုင်းမှာ ဒီသဘောပဲရှိတယ်။ အစိုးရတရပ် ဖြစ်တဲ့အခါ ပိုဆိုးတယ်။ ခုပြင် ခုပြောင်း လုပ်လို့မရဘူး။ အမှန်အမှား ရေတိုသိဖို့ခက်တယ်။ အချိန်တခု ကြာမှသိရတယ်။ တယောက်ထဲ အထိန်းကွပ် မဲ့တဲ့အခါ အခြေအနေ မဟန်မှန်း သိလာလဲ လမ်းလယ်ရောက်နေပြီ၊ နောက်ဆုတ်ဖို့ထက် စွတ်တိုးရတော့တယ်။ ဒါဖြစ်နေဂျ ထောင်ချောက်ပဲ။ ထိန်းကွပ်မည့်သူ မရှိရင် ဒေါ်စုမှမဟုတ် အိုဘားမားလည်း ဖြစ်မှာပဲ၊ မင်းကိုနိုင်လည်း ဖြစ်မှာပဲ။ အဲလိုမဖြစ်အောင် အစကထဲက ဝေဖန်စောကြောမှု ခံရတယ်၊ တိုင်ပင်ဆွေးနွေးရတယ်။ ဆုံးဖြတ်ပြီးမှ ဒါပဲလို့ အသိပေးတာ ကိုယ့်လက်အောက်ငယ်သား မဟုတ်ရင် စော်ကားတဲ့သဘော သက်ရောက်တတ်တယ်။ အခြေအနေ အချိန်အခါဆိုတာ အလကား မဟုတ်ဘူး။ ဒေါ်စုလုပ်ခဲ့တာ ကျေးဇူးမတင် မထိရောက်လို့ ဘယ်သူမှ မပြောဘူး၊ ကျေးဇူးတင် အသိအမှတ်ပြုရမယ် ဂုဏ်ယူပါတယ်။ ဒါနဲ့ပဲ ပြောသမျှလက်ခံ မျက်စိစုံမှိတ် သူ့နောက်လိုက်ရရောလား.. သခင်မျိုးဟေ့ ဒိုဘာမန်းကွ.. ဝုတ် ဝုတ်။

      • GZ

        March 18, 2013 at 9:10 am

        လူ့အခွင့်အရေးကြေငြာစာတမ်းတို့ …
        သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့
        ပေါ်လက်တစ်ကယ် ဆိုင်းယန့်စ် တို့
        ထုံးလိုခြေရေလိုနှောက်နေတဲ့
        မာဂရက် သွဲ့သွဲ့ဝင်းကိုပဲ
        လေဘာပါတီထောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ဝင်ခိုင်းလိုက်ပါတော့ဂျာ…
        သမဒဂျီး သွဲ့သွဲ့ဝင်း ..ဝမ်ဆွေ့ဝမ်ဆွေ့ ဝမ်ဝမ်ဆွေ့…

        အာဝူး.းးး.

        :byae:

        • ဦးကြောင်ကြီး

          March 18, 2013 at 9:20 am

          သဂျီးဖေးဘရိတ် ဒေါ်ခင်မမျိုး ရေးထားတာ မဖတ်ခင် ဒီကွန်းမန့်များ ရေးမိသလားလို့… ။ မောင်ဂီမှတ်ချက်နဲ့ တူလို့ ကော်ပီကက်လိုက်တယ်…။ ဥပဒေ နေရာမှာ မောင်ဂီပေါတဲ့ ဘာသာဒေဗတွေနဲ့ အစားထိုး မြင်ကြည့်ကွယ်။

          (၁) သွဲ့သွဲ့ဝင်းက ဥပဒေစကား ပြောရအောင် ဘယ်တက္ကသိုလ်က ဆင်းလာတာလဲ။ အောက်စဖိုဒ့်၊ ကင်းဘရစ် တက္ကသိုလ်က ဆင်းလာတာမို့လား။

          ဒီမှတ်ချက်ကို ဖတ်လိုက်မိချိန်မှာ ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံနိုင်ဘူး ဖြစ်သွားပါတယ်။ ရေးထားတဲ့ စာသွားစာလာအရ တက္ကသိုလ်ဘွဲ့ရ တယောက်က ရေးထားတာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဥပဒေစကားဆိုတာ တက္ကသိုလ်ကျောင်းထွက်မှ ပြောရတဲ့ စကားလို့ သူ့ကို ဘယ်တက္ကသိုလ်ကများ သင်ပေးလိုက်ပါလိမ့်လို့ သံသယဖြစ်မိပါတယ်။ လူတယောက်မှာ မွေးဖွားလာကတည်းက မွေးရာပါ လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ ဒီလိုလူ့အခွင့်အရေးတွေနဲ့ မွေးဖွားရှင်သန်လာတဲ့ တိုင်းပြည်မှာရှိတဲ့ အစိုးရက ဥပဒေများပြဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးထားပါတယ်။ ဒါကြောင့် တက္ကသိုလ် ကျောင်းထွက်မှ မဟုတ်ပါဘူး။ လူသားမှန်ရင် ဘယ်သူမဆို ဥပဒေစကား ပြောခွင့်ရှိပါတယ်။ ဥပဒေကို နားလည်အောင် လေ့လာရပါတယ်။ နားမလည်သူရှိရင်လဲ အခြားနိုင်ငံသားများက ရှင်းလင်း ပြောကြားပေးပါတယ်။ လူသားမဟုတ်တဲ့ တိရစာ္ဆန်တွေရဲ့ အခွင့်အရေးတွေကိုတောင် ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနေကြတဲ့ ခေတ်မှာ တက္ကသိုလ်ကျောင်းထွက်မှပဲ ဥပဒေစကားပြောခွင့် ရှိရမယ် တဲ့လားရှင်။ မှတ်ချက်ပေးသူက အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ်တွေကို အတော်လဲ အထင်ကြီးပုံရပါတယ်။ ဒါပေမယ့် ဒီမှတ်ချက်အကြောင်းကို အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ်က ဥပဒေပါမောက္ခတွေများ သိသွားရင်တော့၊ ဂုဏ်ယူဖို့နေနေသာသာ၊ ဘုရားသခင်လို့ ထရေရွတ်ကြမှာ မလွဲမသွေပါပဲ။ ဘာကြောင့်လဲဆိုတော့ အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ် အပါအဝင် နိုင်ငံတကာတက္ကသိုလ်များက ကျောင်းသားတွေကို ပညာတွေ၊ ဘွဲ့လက်မှတ်တွေကိုတင် ပေးတာ မဟုတ်ပါဘူး။ လူသားအချင်းချင်း တန်ဖိုးထားမှုတွေ၊ ခွဲခြားဆက်ဆံမှုမရှိပဲ တန်းတူရည်တူ ဆက်ဆံမှုတွေ၊ စာနာနားလည်မှုတွေကိုပါ ကျောင်းသားတွေရဲ့ ရင်ထဲမှာ ရှင်သန်လာစေတဲ့ ပတ်ဝန်းကျင်တွေကို ဖန်တီးပေးထားကြတာပါ။ ဥပဒေအဝေးသင်ဘွဲ့အတွက် ကင်းဘရစ်တက္ကသိုလ်က ဥပဒေရက်တို သင်တန်းတွေကို ကျွန်မ သွားတက်နေခဲ့တာ သုံးနှစ်ရှိပါပြီ။ ဥပဒေပညာကို လေ့လာဆည်းပူးဖြစ်ခဲ့တာလဲ လေးနှစ်နီးပါးရှိနေပါပြီ။ ဘယ်သင်ရိုးမှာမှ၊ ဘယ်သင်တန်းပို့ချမှုမှာမှ၊ ဘယ်စာအုပ်ထဲမှာမှ တက္ကသိုလ်ကျောင်းထွက်ကသာ ဥပဒေစကားပြောရမယ်၊ အခြေခံလူတန်းစားက ဥပဒေစကားပြောခွင့်မရှိဘူးလို့ မပြဌာန်းထားပါဘူး

