ဖားပန်အေးချမ်းကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းလေးးးးးး

ကထူးဆန္းMarch 27, 20131min19525

( ကျွန်တော် တို့ ရွာသားကြီး ကိုထွန်းဝင်းလတ် မှ တင်ပေးဖို့ အကူ အညီတောင်းလာသော ကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါသည် ။)

ရွာကလေးက အနာဂတ်ကြယ်လေး၏ ရင်ဖွင့်သံ….

ကျနော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ
ဖားပန်အေးချမ်းကျေးရွာက ကျောင်းသားလေးတစ်ယောက်ပါ… ကျနော်ဒီနှစ်
ဂရိတ်တူးခေါ်တဲ့ ပထမတန်းစာမေးပွဲကို ဖြေဆိုထားပါတယ်…ကျနော့်နာမည်လေးကတော့
မောင်အောင်ဘုပါ…

ကျနော်မှာ ညီလေးတစ်ယောက်နဲ့
ညီမလေးတစ်ယောက်ရှိတယ်…ညီလေးကတော့ ဒီနှစ် ဂရိတ်ဝမ်းခေါ်တဲ့
သူငယ်တန်းပေါ့…ညီမလေးကတော့ ငယ်သေးတယ်..

အဖေ့နာမည်ကတော့ ဦးပျဉ်းမောင်ပါ
နာမည်ကြောင့် ဦးဦးဒေါ်ဒေါ်တို့က ကျနော့်အဖေကို လူပျင်းကြီးလို့
မထင်ကြပါနဲ့နော်…သားအဖေက ရွာမှာ
ကျုံရာကျပန်းအလုပ်တွေလုပ်ပါတယ်…မိုးရာသီမှာ သူများလယ်တွေမှာ
သူရင်းငှားလုပ်တယ်..လယ်တွေစိုက်ပြီးရင် တောထဲတောင်ထဲမှာ
ဖားရှာငါးရှာတာပေါ့..အမေ့နာမည်ကတော့ ဒေါ်ပုလို့ခေါ်ပါတယ်…အမေကတော့
ကျနော်တို့ မောင်နှမသုံးယောက်နဲ့ အဖေအတွက် ချက်ရေးပြုတ်ရေးကို
တာဝန်ယူတဲ့အပြင် အားလပ်တဲ့ အချိန်တွေမှာ တောထဲကို
ဆေးမြစ်တူးလည်းသွားတတ်တယ်.. စီးပွားရေးလား
..ဒီလိုပါပဲ..ရွာမှာနေတာဆိုတော့
ထမင်းတော့မငတ်ဘူးပေါ့

…အော်..ကျနော်တို့ရွာလေးက ရွှေဘို-မြစ်ကြီးနား
ကားလမ်းဘေးမှာရှိတာပါ..ကားလမ်းဆိုပေမယ့်
ကတ္တရာခင်းထားတာတော့မဟုတ်ပါဘူး..ကျနော်မမွေးခင်ကတော့ အဲ့ကားလမ်းက
ကတ္တရာလမ်းလို့ပြောတာပဲ..

အဖေနဲ့ရွာကလူတွေ ရွာဘေးချောင်းထဲကကျောက်တွေကို
ခွဲပေးခဲ့ရတယ်ဆိုလား…လုပ်အားပေးနဲ့ ကျောက်တွေကို
လမ်းဘေးရောက်အောင်သယ်ပို့ပေးရတာတဲ့…. လမ်းကို ကတ္တရာခင်းပြီး
လေးငါးနှစ်လောက်ပဲခံတယ်..ပျက်သွားလို့..ခုတော့
ကျောက်ခင်းလမ်းဖြစ်နေပြီလေ…

အဖေတို့ပြောသံကြားရတာတော့ လမ်းဗိုလ်ဆိုတဲ့
လူကြီးတွေက ကျောက်တွေရော..ကတ္တရာတွေရော စားတယ်ဆိုလား…ကျနော် အံ့ဩလို့
မဆုံးတော့ဘူး..

