မမိုးစွေကို မနမ်းဖြစ်ခဲ့တာက ဒီဇာတ်လမ်းကို စတင်ဖွင့်လှစ်လိုက်တယ်

 

 

“ရှင်ရယ်နေရင် ကလေးတစ်ယောက်လိုပဲ …

သိပ်ချစ်ဖို့ကောင်းတယ်သိလား”

“ဟုတ်လား…”

“အင်း… မိုးကို အဲဒီ ရယ်နည်း သင်ပေး”

“အဲ…  ဘယ်လို သင်ပေးရမှာလဲ”

“မသိဘူးလေ … ဒါနဲ့ ရှင် ဒီနေ့ ဘာလို့ အလုပ်မသွားတာလဲ”

“မိုးနဲ့ တွေ့ချင်လို့ပေါ့”

“အို.. မိုးနဲ့ တွေ့ချင်တာနဲ့ အလုပ်မသွားဘူးပေါ့ ဟုတ်လား

ရှင်ဟာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး အလုပ်ကို ပေါ့လျော့လွန်းတယ် မထင်ဘူးလား”

ကျွန်တော် ဘာဆက်ပြောရမှန်း မသိခဲ့ပါဘူး။ ဟုတ်ပါတယ်။ မမိုးစွေရယ်။ ကျွန်တော်ဟာ ပင်လယ် အနက်ထဲကသူ။ ခင်ဗျားဟာ မှော်တွေ ဝေနေတဲ့ စိမ်းညှို့ညှို့ တောအုပ်တစ်ခုပေါ့။ အဲဒီတောအုပ်ထဲက လူသူမသိသေးတဲ့ မှော်ပညာတွေနဲ့ ကျွန်တော့်ကို ပြုစားပါ။ မမိုးစွေကို ချစ်မိခဲ့တဲ့ နေ့က ကျွန်တော် ဘဝကူးကောင်းဖို့ မေ့နေခဲ့တယ်။ မမိုးစွေဟာ ကျွန်တော့်အတွက် ဝါရီဝေတဲ့ မိုးသည်းဆောင်းတစ်ခုပါပဲ။

 

 

————————xxxxxxxxxxxxxx—————————

 

 

“အင်း.. ဒါနဲ့”

“ဒါနဲ့လား .. ဒါနဲ့…”

ပြောလက်စ စကားကို အစဖေါ်ဖို့ မေ့သွားတဲ့ အထိ မျက်ခုံးလေးပင့်ပြီး ကျွန်တော့်စကားနားထောင်နေတဲ့ မိန်းမတစ်ယောက်။ အဲဒါ မမိုးစွေပါပဲ။ ဘဝဟာ မှတ်တိုင်မရှိတဲ့ ဘက်စ်ကားတစ်စင်းပေါ့။ အဲဒီဘက်စ်ကားထဲ မမိုးစွေနဲ့ ကျွန်တော် ခရီးတွေ တူတူသွားချင်ခဲ့တာ ကျွန်တော်လွန်ခဲ့သလား မမိုးစွေ။

“ကြည့် ကောင်းခန်းရောက်မှ ဘာမှန်းမသိဘူး

ဒါပေမယ့် အဲဒီအကျင့်ကိုက ရှင်ကို ကျွန်မ ပိုစိတ်ဝင်စားလာတာ သိလား”

နယူးကလီးဖြစ်ဖို့ လိုအပ်တဲ့ ယူရေနီယံ (၂၃၅) အဆင့်ကို အဝါရောင်ကိတ်မုန့်လို့ ခေါ်ကြရင် မမိုးစွေဟာလည်း ကျွန်တော့်အတွက် အဝါရောင် ကိတ်မုန့်တစ်ချပ်ပေါ့။ ကျွန်တော်ဟာ ဘာကို တောက်လောင်ရမှာလဲ။ ဘာကို ပေါက်ကွဲပေးရမလဲ။ မျက်ခုံးလေးပင့်ပြီး ကျွန်တော့် မျက်နှာနား နီးကပ်နေတဲ့ မမိုးစွေရဲ့ အကြည့်နဲ့တင် ကျွန်တော်ဟာ အဲဒီ အဝါရောင် ကိတ်မုန့်ထဲမှာ လောင်ကြွမ်းနိုင်ခဲ့ပါတယ် မမိုးစွေရယ်။

 

 

————————xxxxxxxxxxxxxx—————————

 

