မွေတော်ကက္ကူဘုရား

weiweiMarch 19, 20134min43715
ပုံ (၁)
ပုံ (၁)
ပုံ (၂)
ပုံ (၂)
ပုံ (၃)
ပုံ (၃)
ပုံ (၄)
ပုံ (၄)
ပုံ (၅)
ပုံ (၅)
ပုံ (၆)
ပုံ (၆)
ပုံ (၇)
ပုံ (၇)
ပုံ (၈)
ပုံ (၈)
ပုံ (၉)
ပုံ (၉)
ပုံ (၁၀)
ပုံ (၁၀)
ပုံ (၁၁)
ပုံ (၁၁)
ပုံ (၁၂)
ပုံ (၁၂)
ပုံ (၁၃)
ပုံ (၁၃)
ပုံ (၁၄)
ပုံ (၁၄)
ပုံ (၁၅)
ပုံ (၁၅)
ပုံ (၁၆)
ပုံ (၁၆)
ပုံ (၁၆)
ပုံ (၁၆)

…မွေတော်ကက္ကူဘုရားက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကျေးရွာအနီးတွင် တည်ရှိပါတယ်။ တောင်ကြီးမြို့မှ မိုင် (၂၈) မိုင် ကွာဝေးပြီး ကားနဲ့သွားရင် တစ်နာရီကျော်လောက်ပဲ မောင်းရပါတယ်။ လမ်းတစ်လျှောက်စိမ်းစိုနေတဲ့စိုက်ခင်းတွေ၊ အေးမြလတ်ဆတ်တဲ့ လေကောင်းလေသန့်တွေက စိတ်ကိုကြည်နူး လန်းဆန်းစေပါတယ်။ လမ်းတစ်လျှောက် ကြက်သွန်ဖြူ စိုက်ခင်းတွေကို တွေ့ရပါတယ်။

ကြက်သွန်ဖြူ စိုက်ခင်းများ
ကြက်သွန်ဖြူ စိုက်ခင်းများ

တောင်ကြီးကို သွားလည်တာ အခုတစ်ခေါက်ပါဆိုရင် (၄) ကြိမ်ရှိပြီဖြစ်ပေမယ့် မွေတော်ကက္ကူဘုရားကို အခုမှ ပထမဆုံးအကြိမ်သွားဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေနဲ့ နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် ယခင်အခေါက်တွေတုန်းက မရောက်ဖြစ်ခဲ့ပါဘူး။ ရောက်ပြီဆိုတာနဲ့ စေတီအများကြီးတစ်စုတစ်ဝေးထဲတွေ့လိုက်ရလို့ တော်တော်အံ့ဩသွားပါတယ်။
တစ်နှစ်တွင် တန်ဆောင်မုန်းလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့တွေမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ပါတယ်။ ကျွန်မတို့ ကားရပ်လိုက်တာနဲ့ ဘုရားဘေးပတ်ဝန်းကျင်မှာ ညှို့ညှို့မှိုင်းမှိုင်းနဲ့ အုံ့အုံ့ဆိုင်းနေတဲ့ သစ်ပင်မြင့်မြင့်၊ အကြီးကြီးတွေနဲ့ ဈေးတန်းတွေက အေးချမ်းပြီး စည်ကားလို့နေပါတယ်။

ဘုရားစေတီတွေအများကြီးကို အားလုံးပါအောင် ဓါတ်ပုံရိုက်လို့ မရခဲ့တာကို အားမရဖြစ်မိတယ်။ လေယာဉ်ပျံပေါ်ကနေ ရိုက်ယူချင်စိတ်တောင် ပေါက်ခဲ့မိပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားရိုက်ယူထားတဲ့ဓါတ်ပုံများနှင့် အင်တာနက်ထဲမှ မွေနှောက်ရှာဖွေထားသော သမိုင်းကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဘုရားသမိုင်းအား အောက်ပါလင့်မှ ကူးယူဖော်ပြထားပါသည်။

http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:56184

ကက္ကူမွေတော်ဘုရားကို ဒေသခံတိုင်းရင်းသား ပအိုဝ်းအမျိုးသားတွေက မပျောက်မပျက်အောင်
အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြတာပါ။ ကက္ကူ…ဟူသည် ပအိုဝ်းတိုင်းရင်းသား ဘာသာစကားမှာ
အသံနှစ်မျိုးပေါင်းစပ် ထားခြင်းဖြစ်သည်။ ကက် (ကဲက်)+ကူ=ကက္ကူ၊ ကက်(ကဲက်) မှာ ကင်းစခန်းဖြစ်သည်။
ကူ မှာ နယ်ခြားဖြစ်သည်။ အသံနှစ်ခုပေါင်းစပ်ထားသော ကက္ကူသည် နယ်ခြားစခန်းဖြစ်သည်။
ကက္ကူမွေတော်ဘုရားတည်ရှိရာဒေသသည် ရှေးခေတ်အခါတွင် ဆီဆိုင်စော်ဘွားနှင့် ညောင်ရွှေစော်ဘွားနယ်တို့၏ အစပ်ဒေသဖြစ်သည်။ သို့ဖြစ်၍ ဤနယ်ခြား ကင်းစခန်းနေရာ ရပ်ရွာဒေသတွင် တည်ရှိ၍ ကက္ကူဘုရားဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

…ယင်းထက် လေးနက်သော အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်ကား… ကက္ကူစေတီတော်တွင် ဂေါတမဘုရားရှင်၏ ဓါတ်တော်မွေတော်ကို ဌာပနာထားသည်။ ဘုရားစေတီ၏ ဘွဲ့အမည်ကိုမူ နောင်တော်ကကုသန်ဘုရားရှင်၏
ဘွဲ့အမည်တော်ကိုယူ၍ (ကက္ကူ) ဟု အမည်မှည့်ထားခြင်းဖြစ်သည်။ ဤဘဒ္ဒကပ်ကမ္ဘာတွင် ရှေးဦးစွာ
ပွင့်ထွန်းလာသော အကြီးဆုံးဖြစ်သည့်နောင်တော် ကကုသန္ဓဘုရားရှင်အား
ဂုဏ်ပြုပူဇော်လိုသောကြောင့်လည်းဖြစ်သည်။ တိုခြင်း၊ ပေါ့ပါးခြင်း၊လွယ်ကူခြင်းကို
ကြိုက်နှစ်သက်တတ်သော လူ့ဓလေ့ဝသီကြောင့် ကကုသန်မှ သန်ကိုချန်ထား၍
ကကုဖြစ်ရသည်။ ထိုမှ ကက္ကူ (အသံထွက် ကတ်ကူ)သို့ ရွှေ့လျောပြောင်းလဲလာခြင်း
ဖြစ်ကြောင်းသိရသည်။