ကျနော်တို့ရွာက လူတွေအများစုကတော့
လယ်လုပ်ကြပါတယ်…ချမ်းသာတဲ့လူလား..မရှိသလောက်ပါပဲ…ဘယ်လောက်ချမ်းသာကြတယ်
မချမ်းသာကြဘူးဆိုတာ…ကျနော်တို့ကျောင်းလေးကို
ကြည့်ရုံနဲ့သိသာပါတယ်ဗျာ…

ကျနော်တို့
ကျောင်းလေးဟာအစိုးရမူလတန်းကျောင်းမဟုတ်ပါဘူး..ရွာကကြိုးစားတည်ဆောက်ထားတဲ့
ကိုယ်ထူကိုယ်ထကျောင်းလေးပါ… အရင်ကသက်ကယ်မိုး
ထရံကာကျောင်းလေးပေ့ါ…

ဒါကို..အရင်က တိုင်းမှူးဆိုလား..ဘာလားးးသူက
ကားကြီးနဲ့လာတော့ မြင်သွားပြီး မြို့နယ်ပညာရေးမှူးတွေကို
နောက်တစ်ခါလာရင် ဒီကျောင်းကို ဒီပုံအတိုင်းမမြင်ချင်ဘူးဆိုလို့
ကျနော်တို့နေတဲ့ကျောင်းလေးကိုဖျက်ပြီး
ကျောင်းဆောင်သစ်ဆောက်ကြတာလေ…

ဘယ်ကလာ…ဘယ်သူမှအကုန်ကျခံတာမဟုတ်ဘူး..အင်းတော်မြို့က
လူမှုကူညီရေးအသင်းတစ်ခုက ကျောင်းဆောင်အတွက်လိုတဲ့သွပ်တွေလှူတာ..ရွာသားတွေက
တောထဲကနေ တိုင်တေ၊ွပျဉ်တွေရဖို့ ဝိုင်းပြီးကြိုးစားထားကြလို့..ခုဆို
ကျောင်းလေးက အမိုးတော့ပြီးသွားပါပြီ…။

အကာတွေ၊အခင်းတွေတော့မရှိသေးဘူးပေါ့..ခက်တာက
အဲ့ကျောင်းလေးကို ဒီနွေရာသီကျောင်းပိတ်ရက်မှာ အပြီးဆောက်ရမယ့်လို့
လူကြီးတွေကပြောသွားတယ်တဲ့လေ… အဲ့တာဆိုတော့
ရွာကလူကြီးတွေဘာလုပ်ရမယ်မှန်းမသိဘူး…
ကိုယ့်ဝမ်းစာကိုယ်တောင်မနည်းရှာစားနေကြရတဲ့လူတွေလေ…ဒီကျောင်းကြီးပြီးအောင်ဘယ်လိုလုပ်
တတ်နိုင်ကြမှာလဲ…သူတို့မို့
မစဉ်းမစားပြောရက်တယ်….

.ရှေ့နှစ်ကျောင်းဖွင့်ချိန်အမီမပြီးရင်
ကျနော်တို့စာသင်နေတဲ့ကျောင်းလေးကို
ဖျက်ရမယ်တဲ့…ကျနော်ဝမ်းနည်းလိုက်တာ…ကျနော်တို့ကျောင်းလေးကိုဖျက်ပြီး..ရွာနဲ့နှစ်မိုင်လောက်
ဝေးတဲ့ မူလတန်းကျောင်းလေးမှာ
ကျနော်တို့သွားတက်ရမယ်ဆိုပဲ…ကျနော်တော့မပြောင်းချင်ပါဘူး…

နေ့တိုင်းနေ့တိုင်းအသွားအပြန်လေးမိုင်လောက်လျှောက်ရမဲ့ခရီးလေ…သူတို့သားသမီးတွေ..ကျနော်တို့လိုလျှောက်ရမယ်ဆိုရင်ရော…သူတို့တွေက
ပြောင်းရမယ်လို့ပြောကြပါ့မလားလို့..ရွာဦးကျောင်းဆရာတော်ကတော့
မိန့်ကြားတာကြားမိသဗျ… တစ်ချို့မိဘတွေကတော့ သူတို့သားသမီးတွေကို
စိတ်မချလို့ဆိုပြီး ရှေ့နှစ်ကိုကျောင်းမထားကြတော့ဘူးလို့
ပြောနေကြတာပဲ…

mg

ရွာထိပ်က ဘကြီးမိုးကတော့…ဒီလိုပြောနေတယ်…ပညာသင်ကြားရမဲ့
ကလေးအရွယ်တိုင်း
မသင်မနေရအခမဲ့ပညာရေးစနစ်ဆိုပြီးတော့..ငါတို့..ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ကျောင်းလေးကို
တော့ဖျက်ရမယ်တဲ့..ဘယ်လိုတွေလဲ..ဒါလားကွ..နိုင်ငံတိုးတက်အောင်
ခေတ်မီအောင်လုပ်တာ..ဒါလားကွ..အပြောင်းအလဲဆိုတာ….ဆိုပြီးမကျေမနပ်နဲ့ရေရွှတ်နေတော့တာပါပဲ….

