ကျွန်ုပ်တို့သည် ငယ်စဉ်ဘ၀ကစ၍… အိုမင်းရင့်ရော်သေဆုံးချိန်အထိ…

တွင်းပေါင်းများစွာတူးခဲ့ကြသည်….

ကောင်းသောတွင်းများရှိသလို… မကောင်းသောတွင်းများလဲရှိခဲ့၏…

လူသားတို့အတွက် အကျိုးပြုသောတွင်းများရှိသလို… အကျိုးမပြုသောတွင်းများလဲရှိခဲ့ဖူးသည်…

လူသားတို့အတွက် ပျော်ရွှင်စရာတွင်းများ ဖန်တီးခဲ့သလို… စိတ်အနှောက်အယှက်ဖြစ်စရာတွင်းများကိုလဲ ဖန်တီးခဲ့ဖူးပြီးဖြစ်ကြသည်…

call_before_you_dig

 

 

 

 

 

 

သို့သော်…

လူသားတို့အတွက်… တွင်းများသည်… မရှိမဖြစ်…အရာများဖြစ်ကြသည်…

ဤကမ္ဘာလောကတွင်နေထိုင်သူများသည် အသက်ရှင်ရပ်တည်ရေးအတွက်… ကမ္ဘာမြေကြီးပေါ်တွင် တွင်းများတူး၍ မိမိတို့အကျိုးဆောင်ရွက်ကြ၏…

မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောအစရှိသည့် သွားလာရေးယာဉ်များ တည်ဆောက်ရာတွင်လိုအပ်သော သံသတ္တုများလိုအပ်သည့်အတွက်…

တွင်းကြီးများတူးပြီး… သတ္တုများကို ရှာဖွေကြကုန်၏…

 

ဤလူသားတို့သည်ပင်လျှင်…

သွားလာရလွယ်ကူစေရန် လှိုဏ်ခေါင်းများ…တူးခြင်း… မြေအောက်ရထားများအတွက် တွင်းများတူးခြင်းဖြင့်…

မိမိတို့အကျိုးအတွက်… ကမ္ဘာမြေကြီးအား… ဒုက္ခပေးကြသည်…

ထို့အတူ… လူသားတို့၏ စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်အတွက် ကမ္ဘာမြေကြီးအား တွင်းများတူး၍မြှုပ်နှံကြသူများဖြစ်ကြသည်…

ကျွန်ုပ်တို့လောကသားများသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းသောအကြောင်းဖြင့်ဖြစ်စေ… ဆိုးသောအကြောင်းဖြင့်ဖြစ်စေ…

နည်းမျိုးစုံဖြင့် တွင်းများတူးလျက်ရှိကြကုန်၏…

ကျွန်ုပ် ဤစာကိုရေးနေစဉ်တွင်ပင်… ကမ္ဘာအရပ်ရပ်၌ တွင်းတူးခြင်းလုပ်ငန်းများကို စက္ကန့်မလပ်ဆောင်ရွက်နေကြပေလိမ့်မည်…

ဤသည်ကား ကမ္ဘာမြေပေါ်တွင် တူးကြသောတွင်းများ၏အကြောင်းတည်း…

 

တစ်ခါတရံ၌လူသားတို့သည် ကမ္ဘာမြေပြင်ပေါ်တွင်မက… အခြားသောသူများ၏ နှလုံးသည်းပွတ်ပေါ်တွင်လဲ… သံယောဇဉ်တွင်းများတူးကာ…

မိမိတို့၏မေတ္တာကို မြှုပ်နှံလေ့ရှိကြပါသည်…

ထိုတွင်းများမှာလဲ နက်သထက်နက်လေလေ… ခံစားရလေလေဖြစ်တော့၏…

ထိုသံယောဇဉ်တွင်းများကို… အကြိမ်အရေအတွက်များများ ခပ်တိမ်တိမ်တူးသောသူများရှိသကဲ့သို့…

တစ်ကြိမ်တစ်ခါတည်း ခပ်နက်နက်တူးပြီး မိမိတို့၏မေတ္တာကိုမြှုပ်နှံလိုက်ကြသည်လဲရှိ၏…

ဤသည်ကား မေတ္တာ၏သံယောဇဉ်တွင်းများအကြောင်းတည်း…

 

ကျွန်ုပ်တို့၏ မိုက်မဲမှုများအကြောင်းကို မြန်မာ့စကားရပ်တွင် တွင်းနက်နက်တစ်တွင်းဖြင့် တင်စားထားကြသည်လဲရှိ၏…

ထိုတွင်းကိုကား ” မိုက်တွင်း” ဟုခေါ်ဆိုလေသည်…

ကျွန်ုပ်တို့၏ မိုက်မဲမှုများကို သိလျက်နှင့် မရပ်တံ့ဘဲ ဆက်လက်ပြုလုပ်လျက်ရှိသည်ကို… မိုက်တွင်းနက်သည်ဟုပြောဆိုကြ၏…

ထိုသို့သောပြောဆိုခြင်းသည်ကား… အလွန်ပင်ထိရောက်သည်ဟု မြင်မိ၏…

မိုက်တွင်းတိမ်လျှင် ပြန်လည်တက်လာရန်နီးစပ်သော်လဲ… မိုက်တွင်းအလွန်တရာနက်ပါက…

ပြန်တက်စရာလမ်းမမြင်လောက်သည်အထိ မိမိဘ၀ကို မြှုပ်နှံလိုက်ရပေလိမ့်မယ်…

 

အချုပ်အားဖြင့်ဆိုရသော်…

ကျွန်ုပ်တို့သည်… မိမိနေ့စဉ်တူးလျက်ရှိသော… တွင်းများအား တန်ဖိုးရှိသောတူးခြင်းဖြစ်ဖို့လိုပေတော့၏…

ကမ္ဘာမြေကြီးပေါ်တွင်တူးသောတွင်းအားလဲ ကမ္ဘာမြေကြီးအားအကျိုးဖြစ်မည့် သစ်ပင်စိုက်ပျိုးရန်တွင်းများသာတူးဖော်ခြင်းဖြင့်အကျိုးပြုအံ့…

နှလုံးသားထက် သံယောဇဉ်တွင်းတူးခြင်းအားလဲ… ခိုင်မြဲသောသစ္စာတရားဖြင့်တူးငြားအံ့…

ထို့အတူ…

ကျွန်ုပ်တို့ တူးတတ်သော မိုက်တွင်းများအားလဲ… ဒီနေ့ဒီအချိန်မှစ၍ တူးခြင်းရပ်တန့်ကာ တွင်းနှုတ်ခမ်းသို့ပြန်လည်တက်ရောက်လာနိုင်ပါစေကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

 

 

 

 

 

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...