…ဤကက္ကူမွေတော် ဓါတ်မြတ်ကျော်ကို စတင်တည်ထား ကိုးကွယ်သည့်
ပုဂ္ဂိုလ်များမှာလည်း လူအများ၏ အကျိုးစီးပွားအတွက်၊ လူအများ ချမ်းသာရန်အတွက်
သာသနာပြုရန် ဘုန်းကံပါရမီရှိသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်သည့် ရှင်သောဏနှင့် ရှင်ဥတ္တရ
ရဟန္တာမထေရ်မြတ်တို့နှင့် စေတီပေါင်း(၈၄၀၀၀) ရှစ်သောင်းလေးထောင်တည်ထား ကိုးကွယ်သော
သာသနာပြုဒါယကာ သာသနာ့အမွေခံထိုက်သော ဧကရာဇ်ဘုရင်မင်းမြတ် သီရိဓမ္မာသောကမင်းကြီးတို့ပင်
ဖြစ်သည်။

…ဘုရင်အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး သာသနာတော်နှစ် (၂၁၈)သို့
ရောက်ရှိသောအခါ တတိယသင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်
စေတီပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်ကို တပြိုင်နက်တည်း တည်ထားကိုးကွယ်လိုသော
ဆန္ဒတော်ဖြစ်ခဲ့လေသည်။ သို့ဖြစ်၍ ရာဇဂြိုလ်၊ ဝေသာလီ၊ ကပိလဝတ်၊ အလ္လကပ္ပ၊ ဝေဌဒီပ၊ ပါဝါ၊
ကုသိနာရုံပြည်များရှိ စေတီတော်များကို တူးဖြိုစေ၍ ဓါတ်တော်များကို ရှာဖွေခဲ့ သော်လည်း တွေ့ရှိခြင်း မရှိခဲ့ပါ။
တူးဖော်ထားသော စေတီတော်များကို မူလပကတိအတိုင်း ပြန်လည်တည်ထားစေတော် မူခဲ့လေသည်။
ထို့နောက် ရာဇဂြိုလ်သို့ ပြန်လည်ကြွရောက်ကာ ပရိသတ်လေးပါး စုံညီစည်းဝေးစေပြီး ဓါတ်တော်များ
အကြောင်း စုံစမ်းမေးမြန်းရာတွင်မှ သက်တော်(၁၂၀)ရှိသော မထေရ်ကြီးတစ်ပါးက မိမိ(၇)နှစ်သားအရွယ်
ငယ်စဉ် ကာလတွင် ငါ၏ဆရာမထေရ်ကြီးနှင့်အတူ ပန်းတောင်းကိုကိုင်ကာ ကျောက်စေတီတစ်ဆူကို
သွားရောက်ဖူးမြော်ပူဇော်ခဲ့ဖူးကြောင်း မိန့်ကြားခဲ့သည်။ ထိုနေရာကို စုံစမ်းပြီး မင်းကြီးက သွားရောက်
တူးဖော်သည့်အခါ အရှင်မဟာကဿပနှင့် ဘုရင်အဇာတသတ်တို့ အဓိဌာန်ပြုပြီး တည်ထားသော
ဓါတ်တော်သိုက်ကို တွေ့ရလေသည်။

သီရိဓမ္မာသောကမင်းကြီးသည် ထိုဓါတ်တော်များကို ကောင်းမွန်စွာရရှိ၍
ကိုးတိုင်းကိုးဌာန သာသနာပြုရာဒေသ အသီးင်္သီးသို့ စေတီပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်ကို တည်ထားကိုးကွယ်စေခဲ့ခြင်းဖြစ်သည်။ သုဝဏ္ဏဘုမ္မိနိုင်ငံ (မြန်မာနိုင်ငံ)သို့ ရှင်သောဏနှင့် ရှင်ဥတ္တရတို့
ဦးဆောင်သော သံဃာအဖွဲ့ ငါးပါးတို့သည် ဓါတ်တော်များကို ပင့်ဆောင်လာ၍ သီရိဓမ္မာသောကမင်းတရားကြီး၏ တတိယသင်္ဂါယနာတင်ပွဲ အထိမ်းအမှတ်အဖြစ် ဓါတ်မွေတော် စေတီများကို တည်ထားကိုးကွယ်ကြလေသည်။ ကမ္ပည်းစာများအရ ဤကက္ကူမွေတော် ဓါတ်မြတ်ကျော်စေတီသည်လည်း သီရိဓမ္မာသောကမင်းကြီး၏ စေတီပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် အကျုံးဝင်စေတီတစ်ဆူဖြစ်ကြောင်းသိရသည်။
…ဗုဒ္ဓရှင်တော်မြတ်၏ ဓါတ်မွေတော်အစစ်များကို ဌာပနာထည့်သွင်းပြီး မွေတော်ကက္ကူဘုရားတည်ထားရာမှ နှစ်ပရိစ္ဆေဒများစွာအတွင်း အခြားအလားတူစေတီများကိုလည်း တည်ထားခဲ့ကြသဖြင့်
စေတီများမှာ စေတီဆူအရေအတွက် တိုးတက်များပြားလာခဲ့ကြသည်။ စေတီဆူအရေအတွက်ကို
အလွယ်တကူ မှတ်သားနိုင်ရန် ကွမ်းစားသည့်ဓလေ့ကို မြတ်နိုးခုံမင်သော တောင်သူတို့၏ ရိုးရာ
ကွမ်းစားခြင်းအမှုကို အစွဲပြု၍ “တောင်သူကွမ်းညှပ်” (တဖြတ်ဖြတ်)ဟု မှတ်တမ်းတင်ထားခဲ့ကြလေသည်။
ထိုဆိုရိုးပြုထားသော မှတ်တမ်းအရ မွေတော်ကက္ကူစေတီမှာ တောင်သူကွမ်းညှပ် (၇၆၂၃)ဆူ ခုနှစ်ထောင့်ခြောက်ရာ့နှစ်ဆယ့်သုံးဆူ ရှိလေသည်။ တဖြတ်ဖြတ်မှာ အသံကာရန်လိုက်ရန်
ဖြည့်ထားသော စကားဖြစ်ကြောင်းသိရသည်။ ဤကဲ့သို့ တစ်နေရာတည်းတွင် စေတီထောင်ပေါင်းများစွာအား
တစုတဝေးတည်း တည်ထား ကိုးကွယ်မှုပြုနိုင်ခဲ့ကြသော ဒေသခံတိုင်းရင်းသား တောင်သူတို့၏
စေတနာသဒ္ဓါတရား ထက်သန်မှုကို “တစ်မူးရလို့ တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား”
ဟူသောစကားဖြင့် ချီးကြူးဂုဏ်ပြု ဥဒါန်းတင်ခဲ့ကြလေသည်။

သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ ညောင်ပင်၊ ညေယျငါးဖြာ လေးသစ္စာနှင့်
မာရ်ငါးပါးကို အောင်မြင်ရာ အပရာဇိတပလ္လင် ပေါက်ရောက်ရာ မဟာဗောဓိညောင်ပင်ကြီးကိုလည်း
သာသနာပြုရာ ဒေသဌာနတိုင်းသို့ ပရိဘောဂစေတီတော်အဖြစ် စိုက်ပျိုးပူဇော်စေခဲ့သည်။ ကက္ကူမွေတော်ဓါတ်မြတ်ကျော်မှာရှ်ိသော ဗောဓိညောင်ပင်မှာ ဒေသပေါက်ညောင်ပင်များနှင့်မတူ။
ညှာတံနှင့် အရွက်ဖျားမှာ ရှည်လျား၍ သွယ်သွယ်ရှိသည်။ ရင့်ရော်လာသည့်အခါ အရွက်မှာ
ရွှေဝါရောင်သန်းလျက်ရှိသည်။
…လူ့လောကတွင် ပစ္စုပ္ပန်နှင့် သံသရာ နှစ်ဖြာသော စီးပွားချမ်းသာအတွက် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ကြာ တည်တန့်ခိုင်မြဲဖို့ လိုအပ်သည်။ သာသနာပြုလုပ်ငန်းမှာ သံဃာတော်များသည် ဦးစီးဦးဆောင်များဖြစ်ကြပါသည်။ ရဟန်းသံဃာတော်များ စဉ်ဆက်မပြတ်တည်ရှိနေရန် ဥပသမ္ပဒကံဆောင် ရဟန်းခံရာ သိမ်သည် မရှိမဖြစ် အရေးကြီးလှပေသည်။ သိမ်မရှိပါက ရဟန်းခံ ဥပသမ္ပဒကံမြောက်နိုင်ခြင်း မရှိသောကြောင့် ရဟန်းသံဃာပြတ်လပ်သွားနိုင်ပါသည်။ ဦးဆောင်ရဟန်းသံဃာကင်းမဲ့ခဲ့ပါလျှင် ဗုဒ္ဓသာသနာတော်သည်လည်း လူ့လောကမှ ကွယ်ပျောက်သွားနိုင်သည်။ သို့ဖြစ်၍ အသောကမင်းတရားကြီးက သုဝဏ္ဏဘူမိသို့ ရှင်သောဏနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော သံဃာအဖွဲ့ ငါးပါးတို့ကို သာသနာပြုရန် အမြော်အမြင်ကြီးမားစွာ စေလွှတ်တော်မူခဲ့ခြင်းဖြစ်ပေသည်။ ထိုရဟန္တာအရှင်မြတ်များ သမုတ်တည်ထားသော ရဟန္တာသိမ်တော်အား ကက္ကူမွေတော်စေတီစုအနီး မြောက်အရပ်တွင် ယခုတိုင် အသစ်ဆောက်လုပ်ထားသည်ကို တွေ့မြင်နိုင်ပါသည်။

ကက္ကူမွေတော်စေတီဘုရားကို တည်ထားခဲ့သည်မှာ နှစ်ပရိစ္ဆေဒ များစွာကြာညောင်းခဲ့ပြီဖြစ်သဖြင့်
စေတီတော်အချို့မှာ သစ်တောများ ဖုံးလွှမ်းခဲ့ပြီး ခြတောင်ပို့မြေများ တက်၍ မြေကြီးထဲ နှစ်မြုပ် ပျောက်ကွယ်ခဲ့ဖူးလေသည်။ စေတီတော်အနီး ဂနိုင်တောအုပ်တစ်ခုအတွင်း အမွေးအမျှင်များ ရွှေရောင်တောက်၍ လိမ္မာသော ဝက်မင်းတစ်ကောင်သည် မိမိ၏ အစွယ်နှင့် လက်ခြေကိုယ်အင်္ဂါတို့ဖြင့် မြေကြီးထဲ တိမ်မြုပ် ပျောက်ကွယ်နေခဲ့သောစေတီအား မြေကြီးများကို ယက်ထုတ်ဖယ်ရှားပြီး စေတီကို ပေါ်လွင်အောင် ဖော်ထုတ်ခဲ့သည်။ ထိုအခါမှစ၍ ဝက်မင်း၏ကျေးဇူးကြောင့် လူတို့သည် မွေတော်ကက္ကူ စေတီတော်အား ပြန်လည်ဖူးမြော်ခွင့်ရခဲ့ကြသည်ဟု ပြောစမှတ်ပြုကြသည်။
ရွှေဝက်မင်းသည် မွေတော်ကက္ကူစေတီကို စောင့်ရှောက်ခဲ့သည်။ စေတီဘုရားကို ဖျက်ဆီးမည့်သူတို့၏ရန်မှ ကာကွယ်ပေးခဲ့သည်။ ရွှေဝက်မင်းကျေးဇူးတရားကို သိတတ်သောအားဖြင့် ရွှေဝက်မင်း၏ရုပ်ထုနှင့် ရွှေဝက်မင်းနန်းတော်ကို စေတီဘုရား အနီးတွင် ထုလုပ်ထားခဲ့သည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။