ကိုဖိုးတူးကတော့ ပျော်နေတယ်…သူသားရှေ့နှစ်ကို လေးတန်းရောက်မှာလေ…သူ့က
တစ်နေ့လုပ်တစ်နေ့စားဆိုတော့ သူ့သားငွေမောင်ကို
ကျောင်းထားရင်စာအုပ်ခဲတံဖိုးတွေရှာရမှာမဟုတ်လား…အခုတော့
ရှေ့နှစ်ကျောင်းလေးမရှိတော့ဘူးဆိုရင် ကျောင်းသွားရတာဝေးတယ်ဆိုပြီး
သူ့သားကိုကျောင်းထုတ်ပြီး…သူရင်းငှားလုပ်ခိုင်းမယ်ဆိုလား

…ပြီးတော့ပြောသေးတယ်….ပညာတတ်တော့ရောဘာလုပ်လို့ရမှာလဲ..ပညာတတ်ဘွဲ့ရပြီး
အလုပ်မရှိအကိုင်မရှိဖြစ်နေတဲ့ကောင်တွေ..ကျောင်းတက်ပြီး ဆေးစွဲ၊
အရက်စွဲ..လမ်းဘေးရောက်နေတဲ့ကောင်တွေ နည်းသလားတဲ့….တကယ်ရော
အဲ့လို့ဖြစ်နေတာလားဟင်…

ကျနော်က မြို့ဆိုဘယ်မြို့မှ
မရောက်ဘူးဘူးဗျ….

.ဒါပေမယ့်
ကျနော်ပညာတတ်အောင်သင်ပြီးကျောင်းဆရာတစ်ယောက်ဖြစ်ချင်တယ်…ရွာမှာစာလာသင်တဲ့..
ဆရာလေးကိုကြည်မောင်လိုပေါ့…ဆရာလေးက ဆံပင်တိုတိုကိုသပ်သပ်ရပ်ရပ်လေးဖြီး
အဖြူအစိမ်းလေးနဲ့..စာသင်တော့လည်း
စိတ်ရှည်ရှည်ထားတယ်..ကျနော်တို့ကလေးတွေကို
ဘယ်တော့မှမရိုက်ဘူး..

အို…ရိုက်ဖို့မပြောနဲ့…တုတ်ကိုင်တာတောင်မမြင်ဘူးဘူး…
ကျနော်ဆရာလေးလို အရမ်းဖြစ်ချင်တာပဲ…ဒါပေမယ့်လည်းလေ…
ကျောင်းလေးကိုမဖျက်ရရင်တော့..ကျနော်က ဒီကျောင်းလေးမှာ
လေးတန်းအထိပဲနေရမှာ..

တကယ်လို့
လေးတန်းအောင်သွားရင်တောင်..အဖေ..အမေတို့က..ကျောင်းဆက်ထားနိုင်ပါ့မလား..ကျနော်
ကျောင်းဆက်နေခွင့်ရှိပါ့မလားလို့လည်းတွေးနေမိတာပေါ့..ဒါတွေကဝေးပါသေးတယ်..ခုလောလော
ဆယ်ဆယ်တော့..ရွာသူရွာသားတွေရဲ့ချွေးတွေသွေးတွေကို
အရင်းပြုတည်ထောင်ထားတဲ့..ဒီကိုယ်ထူ ကိုယ်ထကျောင်းလေး အဖျက်မခံရစေဖို့
ကျနော်ဆုတောင်းရမှာပါ…

