မနေနိုင်လို့ရှယ်ပါတယ်ဗျို့…Myanmar Yang Tse Copper Limited-MYTCL

အခုတလော ဂဇက်ရွာထဲမှာရော…အပြင်မှာရော…ဖေ့ဘုတ်နဲ့ မီဒီယာလောကမှာပါ

ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲနဲပွက်လောရိုက်လို့နေပါတယ်..

သူ့ကို ကြိုက်ပြီး ထောက်ခံသူတွေရှိသလို၊ သူဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး

မကြိုက်နှစ်သက်၊ သဘောမတူနိုင်လို့ဝေဘန်တာတွေလည်းရှိပါတယ်…

ဘယ်လိုပဲဖြစ်ပါစေ…ဒေါ်အောင်ဆန်းစုကြည် ကတော့ သူတာဝန်ယူခဲ့တဲ့

ကိစ္စကို သူအဆုံးသတ်နိုင်ခဲ့ပါပြီ…ထွက်လာတဲ့ ရီဇတ်အပေါ် ကျေနပ်ကြတာ၊

မကျေနပ်ကြတာက တစ်ပိုင်းပေါ့…ဒီကြားထဲ..ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်

လက်ပံတောင်းတောင်ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင်

ဦးဆောင်နေသော သံဃာတော်များနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရှင်းလင်းခဲ့ပါတယ်။

ဒါကို အသေးစိတ် ရုပ်သံနဲ့ ကြည့်ရတဲ့လူလည်းရှိမယ်…စာစောင်တွေထဲ ဖတ်ရသူလည်းရှိမယ်

မဖတ်ဖြစ်သေးတဲ့လူတွေလည်းရှိနိုင်ပါတယ်…ရွာထဲက မဖတ်လိုက်ရသေးတဲ့ လူတွေ

ဖတ်ကြည့်ဝေဖန်နိုင်အောင်

Messenger News Journal Facebook စာမျက်နှာမှာတင်ထားတဲ့ အပြန်အလှန်

မေးမြန်း ဖြေကြားချက်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်…..

လက်ပံတောင်းတောင်ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင်

ဦးဆောင်နေသော သံဃာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

 

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ပေးရန်အတွက် တုံရွာသပိတ်စခန်းတွင်ဆန္ဒပြနေသော သံဃာတော်များ၊ ဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး လိုက်လံ၍ရှင်းပြဆွေးနွေးခဲ့သည်။ ယင်းထဲမှ အပြန်အလှန်စကားပြောဆိုမှုများကို ဖော်ပြလိုက်ပါသည်။

 

 

ဒေါ်စု

တပည့်တော်မတို့ကော်မရှင်က ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကြံပြုချက်တစ်စောင်ကို ထုတ်ပြီး ပါပြီ။ အဲဒီအထဲမှာ ဘယ်လိုအချက်အလက်တွေ ပါလဲဆိုတော့ တပည့်တော်မတို့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ အပြုသဘောဆောင်တဲ့ဘက်ကနေ ကိုင်တွယ်ပါတယ်။ အားလုံးအတွက် ဘယ်လိုအကျိုးရှိမလဲ ဆိုတာကို ကိုင်တွယ်တာပါ။ တပည့်တော်မတို့က အပြစ်ဖို့ဘို့ မဟုတ်ပါဘူး။ အပြစ်ရှာဖို့လည်း မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ ပြေလည်အောင် ဘယ်လိုလုပ်ရ မလဲဆိုတာကို၊ ဒီကိစ္စဟာ နောင်ကျလို့ရှိရင် တပည့်မတို့ နိုင်ငံအတွက် ဘယ်လိုအကျိုးဖြစ်အောင်လုပ်ရမလဲဆိုတာ ကို ရေရှည်အနေနဲ့ တပည့်တော်မတို့က လုပ်တာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီအကြံပြုချက်တွေအားလုံးဟာ တပည့်တော်မရဲ့ တာဝန်ဖြစ်ပါတယ်။ တပည့်တော်မ ဥက္ကဋ္ဌ အနေနဲ့ ဒီကြံပြုချက်တွေကို လက်ခံပြီးတော့ ရေးဆွဲတာ ဖြစ်ပါတယ်။ အဲဒီတော့ မကျေနပ်တာရှိရင် တပည့်တော်မကို ပြောလို့ရပါတယ်။ ကျန်တဲ့မည်သူနဲ့မှ မဆိုင်ပါဘူး။ ဝမ်ပေါင်နဲ့လည်း မဆိုင်ပါဘူး။ တပည့်တော်မရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးတွေနဲ့လည်း မဆိုင်ပါဘူး။  တပည့်တော်မတို့အနေနဲ့  လုပ်ရတဲ့အကြောင်းက ဟိုဘက်ဒီဘက်ကြည့်လိုက်တဲ့အခါကျတော့ အများအတွက် ဘယ်ဟာကအကျိုးအများဆုံး၊ အကျိုး အမြတ်ဖြစ်မလဲဆိုတာကိုကြည့်ပြီးတော့ လုပ်တာဖြစ်ပါ တယ်။ အဲဒီတော့ ဒီစီမံကိန်း ရပ်လိုက်မယ်ဆိုရင် တချို့က ဒါကိုလိုလားတယ်။ ရပ်လိုက်တဲ့အခါ ဘာဖြစ်မလဲ ဆိုတော့ ဘယ်သူကမှ သေသေချာချာ ဂဃနဏ ထောက်မပြပါဘူး။ အကျိုးဆက်ကတော့ ပျက်စီးတဲ့မြေက ပျက်စီး တဲ့အတိုင်းပဲရှိမှာပါ။ လယ်ယာတွေ မရှိတော့တဲ့သူတွေ က မရှိတော့တဲ့အတိုင်းပဲရှိမှာပါ။ တခြားဘာမှ ဖြစ်ပေါ် လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အရ ယုံကြည်မှုအများကြီး လျော့ကျသွားမှာပါ။ ကမ္ဘာ မှာဆိုလို့ရှိရင် ဒီနိုင်ငံဟာ စီးပွားရေး စာချုပ်စာတမ်း လုပ်ပြီးတော့ အလုပ်မလုပ်သင့်တဲ့ဟာမျိုးလို့၊ ဒီလိုပဲ သုံးသပ်မှာပါ။ အဲဒီတော့ တပည့်တော်မတို့အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင်မှ အဆင်ပြေအောင် မနေတတ်တဲ့နိုင်ငံ မျိုးဖြစ်သွားမှာပါ။ နိုင်ငံတစ်နိုင်ငံဆိုတာ ကိုယ့်ရဲ့အိမ်နီးချင်းတွေနဲ့ မတည့်လို့ ပြောင်းရွှေ့ သွားလို့ရတာမျိုး မဟုတ်ပါဘူး။  အမြဲပဲ ဒီနေရာမှာ နေရမှာပါ။ အဲဒီတော့ သိက္ခာရှိရှိ တပည့်တော်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီးတော့နေသွားရမှာပါ။ တပည့် တော်မတို့အနေနဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကို အခြေခံပြီးတော့ လှုပ်ရှားလို့မရပါဘူး။ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားများကိုလည်း သံဃာတော်များ ကနေ ကရုဏာ မေတ္တာနဲ့ အမြဲတမ်းဦးဆောင်သွားမယ်ဆိုတာကို တပည့်တော်မ ယုံကြည်ပါတယ်။ အဲ့ဒီတော့ ဒီယုံကြည် ချက်အရလည်း တပည့်တော်မ ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးထင်တဲ့ကိစ္စကို ယုံကြည်ချက်အရ လုပ်တာပါ။ အများကြိုက်တာမကြိုက်တာကို၊ ဘယ်သူကနေပြီးတော့ ဩဘာပေးတာ မပေးတာကို တပည့်တော်မတို့ ဒါကိုစဉ်း စားတာ မဟုတ်ပါဘူး။ သဘောမတူတဲ့သူတွေရှိမယ် ဆိုတာကို တပည့်တော်မတို့ အစကတည်းက သိပါတယ်။ ဒါပေမဲ့ သဘောမတူတဲ့သူတွေရှိမှာမို့လို့ ကိုယ်မှန်တယ်လို့ထင်တဲ့ ကိစ္စကို မလုပ်ဘူးဆိုတာ မသင့်တော်လို့ တပည့်တော်မတို့ မလုပ်ဖြစ်တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မကျေနပ်ဘူး ဆိုရင် တပည့်တော်မမှာပဲ တာဝန်ရှိပါတယ်။ အခြားဒီက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှာ တာဝန်မရှိပါဘူး။ ကုမ္ပဏီ တွေလည်း တာဝန်မရှိပါဘူး။ တပည့်တော်မကို မကျေပ်နပ်ဘူးဆိုရင် အရှင် ဘုရားအနေနဲ့ တပည့်တော်မကို ပြောနိုင်ပါတယ်။ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တပည့်တော်မရဲ့ သုံးသပ်ချက်အရ နိုင်ငံအတွက် အကောင်းဆုံး၊ နိုင်ငံ့အနာဂတ်အတွက် အကောင်းဆုံးအဖြေရှာပြီးတော့ လုပ်တာပါ။ အခု ဒီလို သပိတ်စခန်း ဖွင့်တယ်ဆိုတာ လည်း တပည့်တော်မတို့ဟာ တရားဥပဒေကိုက်ညီစွာနဲ့ လုပ်သင့်တယ်။ ဆန္ဒပြတယ်ဆိုတာ တရားဥပဒေ နဲ့အညီပဲ လုပ်သင့်တယ်။ နောက်ဆန္ဒ ပြချင်ရင်လည်း တပည့်တော်မကိုပဲ လာပြီးတော့ ဆန္ဒပြတာ ပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒီမှာ ဆန္ဒပြတာ ဘာမှအဓိပ္ပာယ် မရှိပါဘူး။ ဒီက ရွာသူ၊ ရွာသားတွေက ဒီအစီရင်ခံစာကို ရေးတာမဟုတ်ပါဘူး။ တပည့်တော်မတို့အိမ်မှာ ဆန္ဒပြလို့ရပါတယ်။ တရားဝင်ခွင့်ပြုချက် တောင်းပါ။ တရားဥပဒေလမ်းကြောင်းအတိုင်း လုပ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော်မဟာ တရား ဥပဒေစိုးမိုးရေး ကော်မတီက ဥက္ကဋ္ဌတစ်ယောက်ဖြစ်တာကြောင့် ဥပဒေစိုးမိုးရေးကို အမြဲတမ်း ဦးထိပ်ပန်ဆင် ထားပါတယ်။ ဆန္ဒပြချင်သူတွေကို ဆန္ဒပြခွင့်ပေးဖို့ဆို တာလည်း အုပ်ချုုပ်ရေးအပိုင်းကို တာဝန်ပေးထားပါတယ်။ အဲဒီတော့ ခွင့်ပြုချက်တောင်းပြီးတော့ ဆန္ဒပြလို့ ရပါတယ်။ အုပ်ချုပ်ရေးအပိုင်းကလည်း တပည့်တော်မကို ကတိပေးထား ပါတယ်။  စီတန်းလှည့်လည်ခွင့် လျှောက်ရင် ခွင့်ပြုပေးပါမယ်တဲ့။ အဲဒီတော့ စီတန်းလှည့် လည်ချင်ရင် ခွင့်ပြုချက်တောင်း ပြီးတော့ စီတန်းလှည့် လည်ပါ။ ခွင့်ပြုချက်မတောင်းဘဲ လုပ်ရင်တော့ ဥပဒေအရ အရေးယူပါမယ်။ တပည့်တော်မတို့နိုင်ငံမှာ တရား ဥပဒေစိုးမိုးရေး လိုအပ်ပါတယ်။ ဥပဒေစိုးမိုးရေးဆိုတာ ပြည်သူကိုကာကွယ်ဖို့လည်းဖြစ်တယ်။ အစိုးရကို ကာ ကွယ်ဖို့လည်းဖြစ်တယ်။ ပြည်ပနိုင်ငံကလာပြီး အလုပ် လုပ်သူတွေကို ကာကွယ်ဖို့လည်း ဖြစ်တယ်။ ဥပဒေဆို တာ လူတွေကြားမှာခွဲခြားလို့ မရပါဘူး။ အားလုံးဟာ ဥပဒေဘောင်အတွင်းက လုပ်လား မလုပ်ဘူးလားဆိုတာ ကြည့်ပြီးတော့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဥပဒေတွေ ဟာ မသင့်တော်ဘူးလို့ထင်လို့ရှိရင် ဒီဥပဒေတွေကို ပြောင်းဖို့ ပြင်ဖို့အတွက်က လွှတ်တော်ကနေပြီးတော့ ဥပဒေတွေကို ပြုပြင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဥပဒေ တွေကို မပြောင်းခင် မပြုပြင်ခင် တည်ဆဲဥပဒေအရဘဲ ခွင့်ပြုချက်ယူပြီးတော့ လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ဆရာတော်များ