…တရုတ်လူမျိုးတို့၏ ပြက္ခဒိန်အရ ဝက်နှစ်တွင်မွေးဖွားသော
စင်္ကာပူဗုဒ္ဓဘာသာ ရွှေဘုရားကျောင်းဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ န္တဗင်ရှီဖာဇော့သည်
ရွှေဝက်မင်းနှင့် ဆက်စပ်ခဲ့ဖူးသော ကက္ကူမွေတော် စေတီတော်မြတ်အား ပြုပြင်မွမ်းမံလှူဒါန်းလိုသော
စိတ်စေတနာဖြင့် (၂၃.၃.၂၀၀၀)မှ (၃၀.၉.၂၀၀၁)ခုနှစ် အတွင်း ကက္ကူမွေတော်ဘုရားသို့ ဖူးမြော်ရန်
ခြောက်ကြိမ်တိတိ ကြွရောက်တော်မူခဲ့ပြီး ပထမအကြိမ်တွင် အလှူတော်ငွေကျပ် သိန်း(၄၀၀)၊
ဒုတိယအကြိမ်တွင် ကျပ်သိန်း(၃၂၀)နှင့် စုစုပေါင်း ကျပ်သိန်း(၇၂၀)၊ မြောက်ဖက်အာရုံခံတန်ဆောင်းရှိ ရှေးဟောင်းရုပ်ပွားဆင်းတုတော် တစ်ဆူအား ဥဏ္ဏလုံမွေရှင်တော် တပ်ဆင်ပူဇော်ရန် စင်္ကာပူနိုင်ငံမှ
ဒါနပါရမီရှင် အလှူဒါယကာတစ်ဦးက စေတနာ ထက်သန်စွာဖြင့် ဆရာတော်မှတဆင့် စိန်တစ်ပွင့်တို့ကို
ဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။
…စင်္ကာပူနိုင်ငံ ရွှေဘုရားကျောင်းဆရာတော်၏ အလှူတော်ငွေများဖြင့် မွေတော်ကက္ကူ ဆုတောင်းပြည့်အသောကစေတီ၏ အာရုံခံတန်ဆောင်းလေးခု၊ စောင်းတန်းလေးသွယ်၊
ရဟန္တာသိမ်တော်နှင့် ဝက်မင်းနန်းတော်တို့ကို တည်ဆောက်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြသည်။
…ဤကက္ကူမွေတော် ဓါတ်မြတ်ကျော်စေတီဘုရားတွင် တည်ငြိမ်အေးချမ်းခြင်း သန္တရသဂုဏ်၊
ကြည်ညိုအံ့ဩဖွယ်ကောင်းခြင်း အဗ္ဘုတရသဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ ဓါတ်မွေတော်အစစ်များကို
ဌာပနာသွင်း တည်ထားကိုးကွယ်ခြင်းကြောင့် ဘုရားကြည်ညိုဖူးမျှော်ကြရသော သပ္ပုရိသနွယ်ဝင်
သူတော်စင်အပေါင်းတို့သည်လည်း ငြိမ်းအေးခြင်း၊ အံ့ဩခြင်းရသတို့ကို ခံစားရရှိနိုင်ကြပေသည်။
ဓမ္မ၏စွမ်းရည်သတ္တိဖြင့် ဘေးရန်ကင်းပြီး တည်ငြိမ် အေးချမ်းကြပါသည်။ ယဉ်ကျေးမှုအဆင့်မြင့်သော
အသိဉာဏ်ပညာနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များမှာသာ ဤအဆင့်မြင့်ရသများကို ရရှိခံစားနိုင်ပေသည်။

…မျက်မြင်အားဖြင့် ကက္ကူမွေတော် ဓါတ်မြတ်ကျော်စေတီမှာ ဆုတောင်းပြည့်စေတီတော်ကြီးနှင့်
ဖောင်တော်ဆိုက် စေတီကြီးနှစ်ဆူကို ခြံရံ၍ ဒီဇိုင်းပုံစံ အထူးထူးအပြားပြားရှိသော စေတီငယ်ကလေးများ
တစ်နေရာတည်းတွင် စုဝေး တည်ရှိနေခြင်းသည်ပင် မြန်မာနိုင်ငံတွင် အခြားသောနေရာဒေသ၌
မတွေ့မြင်နိုင်သော ထူးခြားချက်ဖြစ်သည်။ သီရိဓမ္မာသောကမင်းတရားကြီး တည်ထားကိုးကွယ်သော
စေတီပေါင်း(၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်ပြီး သက်တမ်းကာလအားဖြင့် နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော်ရှိခြင်းသည်လည်း အံ့ဩဖွယ်ရာဖြစ်ပါသည်။

…ဘီလူးရုပ်ကို မုတ်ပေါက်ထိပ်၌ထားပြီး အခြောက်အလှန့်သဘောမျိုးထားလေ့ရှိသော်လည်း
ဤကက္ကူမွေတော်စေတီဘုရားတွင် အလှအပသဘောမျိုးရှိသော ပန်းကနုတ်အထွေထွေဖြင့် အလွန်လှပအောင်ထုလုပ်ထားခြင်းသည် (ကြောက်စရာ ကောင်းသော ဘီလူးရုပ်က ချစ်စဖွယ်ဖြစ်နေခြင်း)
အဗ္ဘုတရသကို ဖော်ကျူးခြင်းပင်ဖြစ်ပါတော့သည်။