အကယ်၍များ ကျောင်းလေးကို ဖျက်ခံရမယ်ဆိုရင်
ကျနော်ရွာနဲ့နှစ်မိုင်လောက်ဝေးတဲ့ ခရီးကိုသွားရင်လည်းသွားရပါစေ….အဖေတို့
အမေတို့ကရော ကျနော့်ကိုစိတ်ချပါ့မလား..ဒီလမ်းခရီးက
တောလမ်း..မိုးရာသီ..မိုးတွေရွာပြီး ချောင်းလေးသာရေတွေကြီးနေရင်
အမေနဲ့အဖေလာကြိုပေးနိုင်ပါ့မလားးးးး…ကျနော့်ရဲ့ပညာရေးရှေ့ဆက်ဖို့ကတော့
ရွာကကျောင်းလေး အပေါ်မှာ မူတည်နေတာပါ…

mg4

mg5

ဒီကျောင်းလေးပြီးမြောက်အောင်ဆောက်လုပ်ဖို့က ငွေ(၂၅)သိန်းလောက်
အနည်းဆုံးလိုအပ်တယ်တဲ့…၂၅သိန်းဆိုတာ
ဘယ်လောက်များသလဲ..ကျနော်မသိပါဘူး…အဖေကတော့ ၂၅သိန်းဆိုတာအဖေတို့
တစ်ရွာလုံးက အိမ်တွေကို ဝယ်ပစ်လို့ရတယ်ပြောတာပဲ…

.ဒီစာလေးကို ဖတ်မိတဲ့
ဘိုးဘိုး၊ဘွားဘွား၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမများခင်ဗျား…တတ်နိုင်ရင်
ကျနော်တို့ရွာက ကလေးတွေ ရွာနဲ့မခွဲပဲ ပညာသင်ကြားနိုင်ရေးအတွက်
တတ်နိုင်တဲ့ဘက်က ကူညီပေးကြစေလိုပါတယ်…..

ကျနော်တို့ရွာကျောင်းလေးကနေ
ပညာတွေသင်ပြီး ပညာတတ်ကြီးတွေဖြစ်လာကြပြီး နိုင်ငံခေါင်းဆောင်တွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ….ဆရာလေးကိုကြည်မောင်က
ကျနော်တို့ကိုပြောဘူးတယ်….နာမည်ကျော်တွေ နာမည်ကြီးတွေက တောသားတွေကွတဲ့….

ဘယ်လိုပဲဖြစ်ဖြစ်ပါ..ကျနော်ကတော့ ညအိပ်ယာမဝင်ခင် ဘုရားရှိခိုးတိုင်း
ရွာကစာသင်ကျောင်းလေးကို ပြီးစီးအောင် ကူညီပေးနိုင်တဲ့ ပေါ်လာပါစေလို့
ဆုတောင်းနေလျှက်ပါ…

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
K.T.W.L

mg1

mg2

mg3

စိတ်ပါဝင်စားသူများ ရှိပါလျှင် ……………

25 comments

  • kotun winlatt

    March 27, 2013 at 3:36 pm

    ကျေးးးဇူးးးတင်တယ်…ကိုထူးးဆန်းးးးရေ…
    ချို့တဲ့လိုက်ပုံများးးးးးးးး
    ငွေတင်မကဘူးးးးး အွန်လိုင်းးးကွန်နက်ရှင်ပါ ချို့တဲ့နေလိုက်တာ..
    ကဲ…ဂေဇက်အပေါင်းတို့ရေ..ကျနော်တောသားးးးအလှူခံဖလားကြီးပိုက်ပြီးးရွာထဲကို ကို့ယိုးကားယား ဝရုန်းသုံးကားးပြန်ဝင်လာပါပြီ…ဒီကျောင်းလေးအတွက် One More အဖွဲ့ကြီးကို အကူအညီ တောင်းခံထားပါတယ်….အကယ်၍ မရခဲ့လျှင်….ကျနော်တို့ တဂျီးးးအူးးးးခိုင်…အုပ်ချုပ်စီမံနေသော ဂေဇက်ရွာကြီးမှ ကူညီကြပါဦးလို့ နှိုးဆော်လိုက်ရပါသည်…။

  • KZ

    March 27, 2013 at 3:40 pm

    လှုမယ်ဆို ဘယ်ကို ဆက်သွယ်ပြီး ပေးရမှာတုန်းဗျ ???
    :hee:

  • ကထူးဆန်း

    March 27, 2013 at 3:54 pm

    KZ ရေ .. ကိုထွန်းဝင်းလတ် တင်မရဖြစ်နေလို့ တင်ပေးပါဆိုလို့ ကွန်လေးလဲ ကောင်းနေတာနဲ့ ကောက်တင်လိုက်တာ ဆိုတော့

