နှစ်သက်မိသော စကားလုံးများ….

johnnydeerMarch 25, 20131min636

ကျွန်တော်တို့ ကျောင်းတက်တော့ ၆ နှစ်တက်ရတာကိုး…ဒီကြားထဲ အစိုးရက စေတနာတွေထားပြီး အေးအေးလူလူ တက်ကြပါစေဆိုပြီး ကြားထဲ ကျောင်းတွေ ၃ နှစ်လောက်

ပိတ်ပေးလိုက်တော့ ကျောင်းပြီးဖို့ဆိုတာ တကယ့်မာရသွန် ခရီးရှည်ကြီး ပြေးရသလိုပါပဲ… နောက်ဆုံးနှစ်လဲ ရောက်ရော ခွဲကြရတော့မယ်ဆိုတော့ အရင်တုန်းက ရှိပြီးသား

သံယောဇဉ်လေးတွေ ပေါက်ကွဲထွက်ကုန်ကြပြီး သမီးရည်းစားချစ်သူတွေ တော်တော်များများ ဖြစ်ကုန်ကြတယ်…နှစ်ဘက်လုံး ဟန်မဆောင်နိုင်ကြတာလဲပါ ပါတယ်…အသက်တွေကလဲ

သေးမှမသေးကြတော့တာကိုး…အတွဲတွေ တော်တော်ဖြစ်ကုန်ကြတယ်….အဲ့ဒီ အထဲ အတွဲ တစ်တွဲကတော့ ကောင်လေးကလဲ ချော…ကောင်မလေးကလဲ ကျောင်းမှာ စတားဆိုတော့

တကယ့် နေနဲ့လ…ရွှေနဲ့မြပါပဲ…တော်တော့်ကို လိုက်ဖက်ညီပါပေတယ်…ကျောင်းမှာ လူကလဲ နည်းတာဆိုတော့ နှစ်ယောက်လုံး နဲ့လဲ ကျွန်တော်နဲ့ ခင်ပါတယ်…

အဲ့ဒီနောက် ကျောင်းတွေ ပြီးသွားရော…သူ့ကိစ္စ ကိုယ့်ကိစ္စ နဲ့ အဆက်အသွယ် ပြတ်သွားရော…တစ်ရက်ကျတော့ ခရီးတစ်ခု သွားရင်းနဲ့ ကောင်မလေး

အမေနဲ့ တွေ့ရော…ကျွန်တော်နဲ့ စကားစမြည် ပြောကြရင်းနဲ့ ကျွန်တော့် စိတ်ထဲ သူတို့ နှစ်ယောက် ယူတောင် ယူပြီးကြပြီ မှတ်နေတာ…အဲ့ဒါနဲ့ သူတို့ကောလို့ မေးလိုက်တော့ ကောင်မလေး

အမေက ကောင်လေးကို သဘောမကျတဲ့ လေသံနဲ့ ပြောလာတယ်…ကိုယ်ကလဲ လျှာရှည်မိတာပါ…ကျွန်တော့် သူငယ်ချင်း ဘက်ကနေ ရှေ့နေလိုက်ပေးလိုက်မိတယ်…

ဒီကောင် လိမ်တော့ တော်တော် လိမ်မာတယ်…ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူး…မဟုတ်တာဆို ဘာမှ မလုပ်ဘူး…တကယ်ပြောတာ အန်တီ….

လို့ အခမဲ့ ရှေ့နေလိုက်မိပါတယ်…အဲ့ဒီ အန်တီကြီး ပြန်ပြောလိုက်တော့ ကိုယ်တောင်ဘာပြောရမှန်း မသိတော့ဘူး…ဘာပြန်ပြောလဲ ဆိုတော့…

ဟုတ်တယ်…မင်းပြောတာမှန်တယ်…မဟုတ်တာတော့ ဘာမှမလုပ်ပါဘူး…ဒါပေမယ့် ဟုတ်တာလဲ ဘာမှ မလုပ်ဘူး….                တဲ့…

…ကဲ….ကောင်းရော…ဒင်းကလဲ ဒင်းပဲ….သူပြောလိုက်မှပဲ သူ့စရိုက် ကွက်ကွက် ကွင်းကွင်းပေါ်တော့တယ်…အခု ကျွန်တော်လဲ ဒီလို ဖြစ်နေပြီလား

မသိပါဘူး…အခုတလေမဟုတ်တာတော့ဘာမှ

မလုပ်ဖြစ်ဘူး…ဟုတ်တာတွေလဲ ဘာမှ မလုပ်ဖြစ်ဘူး…ဒီလို ဖြစ်နေတယ်…ကဲ…ဟုတ်တာလေးတွေ ရေးလိုက်ပါ ဦးမယ်…အနှစ်သက်ဆုံး စကားစုများ ပေါ့…ကိုယ်