      • KZ

        March 18, 2013 at 9:26 am

        အန်။
        အောင်ကြူး။
        သူ့ (စု) အတွေးအမြင်ကို အတွေးအခေါ်ကို ကျနော်တို့ တောက်လျှောက် မြင်လာ၊ သိလာပြီးပြီ။
        သူ့ စိတ်ရှည်၊ သည်းခံနိုင်တဲ့ စေတနာကိုလည်း သိလာရပြီးပြီမဟုတ်ဘူးလားဗျ။

        လက်ထဲ အာဏာရလို့ ဗလောင်းဗလဲ ဖြစ်မဲ့ထဲတော့ သူမပါဘူးဆိုတာ ခုထိ အကြွင်းမဲ့ ယုံကြည်ထားတယ်။

        ၈၈ ကိုတော့ နိုင်ငံရေးအရ ဘာလုပ်နိုင်မလဲ ကျနော် မမြင်နိုင်ဘူး။ ဉာဏ်မမှီဘူးပဲ ဆိုပါတော့။
        ခု သူတို့လုပ်နေတဲ့ လူမှုရေး၊ ပရဟိတ၊ ခံယူချက်တွေတော့ သဘောကျပါတယ်။ ထောက်ခံနိုင်ပါတယ်။
        ၂၀၁၅ လည်း တစ်ပါတီဖြစ်မယ်လို့ ကြားထားတော့ မသေချာသေးသရွေ့ ဘာမှမပြောလို။။ (သိပ်တော့ ဘဝင်မကျ)

        ကျနော်က ခပ်နိမ့်နိမ့်ပဲ တွေးတတ်တယ်၊။

        မျက်စိမှိတ် လိုက်မဲ့လူနဲ့
        မျက်စိ ဒေါက်ထောက် ပြောတဲ့ သူနဲ့
        ၂ မျိုး ရှိမယ်ဆိုရင်လည်း ကျနော်က တော့ မျက်စိမှိတ်လိုက်မဲ့ ထဲ ပဲ ပါမယ်။ :mrgreen:
        ဒါပဲ။ :mrgreen:
        ကျန်တာဘာမှမသိဘူး။

        အဲ။
        ကျနော့ ပထမ ကော်မန့်က ဦးကြောင် ကို ပြောတာမဟုတ်ဘူး၊။
        ဒီရက်ပိုင်း ဟိုပြောဒီပြော ပြောနေတဲ့သူတွေကို အချဉ်ပေါက်လို့ပြောတာ။ 🙂