    အလှုငွေလက်ခံဖို့ လူဆိုး.. အဲ အဲ .. :hee: လူကောင်းတွေနဲ့ မတိုင်ပင်ရသေးလို့ …
    ရွာ့ ကုသိုလ်ရေး လက်မနှေး နေကြဖြစ်တဲ့ လေးပေါက် ၊ကိုရွှေတိုက်၊ ကို အမတ် ၊ ဦးဦးပါ ၊ အန်တီ ပဒုမ္မာ တို့ များ လိုအပ်လျှင် ကူညီပေး နိုင် မလားဆိုတာ ဒီကဘဲ မေးလိုက်ပါရစေခင်ဗျာ ။
    ကိုထွန်းဝင်းလတ်က တော့ one more အဖွဲ့ ကြီးကိုလည်း အကူ အညီတောင်းခံ ထားပါတယ် ဆိုတော့ အလှုငွေ ထည့်ဖို့ စိတ်ဝင်စားကြတယ် ဆိုရင် လောလောဆယ်တော့ comment လေး နဲ့သာ တို့ထားပေးပါဦးခင်ဗျာ ..

    • ရွှေတိုက်စိုး

      March 28, 2013 at 1:46 pm

      Ready ပါ ကထူးဆန်းခင်ဗျ…. ဘယ်လို Plan နဲ. အလှူငွေကောက်ခံမလဲ ဆိုတာသာ စီစဉ်ပါ…

    • ရွာစားကျော် မင်းနန္ဓာ

      March 28, 2013 at 2:08 pm

      ကွန်မင့် ပေးတာ ဘာဖြစ်နေတယ်မသိ
      ဒါ တတိယအကြိမ်ပဲဗျာ
      ဖြစ်မြောက်ခဲ့ရင် လက်တို့ပါလို့
      နိုင်သလောက် တစ်တပ်တစ်အား ပါဝင်ရတာပေါ့

  • kai

    March 27, 2013 at 4:19 pm

    အစိုးရက.. သူ့ဘက်ဂျက်တွေ.. စစ်တပ်ဖက်မှာ.. စွတ်သုံးနေတာ.. လွှတ်တော်ကလည်း. ဘာမှမပြောနိုင်..
    ဆိုတော့..
    မိတ္ထီလာအရေးအခင်းဖြစ်တော့.. စစ်တပ်ဝင်ရသမို့.. ကလေးတွေကျောင်းဆောက်ဖို့.. ငွေတွေ.. အဲဒီထဲအလဟသဘယ်လောက်ဝင်မျောပျောက်သွားသလည်း.. တွေးနေမိတယ်..

    အခုလည်း.. တနိုင်ငံလုံးအတိုင်းအတာ.. ရဲ..တပ်တွေ..အချိန်ပိုကြေးနဲ့.. တိုင်းပြည်ဘက်ဂျက်သုံးနေကြရပြန်ပြီ..။ အဲဒါ.. ကလေးတွေရဲ့.. ဘဝနောင်ရေးအတွက်.. ငွေတွေပါ..။

    သံသရာ.. သံသရာ..။
    ဒီသံသရာဘီးရပ်ဖို့.. လွှတ်တော်မှ.. တခြားဘက်ဂျက်တွအားလုံးလျှော့ချ..ဖြတ်တောက်.. .. ကလေးပညာရေးထဲ.. ပုံချပေးစေလိုပါကြောင်း..
    ကလေးတွေကြီးလာချိန်မှာ.. သံသရာဘီး..နှေးလိုက်လာပြီး.. လုံးဝရပ်သွားပါမယ်ဖြစ်ပါကြောင်း..

    လောလောဆယ်တော့…
    .. :buu:

    • MaMa

      March 27, 2013 at 4:43 pm

      ကိုထူးဆန်းနဲ့ ကိုဝင်းထွန်းလတ်ရေ-
      စုပေါင်းလှူဖြစ်ကြမယ်ဆိုရင်တော့ တတ်နိုင်သလောက် ပါဝင်ပါ့မယ်။

      ဒီနေ့ပဲ သီလရှင်ကြီးတစ်ပါးတည်ထားတဲ့ စေတီနားက ဖြတ်သွားတော့ အဲဒီမှာကုန်ကျခဲ့တာတွေကို ကလေးတွေရဲ့ပညာရေး ကျန်းမာရေးတွေအတွက် သုံးဖြစ်ရင် ဘယ်လောက်ကောင်းမလဲလို့ စဉ်းစားမိသေးတယ်။

      အော်…. ဒုက္ခ ဒုက္ခ
      :eee:

      • မောင် ပေ

        March 27, 2013 at 7:56 pm

        ဒီလိုပဲပေါ့ဗျာ
        ပိုက်ဆံရှာတာ ဘာအတွက်ရှာသလဲ ဆိုတာရဲ ့အဖြေ နောက်ဆုံးဟာ
        စိတ်ချမ်းသာမှု ရအောင် ဆိုသလို
        စိတ်ချမ်းသာမှု ရအောင် ဘယ်လို လုပ်မလဲ ဆိုတာရဲ ့အဖြေဟာ

      • နေဝန်းနီ

        March 27, 2013 at 8:39 pm

        အဲဒိလို အဟောသိကံ ဖြစ်နေတဲ့ အလှူတွေ အများကြီးရယ် မမ ဒို့ဗမာတွေ အများကြီး ပြင်ရဦးမယ် တစ်ကယ်တော့ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားက မရိုင်းဘူး သူ့အိုးသူ့ဆန် တန်အောင်ပြောခဲ့တာ ……။
        အလှူတစ်ခုမှာ အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကိုပဲ ကြည့်ပြီးလှူတဲ့အလှူက အမြင့်မြတ်ဆုံးပါတဲ့….။ တော်တော်များများကတော့ ကိုယ့်ကျိုးကိုပဲ ကြည့်တဲ့အလှူတွေချည့်လိုဖြစ်နေတာ စိတ်မကောင်းရုံကလွဲပြီး ကိုယ်တိုင်လည်းဘာမှမတတ်နိုင်လို့ …………။ ( ခါးမသန်တဲ့ ခါချဉ်ကောင်က မာန်ကြီးနေလို့လည်းမဖြစ်ဘူးလေ……… ။ )

  • အလင်းဆက်

    March 27, 2013 at 8:26 pm

    ဘယ်လိုပဲဖြစ်ဖြစ်ပါ..ကျနော်ကတော့ ညအိပ်ယာမဝင်ခင် ဘုရားရှိခိုးတိုင်း
    ရွာကစာသင်ကျောင်းလေးကို ပြီးစီးအောင် ကူညီပေးနိုင်တဲ့ ပေါ်လာပါစေလို့
    ဆုတောင်းနေလျှက်ပါ…

    ———————————–
    လောလောဆယ် ကျွန်တော် လည်း..ဆုတောင်း ရုံ ဆန္ဒပြု ရုံပဲ..တတ်နိုူင်သေးတယ် ဗျာ ။

  • ဖားသက်ပြင်း

    March 28, 2013 at 7:36 am

    ကိုလင်းဝေ ပြောခဲ့တဲ့ စကားသွားသတိရတယ်..
    တိုင်းမူး ဆိုတဲ့ လဒ ပြောခဲ့တဲ့စကားကို ဖတ်ပီး..

    ဘာတဲ့ ..

    ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ်..လုပ်နေသရွေ့ကတော့
    ပေါက်နေတဲ့ရေဗူးကို မဖာဘဲ နီးမှ သေးပေါက်ထည့်ပီး လာပေးမယ်

    ဆိုတာ..

    စိတ်မကောင်းဝူးဗျာ …
    ဟိုသာထိန်းဒွေ ဘောလုံးအသင်းတွေ ထောင်မယ့်အစား ဒီလိုနေရာတွေမှာသာ
    လှူမယ်ဆိုရင် ဆိုတဲ့ အတွေးလေးတော့ ဝင်မိပြန်ရော…

    :byae:

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • Ma Ei

    March 28, 2013 at 9:08 am

    မော်လူးနားမှာ အမျိုးစုံတွေ ဖြစ်ပျက်နေတုံးမှာ တို့ရွာက
    ကိုထွန်းဝင်းလတ် အသံတိတ်နေလို့ သတိရနေမိသေးတာရယ်…
    ခုကျောင်းကလေးမှာ စာသင်ဆရာမှရှိရဲ့လား စိတ်ပူမိပါတယ်…
    တတ်နိုင်သရွေ့လေး ပါဝင်လှူဒါန်းချင်ပါတယ်…

  • ကြည်ဆောင်း

    March 28, 2013 at 9:12 am

    One More မှာတော့လတိုင်းလှုဖြစ်တယ်..
    အလှုခံမယ်ဆို လက်တို့လိုက်ပါဗျို့….