…ပူဇော်အထူးကို ခံတော်မူထိုက်သော ဗုဒ္ဓမြတ်စွာဘုရား၏ ဓါတ်မွေတော်ကို စေတီဘုရားတည်ထား
ကိုးကွယ်ခဲ့ရခြင်းသည်ပင် ရခဲခြင်းဒုလ္လဘတရားဖြစ်ပါသည်။ အကြောင်းပေါင်းများစွာ စုစည်းမှသာ
ဓါတ်မွေတော်မြတ်ကို တည်ထားကိုးကွယ်နိုင်ပါသည်။ ခရစ်တော်မပေါ်မီ ဘီစီ(၃၀၇)ခုနှစ်တွင်
သီရိဓမ္မာသောကမင်းကြီး၏ မွေတော်ကက္ကူ ဆုတောင်းပြည့် အသောကစေတီတွင် ဌာပနာရန်
မဇ္ဈိမဒေသ၊ အိနိ္ဒယပြည်မှ သုဝဏ္ဏဘူမိတိုင်း (မြန်မာနိုင်ငံ) မွေတော်ကက္ကူသို့ ဓါတ်တော်ပင့်ဆောင်ပူဇော်ပွဲတစ်ကြိမ်၊ ပုဂံမင်းဆက်များထဲမှ နရပတိစည်သူမင်းသည် (အေဒီ ၁၁၇၄-၁၂၁၁)တွင် ဖောင်စကြာရမင်းဖြစ်သောကြောင့်
ဖောင်စကြာဖြင့် ဓါတ်တော်များနှင့် ရတနာမျိုးစုံတို့ကို ဌာပနာ၍ ဖောင်တော်ဆိုက်စေတီကို တည်ထားကိုးကွယ်ရန် ဤကက္ကူဒေသသို့ ဓါတ်တော်ပင့်ဆောင်ပူဇော်ပွဲတစ်ကြိမ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်၊
နိုဝင်ဘာ (၂၆)ရက်နေ့တွင် သီဟိုဠ် (သီရိလင်္ကာ)နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဓါတ်တော်များကို ပင့်ဆောင်ပူဇော်ရန်
စီစဉ်မှုအရ ၁၃၁၁ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၄)ရက်မှ လပြည့်ကျော်(၂)ရက်အထိ ညောင်ရွှေစော်ဘွားကြီး
စပ်ရွှေသိုက်၏ ဟော်နန်းတော်ဦးတွင် ဓါတ်တော်များကို ပင့်ဆောင်ပူဇော်ခြင်းတစ်ကြိမ်ဖြင့် ဤကက္ကူဒေသသို့
ဘုရားရှင်၏ ဓါတ်တော်များကို သုံးကြိမ်သုံးခါတိုင်တိုင် လေးမြတ်စွာ ပူဇော်မှုပြည့်မြောက်အောင်
အကြောင်းတရားတို့ စုစည်း ပြည့်စုံခြင်းသည် မွေတော်ကက္ကူဘုရား၏ ထူးခြားမှု ဝိသေသဂုဏ်ကျေးဇူးပင်ဖြစ်ပါသည်။
…ထို့ပြင် သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနှင့် ဆက်စပ်သည့် အောက်ပါ ထူးခြားသောအရာ
ဖြစ်စဉ် (၆)ခုကိုလည်း အခိုင်အမြဲ ထင်ရှားစွာတွေ့မြင်နိုင်ခြင်းတို့ဖြစ်သည်။
(၁) သရီရဓါတ်မွေတော်များကို ဌာပနာသွင်းပြီး တည်ထားကိုးကွယ်သည့်စေတီဘုရား
(ဓါတုစေတီ)ရှိခြင်း ၊
(၂) ညေယျငါးဖြာလေးသစ္စာကို ထိုးထွင်းသိမြင်ပြီး မာန်ငါးပါး အောင်မြင်ရာ အပရာဇိတပလ္လင်
ပေါက်ရောက်ရာ မဟာဗောဓိပင်(ညောင်ပင်)ကို စိုက်ပျိုးထားရှိခြင်း (ပရိဘောဂစေတီ) ၊
(၃) ရှင်သောဏနှင့် ရှင်ဥတ္တရတို့ သမုတ်ထားသော ရှေးဟောင်း
ရဟန္တာသိမ်တော် တည်ရှိခြင်း ၊
(၄) ကျောင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော ရှေးဟောင်းကျောင်း
အထိမ်းအမှတ်အဖြစ် အဆောက်အဦများ ကြွင်းကျန်ခြင်းမရှိသော်လည်း
ရှေးဟောင်းကျောင်းနေရာတည်ရှိခြင်း ၊
(၅) ရေတွင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော
အထိမ်းအမှတ် ရေတွင်းရှိခြင်း ၊
(၆) ရေကန်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေကန်ရှိခြင်း
တို့ဖြစ်သည်။
…ဤသို့ ထူးခြားသော ဝိသေသများစွာဖြင့် ပြည့်စုံလျက်ရှိသော မွေတော်ကက္ကူစေတီတော်ကြီးအား
ယနေ့တိုင် မပျောက်မပျက်အောင် အစဉ်အဆက် ထိန်းသိမ်းစောက်ရှောက်ခဲ့ကြသော ဒေသခံတိုင်းရင်းသား ပအိုဝ်းအမျိုးသားများအားလည်း များစွာကျေးဇူးတင်မိပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊
အထူးဒေသ(၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဘဘ ဦးအောင်ခမ်းထီ၏ ဆုံးမစကားကို
ဖတ်ခဲ့ရဖူးသည်အား အမှတ်ရမိပါသည်။
… “ကိုးကွယ်မှု ဘာသာတရားအများစုတို့သည် ကြောက်ရွံ့စိုးရိမ်စိတ်၊ မျှော်ကိုးအားထားစိတ်၊
ပညာမပါသော စွဲလမ်း ယုံကြည်စိတ်စသည့် အကြောင်းတရားများကို အခြေခံကြသော်လည်း ဗုဒ္ဓဘာသာတရားတွင်
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ယုံကြည်ကိုးကွယ်မှု ပြုရာ၌ ယုံကြည်မှု သဒ္ဓါတရားအပြင်
အမှားအမှန်ခွဲခြားမှု၊ ကျိုးကြောင်းဆင်ခြင်မှု လက်တွေ့ကျင့်သုံးပြီး ကိုယ်တိုင်သဘောပေါက် ထိုးထွင်းသိမြင်မှု
ပညာတို့ကို အခြေခံထားသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာတရားသည် ယုံကြည်မှုသက်သက်ဖြင့် တည်ဆောက်ထားသော ဘာသာရေးမဟုတ်ပေ။ ကိုယ်တိုင်လက်တွေ့ကျင့်သုံးကာ တရား၏ဂုဏ်တော်ကို လာလှည့်ရှုလှည့်ဖိတ်ခေါ်ပြီး
လက်တွေ့ကျင့်သုံးမှုဖြင့် ကျေနပ် လက်ခံမှသာ ယုံကြည်ကိုးကွယ်နိုင်သည့် ဘာသာတရားဖြစ်သည်။
ဗုဒ္ဓကိုယ်တော်တိုင်ကလည်း မျက်ကန်းယုံကြည်မှုကို အားမပေးပေ။ ဘာသာတရား ယုံကြည်ကိုးကွယ်မှုသည်
လူတို့၏ စိတ်ပိုင်းဆိုင်ရာ သိမ်မွေ့နူးညံ့ယဉ်ကျေးမှု လူရည်မွန် တရားများပင်ဖြစ်သည်။ ဘာသာတရားယုံကြည်
ကိုးကွယ်မှု အဆင့်မြင့်မားလေယဉ်ကျေးမှုအဆင့်မြင့်မားလေဖြစ်ကြောင်း” ဆုံးမစကား ပြောကြားခဲ့ပါသည်။