        • ဦးကြောင်ကြီး

          March 18, 2013 at 10:23 am

          ကေဇီ ဦးကြောင်ကို အသဲနင့်အောင် ခြစ်တယ်ဆိုတာသိတယ်၊ အပြစ်မတင်ခဲ့ဘူးဆိုတာလည်း ယုံတယ်၊ ယုံလို့လည်း တဂိုလုံး ပုံအပ်ထားတာပဲဟာ။ မငြင်းနဲ့နော်.. ဒေါက်တာချပ်ကျီး စိတ်ဆိုးသွားမယ်။ (ဒေါက်တာချပ်ကျီး – ပန်းချီပါရဂူ) :harr:
          လီနင်၊ စတာလင်ကိုလည်း ဒီလိုပဲ ထင်ခဲ့ကြတယ်၊ မဟုတ်တရုတ်ခေါင်းဇောင် မော်စီတုံးဆို ပိုဆိုးသေး၊ သူ့အကြောင်းမသိရင် ဩဇီဦးဖောနဲ့ ကဝေအောင်ကိုမေးကြည့်။ အန်ကယ်ဂျီးနဲ့ အန်တီပဒုမ္မာတို့ကို မေးလည်းရတယ်။ :kwi: အီရန်မှာလည်း အစ္စလာမ်မစ် တော်လှန်ရေးဆိုပြီး ဘာသာရေးအာဏာရှင် ဖြစ်သွားတယ်။ နောက်ဆုံး ဗင်နီဇွဲလားမှာ.. ပြည်သူတော့ ချောင်လည်ပါရဲ့.. တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေပြီ၊ ရေနံထွက်လို့ ခံသာနေတာ။ ၈၈အဖွဲ့ အနေအထား ဒေါ်စုကို လိုက်မမှီသေးဘူး၊ သို့သော် အဲလိုမှ မလေ့ကျင့် မဦးဆောင်ရင် ဘယ်လိုလုပ် အတွေ့အကြုံရမလဲ။ ဆွေးနွေးပွဲ ကွန်ဖရင့် ကြေငြာချက်တွေနဲ့တင် မပြီးဘူး။ ဒေါ်စုတယောက်ထဲ လက်ဝါးဂျီးအုပ်ထားရင် ကိုယ့်မောင်နှမတွေ ငယ်လို့ စိတ်မချဆိုပြီး အရာရာ စီမံနေတဲ့ အကိုဂျီးနဲ့ သွားတူမှာပေါ့။ အဲလို မလုပ်ရဘူးလေ၊ တိုင်တိုင်ပင်ပင် ရှိရမယ်။ မတူလည်း လေးစားရမယ်။ ကိုယ့်ကိုယ်ကို သိပ်ယုံရင် လုပ်ပါ၊ လုပ်တော့ ဘာဖြစ်လဲ အခုတွေ့ပြီ မဟုတ်လား။
          အတွင်းစည်း ထဲထဲဝင်ဝင် မသိဘဲ မစွပ်စွဲချင်ဘူး သို့သော် ၈၈ခေါင်းဆောင်တွေကို အန်အယ်ဒီထဲ အပါမခေါ်နိုင်တာ မဟုတ်မှ လွဲရော ဟုတ်တာ မဖြစ်နို်င်ဘူး။ နိုင်ငံရေးဆိုတာ ပင်ကိုယ်အရည်အသွေးအပြင် ဆန်းလာဂ်ရှိ ရတယ်။ အန်အယ်လ်ဒီမှာ ခေါင်းဆောင်နေရာယူမည့် လူလတ်ပိုင်းထဲက မင်းကိုနိုင်ကို ယှဉ်နိုင်တာ ရွေးထုတ်ပြစမ်းပါ။ လုပ်ရည်ကိုင်ရည် တော်ကောင်းတော်မယ်၊ ပညာတတ်ကောင်းတတ်မယ်၊ ဒါပေမဲ့ လူသိမများဘူး။ အခုဟာက ဒေါ်စုကို ကာကွယ်ချင်လွန်းတော့ တရုတ်လိုလားသူတွေနဲ့ စစ်ကောင်တွေ အာဘော်နဲ့ ရောကုန်ပြီ။ အခင်းအကျင်းအသစ်ကတော့ စဖွင့်လိုက်ပြီဆိုတော့ ပွဲအရှိန် မြှင့်ချင်လား လျှော့ချင်လား၊ ဒေါ်စုဖက်က လူတွေအပေါ် မူတည်တယ်။ မိုးကတော့ တိတ်သွားပြီ၊ ခြောက်သွေ့ရာသီမို့ တောမီးဆိုတာ တားမရစကောင်းဘူး…။ ဒါ သဘာဝ… :mrgreen:

        • KZ

          March 18, 2013 at 10:47 am

          မဆိုင်တာတွေ၊ အချစ်ရေးတွေ မပြောပါနဲ့ ကြောင်ကြောင်။

          ခု စု ချစ်သူတွေလည်း သူမရှိတော့ရင်ဆိုတဲ့ အခြေအနေတွေကို ကြောက်တာပါပဲလေ။
          ဘာလို့ လက်ဆင့်မကမ်းဖြစ်သေးလည်း ဆိုတာ မမှီတဲ့ ကိစ္စမို့ပါ။

          ထားပါတော့။
          နောက်တက်လာနိုင်မဲ့ လူထဲ ကိုမင်းကိုနိုင် မဟုတ်ရင်
          ကျနော်တော့ ဦးကြောင်ကြီးကိုသာမြင်တာပဲ။ :mrgreen:

          ဦးကြောင်၊ လာ။
          ပြန်ကြစို့။
          :harr: :harr: :harr:

  • kyeemite

    March 18, 2013 at 8:52 am

    အရီးလတ် စာကိုထောက်ခံရင်း…ဖတ်ဖူးတာလေး ထပ်မျှပေးလိုက်ပါရစေ..
    ဘလော့ဂါ သက်တန့်ချိုရေးတင်ထားတာပါ
    မေးစရာရှိတာမေးဦးမယ်

    နေပါဦး
    အဲဒီအမျိုးသမီးက ကယ်တင်ရှင်မှမဟုတ်တာ
    အဲဒီအမျိုးသမီးက နတ်ဘုရားမှမဟုတ်တာ
    အဲဒီအမျိုးသမီးက လူ့အခွင့်အရေးနဲ့ ဥပဒေကို
    ဦးနှောက်အသိဉာဏ်ထဲ ဖြတ်သန်းစီးဆင်း
    မပျင်းမရိ အလုပ်လုပ်နေသူသာဖြစ်တယ်

    နေပါဦး
    အဲဒီအမျိုးသမီးကို ဆန္ဒပြရအောင် ဘာအတွက်လဲ
    အဲဒီအမျိုးသမီးကို သဘောမတူရအောင် ဘာအတွက်လဲ
    အဲဒီအမျိုးသမီးကို ကန့်ကွက်ရအောင်ဘာအတွက်လဲ
    သူကလွဲလို့ဘယ်သူရှိနေသေးတာလဲ
    သူကလွဲလို့ ဘယ်သူ့ကိုမျှော်လင့်နေသေးတာလဲ
    သေချာတာက တစ်ခုခုတော့မှားယွင်းခဲ့ကြပြီ