  • ရွာစားကျော် မင်းနန္ဓာ

    March 28, 2013 at 10:13 am

    ဖြစ်မြောက်ခဲ့ရင် လက်တို့ပါဗျို့
    တစ်တပ် တစ်အား ပါဝင်ပါ့မယ်

  • kyeemite

    March 28, 2013 at 10:50 am

    သဂျီးဘာပြောပြော…နိုင်ငံတော်က မလုပ်ပေးသေးခင်
    တတ်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့ကြရမှာပဲဗျ..

  • ရွာစားကျော် မင်းနန္ဓာ

    March 28, 2013 at 11:09 am

    လှူဖြစ်ခဲ့ရင် လက်တို့ပါဗျာ
    တစ်တပ် တစ်အား နိုင်သလောက် ပါဝင်ကြတာပေါ့

  • ဦးဦးပါလေရာ

    March 28, 2013 at 7:37 pm

    ကျုပ်လဲ တစ်ပုံးလောက် လှူဘို့ လျာထားကြောင်း…
    အဲဒါ … အဲဒီပိုက်ဆံမကုန်ခင် (မသုံးမိခင်) အလှူငွေကောက်မယ့်အစီအစဉ် ဖြစ်ပေါ်လာပါစေလို့ ဆန္ဒပြုပါကြောင်း..။

    နိဗ္ဗာန်ဆော်များဖြစ်ကြတဲ့ ကိုထွန်းဝင်းလတ်နဲ့ ကိုထူးဆန်းတို့ကိုလဲ အထူးကျေးဇူးတင်ပါကြောင်း…

  • ဦးဦးပါလေရာ

    March 28, 2013 at 7:41 pm

    အပေါ်က သူကြီးမင်းရဲ့ကွန်မင့်နဲ့ပတ်သက်ပြီးပြောရရင်-
    မြန်မာနိုင်ငံက ရဲတွေ စစ်သားတွေ မှာ အချိန်ပိုကြေးဆိုတာ လုံးဝမရှိပါဘူး…
    အင်မတန်ဆင်းရဲ အင်မတန်ပင်ပန်းပြီး ဒုက္ခခံပြီး တာဝန်ထမ်းဆောင်ကြရတာဖြစ်ပါတယ်။
    ပြီးတော့ သူတို့ထဲက စုန်းပြူးတစ်ချို့ကြောင့် လူမုန်းခံကြရတာလဲဖြစ်ပါတယ်။

  • ဦးဦးပါလေရာ

    March 28, 2013 at 7:52 pm

    ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးတွေအတွက်
    အခြား ချွေတာလို့ရတဲ့နေရာမှာ ချွေတာကြစေချင်တယ်။

    ဥပမာ- ကျုပ်ဆို သုံးခွင့်ရှိတဲ့ငွေက တိကာတိုင်းကာပဲရှိတော့
    အိုင်ဖုန်းဖိုက် ဝယ်မယ့်ပိုက်ဆံကို ဟွာဝေးလေးပဲဝယ်ပြီး ပိုအကျိုးရှိမယ့်နေရာမှာသုံးတယ်
    (အဲဒါကုန်တော့မယ် ရွှေတိုက်ရေ….။ နင်လက်ဦးအောင် အလှူလာကောက်..)

    အဲဒီဥပမာမျိုးပဲ-
    နိုင်ငံရေး ဘာသာရေး လူမှု့ရေးဖက်က ဦးဆောင်ပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေ လုပ်စေချင်မိတယ်။
    ဆင်းရဲတဲ့တိုင်းပြည်က ခေါင်းဆောင်တွေဆိုတာ ငွေကို ဆင်းရဲသားလိုသုံးရမယ်
    အရေးကြီးတာကို လက်တွေ့သုံး၊ သိပ်အရေးမကြီးတာကို အောင့်ထား
    လုံးလုံးအရေးမကြီးတာတွေကို ကိုယ်နဲ့မဆိုင်သလိုသဘောထားရမယ်။

  • ကထူးဆန်း

    March 29, 2013 at 10:23 am

    ကျေးဇူးပါ ဗျာ ။ ကိုထွန်းဝင်းလတ် ဆီက သိမှဘဲ အလှုငွေ ကောက်သင့် မသင့် ဆုံးဖြတ်ပြီး လုပ်မှာမို့ လောလောဆယ်တော့ information လေး တစ်ခုပါဘဲ ခင်ဗျ။