“ရှင်နဲ့ မတွေ့တာ ၂၃ ရက်နဲ့ ငါးနာရီတိတိ ရှိနေပြီ

နောက်ထပ် လေးနာရီနဲ့ မိနစ် နှစ်ဆယ်မှာ ရှင့်ကို တွေ့ချင်တယ်”

ပြောပြီး ဖုန်းချသွားတဲ့ မမိုးစွေအသံဟာ ကျွန်တော့်ကို အမိန့်ပေးလိုက်သလိုပါပဲ။ ဒါမှ မဟုတ် မှော်ဆရာရဲ့ ဆေးကြိမ်လုံးနဲ့ တို့ခံလိုက်ရတဲ့ နွားကျောင်းသားတစ်ယောက်လို ကျွန်တော်ဟာ ခုချိန်ကနေ နောက် လေးနာရီ မိနစ်နှစ်ဆယ်ကို ထပ်ပေါင်း… မှန်း ဒါဘယ်အချိန်ဖြစ်လဲ။ ကျွန်တော် အဲလို ရူးခဲ့ဖူးတယ် မမိုးစွေရယ်။

အဲဒီနေ့က ကျွန်တော် ရောက်ရောက်ချင်း မမိုးစွေက ဘာမှ မပြောမဆိုနဲ့ ကောက်ခါငင်ကာ နမ်းတယ်။ ကျွန်တော့် ကမာ္ဘကြီး မာယာပြက္ခဒိန်ထဲကို စတင်ဝင်ရောက်ခဲ့ခြင်းပါပဲ မမိုးစွေ။

“ဟိဟိ .. ကြည့်စမ်း

ရှင့်မျက်နှာကြီး ဘာလို့ ချက်ခြင်းနီရဲသွားတာလဲ

ဟား ဟား ဟား ….”

အဲဒီနေ့က ခင်ဗျားဘာလို့ အဲလောက်ရယ်နေခဲ့တာလဲ။ မမိုးစွေဟာ ကျွန်တော့်ကို အုပ်မိုးပြီး ကြည့်နေပြန်တယ်။ ကျွန်တော် ရှက်တယ်။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောကို အရင်ဆုံး နမ်းချင်တာပါ။ ခုလို အရင်ဆုံး အနမ်းမခံရသင့်ဘူးမလား။

 

“ဒီမယ် ဆရာကြီး

အဲလောက်ရှက်နေရင် အလုပ်မဖြစ်ဘူး

ကျွန်မကို ပြန်နမ်းဦးလေ ..”

 

ကျွန်တော်ဟာ ကမ်းမမြင် လမ်းမမြင် အဝေးက ကျွန်းကို ကမ်းစပ်ထင်ခဲ့တဲ့ ကောင်ပါ။ မမိုးစွေဟာ သူ့အလိုဆန္ဒအတွက် အတင့်ရဲလွန်းတဲ့ မိန်းမတစ်ယောက်ပါ။ ဟုတ်တယ်မလား မမိုးစွေ။ ကျွန်တော် ခင်ဗျားကို ပြန်မနမ်းခဲ့မိဘူး။ ဒါကို ခင်ဗျား စိတ်ဆိုးနေမလား။ အချစ်ဆိုတာ ပင်လယ်အသေတစ်ခုထဲ ရွက်လွင့်ခြင်းလား။ ကျွန်တော့်ကို လမ်းပြပါ။ ခင်ဗျားအချစ်က ကျွန်တော်ဘာသာမပြန်တတ်တဲ့ ဝါကျတစ်ခု ဖြစ်နေတယ် မမိုးစွေ။

 

 

————————xxxxxxxxxxxxxx—————————

 

 

ကျွန်တော် ခွေးပါ။ ကျွန်တော် ဟောင်တယ် တစ်ခါတစ်ခါ။ ကျွန်တော် မြင်းပါ။ တစ်ခါတစ်ခါ ပြေးတယ်ပေါ့။ ကျွန်တော်ဟာ တစ်ဝက်ပဲ ကျန်တဲ့ ဆေးပေါလိပ်တစ်လိပ်ပါ။ ဒါပေမယ့် အဲဒီကုန်သွားတဲ့ တစ်ဝက် ဘယ်သူ ဖွာရှိုက်သွားသလဲ မသိတဲ့ ကောင်ပေါ့။

“မမိုးစွေ”

“ပြော”