ဦးဇင်းတို့ရဲ သပိတ်စခန်းက တရားမဝင်ဘူးလို့ ဒကာမကြီးက ပြောဆိုနေတာပေါ့။ တကယ်တော့ ဦး ဇင်းတို့ တရားဆိုတဲ့ဟာကို ဘေးချိတ်လိုက်ဦး။ ဥပဒေ ဆိုတဲ့ ဝေါဟာရကို ဦးဇင်းပြောပြမယ်။ ဥပဒေဆိုတာ ရေမှာ သူစီးချင်ရာစီးရင် ချောင်းရိုးမြောင်းရိုးတွေဖြစ် သွားမယ်။ လိုအပ်တဲ့အရာကိုရလာအောင် ရေကို လိုရာ သွယ်လို့ရအောင်ထားတာက ဘောင်။ ဦးဇင်းတို့ လူတွေကို လုပ်ချင်ရာလုပ် ကလေကချေမဖြစ်အောင် ထား တာက ဥပဒေ။ အဲဒီတော့ ဘောင်တို့ ဥပဒေတို့ရှိတယ်။ ဥပဒေဘောင်ပြုတဲ့နေရာမှာ သူ့အမြင် ကိုယ့်အမြင်   သူ့ အတွေးအခေါ် ကိုယ့်အတွေးအခေါ် တစ်ဖက်နှင့် တစ်ဖက် တစ်ဦးနဲ့တစ်ဦး အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစား သူ့အမြင် ကိုယ့်အမြင် မျှမျှတတ ဆောင် ရွက်တဲ့အလုပ်ဆိုရင်တော့ တရားဥပဒေပေါ့။ ဒကာမကြီးဟာ ဒီဥပဒေက အဓမ္မဥပဒေဖြစ်နေတယ်။ အဓမ္မဥပဒေ ဆိုတာ အခုဦးဇင်းတို့ လက်ပံတောင်း တောင်မှာ ဆောင် ရွက်ခဲ့တဲ့ ကိစ္စအဝဝဟာ အဓမ္မဥပဒေ။

ဒေါ်စု

အရှင်ဘုရား၊ တပည့်တော်မတစ်ခုပဲ မေတ္တာရပ် ခံပါရစေ။ တပည့်တော်မတို့ဟာ အခုပစ္စုပ္ပာန်နဲ့ အနာဂတ် ကို ပြောင်းခြင်းဖြစ်ပါတယ်။ အတိတ်မှာတုန်းက မမှန် မကန်လုပ်ခဲ့တယ်ဆိုတာ လက်ခံပါတယ်။ တပည့်တော် မတို့ရဲ့ အစီရင်ခံစာမှာလည်း ဒါတွေကို သေသေချာချာပါ ပါတယ်။ ပြည်သူတွေကို ဘယ်လို မတရားသဖြင့် လယ်တွေသိမ်းခဲ့တာ၊ လျော်ကြေးတွေ မှန်မှန်ကန်ကန် မပေးခဲ့တာ၊ ပွင့်လင်းမြင်သာမှုမရှိခဲ့တာ ဒီဟာတွေကို တပည့်တော်မရဲ့ အစီရင်ခံစာမှာ အားလုံးထုတ်ဖော်ထား ပါတယ်။ မမျှမတလုပ်ခဲ့တဲ့ ကိစ္စတွေ ရှိနေတာကြောင့်မို့လို့ ပွင့်လင်းမြင်သာမှုမရှိခဲ့တာကြောင့်မို့ ဒီပြဿနာတွေ တက်ခဲ့ရတယ်ဆိုတာ တပည့်တော်မ တို့ ထုတ်ဖော်ခဲ့ပြီးဖြစ်ပါ တယ်။ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး မရှိခဲ့တာ လည်း ပါပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ တရားဥပဒေစိုးမိုးရေး ချိုးဖောက်သွားတာဟာ တစ်ဖက် သတ်မဖြစ်ပါဘူး။ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာကလည်း ချိုးဖောက်ခဲ့ပါတယ်။ ဒါကို တပည့်တော်မတို့လည်း ထုတ်ပြန်ထားပါတယ်။  လယ်ယာမြေ သိမ်းပြီးတော့ လျော်ကြေးပေးတဲ့ပုံစံက မမှန်ဘူး။ ဒီဟာတွေကိုလည်း ထောက်ပြထားပါတယ်။ အဲ့ဒီတော့ မမှန် မကန်တဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ပြုပြင်ဖို့ဆိုတာတော့ တပည့်တော်မတို့ ပစ္စုပ္ပာန်နဲ့ အနာဂတ်မှာ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့ဆိုတာ အကြံပြုချက်ဖြစ်ပါတယ်။ ထောက်ပြထားပါတယ်။

ဆရာတော်များ

အဲဒီလိုထောက်ပြတဲ့ နေရာမှာ   ဦးဇင်းတို့ ဒီမှာက ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရပဲဖြစ်ဖြစ်၊ ဦးသန်းရွှေ အစိုးရပဲ ဖြစ်ဖြစ် ဆောင်ရွက်ခဲ့တဲ့အချိန်မှာ စာချုပ်စာတမ်းတွေကို ဦးဇင်းတို့လည်း မသိဘူး။ ဒကာမကြီးလည်း မသိဘူး။

 

ဒေါ်စု

သိပါတယ်ဘုရား။ တပည့်တော်မတို့ ဒီစာချုပ် စာတမ်းတွေကို လေ့လာပြီးပါပြီဘုရား။

ဆရာတော်များ

အဲဒီလိုလေ့လာပြီးလို့ရှိရင် အဲလို လုပ်ဆောင်တဲ့ ဟာက တရားသည်ပဲဖြစ်စေ၊ မတရားသည်ဘဲဖြစ်စေ၊ ပြည်သူမသိတဲ့အတွက် နောက်တစ်ခါစာချုပ်ကို ချုပ်ရင် ဦးဇင်းတို့က ပြန်ပြင်ပြီးတော့ ချုပ်ရမှာပဲ။ ပြည်သူနဲ့ ညှိပြီးတော့ ချုပ်ရမှာပါ။