တကယ်နှစ်သက်မိတာလေးတွေပေါ့….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကားစု တစ်ခု…..စိတ်ကောင်းရှိဖို့သည် ပထမ….ဆိုတဲ့ စကားစု….ကျွန်တော် တအား နှစ်သက်မိပါတယ်….ဒီ စကားစုကို…ကျွန်တော် ပထမဆုံး စပြီး သဘောကျတာ

ဆရာ ချစ်စံဝင်း ရဲ့ စာအုပ်နာမည်မှာ စကြားဖူးတာ…နာမည် ဖတ်လိုက်ရတာနဲ့တင် အဲ့ဒီ စာအုပ် ဝယ်ဖြစ်သွားတယ်…စာအုပ်ထဲ ဖတ်ကြည့်မှ ဒီ စကားစု က မဟာဂန္ဒာရုံ ကျောင်းရဲ့ ဆောင်ရန်

ဆယ်ချက်ရဲ့ ပထမအချက် ဖြစ်နေတာ သိရပါတယ်…ဘုရားလဲ ဟောထားပါတယ်…စိတ္တေန နိယတေ လောကော…ဆိုပြီး…စိတ်သည် လောကကို ဖန်တည်ဆောက်သည် ဆိုပြီး…

အကြံ…

အစည်..

အလုပ်… ဆိုတာရဲ့ ရှေ့မှာ အတွေး…စိတ် ဆိုတာက အရင်လာတာကိုး…စတွေးတဲ့ အတွေး…စပြီး စဉ်းစားတဲ့ စိတ်က စမှားနေရင်တော့ ဖြစ်လာတဲ့ အလုပ်က ကောင်းလာနိုင်စရာ

ဘယ်ရှိတော့မှာလဲ…ဒါကြောင့်လဲ စိတ်ကောင်းရှိဖို့ …စိတ်ထားဖြူစင်ဖို့ ဘယ်လောက်လိုသလဲ ဆိုတာ ပထမနေရာထား ရေးတာကိုးလို့…စဉ်းစားမိတယ်…ဒါကြောင့်လဲ ဘုရားတိုင်း

ဘုရားတိုင်းက ကောင်းတာလုပ်…မကောင်းတာမလုပ်နဲ့…စိတ်ကို ဖြူဖြူစင်စင်ထား ဆိုပြီး ဒီ သုံးချက် အဓိက ထားဟောကြတာကိုးလို့….

သီတဂူ ဆရာတော်ဘုရားကြီးရဲ့ တရားထဲမှာလဲ နာခဲ့ဖူးပါတယ်…လူတစ်ယောက်ဟာ ကံဇာတာ နိမ့်လာပြီဆိုရင် မဟုတ်တာက စ…စဉ်းစားတယ်…ပြီးတော့

မဟုတ်တာတွေ လုပ်ဖြစ်တယ်…နောက်ဆုံး မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်…စ…တွေးတဲ့ အတွေးက အရေးအကြီးဆုံး ဆိုတာ သေသေချာချာ မှတ်သားခဲ့ရဖူးပါတယ်…

ကျောင်းတက်တုန်းကလဲ သူငယ်ချင်း ငါးယောက် အတူတူ နေဖြစ်ကြတယ်…အဲ့ဒီအထဲ တစ်ယောက်က တော်တော် စိတ်ဓာတ် စိတ်ရင်း ညံ့တယ်…ပြောရင်လဲ

မဟုတ်တာတွေချည်းပဲ ပြောတယ်…အထူးသဖြင့် စာနဲ့ ပတ်သက်ရင် ပိုပြီး စိတ်ထားညံ့တယ်…ကျန်တဲ့ သူငယ်ချင်းတွေက ကျောင်းမတက်မိလို့  သူ့ကို စာသွားမေးရင် မပြောတာ

မဟုတ်ဘူး…ပြောတယ်…ပြောင်းပြန်တွေချည်း ပြောလွှတ်တာ…ဘာအကျင့်မှန်းကို မသိဘူး…စာမေးပွဲ နီးလို့ စာအုပ်တွေ ပျောက်ရင် သွားရှာ သူ့ဆီမှာချည်းပဲ…ယောက်ကျားလေးတွေမှာလဲ