…ဤသို့ မိရိုးဖလာဗုဒ္ဓဘာသာမှ ကျော်လွန်၍ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းတရားများကို
ကျင့်ကြံအားထုတ်ရာ၌လည်း ကက္ကူမွေတော် ဓါတ်မြတ်ကျော်စေတီဘုရားသည် ပဋ္ဌာန်းဆက်အဖြစ် အထောက်အကူပြုလျက်ရှိသော နေရာဒေသ တစ်ခုအဖြစ် ထီးထီးမားမား ရပ်တည်လျက် ပစ္စပ္ပန်နှင့်
သံသရာ နှစ်ဖြာသော စီးပွားချမ်းသာကို အကျိုးပြုလျက်ရှိနေပါကြောင်း မွေတော်ကက္ကူဘုရားသို့
အလည်တစ်ခေါက် သွားရောက် ဖူးမျှော်နိုင်ကြစေရန် ကမ္ဘာသစ်သူငယ်ချင်းများအား
မျှဝေပေးလိုက်ပါသည်။

15 comments

  • MaMa

    March 19, 2013 at 4:26 pm

    မွေတော်ကက္ကူဘုရားကို မရောက်ဖူးသေးဘူး။
    အခွင့်ရရင်သွားဖို့ တေးမှတ်ထားတဲ့ တစ်နေရာပေ့ါ။ :hee:
    နယ်မြေမအေးချမ်းဘူးလို့ ကြားဖူးတာ အခုအေးချမ်းသွားပြီလား မသိဘူး။

  • တညင်သား

    March 19, 2013 at 5:26 pm

    ရောက်ဖူးတယ်လို့ ထင်မိတာ ပုံတွေကြည့်တော့မှ မရောက်ဖူး သေးဘူးပဲ……
    ပုံ(၁၇) က ပင်းတရ လှိုင်ဂူ ရှေ့နဲ့ တော်တော်တူတယ်နော်……. အပင်ကြီးတွေကို ပြောတာ ပုံနံပါတ်က နှစ်ခုထပ်နေလို့

  • မောင် ပေ

    March 19, 2013 at 7:37 pm

    အဝေးဆီက ကြည်ညိုဖွယ်ရာ ဘုရားကို ဓါတ်ပုံဖြင့် ပို ့ပေးသောကြောင့် သာဓု သာဓု သာဓု ပါဗျား

  • P chogyi

    March 19, 2013 at 8:11 pm

    သာဓုသာဓုသာဓု

  • kyeemite

    March 20, 2013 at 8:59 am

    သူငယ်ချင်းတစ်ယောက်ရောက်ဖူးလို့ ဓါတ်ပုံ ရိုက်လာတာဖူးဘူးတယ်
    ကိုယ်တိုင်တော့ မရောက်ဖူးသေးဘူး…သွားချင်စရာနေရာလေးပါပဲ

  • Foreign Resident

    March 20, 2013 at 9:13 am

    တစ်ခုပြောမယ် ။
    အဲဒီ ညိုညစ်ညစ် စေတီတွေ ကြားထဲမှာ ၊
    ပန်းရောင် စေတီတွေ ကို သတိထားမိမှာပေါ့ ။
    အဲဒာ ၊ ခု နောက်ပိုင်း ( ဦးခင်ညွန့် ခေတ်မှာ ) ပြန်ပြင်ထားတာတွေ ။

    ဒီလို အဝေးကြည့်ပုံ မှာ မသိသာပေမယ့် ၊
    အနီးကပ် ကြည့်ရင် လက်ရာတွေက အရမ်း ကွာပြီး ၊
    ပြန်ပြင်ထားတာ အရမ်း သိသာ နေတယ် ။

    သုသေသန နှင့် သမိုင်း ပညာရှင်တွေကတော့ ၊
    အဲလို ပြန်ပြင်လိုက်တာ ၊ မလုပ်သင့်ဘူး ၊ မှားတယ် လို့ပြောကြတာပဲ ။