ဒေါ်စု

ဒီကိစ္စက တပည့်တော်မတို့ အကြံပြုချက်ထဲမှာ ပါပြီးပါပြီ။ ဒီစာချုပ်ကို ပြန်ပြီးတော့ ချုပ်ရမယ်ဆိုတာ ပါပြီးပါပြီ။ ပြန်ပြီးချုပ်ပါမယ်ဆိုတာကို ဦးပိုင်ကရော ဝမ်ပေါင်ကပါ သဘောတူညီပြီးပါပြီ။ တပည့်တော်မ တို့ရဲ့ အစီရင်ခံစာထဲမှာ ပါပါတယ်ဘုရား။

ဆရာတော်များ

စာချုပ်က အသစ်ပြန်ချုပ်ရပါမယ်။ အသစ်ပြန် ချုပ်ပြန်ရင်လည်း နယ်သူနယ်သားတွေရဲ့ ဆန္ဒမပါဘဲနဲ့ ဒကာမကြီးပဲ အလွတ်ချုပ်လို့မရပါဘူး။

ဒေါ်စု

စာချုပ်ချုပ်တယ်ဆိုတာ တပည့်တော်မတို့ ချုပ် လို့မရပါဘူး။ စာချုပ်ဆိုတာ သက်ဆိုင်ရာကုမ္ပဏီနှစ်ခု ကပဲ ချုပ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ကုမ္ပဏီနှစ်ခုက ချုပ်တဲ့နေရာမှာ ဒေသခံရဲ့လိုအင်ဆန္ဒ တွေ၊ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားရမှာပါ။ တပည့်တော်မတို့အနေနဲ့ ဒီဟာကို ပွင့်လင်းမြင်သာမှုရှိ မယ်ဆိုရင် စာချုပ်ထဲမှာ ဘာတွေပါမလဲဆိုတာ အများသိရမှာပါ။ ဦးပိုင်ကရော ဝမ်ပေါင်ကပါ အခုထုတ်ပြန် တဲ့နေရာမှာ ဦးပိုင်ကထုတ်ပြန်တာကို သတင်းစာမှာ ပါပြီး ပါပြီ။ ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်တာကတော့ အင်တာ နက်မှာ တင်ပြီးပါပြီဘုရား။ အဲဒီတော့ ဘယ်လိုကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အခုထဲက နေ အများ ပြည်သူသိအောင်လို့ တင်ပြထားပါတယ်ဘုရား။

ဆရာတော်များ

အဲဒီလိုဆောင်ရွက်တယ်ဆိုရင် အသစ်ပြန်မချုပ် သေးတဲ့ ကာလပတ်လုံး ဒီကြေးနီတောင်ကို ပြည်သူ့ ဆန္ဒမပါတဲ့အတွက် ရပ်ထားဖို့ရာကတော့ လိုတယ်။

 

ဒေါ်စု

တပည့်တော်မ ဒီဟာကိုတော့ ဒီကိစ္စတော့ ဆောင် ရွက်ပေးလို့ မရပါဘူးဘုရား။ ဘာလို့လဲဆိုတော့ စာချုပ်အရဆိုရင် ဒီအလုပ်က ဆက်ပြီးတော့ လုပ်နေရမှာပါဘုရား။ အလုပ်လုပ်နေတဲ့ နေရာမှာ ပြည်သူလူထုရဲ့ စားဝတ်နေ ရေးကို မထိခိုက်အောင်လို့တော့ လုပ်သွားရမယ်ဆိုတာ တပည့်တော်မတို့ ပြောထားပါတယ်ဘုရား။ စာချုပ်ဆို တာလည်း လပိုင်းတောင်မကြာပါဘူးဘုရား။ တစ်ပတ် နှစ်ပတ်အတွင်းမှာ ပြန်ပြီးတော့ ချုပ်မှာပါ။ နောက်ပြီး တော့ ဒီအပြင်မှာလည်း ဒေသခံတွေကို လျော်ကြေးပေးဖို့ကိစ္စကို မနက်ဖြန်ကနေစပြီး လုပ်ပါမယ် ဘုရား။ (၁၅၊ ၁၆၊ ၁၇) ရက်တွေမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့က နေပြီးတော့ ကွင်းဆင်းပြီးတော့ ရွာတွေ ရွာတွေအလိုက် သွားပြီးတော့ လယ်ယာမြေပဲဖြစ်ဖြစ် စိုက်ပျိုးမြေပဲဖြစ် ဖြစ်၊ ကိုယ့်အိမ်မြေပဲဖြစ်ဖြစ် အသိမ်း ဆည်းခံရပြီးတော့  တန်ရာတန်ကြေးမရတဲ့ ရွာသူရွာသားများ ဒေသခံများက  လျှောက်လွှာတင်နိုင်ပါတယ်။  လျှောက်လွှာတင်ပြီးတော့ လျှောက်လွှာမှန်မမှန်ကိုတော့ စိစစ်ရမှာပါ။ ဥပမာ မြေအမှန်တကယ် မဆုံးရှုံးခဲ့ဘဲနဲ့ မြေဆုံးရှုံးပါတယ်လို့ တင်ပြလာသူ မရှိဘူးလို့ မပြောနိုင်ပါဘူး။ မှန်ကန်တဲ့ လျှောက်လွှာဆိုရင် ရက်ပိုင်းအတွင်း လျော်ကြေးတွေကို ချက်ချင်းထုတ်ပေးမှာပါ။

ဆရာတော်များ

ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြေရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ပဲ ကြည့်လို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ ရွာပါရွှေ့ပေးရမယ်ဆိုတော့ မြေမရှိတဲ့သူတွေ ကလည်း ရွှေ့ရမှာပါ။ အဲဒါဆိုရင် ဘဝက ပျက်သွား တော့မှာလေ။ အလုပ်က သူ့အလုပ်ရှင်၊ လယ်ရှင်နဲ့ လည်ပတ်နေတဲ့ ယန္တရားကြီးပျက်သွားရမှာ။ အဲဒီတော့ မြေမရှိတဲ့သူတွေကိုလည်း ပံ့ပိုးပေးရမယ့်အပိုင်းတွေရှိ တယ်။

ဒေါ်စု

တင်ပါ့ဘုရား။ အဲဒါကလည်း ကတိကဝတ်ထဲ မှာ ပါပါတယ်ဘုရား။ အလုပ်အကိုင် ဖန်တီးရေးပေါ့။ အလုပ်အကိုင်ဖန်တီးရေးဆိုတာ အရင်တုန်းက မြေရှိတဲ့ သူတွေတင် မဟုတ်ပါဘူး။ မြေမမရှိတဲ့သူတွေရော အခု ဆိုရင် အိမ်ထောင်စုအတွင်းကနေပြီးတော့ အရွယ်ရောက် တဲ့သားသမီးတွေကိုပါ အလုပ်အကိုင်ဖန်တီးရေး ကိစ္စတွေမှာလည်း ဝမ်ပေါင်ကရော ဦးပိုင်ကပါ ကတိကဝတ်ခံ ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ ပြောပြီးပါပြီ ဘုရား။

ဆရာတော်များ

ဒကာမကြီးက ပြည်သူချစ်တဲ့ ဒေါ်စု၊ သံဃာတော် တွေချစ်တဲ့ ဒေါ်စုပဲ။ ဒေါ်စုလုပ်ပေးနေမှသာ ဒီလုပ်ငန်းတွေက အဆင်ပြေမှာပါ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပေါ့လေ၊ ဦးဇင်းတို့အနေနဲ့က အဓိကထားတာ က အမေစုပဲ။ အမေစုဖြေရှင်းတော့မှ ဒီကိစ္စက ရှင်းမှာပါ။ ပြည်သူ လူထုနေထိုင်ရေးအတွက်ပါ အားထားရ တာပါ။

ဒေါ်စု

ဒီကိစ္စကို တပည့်တော်မ တာဝန်ယူပါတယ်ဘုရား၊ ဒီအကြံပြုချက်အရ မဆောင်ရွက်ရင် တပည့်တော်မ မှာ တာဝန်ရှိပါတယ်။ တပည့်တော်မ တာဝန်ထားပါ။ တပည့် တော်မကြည့်ပြီးတော့ လုပ်ပေးပါမယ်။

ဆရာတော်များ

ဒကာမကြီးကို ဦးဇင်းတွေ့တာ ဒါဒုတိယအကြိမ် တွေ့တာပါ။ ဦးဇင်း ဘုတလင်မှာ ဒကာမကြီးခိုင်း လိုက်တဲ့ ကိစ္စသွားလုပ်တဲ့အချိန်မှာ ဦးဇင်းထောင် (၄) လကျတယ်။ ဒကာမကြီးတော့ မှတ်မိမှာတော့ မဟုတ် ဘူး။ ဦးဇင်းကို ဒကာမကြီးက အချိုရည်တောင် ကပ်သေးတယ်လေ။ ဦးဇင်း အင်တိုက်အားတိုက်အကျိုး ဆောင်ပြီး လုပ်ပေးပါတယ်။ အဲဒီမှာ ထောင် (၄) လကျတယ်။

ဒေါ်စု

တင်ပါ့ဘုရား၊ ကျေးဇူတော်ကြီးလှပါတယ်ဘုရား။ တပည့်တော်မ လျှောက်ချင်တာက အတိတ်က ကိစ္စတွေ ကိုကျတော့ ဖြစ်ပြီးတာကို မဖြစ်ပါနဲ့လို့ လုပ်ဖို့က မြတ်စွာ  ဘုရားတောင် မတတ်နိုင်ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ပြုပြင်ဖို့ဆိုတာ တပည့်တော်မတို့အနေနဲ့ ဒေါသကိုခံပြီးတော့ လုပ်လို့မရပါဘူး။ အားလုံး အချင်းချင်းမှပဲ …

ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

ကျွန်တော်ပြောချင်ပါတယ်။

ဒေါ်စု

နေဦးသား နားထောင်။ နားထောင်ဆိုတာက ဆရာတော်တို့ ပြောပြီးမှပြောပါ။ သားက ဒေါသသိပ် ပါတယ်။

ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်)

ကျွန်တော်က အန်တီပြောတဲ့စကားပေါ်မှာ အခြေခံ ပြီး ပြောမှာပါ။

ဒေါ်စု

အေး ပြော။

 

 

ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်)

အန်တီက ပြောတယ်။ ကျွန်တော်တို့ ဆန္ဒပြတာ တွေက တရားဥပဒေနဲ့မညီပါဘူးဆိုလို့ သားတို့ ရှစ်ကြိမ် ထက်မနည်း ပထမအုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ရှိတဲ့အချိန်မှာ သားတို့တင်ပြတယ်။ သားတို့ကို တစ်ကြိမ် မှ ခွင့်မပေးခဲ့ဘူး။

ဒေါ်စု

နောက်ဆုံးတင်တာက ဘယ်အချိန်က တင်တာလဲ။

ကိုဗထူး(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

နောက်ဆုံးအကြိမ်က ကျွန်တော်တို့ Date  ထဲမှာ ပြန်ကြည့်မှ ရမှာပါ။

ဒေါ်စု

အကြမ်းမျဉ်းအားဖြင့်ပြော။ ဘယ်တုန်းက နောက် ဆုံးတင်တာလဲ။

ကိုဗထူး(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

ပြီးခဲ့တဲ့နှစ် (၁ဝ)လပိုင်းက တင်တာပါ။

ဒေါ်စု

(၁ဝ)လပိုင်းလောက်အထိက ဒီထဲက အမေ မပါ သေးဘူးနော်။ ခုနက သားပြောတဲ့ (၁ဝ)လပိုင်းအထိ ဆန္ဒပြခွင့်တောင်းတယ်။ (၁ဝ)လပိုင်းတုန်းက ဒီထဲမှာ အမေ မပါသေးဘူး။  (၁၁)လပိုင်းမှ ဒီကိစ္စကိုစတာ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းတဲ့သူတွေကို ပေးဖို့ပြောထားတယ်။ အဲဒီတော့ အုပ်ချုပ်ရေး ပိုင်းက ပေးပါ့မယ်လို့ ပြောတယ်။ အဲဒီကျတော့ မတောင်းတော့ဘူး။ မတောင်းဘဲနဲ့ ဆန္ဒပြ တယ်ဆိုတော့ ဒါက တရားဥပဒေကို ချိုးဖောက်တာပဲ။ အဲဒီအခါကျတော့ အမေ သဘောမတူနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေချိုးဖောက်တာ ဘယ်သူပဲဖြစ်ဖြစ်၊ ပြည်သူဘက်ကပဲ တရားဥပဒေ ချိုးဖောက် ချိုးဖောက်၊ အစိုးရဘက်ကပဲ ချိုးဖောက်ချိုးဖောက်၊ နောက်ယုတ်စွအဆုံး သမ္မတကြီးကပဲ ချိုးဖောက် ချိုးဖောက် တရား ဥပဒေအတိုင်း အရေးယူရမှာပဲ။ အဲဒီလို အရေးမယူလို့ရှိရင် ဒီနိုင်ငံမှာ ဘယ်တော့မှ အေးချမ်း သာယာမှုဆိုတာ မရှိနိုင်ဘူး။ အဲဒီတော့ တရားဥပဒေ လမ်းကြောင်းအရ အားလုံးသွားရမယ်။ အခုသားတို့ ဆန္ဒပြချင်လို့ရှိရင် ပြခွင့်တောင်း။ ပြခွင့်တောင်းရင် ပြခွင့်ပေးပါ့မယ်လို့ အမေ့ကို ကတိပေးထားတယ်။ ပြခွင့်မပေးဘူးဆိုရင် အမေ့ကိုပြော။ ဒါပေမဲ့ ခွင့်မတောင်းဘဲနဲ့တော့ တရားဥပဒေလမ်းကြောင်း မညီဘဲ နဲ့တော့ မလုပ်နဲ့။ အဲဒါဆိုရင် တရားဥပဒေကို ကိုယ်က မျက်ကွယ်ပြုရင် အခြားတစ်ဘက်ကလည်း မျက်ကွယ်ပြုမှာပဲ။ တရားဥပဒေနဲ့ လုပ်လို့ရတယ်။ အဲဒီတော့ ကိုယ်ကိုတိုင်က တရားဥပဒေမလေးစားဘဲနဲ့ သူများက လေးစားရမယ်လို့ ပြောပိုင်ခွင့်မရှိတော့ဘူး။ သူများက တရားဥပဒေကို မလေးစားဘူးဆိုရင်လည်း ကိုယ်က လေးစားရမယ်။ အဲဒါတော့ ဒါ ဟိုဘက် ဒီဘက် မျှမျှတတလုပ်ရမယ်။ နောက် အလုပ်အကိုင်ရရှိရေးဆိုတာ ဒီဒေသနဲ့ ဒါနဲ့သားက ဘယ်ရွာကလဲ။

ကိုဗထူး(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

ကျွန်တော်က ရန်ကုန်ကပါ။

ဒေါ်စု

ရန်ကုန်တွေက လူတွေပဲ ပြောနေတာ။ ရွာခံတွေပဲ ပြောတော့။ ရွာခံ ဒီနားမှာ ဘယ်နှစ်ယောက်ရှိလဲ။ ရွာခံ တွေပဲလာခဲ့။ ရန်ကုန်ကလူတွေကလာပြီး ဒီရွာအတွက် ပြောနေတယ်ဆိုတာ မဟုတ်သေးဘူး။ ဘယ်မှာလဲ ရွာခံတွေ။ ရွာခံတွေနဲ့ဘဲ ပြောမှာပေါ့။

 

ဒေသခံများနှင့်ဆွေးနွေးခြင်း

 

အမေ၊ သမီးတို့က လက်ပံတောင်းတောင်အတွက် အနစ် နာခံပြီး လုပ်နေတာပါ။

လက်ပံတောင်းတောင်အတွက် အနစ်နာမခံဘဲ နောက်မျိုးဆက်တွေအတွက် အနစ်နာခံပါ။

သမီးသိသလောက်ပြောရင် တောင်အောက်အထိ လိုက် လုပ်လိုက်ရင် ရေကြောတွေ ဒုက္ခရောက်မယ်။ သမီး ကြောက်တယ်။

အဲဒီကိစ္စအတွက် သမီးတို့ကို တစ်ယောက်ယောက် က အစီရင်ခံစာ ဖတ်ပြမှာပါ။ ဒီကိစ္စတော့ လုပ်ရမယ်။ ရွာထဲမှာ ပညာတတ်တွေရှိမှာပါ။ သမီးကဘွဲ့ရဆိုရင် ဘာလို့မဖတ်တာလဲ။

သမီး မဖတ်လိုက်ရဘူး။

ဘာလို့မဖတ်လိုက်လဲ။ ဒါကိုမဖတ်လိုက်ရင် ဂရုမစိုက်လို့ဘဲ။

သမီးတို့ ဂရုစိုက်ပါတယ်။

ဂရုစိုက်ရင် ဘာလို့မဖတ်လဲ။ သတင်းစာမရလို့ လား။ ဂရုစိုက်ရင်ဖတ်ရမှာပေါ့။ အဲဒီထဲမှာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ အားလုံးပါပြီးသား။ သမီး မဖတ်ဘဲ တစွတ်ထိုးနေတော့ အမေ ရှင်းပြရတာ အပိုစကားတွေ ပြောနေရသလိုပဲ။ ဒါကိုဖတ်လေ၊ ပြီးမှ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ကတိတွေ ပေးထားတယ်။ Wanbao ကလည်း ဖော်ဖို့ ကတိပေးပြီးပြီ။

သူတို့က မရှင်းပြဘူး။

ဟာ မဟုတ်ဘူးလေ။ သမီးတို့က မဖတ်ဘဲ ရှင်း လဲမပြဘူးဆိုတော့ ခက်တာပဲ။ သမီးက အစီရင်ခံစာကို မဖတ်တော့ တော်တော်ခက်တယ်။

ဒါပေမဲ့ ဒေသခံတွေက ဒီတောင်ကြီးကိုပဲ ခင်တွယ်တာ အဓိကပဲလေ။ ကျန်တာတွေ ဘာမှမလိုချင်ဘူး။

ဒါတော့ အမေမတတ်နိုင်ဘူး။ အမေကတော့ တောင်ထက် လူတွေကို ပိုချစ်တယ်။ လူတွေရဲ့ အနာဂတ် ကိုပိုချစ်တယ်။

ဒီမြေတွေ ရေတွေက ပြောင်းလဲကုန်မှာ။

သမီးတို့ အစီရင်ခံစာကို သေချာမှမဖတ်ဘဲ။ ဒီမြေကို စိုက်ပျိုးမြေဖြစ်အောင်၊ မြေကောင်းမြေသန့်ဖြစ်အောင် ပြန်လုပ်ပေးရမယ့် စီမံကိန်းတွေပါတယ်။ သမီးတို့က မဖတ်ဘဲ တစ်စွတ်ထိုးပြောနေတယ်။ ဒီလိုတစ်ဘက် သတ် ပြောနေလို့ ဘယ် ဖြစ်မလဲ။