    နေပါဦး
    အဲဒီအမျိုးသမီးအစီရင်ခံစာက မှားနေတာလား
    အဲဒီအမျိုးသမီးရေးသားချက်တွေက လိုအပ်နေတာလား
    လတ်တလောအရေးထက် အနာဂါတ်ကိုမျှော်တွေးသူ
    သူ့ကောင်းကျိုးထက် နိုင်ငံကောင်းကျိုးကို ပုံဖော်သူ
    သိသိကြီးနဲ့ ဓါးခုတ်ရာ လက်ဝင်လျှိုတဲ့ အမျိုးသမီး
    ခင်ဗျားတို့ နည်းနည်းသိကြဖို့တော့ကောင်းတယ်

    ဘာတဲ့
    မြန်မာ့သမိုင်းတရားခံတဲ့လား
    သူ့ကို အလိုမရှိရင် ဘယ်သူ့ကိုအလိုရှိနေတာလဲ
    သမိုင်းဆိုတာ ကိုယ့်လုပ်ရပ်မှန်သည်မှားသည်ဆုံးဖြတ်တဲ့ပွဲ
    သူက ခပ်ရဲရဲပဲ မီးတောက်ထဲခုန်ဆင်းပြခဲ့
    တကယ့်အာဇာနည်

    ဒီအစီရင်ခံစာကမှန်တယ်
    နိုင်ငံတော်+ပြည်သူ+ အကျိုးစီးပွား
    ဘက်ပေါင်းစုံက ညီညွတ်မျှတ
    သူ့ခမျာ နေ့ည မအားရှာခဲ့
    ဒီအမျိုးသမီးအလုပ်အတော်လုပ်တယ်
    ဒီအမျိုးသမီး ဇရာကလည်းထောင်းတယ်
    ဒီအမျိုးသမီး မှာ ဘာလုံခြုံမှုမှမရှိဘူး

    တချိန်ကသူ့ကိုချစ်ပါတယ်ဆို
    တချိန်က သူ့ကိုထောက်ခံပါတယ်ဆို
    တချိန်က သူကအနာဂါတ်ပါဆို
    တချိန်က သူကအလင်းရောင်ပါဆို
    သွဲ့သွဲ့ဝင်းနဲ့ ဒေါ်စု
    ဘယ်သူမှားတယ်မှန်တယ် ငါမပြောလိုဘူး
    ပညာရှိသူတိုင်းသိတတ်ကြပါစေ

    ၂၀၁၅ က နီးလာပြီ
    အနာဂါတ်တွေက လင်းစပြုလာပြီ
    အမှိုုက်တွေကလည်းများတယ်
    အဖျက်တွေကလည်းများတယ်
    လှည့်ကွက်တွေကလည်းများတယ်
    အဲဒီအမျိုးသမီးဟာ တကယ့်ကို
    မိုက်လုံးကြီးလောက်အောင်နိုင်ငံကိုချစ်တယ်
    ရူးသွပ်လောက်အောင် သူ့ခံယူချက်ကိုချစ်တယ်

    သူ့ ဆန္ဒအာသီသကို မီးပုံရှို့ပြ
    သူ့မိသားစုဆိုတာ သူ့နိုင်ငံပဲ
    သူ့အနာဂါတ်ဆိုတာသူ့နိုင်ငံပဲ
    သူ့သက်တမ်းဟာ သူ့နိုင်ငံပဲ
    ဒါနဲ့များ
    ဒေါ်စုအလိုမရှိဖြစ်ရသတဲ့လား
    ကြားရတာ နားက ခါးသထက်ခါးလာတယ်
    ဒေါ်စုကို ဆန့်ကျင်ကြဖြစ်ရသတဲ့လား
    ခင်ဗျားတို့တော့ ပြန်လည်သုံးသပ်ကြဖို့သင့်ပြီ

    အဲဒီအမျိုးသမီး ညဖက်အိပ်ပျော်လို့လား
    အဲဒီအမျိုးသမီး မနက်နေ့ညစာ ပုံမှန်စားလို့လား
    အဲဒီအမျိုးသမီးဘာတွေခံစားနေရလဲ
    အဲဒီအမျိုးသမီး ဘာအတွက်အလုပ်လုပ်နေတာလဲ
    သေချာတာက သူ့မှာ သူ့ယုံကြည်ချက်ဟာ
    နေလိုလလို ထွန်းလင်း ခိုင်မာလို့
    သူ့စကားသံဟာ
    ပင်လယ်လိုမုန်တိုင်းလို အားအင်ပြည့်ဝလို့
    သူ့ ဆံဖြူဖြူတွေဟာ
    ဝါလို ဂွမ်းလို ဖွေးစင် နူးညံ့လို့
    သူ. . . အတော် မောနေခဲ့ရပြီ

    တဆိတ်လောက်
    သူရေးတဲ့စာကို ထပ်ခါထပ်ခါဖတ်ပါ
    သူပြတဲ့ အကွက်တွေ မြင်အောင်မြင်အောင်ကြည့်ပါ
    သူပြောတဲ့စကားတွေ ထပ်ခါထပ်ခါနားထောင်ပါ
    ဘယ်သူမှန်လဲ ဘယ်သူမှားလဲ သမိုင်းကဆုံးဖြတ်မယ်
    သေချာတာက..
    မှန်ကန်ဖြောင့်မတ်တဲ့ သူ့လိုလူ
    ဒီမှာ မှီတဲ့သူမပေါ်သေးဘူးပဲ ။

    သက်တန့်ချို

  • ရွှေတိုက်စိုး

    March 18, 2013 at 8:58 am

    သူက ပညာတတ် အောက်စ်ဖို့ဒ်ကျောင်းဆင်း မို့ မဟုတ်ဘူး။
    သူက ကျွန်မ ကိုးကွယ်တဲ့ (ဦး)အောင်ဆန်း ရဲ့ သမီးမို့ မဟုတ်ဘူး။
    သူက အင်မတန်ကျက်သရေရှိ တဲ့ ရုပ်ရည်ပိုင်ရှင်မို့ မဟုတ်ဘူး။
    သူက တကမာ္ဘလုံးက လေးစားတဲ့ နိုဗယ်ဆု ပိုင်ရှင် မို့ မဟုတ်ဘူး။