ဒီလို လူ ရှိသေးတယ်…နောက်ပိုင်းကျတော့ မပေါင်းဖြစ်တော့ဘူး…နောက်ပိုင်း သူ  ဒုက္ခ သုက္ခတွေ ရောက်နေတာ ကြားရတယ်…ကိုယ့် စိတ်ရင်းနဲ့ ကိုယ် အကျိုးပေးတယ် ဆိုတာတော့

ကျွန်တော် ကောင်းကောင်း လက်ခံ တတ်သွားတယ်…ဒီ ..စိတ်ကောင်း ရှိဖို့သည် ပထမ ဆိုတဲ့ စကားကိုတော်တော်နှစ်သက်မိပါတယ်….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

နောက်ပြီး ကျွန်တော်  လေးစားသောသူ…ကြည်ညိုသော သူ…ရှိခိုးသောသူ…ဒီလိုကဲ့ သို့သော သူများကို အမြဲCompare လုပ်တတ်ပါတယ်…ဘယ်သူနဲ့ Compare

လုပ်တာလဲ ဆိုတော့ ကျွန်တော်နဲ့ပါပဲ…ဥပမာ…ဗိုလ်ချုပ်အောင်ဆန်း…သူ အသက် ၂၉ နှစ်မှာ တိုင်းပြည်အတွက် လူမျိုးအတွက် အင်္ဂလန်သွား နန်းရင်းဝန် အက်တလီနဲ့

ရင်ဘောင်တန်း ဆွေးနွေးနေနိုင်ပြီ…အသက် ၃၂ နှစ်မှာ တိုင်းပြည်အတွက် အသက်ပေးလို့ အာဇာနည်ခေါင်းဆောင် တောင်ဖြစ်နေပြီ…အခု ငါ့မှာ ၃၅ နှစ် ကျော်နေပြီ…တိုင်းပြည်

လူမျိုးအတွက် ဝေးလို့…ကိုယ့်အတွက် ကိုယ်တောင် ဘာမှ မလုပ်နိုင်သေးဘူး…ဒါကြောင့် ငါ…ဗိုလ်ချုပ်ကို လေးစားတယ်…ကြည်ညိုတယ်…ငါ ရှိခိုးသော သူဟာ ဒီလို လူမျိုး ဖြစ်ရမယ်…ဆိုပြီး

ကိုယ်နဲ့ အမြဲ Compare လုပ်တတ်ပါတယ်…

အဲ့ဒီနောက် ကိုယ် ရှိခိုး ကိုးကွယ်သော မြတ်စွာဘုရားအကြောင်း ပြန်သုံးသပ်မိတယ်….ဘုရားလောင်း အိမ်ရှေ့မင်းသားဘဝ သက်တော် ၂၉ ဆိုတဲ့ အချိန်ဟာ

တကယ့် အရွယ်ရဲ့ အကောင်းဆုံး အချိန်တွေပဲ…ရာထူး…စည်းစိမ်…အာဏာ…ချစ်စွာသော မယား…တွတ်တီးတွတ်တာ ပြောတတ်စ သားတော်…ဒါတွေ အားလုံးကို

စွန့်ပြီးတောထွက်ဖို့ဆိုတာ  ကိုယ်သာဆို ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ…တောထွက်ဖို့နေနေသာသာ ကိုယ်သာ ဒီလို နေရာသာ ရှိကြည့် ဘယ်လောက် အာဏာရူးပြီး  ပေါက်တတ်ကရ

လုပ်လိုက်ပါမလဲ…ကျွန်တော်တို့ မြတ်စွာဘုရားကျတော့ လောကကောင်းကျိုးအတွက် ဒါတွေကို လွယ်လွယ်လေး စွန့်ခွာခဲ့နိုင်တယ်…ဒီတစ်ချက်ထဲ နဲ့တောင် ငါဟာ မြတ်စွာဘုရားရဲ့ တပည့်

သားမြေးခံယူထိုက်ပြီပဲလို့ ..ဘယ်လောက် .လေးစားကြည်ညို ရှိခိုးထိုက်ပြီလဲ…

နောက်ပြီး ဘုရားဂုဏ်တော် ကိုးပါးကို စိတ်ထဲကနေ ပူဇော်မိတဲ့ အခါတိုင်း အရဟံ…ပူဇော်အထူး ခံယူတော်မူထိုက်သော မြတ်စွာဘုရား….ဒီ စကားစု ကို ရွတ်တဲ့

အခါမှာလဲ စိတ်ထဲမှာ ပုံမှန်ပဲ…ဒါပေမယ့် အရဟံ …ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုကို ပြုတော်မမူသည့် မြတ်စွာဘုရား….ဆိုတဲ့ စကားစု ရောက်တိုင်း ဘုရားကို ကြည်ညိုစိတ်တွေ