ကျွန်မတို့ဒေသခံတွေက အမေရဲ့အဖြေကိုစောင့်စားခဲ့တာ။  ကျွန်မတို့ ကလေးဘဝတုန်းက အမေများ မုံရွာသွား လို့ ပြန်လာရင် မုန့်တွေပါလာမယ်လို့ထင်ခဲ့တာ။ အခုလဲ အမေစုရဲ့အဖြေကို ကောင်းတာလေးဖြစ်အောင် မျှော်လင့် တယ်။

ကိုယ်လိုချင်တဲ့အဖြေရမှ ကောင်းတယ်လို့ စိတ်ထဲမှာ မထားရဘူး။

ကျွန်မတို့က အဲ့လိုမျှော်လင့်ထားတာ။

        သမီးတို့က ဘယ်လိုလဲဆိုတာ့ အမေပြန်လာလို့ စာအုပ်ဝယ်လာပြီး မုန့်မဝယ်လာသလိုဖြစ်သွားတာ။ စာ အုပ်က ရေရှည်အတွက် အဖိုးတန်တယ်” မုန့်ကခဏပဲ။

ကျွန်မတို့က စံပယ်တောင်၊ ကြေးစင်တောင်ကို နမှုနာယူ ထားပြီးပြီ။

အမေပြောပြီးပြီပဲ။ ဒီကိစ္စကို ဘာလို့ထပ်တလဲလဲ ရှင်းပြရမှာပဲ။ စပယ်တောင်၊ ကြေးစင်တောင်က ဒီစီမံ ကိန်းနဲ့မဆိုင်ပေမဲ့ သူတို့ရဲ့ ဘဝတွေကို လုပ်ပေးပါမယ် လို့

ပြောပြီးပြီ။

 

သမီးတို့က နမှုနာကြည့်မှာပါ။

သူများကို နမှုနာကြည့်ဖို့မလိုဘူး။ ကိုယ့်နမှုနာကိုယ် ကြည့်။ သူတိုကို အရင်လုပ်ပေးရမှာ မဟုတ်ဘူး။ အားလုံးကို တစ်ပြိုင်နက်ပြုလုပ်ပေးရမှာပါ။ သူတို့ကို နမှု နာကြည့်နေလို့မဖြစ်ဘူး။ ခက်တာက နားမထောင် ဘူး။ ဇွတ်ပြောနေတယ်။

သမီးတို့က စာမဖတ်တတ်တော့ ဖတ်မကြည့်ဘူး။

စာမတတ်ရင် ဘွဲ့ရကို ဖတ်ခိုင်းလို့ရတယ်။ ဘာလို့ မဖတ်ခိုင်းတာလဲ၊ ဘာလို့မရှင်းပြလဲ။

အခုသမီးတို့ဒေသမှာ အသားအရေက ဒီလိုအသားအရည် (အဖြူ)မျိုးမရှိတော့ဘူး။ မဲညစ်ညစ်တွေဖြစ်ပြီးတော့ လူတွေကအသားမဲခြောက်ပြီး ဆိုးကျိုးတွေခံစားရတယ်။ အဲဒီအန္တရာယ်ကို ကျွန်မတို့ ဒေသခံတွေ ခံစားနေရ တယ်။

ဒါပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တယ်။ သမီးတို့အစီရင်ခံစာကိုမဖတ်ဘဲဆက်ပြောနေရင် အဓိပ္ပာယ်မရှိဘူး။ ဒါပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တယ်။ အမေက Popular ဖြစ်ချင်လို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကိုလုပ်တာပါ။ နိုင်ငံရဲ့အနာဂတ်နဲ့ သင့်တော်တဲ့ကိစ္စကိုလုပ်တာပါ။ ဒါကို မကျေနပ်လို့ မုန်းရင် အမေကိုမုန်းလို့ရတယ်။

မမုန်းပါဘူး၊ နဂိုကတည်းကချစ်နေတာပါ။

အစီရင်ခံစာကို သေချာဖတ်ပါ။ စာမတတ်ရင် ကိုယ့်သားသမီးတွေကို စာတတ်အောင် ဘယ်သူက လုပ် ပေးမှာလဲ။

ကျွန်မတို့ အရင်အတွေးက ဒီလိုပါ။ ဦးပိုင်တို့၊ ျွှညေဘသေ တို့ဆိုတာ သားစဉ်မြေးဆက်၊ ခေတ်အဆက်ဆက် ချမ်း သာကြွယ်ဝလာတဲ့သူတွေပေါ့။ ကျွန်မတို့ ဒေသခံတွေကတော့ လူမွဲလူတန်းစားတွေဆိုတော့ လယ်ယာ မြေကို မှီခိုပြီး လုပ်ကိုင်စားသောက်ရတဲ့ဘဝပါ။ သူတို့ Wanbao နဲ့ဦးပိုင်က တောင်ကြီးကိုမလုပ်ဘဲ စွန့်ပစ်လိုက်ရင် သင်္ဘောတစ်စီး၊ နှစ်စီးစာလောက်ပဲရှိတယ်။ ကျွန်မတို့ ဒေသခံတွေက သူတောင်းစားခွက် ပျောက်သလိုဖြစ်နေတယ်။

ဒီကိစ္စကို ဘယ်နှစ်ခါထပ်ပြောရမလဲ။ ဒီလိုမမွဲ အောင်လို့၊ မွဲသထက်မွဲတဲ့ဘဝမရောက်ရှိသွားအောင်၊ သားစဉ်မြေးဆက် ဘဝအာမခံချက်ရှိသွားအောင်လုပ်ပေး သွားမယ်လို့ ပြောပြီးပြီ။ လက်ပံတောင်းတောင်တော့ အမေမပြောနိုင်ဘူး။ လက်ပံတောင်းတောင်ကြီးကို တည်ရှိရေးဟာ အမေ့အတွက် ပြည်သူတွေရဲ့ အနာဂတ် ခိုင်မာရေးလောက် အရေးမကြီးဘူး။ အရေးကြီးတာက အနာဂတ်ခိုင်မာရေးပဲ။ အခု ကလေးတွေက ပညာတတ်ရမယ်။ သူတို့မိဘတွေထက် အဆင့်မြင့်သွားရမယ်။ မိဘတွေကတောင်ယာလုပ်စားလို့ သားသမီး တွေက၊ ကလေးတွေက တောာင်ယာလုပ်စားရမယ်လို့မဟုတ်ဘူး။ ဆရာဝန်ဖြစ်ချင်တဲ့သူက ဆရာဝန်ဖြစ် သွားတဲ့ အနေအထားကို ရောက်သွားမယ်။ တောင်ယာပဲ လုပ်စားချင်တဲ့သူကတော့ သူတို့သဘောပဲပေါ့။ ကျွန်မတို့က တောင်ယာ တွေပဲ လုပ်စားချင်တယ်လို့ပြောတယ်။ တကယ်ပဲ လုပ်စားချင်ပါ့မလား။

သမီးတို့ အရပ်ပြောနဲ့ပြောရင် တောင်ယာ လုပ်စားချင် တယ်ဆိုတာလဲ သမီးက ဘွဲ့ရပြီးပြီ အလုပ်ကမရဘူး။ အဲဒါလဲရှိသေးတယ်။

အဲတော့၊ သမီးကနားမှမထောင်ဘဲ။ အလုပ်အကိုင် ဖန်တီးရပါတယ်ဆိုတာကို နားမထောင်ဘူး။ အလုပ် အကိုင်ဖန်တီးရေးက တစ်ခြားအလုပ်အကိုင်နဲ့ အစားထိုးလို့မရဘူးလား။ တောင်ယာမလုပ်ချင်ရင် တခြားအလုပ် လုပ်လို့ရတယ်။ တော်တော်များများက တောင်ယာကိုပဲ ဆက်လုပ်ချင်လို့လား။

မြေယာဆိိုတာ ကိုယ့်မှာရှိရင် ပညာ တတ်တတ် မတတ် တတ် လုပ်စားလို့ရတယ်။

သားသမီးတွေက တောင်ယာပဲလုပ်ချင်လို့လား။ ဒါကို စဉ်းစားရမယ်။ မိဘတွေက ဘွဲ့ရပညာတတ်ဖြစ် အောင် လုပ်ပေးရမှာပါ။ မနက်ဖြန်၊ သန်ဘက်ခါ ဒေသ ခံတွေရဲ့ လိုအပ်ချက်ကိုစိစစ်ပြီး အကောင်အထည်ဖော် မှာ။ အဲဒီအခါကျရင် သမီးတို့လိုအပ်ချက်ကို ပြောကြ ပါ။ စာနဲ့ရေးပြီးတင်ကြပါ။

အစိုးရက ပြောတာတခြား၊ လုပ်တာတစ်ခြားဆိုတော့ သမီးတို့ကတော့ မယုံရဲဘူး။

အစိုးရက ကတိကဝတ်အတိုင်း မလုပ်လို့ရှိရင် အ မေ ဒီကိစ္စကို တာဝန်ယူတယ်။ အမေ့ကိုမယုံရင်တော့ အမေ မတတ်နိုင်ဘူး။ ယုံပါလို့လည်း မပြောချင်ဘူး။

မယုံဘူး။ အစိုးရကိုယ်လည်း မယုံဘူး။ ကုမ္ပဏီကိုလည်း မယုံဘူး။

မယုံလို့ရှိရင် မတတ်နိုင်ဘူး။ ဒါပေမဲ့ အမေကတော့ အမှန်အတိုင်းပဲပြောမယ်။ မယုံလို့ရှိရင် မယုံတဲ့ အတိုင်းနေသွား။ ဒီလုပ်ငန်းကို ဆက်ပြီးတော့ လုပ်ဖို့ အမေကအကြံပြုတာ။ ဒီတောင်ကို ဖြိုမှာတော့ အမေ မဟုတ်ဘူး။