    ကျွန်တော် အဲဒါ ထောက်ခံတယ်…. ကျွန်တော် နိုင်ငံ ကျွန်တော် လူမျိုး ကျွန်တော် မိသားစု အတွက် သူ.ကို ယုံတယ်………. ဒါပါပဲ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 18, 2013 at 11:08 am

    ခင်ဗျားတို့ ဘယ်လိုဘဲ ဖင်ဂေါင်းကျယ်ကျယ်ဗျာ
    ကျုပ်ဂဒေါ့ ဇနပုဒ်မှာနေတော့ ဇနပုဒ်အာဘော်ဘဲသိဒယ်
    နောင်ဆိုရင် ဇနဘုတ်ဒီမိုကရေစီပါတီ ကိုတီထေါင်ဘို့ တစ်အိမ်ဆန်ဒဗျီလိုက်ကောက်နေဒယ်
    ဘယ်နွားမှကျွဲမထင်ဘူး 👿
    ဒီမိုကရေစီရရင်ကျုပ်တို့ချမ်းသာမယ်ဆို
    အောင်ဆန်းစုကြည့် ( ဒေါ်အောင်ဆန်းစုကြည် ) သံမဒဖြစ်ရင် ကျုပ်တို့ချမ်းသာမယ်ဆို
    ခု သူဂလူဂျီးဖြစ်နေဘီဆို
    သူရှင်းပေးရင် ဟိုသေဂျင်းဇိုးကာလနာမွေဘွေးကိုက်ဒေသိမ်းထားဒဲ့ ကျုပ်တို့အလယ်ဂွက်ဒေပြန်ရမယ်ဆို
    မှတ်ပုံတင်အလဂါးလုပ်ပေးမယ်ဆို
    ပေါ်တာခမပေးရဒေါ့ဘူးဆို
    ကင်းခမပေးရဒေါ့ဘူးဆို
    လုပ်အားပေးမသွားရဒေါ့ဘူးဆို
    ဓာတ်မီးတိုင်တွေထောင်ပေးမယ်ဆို
    ရပ်ကွက်လူဂျီးကိုပြန်ဆဲလို့ရဒယ်ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို
    ဆို

  • kai

    March 18, 2013 at 11:20 am

    ပြောရရင်.. မသွဲ့သွဲ့ဝင်းအပါအဝင်.. လုပ်နေ..လှုပ်နေသူတွေနောက်မှာ.. ယူအက်စ်ရှိ(လောက်)ပါတယ်..
    နယ်စပ်ခေါ်.. သင်တန်းပေးတာမျိုးတွေလည်းရှိတာပေါ့.. :kwi:

    ူယူအက်စ်အတွက်က.. ချိုင်းနားနဲ့.. မြန်မာပြည်ထဲ.. ဈေးကွက်လုရာမှာ.. လုပ်သင့်တာကို.. (ထုံးစံအတိုင်း)ငွေနဲ့ဖိ.. လူနဲ့ထိလုပ်ရမှာပဲ..။
    အင်အားချိန်ခွင်လျှာအတွက်.. သူ့အလုပ်သူလုပ်တာပါ..။

    ထပ်ပြောရရင်..
    မြန်မာပြည်အကျိုးစီးပွားအတွက်.. ကမ္ဘာ့ပထမအင်အားကြီး(ယူအက်စ်) ဆီယိမ်းတာမှာ.. ဒုတိယအင်အားကြီး(ချိုင်းနား) ကို.. ကန်ထုတ်ဖို့မလိုပါဘူး..
    ကိုယ့်တိုင်းပြည်အကျိုးစီးပွား.. ဦးတည်ကစားပေါ့…။
    ကစားတာမှာ. ပညာတော့ပါတယ်..။ ကြားမညပ်ဖို့လိုတယ်..။ ထိတာခိုက်တာ.. နည်းနိုင်သမျှနည်းအောင်လုပ်ဖို့လိုပါတယ်..။
    ချိုင်းနားဖက်မှာ.. ဗကပရှိနေ(ရ)ပြီး.. ဗကပဟာ.. ဒေါ်စုနဲ့(ခုတလော) သံစဉ်(ကီး) သိပ်မကိုက်ဖြစ်နေတာလေးလည်း ထည့်တွက်ပေါ့…။
    “ဒီချုပ်ကို ဝိုင်းရံကြ”ကို သူတို့ရုတ်သွားကတည်းက.. ဒေါ်စုလျှောက်နေတဲ့လမ်း.. သိပ်ကြိုက်နေကြပုံတော့ မရပါဘူး..

    ဘာပဲဖြစ်ဖြစ်..
    မကြာခင်.. မြန်မာပြည်မြောက်ပိုင်းဒေသ.. စစ်အေးငြိမ်းချမ်းလာမယ်ထင်ပါကြောင်း.. :kwi:

  • Ma Ei

    March 18, 2013 at 12:10 pm

    မလတ်ရေ…
    ကျမတော့ သူမကိုချစ်တယ်…
    သူမရဲ့ခွင့်လွတ်နိုင်စွမ်း၊ သည်းခံနိုင်စွမ်း တွေလေးစားတယ်…
    – ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး က
    “ Golden Gateကို ဖွင့်ပေးသူ အောင်ဆန်းသမီး ” လို့ ဆိုထားပါတယ်…

    နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ
    ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီး
    တစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊
    နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။
    မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး
    ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင်
    လက်ပန်တောင်းတောင်က ကိစ္စကိုလည်းအားလုံးက ဒီလိုပဲ
    “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ်
    ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။”
    ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

    အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊
    Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ
    တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့
    “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့
    အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့
    ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။ ”
    – ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး-

  • mobile

    March 18, 2013 at 2:13 pm

    ရွာထဲကို ခြေချလိုက်ပီး ဘယ်အိမ်ကို ဝင်ရကောင်းမလဲလို့ လိုက်ကြည့်လိုက်တယ်…..
    အရီး ရဲ့အိမ်လေးကို ကြည့်လိုက်ကတည်းက ဒီအကြောင်းအရာကို ဆိုလိုမယ်ဆိုတာ
    တန်းသိလိုက်ပါတယ်…. အဲ့ဒါကြောင့် အရင်ဆုံး ဝင်ဖတ်ပြီး ယခုလို ကွန်မန်းပေးခဲတယ်…..
    ဘာမှအထွေအထူး မပြောတတ်လို့ကာ ဘာမှမပွားလိုပါဘူး……………..