    ခက်တာက ၊ အဲဒီ နေရာတွေက ရှမ်း ၊ ပအို့ဝ် တပ်တွေက ကြီးစိုး နေတာ ။
    မွေတော် ကက္ကူဘုရား မှာတောင် သူတို့ပဲ M-16 ကိုင်ပြီးကို စောင့်နေကြတာ ။
    အဲဒီ တပ် တွေရော ၊ ဒေသခံ တွေရောက သူတို့ စိတ်ကူး နှင့် သူတို့ ၊
    ( စေတနာ သဒ္ဒါ တရား နှင့်ပါ ) ပြင်ချင်သလိုပြင် ၊ လုပ်ချင်သလို လုပ်နေကြတယ် ။
    ( ထန်စမ်း ဂူ မှာလည်း အဲလိုပဲ ၊ တပ်သားတွေပဲ ဘုရားတွေ တည်နေကြတာ )

    မြန်မာပြည်မှာလဲ ရှိရှိသမျှ ရှေးဟောင်းနေရာ မှန်သမျှ ၊
    ဘုရား ( အသစ် ) တွေ ချည်းပဲ တစ်ဆူပြီး တစ်ဆူ ဇွတ် တည် ၊
    ထုံးသင်္ကန်း ကပ် ၊ ရွှေ ချ ဇွတ် လုပ်နေကြတယ်ကွယ် ။

    အဘ လည်း ထေရ ဝါဒ ဗုဒ္ဓဘာသာဝင် အစစ်ကြီးပါကွယ် ။
    ဒါပေမယ့် ၊ အဘ ကတော့ ၊ အဲလို ရှေးဟောင်း အမွေအနှစ်တွေကို ၊
    ခု ခေတ် လက်ရာတွေ နှင့် လုပ်ချင်သလို လုပ်ပစ်နေကြတာကို ၊
    တကယ့်ကို နှမြောမိတယ်ကွယ် ။

    ပြင်ချင်ရင် အခု ပုဂံ ဘုရားတစ်ချို့မှာ UNESCO က ပြင် / Preserved လုပ်နေသလို ၊
    ဂရုတစိုက် စံနစ်တကျ ၊ တကယ့် ရှေးမူမပျက် မသိသာအောင် ပြင်စေချင်တယ် ။
    အဲလိုမှ မပြင်နိုင်သေးရင် ၊ မပြင်တာကမှ ပိုတန်ဖိုး ရှိဦးမယ် ။

    ရွာသူားတွေကော ၊ ဘယ်လိုသဘောရလဲ ။

    • ကထူးဆန်း

      March 20, 2013 at 11:25 am

      မွေတော် ကက္ကူ ကို သွားလို့ရတာ အနည်းဆုံး ၁ဝ နှစ် မကတော့ပါဘူး ။ ပအို့ ဦးနေဝင်းထွန်း ဆရာ ငြိမ်းချမ်းရေး ယူပြီးကထဲ ကပေါ့ ။
      နိုင်ငံခြားသားတွေ သွားချင်ရင်တော့ ပအို့ တွေဆီက ဂိုက် မပါဘဲ အခုထိ သွားခွင့် မပေးသေးဘူး (ထင်ပါသည်)
      ထန်စမ်းဂူ ကတော့ အခု နိုင်ငံခြားသားတွေကို သွားခွင့် ပြုလိုက်ပါပြီ။ အခု လပိုင်းမှာမှ အမိန့်ထွက်တာပါ ။
      ကက္ကူ ပါမပါ တော့ ပြန် ရှာကြည့်လိုက်ဦးမယ် ။
      ဘဖော ပြောခဲ့ တဲ့ ဦးခင်ညွန့် လက်ထက်ဆိုတာလေးနဲ့ ပါတ်သက်ပြီး
      မှန်မမှန် ကျွန်တော် မသိပေမဲ့ ဘုရားလူကြီး တစ်ယောက် ပြောတာ ကျွန်တော်ကိုယ်တိုင် ကြားခဲ့ ရတာလေး ပြောပါရစေ။
      နှစ်မမှတ်မိပေမဲ့ ဦးခင်ညွန့် တန်ခိုးကြီးနေချိန်ပါဘဲ ။
      ကျွန်တော် တို့ မိသားစု ကက္ကူ ရောက်တော့ မဒမ်ထူးဆန်း သဒ္ဒါပေါက်ပြီး ဘုရားတစ်ဆူလောက်ပြင်ချင်ပါတယ် ။ ကုသိုလ်ယူချင်ပါတယ် ဆိုပြီး ဘုရားဂေါပက ထံ မေးမြန်းစုံစမ်းတော့ ဂေါပက ဆရာကြီးက ဦးခင်ညွန့် က ဒီက ဘုရားတွေ ပြင်ခွင့် မပြု ဖို့ မှာထားကြောင်း ၊ ပုဂံမှာသူတို့ ပြင်မိလို့ မှားထားခဲ့ တဲ့ အတွက် ဒီက ဘုရားတွေကို တတ်သိနားလည် သူများနှင့်သာ ရှေးမှု မပျက် ခေတ်မီ လောဂဒါတ် ဓါတ်ပစ္စည်းများနဲ့ ထိန်းသိမ်း ပျက်နေတာလဲ ပျက်နေတဲ့ အလျောက်ထား မှာမို့ ပြင်ခွင့် မပြုဖို့ မှာထားကြောင်းပြောပြီး လက်မခံ ခဲ့ပါဘူး ။ ကျွန်တော်လည်း ကြားရတော့ တော်တော် ဝမ်းသာသွားပါတယ် ။
      အဲ ..ဒါပေမဲ့ နောက် တစ်ခေါက် အကြောင်း အားလျှော်စွာ ရောက်သွားတော့ စကာင်္ပူ ရွှေကျောင်း ဆရာတော် မှ လှုဒါန်းပါသည် ဆိုသည် ကို တစ်ရုတ်စာလုံးများနှင့် ပါတစ်ကွ တွေ့ခဲ့ ရတော့ … ဘယ်သူက ဘယ်လို ခွင့် ပြုလိုက်သည်ကို တော့ မသိတော့ပါ ။

      ကျွန်တော် ရောက်စဉ် နှစ်ခါ လုံးမှာတော့ ကက္ကူမှာ ပအို့ လက်နက်ကိုင် စောင့်ကြပ်သူများတစ်ဦးမှ မတွေ့ခဲ့ပါ ။

      ထန်စန်းဂူ လွန်ခဲ့သော သုံးနှစ်လောက် ကရောက်တော့ ကိုရင်လေးဘေးမှာ ပအို့ အစောင့် အကြပ်နဲ့ ပါ ။

      • weiwei

        March 20, 2013 at 12:35 pm

        ကက္ကူမှာ နိုင်ငံခြားသားတွေတွေ့ခဲ့ပါတယ် … ဘယ်လိုခွင့်ပြုချက်နဲ့လာလဲတော့မသိဘူး …
        လက်နက်ကိုင်ပအို့ အစောင့် မရှိပါဘူး ..