အဲဒါဆို ဒီမြေစာတွေလည်း ဒီယာတွေအပေါ် အကုန်ပုံမှာ ပဲပေါ့။

အကုန်ပုံမှာ မဟုတ်ဘူး။ သူ့ရဲ့ ပုံသင့်တဲ့နေရာမှာ ပုံမယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင် ပြန်လည်စိမ်း လန်း စိုပြေရေးအတွက် လုပ်သွားမယ်။ ဒီစီမံကိန်းတွေကတော့ အကောင်အထည်ဖော်သွားမှာပဲ။

ဒီစီမံကိန်းပြီးရင် ပြီးပြီးရော သူတို့လုပ်သွားကြမှာလား။

ဘယ်ဟုတ်မလဲ။ မဖြစ်ခင်တော့ ဒီလို ဆုံးဖြတ်လို့ မရဘူး။ အဲဒီတော့ ကြည့်ပြီးတော့မှ ဆုံးဖြတ်ပါ။ မကြည့်ဘဲနဲ့ ဆုံးဖြတ်ချက်မချပါနဲ့။ ဒါကတော့ စောင့်ကြည့်သွားရမှာပါ။

အစိုးရက ပြောတာတခြား၊ လုပ်တာတခြား၊ အမိန့်ထုတ် တော့လည်းတစ်ခြား၊ သူတို့ပဲ သူတို့ဥပဒေသူတို့ ချိုး ဖောက်တာ။

အဲဒါကို စောင့်ကြည့်ရမှာပေါ့။ ဥပဒေချိုးဖောက် လားဆိုတာကို။

သမီးတို့တောသူတွေက အတော့အတယ်၊ ရိုးတော့ ရိုးတယ်၊ မလည်တာသာ ဖြစ်ရင်ဖြစ်မယ်။ သိပြီးသား တွေ၊ အကုန်သိတယ်။

သမီးဘာမှ ပြောင်းလဲမှု မရှိဘူးဆိုရင် လူတွေ အားလုံး ဘာလို့ကြိုးစားနေကြလဲ။

ကြိုးစားတာပေါ့၊ လက်ပံတောင်းတောင်ကြီးကို မဖြိုခွဲဖို့ အရေးကို။

အဲဒါကို ပြောနေတာမဟုတ်ဘူး။ လူတွေက ဘာမှ မပြောင်းလဲနိုင်ရင် ဘာလို့ ဘဝမှာ ရုန်းကန်နေကြ လဲ။

ပြောင်းလဲတာက လူထုရဲ့ ဆင်းရဲဒုက္ခပြောင်းလဲတာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ တောင်တန်းတွေနဲ့ လယ် ယာမြေတွေ သိမ်းတာတွေ ပြောင်းလဲနေတာ။ ဒေသခံ တွေကတော့ မပြောင်းလဲဘူူး။ ဒီဆန်ပြုတ်ပဲသောက်ရမှာ ပဲ။ အဲဒါကြီး ဖြိုလိုက်ရင် ဆန်ပြုတ်မပြောနဲ့ ရေတောင် သောက်ရမှာ မဟုတ်ဘူး။

အဲဒါတော့ စောင့်ကြည့်ရမှာပေါ့။ ဒါတော့ အမေလည်း မငြင်းချင်ဘူး။ မယုံမှတော့ ငြင်းနေလို့လည်း ဘာမှမထူးဘူး။ ဘာဖြစ်မလဲဆိုတာကို အဖြစ်ကိုကြည့် ပြီးမှ ဆုံးဖြတ်ရမှာပဲ။ မယုံပါဘူးဆိုတာကိုတော့ ယုံပါလို့ အမေမပြောနိုင်ဘူး။

ကျွန်မတို့ ဒေသခံတွေကတော့ ဒီတောင်ကြီးကို မဖြိုဖို့ တောင်းဆိုချင်ပါတယ်။

ဟုတ်ကဲ့၊ တောင်းဆိုပါ။ ဆက်ပြီးတော့တောင်းဆို ပါ။ ဆက်ပြီး တောင်းဆိုခွင့်ရှိတယ်။ ဒါပေမဲ့ အမေက တော့ မှန်တယ်ထင်တဲ့အတိုင်းပဲ လုပ်သွားတော့မယ်။ မှန်တယ်ထင်တဲ့အတိုင်းပဲ ဆက်လုပ်မှာပဲ။

အမေစုကို ချစ်လို့ ခွပ်ဒေါင်းအလံကို ဘုရားစင်ပေါ် တင်ထားတယ်။ အမေစုပုံကြီးတွေကိုချဲ့ပြီး နံရံမှာ ချိတ် ထားတယ်။ အမေစုကတော့ သမီးတို့ကို မချစ်တာပါ။ ဒေသခံတွေက ချစ်တာကို အမေစုကအချစ်မခံတာ။

အဲဒါ ချစ်တာမဟုတ်ဘူး။ သမီးသာ အမေ့ကိုချစ်တယ်ဆိုရင် ဒီလိုစကားတွေပြောနေမှာမဟုတ်ဘူး။ အချစ် ခံတယ်ဆိုတာ အလိုလိုက်တာမဟုတ်ဘူး။ သမီး ပြောချင်တာက ကိုယ်လုပ်ချင်တာလုပ်ပေးမှ ချစ်တယ် လို့ ပြောချင်တာ။ ချစ်တယ်ဆိုတာ ကိုယ်လုပ်ချင်တာလုပ် လည်း ချစ်ရမှာပဲ။ လုပ်ချင်တာမလုပ်လည်း ချစ်ရ မှာပဲ။ တကယ် ချစ်တယ်ဆိုတာ အဲလိုရွေးတာမဟုတ်ဘူး။ အမေနားလည်တယ်။

သမီးတို့ ချစ်မြတ်နိုးတဲ့ လက်ပံတောင်းတောင်ကိုတော့ လုံးဝအဖျက်မခံနိုင်ဘူး။

ရတယ်။ လက်ပံတောင်းတောင်ကိုချစ်ရင်လည်း ချစ်ပါ။ အမေ့ကို မချစ်ဘူးဆိုလည်းရတယ်။

အမေ့ကိုချစ်တယ်။ အမေကအချစ်မခံတာ။

အချစ်မခံတာမဟုတ်ဘူး။ သမီးက အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်ဘူး။

အမေ့ကိုမချစ်တာ မဟုတ်ဘူး။ အမေ့ကို ဘုရားနဲ့ တစ် ဂိုဏ်းထဲတောင် ထားခဲ့တာ အမေ။

အဲလိုဆိုရင်၊ အမေ့ကို ချစ်မြတ်နိုးတယ်ဆိုရင် ဘာဖြစ်လို့ ဒီစကားတွေ အမေ့ကို ပြောနေလဲ။

ဒီတောင်ကြီးကို မဖြိုချင်လို့။

အဲဒီတော့ ဒီတောင်ကြီးကို ပိုချစ်လို့ပဲ။ အဲဒါကိုပဲ ချစ်တော့။

393716_491252764269374_577064538_n

 

 

ဒါလေးကိုအသေးစိတ်ဖတ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ရပ်တည်ချက်ကို

ကွက်ကွက်ကွင်းကွင်း မြင်နိုင်သလို….ဒေသခံအမျာစုက အစီရင်ခံစာကိုတောင်သေသေချာချာ

နားလည်ဖို့မပြောနဲ့ ကောင်းကောင်းတောင်ဖတ်မကြည့်ကြသေးတာထင်ရှားပါတယ်…..

ကြေးမုံသတင်းစာမှာ အသေးစိတ် အစီရင်ခံစာကိုဖတ်ချင်ရင်တော့..ဒီအောက်ကလင့်မှာ

pdf ဖိုင်နဲ့ ဒေါင်းလုပ်နိုင်ပါဂျောင်းး

http://www.thithtoolwin.net/2013/03/lpdcommissionreport12-03-13.html#.UUfWyTeqrFy

ထောက်ခံတာ မထောက်ခံတာကတော့ မိမိတစ်ဦးချင်းစီ၏ သဘောသာဖြစ်ကြောင်းပါ

ကျုပ်ကတော့ ဖတ်ကြည့်စေချင်လို့မျှဝေရုံသက်သက်ပါ။

လမ်းဆက်ရှောက်နေတဲ့

ကြီးမိုက်။

 

 

 

 

 

 

 

 

18 comments

  • KZ

    March 19, 2013 at 10:06 am

    ကိုကြီးမိုက်ရေ။
    ပြောချင်တာတွေတော့ မပြောတော့ဘူး။
    စိတ်တိုရင် ဆဲချင် ဆိုချင်တာတွေက လည်း အကျင့်ဆိုးကြီးကလား။ :mrgreen:
    စိတ် ထဲမှာ မြိုချလိုက်ပြီ။
    ဂလု။
    :mrgreen:

    ဟိုဘက်မှာ တနေ့က တဂျီးမင်းတင်ထားတဲ့ ဆရာမ မျိုး ပို့(စ) ကို ဖတ်ပြီးသွားလို့။
    :mrgreen:

    • kyeemite

      March 19, 2013 at 10:45 am

      ဦးဆုံးဝင်ဖတ်ပီး ကွန်မင့်ပေးတဲ့အတွက် ကျေးကျေးပါဗျာ…
      ရွာသူသားတွေ အမြင်လေးတွေသိချင်လို့တင်လိုက်တာပါ..