“ခင်ဗျားနောက်တစ်ခါ ကျွန်တော့်ကို အဲလို ဇွတ်နမ်းရင်

ကျွန်တော် ခင်ဗျားနဲ့ မတွေ့တော့ဘူး”

“အန် .. နမ်းတော့ဘာဖြစ်လဲ

ရှင့်ကို ချစ်လို့ နမ်းတာပဲ”

ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ကျွန်တော် အရမ်းချစ်ခဲ့ရသူပါပဲ။

“ကျွန်တော်တို့ ထွက်ပြေးကြမလား မမိုးစွေ”

သူမက မစဉ်းစားပါဘူး။ “အင်း” လို့ ဖြေပါတယ်။

 

————————xxxxxxxxxxxxxx—————————

 

ကျွန်တော် မှားခဲ့သလား မသိ။ မှန်ခဲ့သလား မသိနဲ့ စာမေးပွဲတစ်ခုထဲ ရောက်သွားခဲ့တာပါ။ ကျွန်တော်တို့နောက်က ခွေးအတွေက ကျွန်တော်တို့နဲ့ နီးလာပြီလေ။ ကျွန်တော်တို့ အဲဒီနေ့က ပြေးကြပါတယ်။ ခြေထောက်တွေနဲ့ ပြေးတယ်။ ကားတွေနဲ့ ပြေးတယ်။ ခြေရာတွေနဲ့ ပြေးတယ်။

“မမိုးစွေ…

ကျွန်တော်မောပြီ … ခင်ဗျားကော”

“အင်း မောပြီ .. မပြေးချင်တော့ဘူး

ဒါပေမယ့် နောက်ဆုံး အခွင့်အရေးနော် ..

ရှင် တကယ် နောက်ဆုတ်တော့မှာလား”

“မဟုတ်ဘူး ..  ကျွန်တော့်မှာ အဲလောက်ပြေးဖို့ သက်လုံမကောင်းဘူး

နောက်က ခွေးအတွေက ကျွန်တော်တို့နဲ့ ပိုပို နီးလာပြီလေ”

“ကျွန်မရှင်နဲ့ မခွဲနိုင်ဘူးလေ”

“ကျွန်တော်မရတော့ဘူး .. ရပ်လိုက်တော့မယ် မမိုးစွေ”

ကျွန်တော် ရပ်လိုက်ပါတယ်။ မမိုးစွေလည်း ရပ်လိုက်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး မောဟိုက်လို့။ နောက်ဆုံးအနေနဲ့ မမိုးစွေက ကျွန်တော့်ကို နမ်းပါတယ်။ သူ့အနမ်းမှာ မျက်ရည်တွေနဲ့။ တိမ်တွေမပါဘဲ အဲဒီနေ့က မိုးတွေရွာတယ်။ ရွာသမျှ မမိုးစွေရဲ့ မျက်ရည်တွေချည်း။ လေတွေတိုက်တာ မမိုးစွေ ဆံပင်တွေ မရွေ့တော့ဘူး။ ခွေးအတွေရဲ့ ဘုရင်မကြီးက မမိုးစွေကို ဖမ်းချုပ်လိုက်တယ်။ ပြီးတော့ ခေါ်သွားတယ်။ နောက်လိုက်ခွေးအတွေက ကျွန်တော့်ကို မာန်ဖီကြတယ်။ မမိုးစွေဟာ ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်တယ်။ အဲဒီအကြည့်မှာလည်း မျက်ရည်တွေနဲ့။

 

————

 

တစ်ရက် လမ်းမပေါ် အရက်မူးပြီး ခေါင်းငိုက်စိုက်ကျနေတဲ့ ယောက်ျားတစ်ယောက်နဲ့ ဆရာဝန်မကြီးဖြစ်နေတဲ့ မိန်းမတစ်ယောက် မမျှော်လင့်ဘဲ ပြန်ဆုံကြရင် အဲဒီယောကျာ်းဟာ ဘာမှမပြောမဆို ကောက်ခါငင်ကာ နမ်းပစ်လိုက်ဖို့ ဆုံးဖြတ်ထားလေရဲ့။

 

 

ရင်နင့်အောင်

 

11 comments

  • KZ

    March 25, 2013 at 2:34 pm

    အယ်။
    ဘာပြောရမှန်းမသိအောင် ကြိုက်သကွယ်။
    ပထမ ဝါကျနေ နောက်ဆုံး အဆုံးသတ်တဲ့ ဝါကျအထိပဲ။
    :hee:

    အဲဒီ “ကျွန်တော်” ရဲ့ ပုံစံတွေ ဖတ်ရင်း တစ်စုံတစ်ယောက်ကို မြင်မိသလိုလို။ :mrgreen:

  • amatmin

    March 25, 2013 at 2:41 pm

    အတော်လေးကို ကြိုက်တယ်ဗျာ..

