“လွမ်းလို့ကျန်ရစ်မှာကိုတော့ အားနာပါတယ်…..´´

 

ဂဇက်ရွာအပြင် ဇနပုဒ်တဲလေးနဲ့ နေလို့ တိုင်းရင်းဆေးပညာဗဟုသုတတွေကို မျှဝေပြောတတ်ခဲ့သော ပူပြင်းတဲ့ နွေရာသီမှာ နှီးယပ်တောင်လုပ်ကာရောင်းလို့ ငွေရှာရရှာသော ဦးခင်ခ တစ်ယောက် အိမ်ရှေ့မှာရပ်ထားတဲ့ လှည်းပေါ်ကိုပစ္စည်းတွေတင်နေလို့ လက်စသပ် ပစ္စည်းတွေကို ကြိုးနဲ့တုပ်ကာ အလုပ်ရှုပ်နေတုန်း မြို့ကိုတက် ကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူ ရွာသူလေးတစ်ယောက် ရွာကိုခဏပြန်လာစဉ် ရွာထိပ် ဦးခင်ခ အိမ်ရှေ့ အရောက်မှာတော့

“ လေးခင်ခ လှည်းပေါ်ကို ပစ္စည်းတွေတင်ပြီး ဘယ်သွားမလို့လဲ´´

“ဟ ရွာသူချောလေး မ……….. ပါလား၊ သမီး ပိုပြီးတောင် လှပြီး နည်းနည်း ၀လာတယ်နော်´´

“လှလာတာပြောလို့ လေးခင်ခ ဘာစားမလဲ၊ ဒါနဲ့ ဘယ်သွားမလို့လဲ ခရီးထွက်မလို့လား´´

“သမီးကျွေးမယ့်မုန့် နောက်ကြုံမှဘဲစားတော့မယ်ဗျာ၊ ခရီးထွက်မလို့ မဟုတ်ဘူးသမီးရေ ဒီနှစ် ကျွန်တော်ရဲ့ နှီးယက်တောင်အလုပ်က ဒီဂဇက်ရွာမှာ သိပ်မရောင်းရတော့ဘူးဗျ အားပေးမယ့်သူ နည်းလာတယ်လေ ခင်ခ မို့ ပုံမှန် အားပေးနေကျဖောက်သည်လောက်လေးဘဲ ရှိကြတာဆိုတော့ ကျွန်တော်ကလည်း အဲဒီလုပ်ငန်းဘဲ ကျွမ်းကျင် တာမို့ ဟိုဘက် ဖေ့ဘုတ်ရွာကို ပြောင်းပြီး အဲဒီမှာ လုပ်ကိုင်စားမလားလို့ စိတ်ကူးမိတာနဲ့ အဲဒီကို ပြောင်းမလို့ သမီးရေ၊ အခု ဒီဂဇက်ရွာက အရင်လိုမဟုတ်တော့ဘူး ခေတ်မှီလာသလို ဗဟုသုတ အသိပညာ တွေလည်း ပိုပြီး အမြင်ကျယ်လာတယ်လေ ပစ္စည်းဆိုလည်း ခေတ်မှီပစ္စည်းတွေကိုမှ သုံးကြကာ သူဌေးတွေ ဖြစ်နေကြပြီဗျ ကျွန်တော်တို့လို ပြည်တွင်းဖြစ်နှီးယက်တောင်ကို မသုံးကြတော့ဘူးလေ ဒါကြောင့် သွားပြီ သမီးရေ´´

လို့ ဆိုကာ လှည်းပေါ်ကို ဦးခင်ခ တို့ ဇနီးမောင်နှံတက်လိုက်ကြပြီး သော့ပိတ်ခါထားခဲ့ရမယ့် သူတို့နေတဲ့ ရွာအပြင်က ဇနပုဒ်တဲလေးကို ခဏမျှငေးကြည့်နေတုန်းမှာဘဲ ခုန ရွာသူက

“လေးခင်ခ ကို လွမ်းနေတော့မှာဘဲနော် လမ်းခရီးဖြောင့်ဖြူးလို့ အလုပ်တွေလည်း အဆင်ပြေပါစေနော်´´

“ဆုတောင်းလေးအတွက် ကျေးဇူးပါဗျာ၊ လွမ်းလို့ကျန်ရစ်မှာကိုတော့အားနာပါတယ်….. ဒါပေမယ့် ရှေ့ရေးကိုမျှော်တွေးလို့ သွားမှဖြစ်မှာမို့ သွားပြီသမီးရေ ကျန်တဲ့သူတွေ သမီးကြုံရင်လည်း ဦးခင်ခ က အားလုံးကိုနုတ်ဆက်သွားပါတယ်လို့ ပြောပေးအုံးကွယ် တာ့ တာ သမီးရေ´´

“ဟုတ် တာ့ တာ ပါ လေးခင်ခ ရေ၊ see you နော်´´

လို့ဆိုကာ အပြန်အလှန်လက်လေးမြောက်ခါ ဝှေ့ရမ်းနုတ်ဆက်ကြရင်း ဦးခင်ခ တို့ရဲ့ လှည်းလေးလည်း ဂဇက်ရွာမှ ဝေးရာသို့ မောင်းနှင်ထွက်သွားတာကို ငေးကြည့်နေမိတဲ့ ရွာသူလေးရဲ့ မျက်ဝန်းတစ်စုံမှာတော့ မျက်ရည်စတွေ ဖြစ်လေမလား မဖြစ်လေများ ဆိုတာကိုတော့ ဦးခင်ခ လည်းသိနိုင်မယ် မထင်တော့ပြီကွယ်။

 

 

ဟုတ်တာတွေရော မဟုတ်တာတွေရော

တွေးမိတွေးကာ ရေးမိရေးရာ ပြုခဲ့တဲ့

ကျွန်တော်ပိုစ့်တွေကို အားပေးဖတ်ခဲ့သူများအားလုံးကို

အထူးပင်ကျေးဇူးတင်ပါတယ်ဗျာ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..