  • GaviaGirl

    March 18, 2013 at 2:29 pm

    အရမ်းကြီးတော့ ဉာဏ်မမီပါဘူး..
    ဒါပေမယ့် သူကလွဲရင် ဘယ်သူမှ မမြင်မိလို့ပါ…
    သမီးလည်း ဒီလောက်ပဲ ပြောတတ်ပါတယ် အရီးရေ.. 🙂
    အရီးရဲ့စာကို ထောက်ခံသွားပါတယ်ဆိုတဲ့အကြောင်းလေး…

  • အရီး လေး

    March 18, 2013 at 2:41 pm

    အရီးလတ်ရေ..
    ကျွန်မကတော့ အန်တီစုရဲ့ မျက်လုံးတွေ ကိုသိပ်ကြိုက်တာဘဲ
    သူ့ရဲ့မျက်ဝန်းထဲကနေပြီ ရဲရင့်မှု ပြတ်သားမှု တည်ငြိမ်မှု နွေးထွေးမှု လူသားခြင်းစာနာမှုတွေ တွေ့ရတယ်
    မိခင်ဖြစ်တာခြင်းတူတဲ့အတွက် သူ့သားများနဲ့အတူမနေခဲ့ရတဲ့
    သူ့ဘဝ ကို ကိုယ်ခြင်းစာမိတယ် သူ့ရဲ့ဆုံးရှုံး အနစ်နာခံမှုက
    လူတိုင်းမလုပ်နိုင်ပါ
    အရီးလတ်ရေးထားတာတွေကိုလည်း အပြည်အဝထောက်ခံပါတယ်

  • kyeemite

    March 18, 2013 at 4:11 pm

    “လက်ပံတောင်းတောင်ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင် ဦးဆောင်နေသော သံဃာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး” ဆိုတဲ့ခေါင်းစဉ်နဲ့
    ဆွေးနွေးချက်အသေးစိတ်ကို Messenger News Journal FB မှာတင်ထားတာဖတ်ကြည့်ချင်ရင်…
    http://www.facebook.com/pages/Messenger-News-Journal/127099574018030
    မှာဖတ်နိုင်ကြောင်းးးးး

  • Foreign Resident

    March 18, 2013 at 4:33 pm

    အဘ ကတော့ စာသိပ်မတတ်တော့ ၊
    ရိုးရိုးကြီးပဲ ပြောချင်တယ် ။

    ၁ ။ စိတ် အခံ ကလဲရှင်း ( ရိုးသား ၊ တည်ကြည် ၊ တရားမျှတ ) ။
    ၂ ။ အရည်အချင်းကလဲရှိ ( ပညာတတ် ၊ အမြော်အမြင်ကြီး ) ။
    ၃ ။ စေတနာကလဲ မှန် ( တိုင်းပြည်ကို တကယ်ချစ်သူ ) ။
    ၄ ။ အနစ်နာခံ သည်းငြင်းခံ ( ဒီပဲရင်းကို မေ့နိုင်သူ ) ။

    ဒီလို ခေါင်းဆောင်နောက်ကို ၊ အသက်ပေးပြီး လိုက်ဝံ့တယ် ။

    လောလောဆယ် ၊ သူ့ တစ်ဝက် မှီတဲ့သူကို မတွေ့သေးဘူး ။

  • Good™

    March 18, 2013 at 4:56 pm

    အစအဆုံး မှတ်ချက်တွေပါ မကျန် ကျေးဇူး တင်စွာ ဖတ်ရှု အားပေး သွားပါတယ်။

  • garuda

    March 18, 2013 at 5:26 pm

    စုနိုင်မှချမ်းသာမယ် စုနိုင်မှချမ်းသာမယ်…ဟေးးးးးးးး…ဝါးဟားဟား..
    အရီးပြောတာ ထောက်ခံတယ်….

    ဦးတို့ကတော့…တွဲ့တွဲ့ဝင်းလည်း ပြစ်မတင်ဘူး…သူတို့လည်း သူတို့ခံစားချက်နဲ့ပါ
    အနောက်ကမြှောက်ပေးနေတာတွေရှိ နေတော့ ဝရုန်းသုန်းကားဖြစ်သွား တာပါ။
    ဟို…“အစီရင်ခံစာ..ဖတ်ပြီးသွားပါပြီ…ဖတ်ပြီးသွားလို့..မီးရှို့ပစ်လိုက်ပြီ”..လို့ ပြောတဲ့ကောင်ကို..
    ပတ်ဝန်းကျင်လေထုညစ်ညမ်းအောင်လုပ်မှု…စာရွက်တွေ recycle မလုပ်ပဲ မီးရှို့တဲ့ အတွက် တရားစွဲပစ်။ :chee:
    ဒေါ်စုကိုတိုက်ခိုက်နေတဲ့ ပြည်ပရောက် ဂဂ ဆိုတဲ့နာမည်ခံထားတဲ့ လူတစ်ချို့တွေ သူတို့ကိုသူတို့ ဘာအောက်မေ့နေလည်းမသိ ဗမာပြည်မှ သူတို့လက်ထဲမထည့် ရင် ပျက်မဲ့ သဘော :chee:
    မစားရတဲ့အမဲ သဲနဲ့ပက်ချင်နေတယ်ဆိုတာမျိုး…။ ကချင်အရေးကတည်းက သူတို့ ဒေါ်စုကို တိုက်နေကြတာ။
    မိန်းမတွေဆိုလည်း…ကက်ကက်ကို လန်လို့..(စွာတာပြောတာပါ.. 😀 )။
    င hail တို့ကတော့ ထိပ်ဆုံးကပဲ…. :harr:
    ဟင်းးးး….ငကြောက် မပါလို့ပေါ့ကွာ…ပါလို့ကတော့ အရေခွံဆုတ်ပစ်မယ်…. :harr: :harr:

  • Nay Chi

    March 18, 2013 at 9:27 pm

    ၈၈၈၈ ကနေ ယနေ့အချိန်ထိ အမေစုဖြတ်သန်းလာတဲ့ နိုင်ငံရေးသက်တမ်းတလျောက်မှာ ဘာတွေဖောက်ပြန်ပျက်စီးခဲ့ဖူးသလဲ…။ ပြည်သူတွေရဲ့ အကျိုးစီးပွားထိခိုက်စေမဲ့ အပြုအမူ လှုံ့ဆော်မှုမျိုးတွေရှိခဲ့ဘူးလား…။ ပြည်သူ့အသံတွေကို မျက်ကွယ်ပြုခဲ့ဖူးသလား…။

    နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ သူမ ပါဝင်လာတာ သူမအကျိုးစီးပွားအတွက် ဘာပါခဲ့လဲ..။ ဒီတိုင်းပြည်ကြီး စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ခု ကျင့်သုံးနိုင်ရင် သူမကိုယ်တိုင်နဲ့သူမမိသားစုအကျိုးခံစားခွင့် ဘာတွေများရှိနိုင်လဲ…။

    သေချာတာက ကျနော်တို့တိုင်းပြည်ကြီးနဲ့ပက်သက်လို့ သူမဝင်ပြီးဦးဆောင်မှုမပေးခဲ့ရင် အမေစုအတွက်
    မိသားစုနဲ့ခွဲခွာပြီး နာကျင်ခံစားနေဖို့မလိုတော့ဘူး…။
    ဖုန်ထူ နေပူလွန်းတဲ့တိုင်းပြည်မှာ နေပူမိုးရွာမရှောင် အပင်ပန်းခံစရာမလိုတော့ဘူး…။
    သူ့အသက်ကိုတောင် ရန်ရှာတဲ့ လူယုတ်မာတွေနဲ့ပက်သက်စရာအကြောင်းမရှိတော့ဘူး…။
    အနှစ် ၂ဝကျော် ထောင်ကျခံစရာမလိုတော့ဘူး…။
    ပညာတတ်အသိုင်းအဝိုင်းမှာပဲနေ၊ လေအေးစက်တပ်ထားတဲ့ကား/ရထားကိုစီးပြီး ဘဝအတွက် တိုးတတ်ရာတိုးတတ်ကြောင်း၊ လူသားတွေအတွက် အကျိုးရှိရာအကျိုးရှိကြောင်းလုပ်နေရုံပဲ။
    သူရည်မှန်းခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဘိုင်အိုဂရပ်ဖီလဲ ပြီးနေလောက်ပြီ…။
    သူကိုယ်တိုင်လဲ အနည်းဆုံး Dr. Aung San Su Kyi ဖြစ်နေပြီ…။
    အောင်မြင်တဲ့ သုတေသနပညာရှင်ကြီး၊ စာရေးဆရာမကြီး ဖြစ်နေပြီ…။
    သူသိပ်ချစ်တဲ့သားကြီး ပညာတတ်ကြီးဖြစ်ပြီး သူ့အသိုင်းအဝိုင်းမှာ လက်မထောင်နေရပြီ…။
    သူသိပ်ချစ်တဲ့သားငယ်လေးလဲ လက်သမား မဖြစ်ဘူး…။ အိမ်ထောင်ရေး ပြိုကွဲမနေဘူး…။
    သူသိပ်ချစ်တဲ့ ယောက်ျား နောက်ဆုံးအချိန်ထိ တာဝန်သိတတ်ပြီး ကြင်နာတတ်တဲ့ ဇနီးလက်ပေါ်မှာ စိတ်ချမ်းချမ်းသာသာ ဘဝကူးသွားနိုင်မယ်…။
    သူ့မြေးလေးတွေနဲ့ ဘဝမှာ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေနေရပြီ…။
    ဝိပ္ပဿနာတရားလေးနဲ့ မွေ့လျော်လို့…ဝါသနာပါတဲ့စာအုပ်တွေဖတ်လိုက်..သားလေးနှစ်ယောက်ကို လိုအပ်တဲ့လမ်းညွှန်မှုတွေပေးလိုက်…မြေးလေးတွေကိုပံ့ပိုးပေးလိုက်…။
    ဘဝကို သက်တောင့်သက်သာအဖြစ်ဆုံး၊ အနူးညံ့ဆုံးဖြတ်သန်းသွားနေရပြီ…။

    ခု အမေစုက …
    ကိုယ်နဲ့ သွေးမတော်သားမစပ်တဲ့ လူတွေအတွက်
    ကိုယ့်အဖေကိုတောင်သတ်ခဲ့တဲ့လူမျိုးတွေနေထိုင်တဲ့ တိုင်းပြည်အတွက်
    ကိုယ့်မိသားစုကို နှင်ထုတ်တဲ့အချိန်မှာ ဘာတာဝန်မှမကျေခဲ့ဖူးတဲ့ ပြည်သူတွေအတွက်

    သူ့ရဲ့တန်ဖိုးရှိလှတဲ့ မိသားစုဘဝ၊ လူနေမှုဘဝ၊ ပညာရေး၊ အသက် အရာရာကိုစွန့်လွှတ်စတေးပြီး
    နောက်ဆုံးသူ့ဝမ်းနဲ့လွယ်မွေးထားတဲ့ သားတွေရဲ့အနာဂတ်ကိုပါရင်းပြီး
    ကျနော်တို့တိုင်းပြည်အတွက်ပေးဆပ်နေတာပါ…။

    အမေစုက ဒါဟာ ပေးဆပ်မှု စွန့်လွှတ်မှုမဟုတ်ဘူး သူ့ရဲ့ရွေးချယ်မှုပါလို့ အခါပေါင်းများစွာသတိပေးပြီး သဘောထားကြီးနိုင်ပေမဲ့ ကျနော်ကတော့ သဘောထားမကြီးပေးနိုင်ပါဘူး…။