        တိုင်လုံးအစိမ်းတွေနဲ့ ဘုရားတန်းဆောင်းအသစ်တွေကို စင်ကာပူက အလှူရှင်တွေက ၂၀၀၁ ခုနှစ်မှာ လှူခဲ့ကြောင့် တရုတ်စာနဲ့ ကဗ္ဗည်းထိုးထားတာတွေ့ခဲ့တယ် ..

        ထမ့်စမ်းဂူမှာတော့ လက်နက်ကိုင်အစောင့်တွေ ရှိပါတယ် …

        • ရဲစည်

          March 20, 2013 at 1:31 pm

          ဘုရားတွေ ပြင်တာကတော့ ဦးခင်ညွှန့်နဲ့ မဆိုင်ဘူးထင်တယ် …။
          ကြားဖူးနားဝကတော့ နံပါတ် ၆၂၁၊ ၅၃၁၊ ၄၄၁၊ ၃၄၂၊ ၂၅၂ တွေနဲ့
          ၁ထောင်ကျော် ဂဏန်းထဲက ဘုရား ၄ဆူ( နံပါတ်ပြန်ရှာတာ မတွေ့ ) မှာ … ဘာညာသာရကာတွေ ပြင်ရင်း ရကြ ဝိသမတိုက်ကြ တချိန်က ခရီးသွားတွေ မရောက်ချိန်မှာ တူးကြဆွကြ ရောင်းစားကြ သဌေးဖြစ်ကြ ခွေးဖြစ်ကြမို့ ဦးအောင်ခမ်းထီ လက်ထက် အစောင့်အကြပ်နဲ့ထား ရကြောင်း .. နောက်ပိုင်းမှ ဘယ်ဟာ ဘယ်လို ဖြစ်သွားမှန်းတော့ လိုက်မမှီလို့ မသိတော့ဘူး …။ :mrgreen:

          ဘုရင်အသောကမင်းတရားကြီးသည် သာသနာတော်နှစ် (၂၁၈)သို့
          ရောက်ရှိသောအခါ တတိယသင်္ဂါယနာတင်ပွဲ ပြီးဆုံးအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်
          စေတီပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်ကို တပြိုင်နက်တည်း တည်ထားကိုးကွယ်လိုသော
          ဆန္ဒတော်ဖြစ်ခဲ့လေသည်။ သို့ဖြစ်၍ ရာဇဂြိုလ်၊ ဝေသာလီ၊ ကပိလဝတ်၊ အလ္လကပ္ပ၊ ဝေဌဒီပ၊ ပါဝါ၊
          ကုသိနာရုံပြည်များရှိ စေတီတော်များကို တူးဖြိုစေ၍ ဓါတ်တော်များကို ရှာဖွေခဲ့ သော်လည်း တွေ့ရှိခြင်း မရှိခဲ့ပါ။

          ဪ အာသောကမင်းကြီးနှယ် လုပ်ရက်လေခြင်း …. နောက်တာပါ
          :harr:

  • မွေတော်ကက္ကူ .. မွေတော်ကက္ကူ …
    မြင်မိတိုင်း အခါခါ ပြန်သွားချင်မိတဲ့ နေရာလေး တစ်ခု …

    ဒါနဲ့ .. စကားမစပ် …
    တီတီဝေ ရေ …
    ဟော့ အောက်က ပုံထဲက တောင်မလေးကို အိုက်မှာ တွေ့ခဲ့ဖူးလားဟင်င်င် … :mrgreen:

    https://myanmargazette.net/wp-content/uploads/2012/12/aa40.jpg

    • weiwei

      March 20, 2013 at 1:39 pm

      သူလေးက ခြောက်မျက်နှာတစ်ယောက် အကြွေးယူပြီး ပြန်လာမပေးသေးလို့ မျှော်နေတယ် … :kwi:

  • ဦးကြောင်ကြီး

    March 20, 2013 at 10:08 am

    မွေတော်ဘုရား
    ရွှေတော်ကြွား
    နေပေါ်အလား
    ဝေခေါ်သွား…။

  • ဆူး

    March 20, 2013 at 2:01 pm

    အဲ့ဒီ ဘုရား ကို ရောက်ဖူးတယ်.. ခရီးသွား ကားပေါ်က ကိုက် မမ ရှင်းပြတဲ့ အထဲမှာတော့ တောဝက်ကြီးတွေ စောင့်ရှောက်တဲ့ ဘုရားတဲ့.. ဧရာမ တောဝက်ကြီးတွေ တခါတလေ ဘုရားနားမှာ တွေ့ရတတ်တယ် ဆိုတဲ့ အကြောင်း ကြားဖူးတယ်။

  • ကျနော်ကတော့ ကံဆိုးတယ်ပြောရမယ်။
    တောင်ကြီးရောက်တိုင်း အဲဒီကို သွားမယ်လုပ်တာခုထိမရောက်
    ဆရာစိန်မျိုးမြင့် ဆောင်းပါးထဲက ဓါတ်ပုံကြည့်ပြီးကတဲက အဲဒီဘုရားတွေကို ဓါတ်ပုံရိုက်ချင်တဲ့စိတ်ရူးပေါက်ခဲ့တာ။
    အခုထိမအောင်မြင်သေးပါ။
    မသေခင်တော့ရောက်အောင်သွားဘို့ကြိုးစားပါအုံးမယ်။
    အားကျတယ် မဝေရေ

Leave a Reply