အမြဲ တဖွားဖွား ဖြစ်ပေါ်ပါတယ်…ထုံးစံ အတိုင်း ကိုယ်နဲ့ပဲ ပြန်ချိန်ထိုးမိတာကိုး…ဪ…ငါတို့များ…ဆိတ်ကွယ်ရာ မရောက်လိုက်နဲ့ တွေးလိုက်တဲ့ အတွေး …လုပ်လိုက်တဲ့

အလုပ်… ကောင်းတာ ဘာတစ်ခုမှ မရှိပါလား…လို့…တို့ မြတ်စွာ ဘုရားကျတော့ ဆိတ်ကွယ်ရာ အရပ်မှာတောင် ဘယ်တော့မှ မကောင်းမှု မပြုဘူးတဲ့…ကိုယ်နဲ့ပဲ

ချိန်ထိုးကြည့်လိုက်မိတော ့ကြည်ညိုလိုက်တာ….ကိုယ့်ဘုရားကို…

ဒါကြောင့် အရဟံ…ဆိတ်ကွယ်ရာ တွင်ပင် မကောင်းမှု ပြုတော် မမူသည့် မြတ်စွာဘုရား ဆိုတာကို ကျွန်တော် အလွန်နှစ်သက်မိပြီး ကြည်ညိုစိတ်တဖွားဖွား ဖြစ်မိပါတော့တယ်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~(ဝန်ခံပါတယ်…စာရေးတဲ့ အခါ ကိုယ်ပိုင်နိုင် ကျွမ်းကျင်တဲ့ အကြောင်းရေးရရင် စိတ်ထဲ ဘာမှ မဖြစ်ပါဘူး…ဒါပေမယ့် မပိုင် မနိုင်တဲ့ အကြောင်းတွေ ရေးမိတိုင်း ငွေမနိုင်ပဲ ငါးကြင်းခေါင်း ကိုင်မိသလိုပါပဲ…စိတ်ထဲ ငါရေးတာ မှန်ကော မှန်ရဲ့လား…ဟုတ်ကော ဟုတ်ရဲ့လား…ငါ့ကို ဘာတွေ ပြောကြမလဲ မသိဘူး ဆိုပြီး အမြဲ စနိုးစနောင့် ဖြစ်ရပါတယ်…ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်တော့လဲ တခုခု လိုနေသလိုပဲ….တကယ်လို့များပေါ့လေ…ကျွန်တော်ရေးတာ အမှားတွေ ပါခဲ့ရင်လဲ ခွင့်လွှတ် သည်းခံပေးကြပါနော….ကြိုတင် တောင်းပန်ပါတယ်…)

6 comments

  • kyeemite

    March 25, 2013 at 8:16 am

    ကောင်းပါတယ် ကိုဂျော်နီရေ…“စိတ်ကောင်း ရှိဖို့သည် ပထမ ”
    ဆိုတာကိုကျနော်လည်းလက်ခံပြီး ကြိုးစားကျင့်သုံးပါတယ်…
    “မဟုတ်တာတော့ ဘာမှမလုပ်ပါဘူး…ဒါပေမယ့် ဟုတ်တာလဲ ဘာမှ မလုပ်ဘူး….”ဆိုတဲ့
    လူမျိုးတွေ ပါတ်ဝန်းကျင်မှာတော်တော်တွေ့ဖူးတယ်ဗျ… :hee:

  • KZ

    March 25, 2013 at 8:51 am

    အင်း။
    “စိတ်ကောင်းရှိဖို့က ပထမ”
    အဲ့ဒါကို လက်ခံတယ်။ အဲ့ဒီ အတိုင်းပဲ ကျင့်သုံးဖို့ကြိုးစားတယ်။
    အဲ! ဒါမဲ့
    ကျနော်က “စိတ်ဖောက်ပြန်လာတာသည် ဒုတိယ၊ စိတ်ပုပ်လာတာသည် တတိယ” ဖြစ်ဖြစ်နေလို့။
    ဟီး။ :mrgreen:

    အတည်ပြောမှာပါ။
    အဖိုး လက်ဆင့်ကမ်းပြောခဲ့တာလေး လက်ကိုင်ထားတာဗျ။
    “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားတဲ့”။
    :hee:

    နောက်တစ်ခုက ကိုယ့်ကိုယ်ကို ဘယ်သူနဲ့မှ ကွန်ပဲ လုပ်ဖူးဘူးဗျ။
    ကိုယ့်ဘဝမှာ ကိုယ်အဆင်ပြေသလို စိတ်ချမ်းသာသလို ” ဟိုကွေ့ ဟိုတက်၊ ဒီကွေ့ ဒီတက် နဲ့လှော်” နေတာပဲ။
    အဲဒါကြောင့်ပဲ လားမသိ။ 🙄 ထင်သလောက်အမြင့်မရောက်။
    အမြင့်ကြောက်တာနဲ့ အတော်ပဲ။ :mrgreen:

  • johnnydeer

    March 25, 2013 at 9:20 am

    မှန်ပါ့…မတတ်တဲ့သူကို သင်ပေးလို့ရပါတယ်…နားမလည်တဲ့ သူဆို ရှင်းပြလို့ရတယ်…မှားတဲ့သူဆို သွန်သင်လို့ရတယ်…မူရင်း စိတ်ရင်း စိတ်ဓာတ် ညံ့တဲ့သူဆိုလို့ကတော့ ဘာမှလုပ်လို့ကို မရဘူးဗျို့…မတော်တဆများ တိုင်းပြည်ရဲ့ အရေးပါတဲ့နေရာများ စိတ်ကောင်းနှလုံးကောင်း မရှိတဲ့သူတစ်ယောက်ယောက် ရောက်သွားလို့ကတော့ အဲ့တိုင်းပြည် ခွေးလုံးလုံး ဖြစ်တော့တာပဲ…မြန်မာပြည်သားတွေ ကိုယ်တွေ့…ကျွန်တော်ကတော့ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ စနစ်ဆိုတာထက် လူက ပိုအရေးကြီးတယ်ထင်တာပဲ…လူဆိုတာထက်လဲ အုပ်ချုပ်မင်းလုပ်တဲ့ သူရဲ့ စိတ်ရင်းစိတ်ဓာတ် ကောင်းမွန်မှုက ပိုလို့အရေးကြီးတယ်ထင်တာပဲ…တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့သူ…စိတ်ရင်းကောင်းတဲ့သူတစ်ယောက် လက်ထဲ အာဏာ ရောက်ဖို့က တိုင်းပြည်တိုးတက်ဖို့ အဓိက အရေးကြီးဆုံးထင်တာပါပဲ….

  • ခင်ခ

    March 25, 2013 at 9:37 am

    ကံ ဆိုတာ အလုပ်တဲ့ ဖတ်ဖူးတယ်။
    ဒါဆို အလုပ်ကို ကောင်းအောင်လုပ်ခြင်းသည် ကံကောင်းစေခြင်းဘဲပေါ့။
    ဒါဆို စိတ်ရင်း စိတ်ကောင်းနဲ့ လုပ်တဲ့အလုပ်ဟာ ကောင်းမွန်သောအလုပ်ဟုသတ်မှတ်ရင် ထိုသူသည် ကံ ကောင်းနိုင်ချေရှိမှာပါ။
    ကံ ကောင်းစေဖို့ စိတ်ရင်း စိတ်ကောင်း လေးနဲ့ အလုပ်ကို လုပ်ကြရင်ဖြင့်………. ပေါ့ဗျာ။

  • kthwinzayarmyo

    March 25, 2013 at 12:49 pm

    အလုပ်… ဆိုတာရဲ့ ရှေ့မှာ အတွေး…စိတ် ဆိုတာက အရင်လာတာကိုး… လို့ရေးထားတဲ့
    အစ်ကိုကြီးရေ.(ကျွန်တော့် ထက် နှစ်တန်းကြီးတယ်ဆိုတော့ )
    အမြင်က အရင်ဆုံးလာတယ် သမ္မာဒိဌိ ပါ (အစွန်းမရောက်တဲ့ အလယ်အလတ် အမြင်ပေါ့)
    ပြီးတော့မှ အတွေး သမ္မာသင်္ကပ္ပ (အမြင်တွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်တာ) ဒါကိုပဲ
    စိတ်ကောင်း ရှိဖို့ ပထမ လို့ပြောတာလို့ ထင်တယ်

  • johnnydeer

    March 25, 2013 at 2:17 pm

    ငယ်စဉ်ထဲက ဆိုးမိုက် တေပေခဲ့သူဆိုတော့ ဘာသာရေး သိပ်မရပါဘူး…လူပြိန်းတွေးလေးပဲ တွေးပြီး ရေးထားတာပါဗျာ…မှားတာတွေ့လဲ အဆင်ပြေသလိုသာ ပြင်ဆင်ဖတ်ရှုကြပါတော့…

Leave a Reply