    အမေစုကို မစော်ကားကြပါနဲ့…။

    ဒီအမေအိုကို တိုက်ခိုက်တဲ့လူတွေ… ဒီအမေအို စွန့်လွှတ်ခဲ့ရတာတွေ..ပေးဆပ်ခဲ့ရတာတွေရဲ့ အဖျားအနားကို မှီအောင် ပေးဆပ်ခဲ့ဖူးကြသလား..။

    လူမှန်းမသိတတ်တဲ့အရွယ်ကတည်းက အဖမဲ့ဘဝနဲ့ကြီးပျင်းလာခဲ့ရတယ်…။
    အရွယ်ကောင်းအချိန်မှာ လင်ဝေးသားဝေးနဲ့ အသက်ကိုတောင် ပေးဖို့ ဝန်မလေးဘဲ ပေးဆပ်ခဲ့ဘူးတယ်…။
    ဇရာထောင်းနေတဲ့ ခုအရွယ်ထိ သား၊မြေးဆိုတဲ့ နွေးထွေးတဲ့ အသိုက်အမြုံနဲ့ဝေးရာမှာ တကောင်ကြွက်ဘဝနဲ့ ကာယအား ဉာဏအားတွေ မတန်တဆသုံးစွဲရင်း ပေးဆပ်နေဆဲဘဲ…။

    ဘာတွေ ထပ်လိုချင်ပြီး ဘာတွေအတွက် အလိုရမ္မက်တွေ မပြည့်နိုင်ကြသေးတာလဲဆိုတာ တွေးလိုက်ရင် ကိုယ့်ကိုကိုယ်ရှက်လို့ရတယ်…။

    ဒီလိုခေါင်းဆောင်မျိုးကို မယုံကြည်နိုင်ဘူးဆိုရင်….. ကျနော်တို့ဘယ်သူ့ကို ယုံကြည်ပေးရမလဲ…။ ကျနော့်ကိုကျနော်တောင် အမေစုကိုလောက်မယုံကြည်ဘူး…။ သူ့မှာ သူ့သိက္ခာနဲ့သမိုင်းကြောင်းတည်ဆောက်ဖို့ကလွဲရင် ဘာကိုမှ မက်မောစရာ တွယ်ငြိစရာ အနေအထားမရှိဘူး…။ သူ့သမိုင်းက ခန့်ထည်ခမ်းနားလွန်းတယ်…။ အဲဒီသမိုင်းကို အချိန်တိုလေးအတွင်း တည်ဆောက်ယူထားရတာမဟုတ်ဘူး…။ ဗိုလ်မင်းရောင်လက်ထက်ကနေ အမေစုလက်ထက်အထိ သားစဉ်မြေးဆက်တည်ဆောက်ခဲ့တဲ့သမိုင်း…။ ဒီသမိုင်းကို ဘယ်လိုအကြောင်းနဲ့မှ အမဲစက်ခြယ်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး…။ ကျနော်တို့စိတ်နဲ့နှိုင်းယှဉ်ပြီး သူ့ကိုဖောက်ပြန်ကောင်းဖောက်ပြန်သွားနိုင်တယ်လို့ သံသယဝင်ဖို့ ဘယ်လိုမှ မအပ်စပ်မထိုက်တန်ဘူး…။

    ဒါဟာ သူမကို ကျနော်တို့အားလုံး မျက်စိမှိတ်ထောက်ခံရဲဖို့ အခိုင်မာဆုံးအကြောင်းပြချက်ပဲ…။ သူမကိုမှ မယုံကြည်နိုင်ရင် ကျနော်တော့ သိပ်မိုက်မဲလွန်းရာကျပြီလို့ ခံယူတယ်…။

  • မျှစ်ကြော်

    March 18, 2013 at 11:19 pm

    အရီးလတ်ရဲ့ပို့စ်ရော၊ ကွန်မင့်တွေရော ဖတ်လို့ကောင်းလိုက်တာ။ နိုင်ငံရေးဆိုတာကလည်း မှန်းရခက်တယ် အရီးရေ။ တိုင်းပြည်တစ်ပြည် မူဝါဒပြောင်းတဲ့အခါ (စံနစ်တစ်ခုကနေ တစ်ခုကိုအပြောင်းမှာ) ဆန့်ကျင်ဘက်အားနှစ်ခု အပြိုင်ဖြစ်ပေါ်ရင် ဒီအားနှစ်ခု ပြန်တိုက်ပြီး ချောက်ကြီးတစ်ခုဖြစ်သွားမယ်။ အဲဒီအခါ အဲဒီချောက်ကြီးထဲ အားနှစ်ခုစလုံး ကျသွားရင် ဘယ်လိုလုပ်မလဲ။
    သိပ်တော့ မတတ်ဘူး။ တွေးကြည့်တာပေါနော်။ တွေးတာလေး မှားရင်လည်း သီးခံကြပါ။

  • MaMa

    March 19, 2013 at 5:00 pm

    တခြားကြီးကြီးမားမားတွေကို မပြောတတ်ဘူး။
    ကိုယ့်မျက်စေ့ထဲမှာ မြင်ရသလောက်ကတော့……
    ဒေသခံလူထုကြားထဲဝင်ပြီး လူတွေနဲ့ တသားတည်းနေပြီး ရွာသူတွေကို ပွေ့ဖက်ပြီး နှစ်သိမ့်မှုပေးနေတဲ့ပုံလေးတွေ၊
    အချို့သောရွာသူတွေရဲ့ ဖက်လှဲတကင်း နမ်းရှုပ်နှုတ်ဆက်နေတဲ့ပုံတွေကိုကြည့်ပြီးးးးး
    ကိုယ်တိုင်ဆို အဲလောက်လေးတောင် လုပ်နိုင်ဖို့မလွယ်ဘူးဆိုတာ ဝန်ခံမိပါတယ်။ :eee:

Leave a Reply