  • ဦးဦးပါလေရာ

    March 19, 2013 at 10:33 am

    ဘာမှအကြောင်းပြစရာမရှိလို့ တောင်ကြီးကို ချစ်တယ်၊ချစ်လို့ ဆိုတဲ့
    ပတ်ဝန်းကျင်ထိမ်းသိမ်းရေးစကားကြီး အလွတ်ကျက်ပြီး ခါတော်မီထပြောတာ
    ဗြောင်လိမ်တာပဲဖြစ်တယ်။

    ကိုယ်နာမည်ကြီးအောင် ဖြတ်လမ်းနည်းသုံးပြီး နိုင်ငံရေးနယ်ထဲဝင်ရအောင်
    ပြည်ပသတင်းဌာနတွေနဲ့ အင်တာဗျူးပြီး ခါတော်မီသူရဲကောင်းလုပ်ပြသူတွေကို
    နာမည်ရုပ်ပုံနဲ့တကွ အသေအချာမှတ်ထားကြသင့်ပါတယ်။
    နောင်မျိုးဆက်လူငယ်တွေကိုပါ လက်ဆင့်ကမ်းပြောပြသင့်ပါတယ်။
    ဒါမှ မေ့လောက်ပြီထင်ပြီး နောက်ဖေးပေါက်က စင်ပေါ်တက်လာရင် သတိပြုမိမှာဖြစ်ပါတယ်။

  • ကြောင်ဝတုတ်

    March 19, 2013 at 11:14 am

    ပြောရရင်…

    သမီးတို့က စာမဖတ်တတ်တော့ ဖတ်မကြည့်ဘူးပြောတယ်…

    သမီးတို့ အရပ်ပြောနဲ့ပြောရင် တောင်ယာ လုပ်စားချင် တယ်ဆိုတာလဲ သမီးက ဘွဲ့ရပြီးပြီ အလုပ်ကမရဘူး။

    ဒီလိုလဲပြောပြန်တယ်…

    သမီးတို့ ချစ်မြတ်နိုးတဲ့ လက်ပံတောင်းတောင်ကိုတော့ လုံးဝအဖျက်မခံနိုင်ဘူး။
    ဖြစ်ပြန်ရော….

    အိုကွယ်…
    တတ်လဲတတ်နိုင်ပါ့…

    ဒီတောင်ကို ဖြိုလာတာ အခုမှလဲမဟုတ်…
    နှစ်ပေါင်းများစွာ… အခုမှထချစ်ကြတာလား…

    အင်ဗိုက်ရော်မန်တယ်ကိုလဲမသိ…
    လုပ်ထုံးလုပ်နည်းကို နားမလည်…
    ဥပဒေကို မျက်ကွယ်ပြု…
    မိမိအတ္တ… လူတစ်စုရဲ့အတ္တပဲနားလည်တဲ့…လူတွေ…
    လက်ရှိကိုပဲ ဖက်တွယ်ပြီး… အနာဂတ်ကိုမတွေးတဲ့ဦးနှောက်တွေ…
    ဒီမြန်မာနိုင်ငံတိုးတက်ဖို့ လမ်းပိတ်နေပါပေါ့လား….

    ကြောင်ဝတုတ်

  • ဦးကြောင်ကြီး

    March 19, 2013 at 11:15 am

    ကမာ္ဘကျော် နိုင်ငံရေးဂေါင်းဆောင်တယောက်နဲ့ ဒေသခံကျေးလက်ပြည်သူ၊ လှုပ်ရှားတက်ကြွသူအချို့ အပြန်အလှန်ပြောတာကို ဝိတ်ခြင်းယှဉ်မသင့် ထင်တာပဲ။ ယေဘူယျ ဖတ်လိုက်တော့ ဘွားဒေါ်ဂျီး တရုတ်ဖက် သိပ်လိုက်လွန်းလို့ ဖြစ်ကုန်တာ ပြောချင်တယ်။ အစီရင်ခံစာရေးစဉ် တရုတ်၊ ဦးပိုင်၊ အစိုးရနဲ့သာ ကန့်လန့်ကာနောက် တိုင်ပင်ပြီး ဒေသခံအဖွဲ့စည်း လှုပ်ရှားသူတွေကို မျက်ကွယ်ပြုထားပုံရတယ်။ အဲဒါ ဘွားဒေါ်ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ရင်ကောင်းမယ်။ ပြီးစလွယ်တော့ မပြောနဲ့နော် မေမေစု၊ မှတ်တမ်းဗျ မှတ်တမ်း။ ဘွားဒေါ်ဖြေတာတခုမှာ အတိတ်ကို ထားခဲ့၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဦးတည်ရအောင်ဖြေတယ် – ရွာသားတွေက အစိုးရကို မယုံလို့ပြောတော့။ သူပြောတဲ့ အတိတ်ဆိုတာ လွန်ခဲ့တဲ့ အနှစ်၂၅လည်းအတိတ် (၁၉၈၈) ငါးနှစ်လည်းအတိတ် (ရွှေဝါရောင်၊ နာဂစ်မုန်တိုင်း၊ အခြေခံအုပဒေ) နှစ်နှစ်လည်းအတိတ် ရွေးဂေါက်ပွဲ၊ ငါးလလည်းအတိတ် (လက်ပံတောင်ဖြိုခွဲမှု) တလလည်းအတိတ် (မအူပင်လယ်သမားအရေး) ဆိုတော့ ဘာကျန်သေးတုံး။ အဲဒါ နိုင်ငံရေးသမားစကား ဥပမာပဲ။ မှားတယ် မပြောဘူးနော်၊ နိုင်ငံရေးသမား သူ့အလုပ်သူလုပ်တာ၊ အဲဒါကို ဘုရားတဆု ဂူတလုံး ကိုးကွယ်နေတာ ကာကွယ်နေတာ အမွှမ်းတင်နေတာကို လက်မခံတာ။ မင်းကိုနိုင် မော်နီတာ ဂျာနယ် အင်တာဗျူးမှာ သူက အစီရင်ခံစာမှာ ဆူပူဆန္ဒပြတယ် သုံးတာ မှားတယ်။ ရိုးရိုး ဆန္ဒပြတယ် သုံးရင် မရဘူးလားတဲ့။ ပတ်ဝန်းကျင် ပျက်ဆီးမှု အတော်များများ ဖုံးကွယ် လျော့ရေးထားတယ်တဲ့။ ဆန္ဒပြသူတွေကို အပြစ်တင်ပြီး သက်ဆိုင်ရာ တာဝန်ရှိရဲတွေ ပုဂ္ဂိုလ်တွေကြတော့ လေ့ကျင့်မှု အားနည်းလို့ ကာကွယ်ပေးထားတယ်။ ဘယ်သူပစ်မိန့်ပေးလဲ မရေးထားဘူး။ မီးခိုးဗုံးနဲ့ မီးလောင်ဗုံး မရှင်းမရှင်း လုပ်ထားတယ်။ ဦးသိန်းစိန် အစိုးရ ခေါင်းဖင်ကျိန်းရမှာ ဘွားဒေါ်ဂျီးက စေတနာ့ရှင် ဝင်လုပ်ကယ်တော့ ခံပေါ့ဗျာ ဒီလောက်တော့…

  • marga thagyar

    March 19, 2013 at 11:17 am

    Local residents(villagers) are honest and sincere basically.They have only few knowledge.They have been used by politician as stepping-stone.

  • kyeemite

    March 19, 2013 at 11:55 am

    ဒီနေရာမှာ အစီရင်ခံစာနဲ့ပါတ်သက်ပီး ကိုမင်းကိုနိုင်ပြောတာလေးလည်း
    သတိပြုမိဖို့ကောင်းလို့…..ဖေါ်ပြချင်တယ်….
    လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်သုံးသပ်သည်ကို သိရှိနိုင်ရန် The Messenger ဂျာနယ်မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာပြီဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားက ဘယ်လိုလဲ။

    ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေတာကို ကျွန်တော် တို့သိပါတယ်။ အဓိက ကတော့ ဒါဟာ အစီရင်ခံစာ ပဲဖြစ်တယ်။ အစီရင်ခံစာဆိုတာဟာ နောက်ဆုံးအပြတ်ချတဲ့ အမိန့်မဟုတ်ဘူး။ အစိုးရကအပြီးအပြတ်ချတဲ့အမိန့် မဟုတ်ဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီ အစီရင်ခံစာ အပေါ်မှာ အခြေခံပြီးတော့မှသာရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို စဉ်းစားရမှာဖြစ်တယ်။ အဲဒါ လေးကိုတော့ ရှင်းကြဖို့လိုတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့ က တစ်စုံလုံးကို ကန့်ကွက်တာမျိုး တစ်စုံ လုံးကိုထောက်ခံတာမျိုး၊ ဘယ်လိုမှလည်း လုပ်စရာ မလိုဘူး။ နောက် တစ်ချက်က အဲဒီအစီရင်ခံစာပေါ်မှာ အခြေခံ စဉ်းစားရုံတင်မကဘူး။ အဲဒီအစီရင်ခံစာပေါ်မှာ သဘောထားကွဲလွဲ တဲ့ ဒေသဆိုင်ရာကပုဂ္ဂိုလ်တွေ ဒေသခံ ပြည်သူတွေရဲ့စိုးရိမ်မှု သဘောမတူမှုတွေကို အေးချမ်းစွာ ပြောဆိုခွင့် ဖော်ထုတ်ခွင့်ပေးပါ။ အဲဒီနှစ်ချက်အပေါ် အကောင်းဆုံးအဖြေရှာပြီး အကောင်းဆုံးဖြစ်တဲ့လမ်းကို ရွေးရပါလိမ့် မယ်။