    အဲဒီအကြည့်မှာလည်း မျက်ရည်တွေနဲ့။

    စာတကြောင်းတည်းနဲ့ အရောက်ပို့တယ် ဆိုတာ ဂလိုနေမယ်.. 🙂

    ကျုပ်ရဲ့ မမိုးစွေ ကိုလည်း ဖတ်စေချင်မိ တာရယ်.. 🙁

  • မောင် ပေ

    March 25, 2013 at 7:37 pm

    ကိုရင့် စာကို ဖတ်ရင်း
    တာရာမင်းဝေ ကို သတိရမိတယ်ဗျာ
    ဒီလို အရေးအသားလေးတွေ မဖတ်ရတာကြာပြီမို ့ ။
    ပို ့စ်မော်ဒယ် ဝတ္ထုလိုင်းမှာ ကိုရင် တာရာမင်းဝေ လိုမျိုး ထွန်းပေါက်ပါစေ

    • ရင် နင့် အောင်

      March 25, 2013 at 11:25 pm

      အာစိ။ ပို့စ်မော်ဒန်တော့လုပ် … ဘယ်နှယ့် ပို့စ်မော်ဒယ်တုန်း မော်ဒယ်နောက်ပိုင်းကို ကျုပ်က ဘာလုပ်ရမှာဒုန်း 😛

      • မောင် ပေ

        March 26, 2013 at 7:35 pm

        အဲဒါ ဒဲ့ ပူးပေးလိုက်တာပဲ
        လိုသလို သုံးဗျာ
        ဟီဟိ

  • အရီးခင်လတ်

    March 25, 2013 at 9:39 pm

    အဲဒီ ဆရာဝန်မကြီးက အရင်လို ပုံစံ မဟုတ်ဘဲ ဝဝတုတ်တုတ် မိန်းမကြီးဖြစ်နေရင်ကော ဖက်နမ်း မှာဘဲလား။
    :harr:

  • GaviaGirl

    March 27, 2013 at 2:28 pm

    ဘာပဲ ဖစ်ဖစ် နမ်းမှာဒဲ့..နော်.. ကိုရင်နင့်အောင်… 🙂

    အနော်လည်း ဒီစာတစ်ပုဒ်လုံးကိုကြိုက်တယ်…

  • MaMa

    March 27, 2013 at 7:13 pm

    ရေးဟန်ဆန်းတာကို သဘောကျတယ်။
    ဇာတ်သိမ်းမှာ လမ်းမပေါ် အရက်မူးပြီး ခေါင်းငိုက်စိုက်ကျနေတဲ့ ပုံစံကိုတော့ သဘောမကျဘူး။
    ဟိုးးး အရင် မြန်မာရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုမျိုး ဘဝမှာ ကျရှုံးသွားတဲ့ပုံစံမျိုးဖြစ်နေလို့။
    ဖြစ်နိုင်ရင် အားကျမခံ ဘဝကိုရုန်းကန်ကြိုးစားပြီး အောင်မြင်တဲ့ဘဝတွေနဲ့ ပြန်တွေ့ကြတာမျိုးဆိုရင် စာဖတ်သူကို အားမာန်တစ်ခုပေးနိုင်မှာမို့….
    အဲလိုမျိုး ဖြစ်စေချင်တယ်။ :hee:

  • Thu Thu Htet

    April 3, 2013 at 5:31 pm

    ဒါလေးကိုလည်း အလွန်တရာကြိုက်မိပါသည်။

    ခင်မင်လျက်

  • cobra

    April 3, 2013 at 9:17 pm

    အစွမ်းတွေထုတ်ပြကုန်ပြီ….
    ရွာထဲမှာဆရာ့ ဆရာတွေတယ်များလာပါလား
    ဂုဏ်ယူမိပါကြောင်း……………။

    • ရာမည

      April 4, 2013 at 1:50 pm

      လုပ်လေ မြွေမင်းသားရဲ ့
      ကိုရင်လည်း အစွယ်လေးချောင်းရှိတာထုတ်ပြလိုက်ပေါ ့
      :hee:

Leave a Reply