  • kai

    March 30, 2013 at 3:42 am

    သူတို့တွေ.. အသံတွေကြားနေကြသလားတော့မသိ..
    ကြိုဆိုပါကြောင်း.. သာဓုခေါ်ပါကြောင်း..။ :harr:
    ==
    မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်
    သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက်လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြောကြားသည်။”နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။…

    ..
    မူလတန်းပြဆရာ၊ ဆရာမဝန်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်
    ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ
    ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။

    အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃
    ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀ဝ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ်
    အတွက် ငွေကျပ် ဘီလျံ ၉၀ဝ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်
    သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး
    သည်။

    ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ဝယ်ယူအသုံးပြုရန်လျာ
    ထားသည့် ငွေကျပ် ဘီလျံ ၃ဝ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန်
    ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။

  • kotun winlatt

    April 11, 2013 at 8:45 am

    ရွာသူရွာသားတွေ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်ပါရစေ…..
    အလှူနဲ့ပတ်သက်ပြီး စိတ်ဝင်စားကြ အားတက်သရော ရှိကြတာတွေ မြင်ရ ဖတ်ရတော့ ဝမ်းသာလိုက်တာ.. ကျနော်တို့နိုင်ငံရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ပညာရေး ကျန်းမာရေးတွေ အတွက် တတ်နိုင်တဲ့ ဘက်က တတ်နိုင်သလောက်လုပ်ကိုင်နေတဲ့ ကျနော့် အတွက် အားတက်မိသလို ..သာဓုလည်းးး အကြိမ်ကြိမ်ခေါ်မိပါတယ်…. အခုကျောင်းလေးအတွက်တော့ One More အဖွဲ့ မှ သိန်း(၂၀) ကျပ် လှူဒါန်းခဲ့ပါပြီ အလှူငွေ ပေးအပ်ပွဲကို ဧပြီ (၁၃) ရက်နေ့မှာ ဖားပန်အေးချမ်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ပါမည်…..အလှူအတွက် သာဓုခေါ်နိုင်စေရန်နှင့် အားလုံးဝမ်းမြောက်ဝမ်းသာဖြစ်စေရန် ကြေညာအပ်ပါသည်။ အထူးကျေးဇူးတင်ရသည်မှာ ရန်ကုန်မှ မန်းလေးသို့ လွဲပေးသော ငွေများကို မော်လူးသို့ ရောက်ရှိစေရန် ကူညီဆောင်ရွက်ပေးသော လေးပေါက်ပါ……..လှူဒါန်းပေးသော One More အဖွဲ့ကြီးကိုလည်း ရွာသူရွာသားများကိုယ်စား ကျနော်မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်…..
    အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ……

    • ရွှေ ကြည်

      April 13, 2013 at 1:34 pm

      ကိုထွန်းဝင်းလတ်ရေ ဝမ်းသာဝမ်းမြောက် သာဓု ခေါ်ပါတယ်ရှင် မြန်မာနိုင်ငံကတော့ တလွဲဆံပင်ကောင်းလို့ ကောင်းနေတုန်းဗျာ။ အားမရဘူး အပေါ်ယံ ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ်တွေများနေသလိုပဲ စနစ်တကျ တိုးတက်အောင်မလုပ်တတ်တော့တာများလား…။

  • ကထူးဆန်း

    April 13, 2013 at 12:03 pm

    ကိုထွန်းဝင်းလတ်ရေ .. ဝမ်းသာပါတယ်ဗျာ .. ကျွန်တော်လည်း ခရီးထွက်နေလို့ ရွာနား မရောက်နိုင်လို့ …
    အခုမှ ပြန်နိုင်ပါတယ် ။
    အခု ဆို အလူငွေ ပေးအပ်ပွဲ လုပ်ပြီး လောက်ပြီနော် ။။
    အပင်ပန်းခံ လုပ်နေတဲ့ ကိုထွန်းဝင်းလတ် ၊ အမြဲတန်းလိုတဲ့ နေရာ ဖြည့် ပေးတဲ့ လေးပေါက် တို့ကို အထူး အားကျ ဂုဏ်ယူမိပါတယ် ။

  • ဝင့်ပြုံးမြင့်

    April 13, 2013 at 11:50 pm

    ကိုထွန်းဝင်းလတ်ရေ
    ဂုဏ်ယူပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ပရဟိတ လုပ်နေနိုင်သူတိုင်းကို အားကျမိပါတယ်။

Leave a Reply