နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၂)

ကို ၿပံဳးMarch 24, 20133min2892
SSPP/SSA အဖွဲ့

တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။

SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည်
KIO/KIA အဖွဲ့
  ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို ပါးစပ်ကမချတမ်း ပြောခဲ့သော်လည်း ဖေဖော်ဝါရီလ ၅ ရက်နေ့၊ KIA တော်လှန်ရေးနေ့တွင် ဥက္ကဌ ဇောင်းဟရား၏မိန့်ခွန်းက ငြိမ်းချမ်းရေးနှင့်ဆန့်ကျင်ဘက်ဖြစ်သော KIO/KIA ၏ ရည်ရွယ်ချက်အမှန်ကို ဖော်ပြခဲ့သည်။ လိုင်ဇာ FM မှထုတ်လွှင်ခဲ့သည့် KIO ဥက္ကဋ္ဌ၏ တော်လှန်ရေးနေ့မိန့်ခွန်းသည် အမှန်စင်စစ် KIA ၏စစ်ရေးလှုံ့ဆော်မှုကြီးတစ်ခုသာ ဖြစ်သည်။ လူမျိုးကြီးဝါဒဟူသည့် စကား(၅)လုံးဖြင့် ကချင်များက ဗမာတို့အပေါ် မုန်းတီးမှုဖြစ်ပေါ်ရန်၊ ခံပြင်းစိတ်ကိုဖြစ်စေရန်၊ ဇာတ်နာအောင်ဖန်တီးသည့် အလိမ်အညာမိန့်ခွန်း တစ်ရပ်ကို ပြောကြားခဲ့ပါသည်။ စင်စစ် KIO/KIA ၏ ရည်ရွယ်ချက်မှာ ကချင်နိုင်ငံ/ဝမ်ပေါင်နိုင်ငံထူထောင်ရန် အတွက် လူမျိုးရေးလှုံ့ဆော်မှုများဖြင့်အကြံကြီးစွာ ဆောင်ရွက်နေခြင်းဖြစ်သည်။ နှုတ်ခမ်းစေ့ပြုံးပြနေသည်ကိုသာ ကြည့်၍ဆုံးဖြတ်မရနိုင်ပါ။ ပါးစပ်အဟကိုစောင့်ကြည့်ပါမှ အစွယ်ဖွေးဖွေးများမြင်ရမည်ဖြစ်ပါသည်။ သေချာအောင် ထပ်ကြည့်ပါက အစွယ်ကြားမှအသားစများပင်မြင်တွေ့ရပါလိမ့်ဦးမည်။ KIO/KIA အား အပေါ်ယံမကြည့်မိရန် လိုပါသည်။
KIO/KIA တို့ အနေဖြင့် တရုတ်နှင့် “ ဝ ” တပ်ဖွဲ့များ၏ ထောက်ပံ့မှုများ၊ သစ်၊ ကျောက်စိမ်း၊ မူးယစ်ဆေးဝါး ဝင်ငွေရရှိမှုများကြောင့် ဝမ်ပေါင်အိပ်မက်ကို စွန့်လွှတ်မည့်ပုံမပေါ်ပေ။ ရွှေလီဆွေးနွေးပွဲသည် KIO/KIA အတွက် အသက်တမျှအရေးကြီးသော စစ်ရေးထွက်ပေါက်ကြီးရရှိခဲ့ခြင်း သို့တည်းမဟုတ် နောက်တစ်လှမ်းမျှပင်ဆုတ်ရန် မြေမရှိတော့သည့် စစ်ရေးအခြေအနေမှလွတ်မြောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အစိုးရနှင့် တပ်မတော် မှ ငြိမ်းချမ်းရေးလိုလားစွာဖြင့် KIO/KIA တို့အား ဆုတ်လမ်းဖွင့်ပေးလိုက်ခြင်းလည်းဖြစ်နိုင်ပါသည်။ Boxing စကားနှင့်ပြောရပါက လက်ရှိအချိန်သည် KIO/KIAတို့က တပ်မတော်အား time out ခေါ်ထားခြင်းနှင့်တူနေသည်။ အနားတောင်း၍ ပုဝါကူ၊ ရေရှူနေခြင်းဟုလည်းဆိုနိုင်သည်။ သက်လုံမှန်လာလျှင် ပြန်ထိုးဦးမည်မှာ သေချာလှပါသည်။

တရုတ်နှင့် “ ဝ ” တပ်ဖွဲ့ထံမှရရှိသော လက်နက်များဖြင့် အစိုးရကိုတိုက်ခိုက်နေသည့် KIO/ KIA တပ်ဖွဲ့ဝင်များ