    အပြည့်အစုံကတော့..ဒီမှာပါ
    http://www.facebook.com/notes/messenger-news-journal/%E1%80%9C%E1%80%80%E1%80%B9%E1%80%95%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%81%E1%80%B6%E1%80%85%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%95%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%81%88%E1%81%88%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%86%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%82%8F/491254107602573

  • kai

    March 19, 2013 at 1:41 pm

    သားတို့လည်း လကမ္ဘာကြီးကိုချစ်တယ်..
    လကမ္ဘာကအလင်းရောင်ကို လူတွေညဆိုယူယူသုံးနေတာ…
    ပြန်လျှော်ပေး… ပြန်လျှော်ပေး..
    သပိတ်သပိတ်.. မှောက်မှောက်..
    တောကြောင်.. တောကြောင်ထထ.. :kwi:

  • မောင် ပေ

    March 19, 2013 at 2:25 pm

    ကျုပ်ကတော့ ရွာသူားတွေကိုပဲ သနားမိတယ်
    ဘာစာမှလဲ မဖတ်တတ် ၊ ဖတ်တတ်တဲ့လူကြတော့လဲ စာကို သေချာမဖတ်
    ပွဲလန် ့တုန်းဖျာခင်းတဲ့ မအေxိုးတွေ စကားနားဝင်ပြီး
    ပွဲထဆူတော့
    ကဲ…အခု… အဲ့မှာ အလုပ်မရှိပဲ ဆန္ဒပြနေတဲ့ တစ်ကယ့်ရွာသူားတွေကို ထမင်းကျွေး ၊ ဆန်ဆီဆား ထောက်ပံ့ နေတဲ့ အဲ့ဒေသနားက စေတနာရှင်တွေ က စေတနာတုံးရောပေါ့
    ငတ်ကြပေရော့

  • mobile

    March 19, 2013 at 2:48 pm

    ဟူးးးးးးးးးးးးးးးးးးးးးးးး
    ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သတ်ပီး ကျုပ်မှာလည်း နစ်နာမှုတွေရှိတယ်…..ကျုပ်ကမုံရွာကဆိုတော့..
    ဟိုးးး အရင်က ကျုပ် လက်ပံတောင်းက မဒီကညာတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ကြတယ်ပေါ့…..
    အခုကြေးနီတောင်စီမံကိန်းလုပ်တဲ့ နေရာဝန်းကျင်မှာပဲ သစ်ပင်တစ်ပင်ရဲ့အောက်မှာ မကြာခဏ
    ချိန်းတွေ့ဖြစ်ကြတယ်……. အခုစီမံကိန်းကြောင့် အဲ့ဒီသစ်ပင်မရှိတော့ဘူး…………..
    ချိန်းတွေ့ဖို့ အဆင်မပြေတော့ဘူး….
    အဲ့ဒါ ကျုပ်လည်း ပြည်သူပြည်သား တစ်ယောက်အနေဖြင့် နစ်နာမှုရှိခဲ့တယ်……………
    အဲ့ဒါကို ဘယ်လိုပြန်လုပ်ပေးမယ် ဆိုတာ အစီရင်ခံစာထဲမှာ မပါဘူး………………….
    ဒါ့ကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပီး မကျေနပ်ဖူလို့ပြောချင်တယ်……………………

  • စိုင်းထင်ရာ

    March 19, 2013 at 4:27 pm

    အော် …
    ဖတ်ရတာအလွန်ကောင်းပါတယ်ဗျာ။ သတိထားမိတာကတော့ ” ဦးဇင်းက တရားကို ဘေးချိတ် ဥပဒေကို ပြောမယ်တဲ့လား ကျွန်နော်တို့နဲ့ သိတဲ့ဘုန်းဘုန်းကြီးများ ကြားရဖတ်ရရင် အလွန်ဒေါသထွက်မယ်ထင်တယ်။ဆန့်ကျင်ဦးဆောင်သူကလဲ စာသေချာမဖတ် မလေ့လာဘဲ လူတွေကိုသွေးဆူအောင်သပ်သပ် လုပ်နေတဲ့ပုံစံမျိုးပါလား။
    အံ့ဩစရာပါဘဲဗျာ နိူင်ငံရေးကိုစနစ်တကျနဲ့ လုပ်တတ်သူတွေ အများကြီးလိုမယ်ထင်မိပါတယ်။

  • ရွှေတိုက်စိုး

    March 19, 2013 at 4:45 pm

    အော် တောသူမ တဲ့.. အမေစုလို အင်တာနေရှင်နယ်နောလေ့ခ် ရှိတဲ့သူတောင် တခွန်းမခံပြန်ပြောနိုင်တယ်နော်………. ဟေဟေဟေ့ အာဂ တောသူမ ပဲ… (နွယ်ပင်မဟုတ်)…..
    တကယ် တောသူတောင်သားတွေဆို ထွန်းဂျစ်တောင် စလုံးမပေါင်းတတ်ကျတာတွေ ရှိတယ်……
    တကယ်လိုအပ်နေသူတွေ ကို ထိထိရောက်ရောက် ကူညီစောင့်ရှောက်နိုင်ပါစေ လို.ပဲ စုတောင်းရတော့တာပဲဗျာ……….

  • MaMa

    March 19, 2013 at 4:45 pm

    Bravo! ကိုကြီးမိုက်။
    :hee:

  • အတွေးလေး

    March 19, 2013 at 10:11 pm

    ပြောင်းလဲတာက လူထုရဲ့ ဆင်းရဲဒုက္ခပြောင်းလဲတာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ တောင်တန်းတွေနဲ့ လယ် ယာမြေတွေ သိမ်းတာတွေ ပြောင်းလဲနေတာ။ ဒေသခံ တွေကတော့ မပြောင်းလဲဘူူး။ ဒီဆန်ပြုတ်ပဲသောက်ရမှာ ပဲ။ အဲဒါကြီး ဖြိုလိုက်ရင် ဆန်ပြုတ်မပြောနဲ့ ရေတောင် သောက်ရမှာ မဟုတ်ဘူး။

    အဲဒါ ချစ်တာမဟုတ်ဘူး။ သမီးသာ အမေ့ကိုချစ်တယ်ဆိုရင် ဒီလိုစကားတွေပြောနေမှာမဟုတ်ဘူး။ အချစ် ခံတယ်ဆိုတာ အလိုလိုက်တာမဟုတ်ဘူး။ သမီး ပြောချင်တာက ကိုယ်လုပ်ချင်တာလုပ်ပေးမှ ချစ်တယ် လို့ ပြောချင်တာ။ ချစ်တယ်ဆိုတာ ကိုယ်လုပ်ချင်တာလုပ် လည်း ချစ်ရမှာပဲ။ လုပ်ချင်တာမလုပ်လည်း ချစ်ရ မှာပဲ။ တကယ် ချစ်တယ်ဆိုတာ အဲလိုရွေးတာမဟုတ်ဘူး။ အမေနားလည်တယ်။
    ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြောရမလဲဗျာ နားမလည်နိုင်တော့ဘူး လိုက်လို့မမှီနိုင်တော့ပါဘူးဗျာ။

  • uncle gyi

    March 19, 2013 at 10:35 pm

    မနေနိုင်လို့တခုလောက်ဝင်ပြောအုန်းမယ်ကိုကျီးရေ
    ကိုကြောင်ကမီးခိုးဗုံးနဲ့မီးလောင်ဗုံးမရှင်းမရှင်းရေးထားတယ်ပြောလို့
    အန်ကယ်ဖတ်ပြီးမှတ်မိသမျှဒေါ်စုပြောတာရှင်းသလားလို့
    မီးခိုးဗုံးပါမီးလောင်ဗုံးမဟုတ်ပါဘူးလို့အတိအလင်းပြောသွားတာပါ
    သူတို့စုံစမ်းရေးကဗုံးထုတ်တဲ့နေရာအထိသွားပြီးစမ်းသပ်ပြီးမှပြောတာပါတဲ့
    မီးခိုးဗုံးကိုမီးလောင်ဗုံးလို့ပြောနိုင်ဘူးဆိုပဲ
    ဒါလည်းမင်းကိုနိုင်တို့ကမကျေနပ်သံထွက်ပါတယ်
    စုံစမ်းရေးထဲထည့်တော့မပါဝင်နုတ်ထွက်ပြီး
    စာထွက်လာမှအိုးပြောဂျိုးပြောကတော့မကောင်းဖူးလားလို့

    • ဦးကြောင်ကြီး

      March 20, 2013 at 8:34 am

      အဲလို ပြောဖို့ကို တမင်မပါဘဲ နေတာလေဗျာ.. အန်တယ်ဂျီးတို့ကလည်း ခြစ်မိတာနဲ့ တဂိုလုံး ပုံအပ်တော့တာကိုး… တဝက်လောက်ပဲ စရံသတ်ရတယ်ဗျ။

  • padonmar

    March 19, 2013 at 10:54 pm

    ဘရာကြော်ပါ ဦးကြီးမိုက်။
    ကြာရင် တစ်ရွာလုံးနဲ့ ဦးကြောင် တစ်ဖက်စီ ဖြစ်တော့မယ်။
    power balance လုပ်ပေးနေတာထင်တယ်။

    • kai

      March 19, 2013 at 11:48 pm

      ပါဝါချိန်ခွင်လျှာညီအောင်.. ကျုပ်က..ကိုကြောင်ကြီးဖက်က.. ဝင်ပါရေးမလားတွေးနေတယ်ဗျို့..။ :kwi:

Leave a Reply