တပ်မတော်
နည်းလမ်း ၂ မျိုး စဉ်းစားရွေးချယ်နိုင်ပါသည်။ နည်းလမ်း(၁)အနေဖြင့် ပဋိပက္ခများအပေါ် အမေရိကန်နှင့် အနောက်အုပ်စုမှ ဝင်ရောက်စွက်ဖက်ခြင်းပြုမလာစေရန် အပစ်အခတ်ရပ်စဲရေးမှသည် ထာဝရ ငြိမ်းချမ်းရေးသို့ ဆက်လက်ဆောင်ရွက်သွားမည်လား(သို့တည်းမဟုတ်) နည်းလမ်း(၂)အနေဖြင့် သိရီလင်္ကာ နိုင်ငံတွင် တမီးလ်ကျားသူပုန်များကို အစိုးရမှ လက်စတုံးချေမှုန်းသကဲ့သို့ဆောင်ရွက်မည်လား၊ ယင်းနှစ်မျိုးစလုံး တပ်မတော်မှဆောင်ရွက်နိုင်ပါသည်။ CIA သတင်းများ၊ အင်တာနက်သတင်းများအရ ကချင်ပြည်နယ်တွင် မြန်မာ့တပ်မတော်မှ အသုံးပြုခဲ့သောလက်နက်များမှာ လက်ဝယ်ပိုင်ဆိုင်ထားမှု၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး ယခုထက်အစွမ်းထက်လက်နက်များစွာရှိနေမည်ဟု ယုံကြည်ရသည်။ ယင်းလက်နက်များအသုံးချလာပါက တိုက်ပွဲ သည် အင်မတန်မှကြည့်ကောင်းမည့်ပွဲဖြစ်လာပါလိမ့်မည်။
ပြည်တွင်းသို့ ဝင်ရောက်ခွင့်ရလာသော ပြည်ပြေးတစ်သိုက်နှင့် ပြည်တွင်းမှ နိုင်ငံရေးလုပ်စားနေသူများက အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညှာမထောက်ဟောတတ်လှစွာ ဆိုသည့်စကားအတိုင်း လူနှစ်ဦးစုမိက နိုင်ငံရေးတရားဟောပါသည်။ အစိုးရကိုဝေဖန်ပါသည်။ ကိုယ်ထင်ရာကိုယ်ပြော၊ ကိုယ်လိုရာကိုယ်တွေး အာဂ နိုင်ငံရေးသမားများဖြစ်ပါသည်။ ပြစ်မရှိပြစ်ရှာ၊ လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ ဆိုသည့်စာချိုးရှိပါသည်။ အကြံအဖန်နိုင်ငံရေးသမားများ၏ စနက်ကြောင့်လည်း တရုတ်အစိုးရမှ မြန်မာအစိုးရ၏ သဘောထားအပေါ် နားလည်မှုလွဲမှားနိုင်ပါသည်။
အမှန်တွင် တရုတ်တို့ အစိုးရိမ်လွန်နေခြင်းသာဖြစ်ပါသည်။ ဒီမိုကရေစီစနစ်အရ ပွင့်လင်းမြင်သာမှုရှိခြင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြှင့်လာခြင်းတို့အပေါ် မဟာဗျူဟာမိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံက မိတ်ဆွေကောင်း ပီသစွာ ယုံကြည်မှုရှိရန်လိုသည်။ ယခုအချိန်သည် ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုဆိုသည်ကို ဖော်ထုတ်ပြသရမည့်အချိန် ဖြစ်ပါသည်။ မြန်မာအစိုးရအပေါ် သံသယများမှတစ်ဆင့် တိုင်းရင်းသားအဖွဲ့အစည်းများအား ထောက်ပံ့အားပေးမှု များပြုကာ နယ်စပ်ဒေသတည်ငြိမ်မှုကို ဖျက်ဆီးစေခြင်းကသာလျှင် တရုတ်တို့အမှန်တစ်ကယ် စိုးရိမ်သည့်အတိုင်း မြန်မာအစိုးရဘက်မှ နိုင်ငံရေးသဘောထားပြောင်းလဲသွားနိုင်ပါလိမ့်မည်။ ယင်းအခြေအနေသည် တရုတ်တို့အတွက် ကြီးမားသည့်ဘေးကြပ်နံကြပ်အဖြစ်မျိုးသို့ ရောက်ရှိစေနိုင်မည့်အပြင် ပြူတင်းပေါက်များပိတ်ဆို့ထားခံရသည့် ဧည့်ခန်းတစ်ခုကဲ့သို့ သီးခြားဖြစ်တည်မှုကိုသာ ပိုင်ဆိုင်ရပါလိမ့်မည်။ အကျိုးဆက်တစ်ခုအဖြစ် မြန်မာ-တရုတ် နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် နယ်စပ်ဒေသတည်ငြိမ်မှုကို ဖျက်ဆီးခံရစေမည်သာမက ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ဆိုသည့်စကားအတိုင်း ယူနန်ပြည်နယ်၏လုံခြုံရေးကိုပါ ခြိမ်းခြောက် ခံရမည့်အခြေအနေ ဆိုက်ရောက်စေနိုင်ကြောင်း ရှုမြင်သုံးသပ်ရပါသည်။

နိုင်ငံရေးသုတေသီတစ်ဦး

2 comments

  • kyeemite

    March 25, 2013 at 8:23 am

    နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်တာက ဝင်ရောက်ပါ..ဒါပေမဲ့ Tagမှာ
    “China etone ဘဝ တစိတ်တပိုင်း Foreign Resident KYAEMON kyeemite ”
    ဒါတွေရေးထားတာတော့နားမလည်ဘူးဗျာ.. :bar:

  • ဦးကြောင်ကြီး

    March 25, 2013 at 9:58 am

    ရှည်အုဒေါင်၊ အန်ကယ်ဂျီး တို့ဆိုတာလည်း ရှိသေးသဗျ… ဒီရွာသဂျီးဦးခိုင်ကလည်း တရုတ် ယူအက်စ် စစ်အစိုးရ သုံးဖက်ချွန် စမူဆာဂျီး ယုံရဗူး..

Leave a Reply