နွေဆီရောက်ငြား အစချီ
ကိုယ်တွင်းပြည့်
ပိုဒ်စုံ ရတု

နွေဆီရောက်ငြား၊ မနား ငှက်ငယ်
ဆောင်းခိုမယ် လား၊ ပျက်ပြယ် သွားမှ
ခန စက်ရန်၊ ပျံပါလေအုံး
မိုင်ချီ နှုန်းနဲ့၊ ရုန်းထွက်မယ်ပြင်
မိုးသက် ဆင်လာ၊ ပင် ရှာခက်တုန်း
မြင်ရာ ပုန်းဖို့ နေပူရှင့်…။ ။

ထွေလီဖောက်ပြား၊ ကစား သက်လှယ်
ခေါင်းကို ကွယ်ထား၊ မျက်ကွယ် အားရ
ဘဝပျက်ဟန်၊ ဖန်ပါစေအုံး
ခိုင်ကျည် ထုံးဖွဲ့၊ သုဉ်းပျက်တယ် ထင်
ချိုးဖျက် ညင်သာ၊ ကြဉ် ရာသက်လုံး
သင်္ခါ ဆုံးသို့ ခြွေယူလင့်…။ ။

သွေဖီ ခြောက်ခြား၊ သနား ဖက်တွယ်
တောင်းဆို ပယ်အား၊ ပြက်ရယ် ခါးမှ
မလှ နက်ဖန်၊ ကံသာစေ ရှုံး
နိုင်ချည် ပြုံးလှည့်၊ အုံးစက်ဝယ် ယှဉ်
ပြိုးပြက်စင်ကာ၊ ရင် နာလျှက်တုန်း
ကြင်နာဆုံးမို့ ဗွေယူသင့်…။ ။

တောက ကိုရင်
၂၅.၁၀.၂၀၁၁

(ကိုဟယ်ရီ၏ လောကနာရီကို မှီငြမ်းရေးသားပါသည်…)

လောကနာရီ

လောကနာရီ အစချီ ကိုယ်တွင်းပြည့် ရတုပိုဒ်စုံ

လောကနာရီ၊ ဘာသာကြည်မွေ့၊ ခါမှီရွေ့ညောင်း၊ ဆောင်းတပြန်လှစ်၊ နှောင်းဟန်ဖြစ်တည်၊

တွယ်နှစ်ကြည်ထွေး၊ ရစ်သီနွေးလို။ ။ လှစ်တွေးပိုသင့် မပိုသင့်။

မောလျတာရှည်၊ ခါရာသီကွေ့၊ ပြာသီငွေ့လောင်း၊ ဟောင်းတဖန်သစ်၊ လောင်းပြန်ရစ်သည်၊

ငယ်ချစ်သီကြွေး၊ ချစ်ရည်ထွေးစို။ ။ ချစ်တေးဆိုသင့်မဆိုသင့်။

သောကရာသီ၊ မာယာသီဝေ့၊ ယာယီရွှေ့အောင်း၊ ပြောင်းအပြန်ဖြစ်၊ စောင်းမာန်သစ်ချီ၊

ပယ်ပစ်ချည်ဝေး၊ နှစ်ရှည်ဆွေးပို။ ။ ဟစ်ကြွေးငိုသင့် မငိုသင့်။

ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတုလို့ ခေါ်ပါတယ် … ရတု တွေမှာ ပိုဒ်စုံဆိုတာက အပိုဒ်ကြီး သုံးပိုဒ် ရှိတဲ့ ရတု တွေကို ခေါ်တာပါ … တစ်ပိုဒ်ပဲရှိရင် ဧကပိုဒ်ရတု၊ နှစ်ပိုဒ် ရှိရင် အဖြည့်ခံရတု လို့ ခေါ်ပါတယ် ….

ကိုယ်တွင်းပြည့် ဆိုတာကတော့ အပိုဒ် သုံးပိုဒ်လုံးရဲ့ ရှိသမျှ ပါဒတွေအားလုံးကို တပိုဒ်ချင်းစီ နဘေကိုက်အောင် ရေးထားတာကို ခေါ်ပါတယ် … ရင်တွင်းပြည့် လို့လည်း ခေါ်လေ့ရှိပါသေးတယ် … သဘောကတော့ ….

လောကနာရီ၊ မောလျတာရှည်၊ သောကရာသီ၊ ဆိုပြီး အချီပိုဒ် (စစချင်းရေးတဲ့အပိုဒ်) တွေကို နဘေထပ်ရပါတယ် …

ပြီးရင် နောက်ထပ် ဒုတိယအပိုဒ်တွေကိုလည်း …ဘာသာကြည်မွေ့၊ ခါရာသီကွေ့၊ မာယာသီဝေ့၊ ဆိုပြီး နဘေကိုက်အောင် ထပ်ရေးရပါတယ် …

တတိယအပိုဒ်တွေကိုလည်း … ခါမှီရွေ့ညောင်း၊ ပြာသီငွေ့လောင်း၊ ယာယီရွှေ့အောင်း၊ ဆိုပြီး နဘေထပ်ရပါတယ် …

အဲဒီလို ရှိသမျှအပိုဒ်အားလုံး တပိုဒ်မကျန် နဘေလိုက်ထပ်ပြီးရေးရတာမျိုးပါ … အလွန်ရေးရခက်ပါတယ် … ကျနော် ဒါမျိုး ရတု ၂-ပုဒ်ပဲ ရေးကြည့်ဖူးပါတယ် … နောက်ထပ်ရေးဖို့ မလွယ်တော့ပါဘူး … ဒီ ရတုက ပထမဆုံး စမ်းရေးကြည့်ထားတဲ့ ကိုယ်တွင်းပြည့် ပိုဒ်စုံရတုအတိုလေးပါ … နောက်ထပ် အရှည်ရေးထားတဲ့ တပုဒ် ထပ်တင်ပေးပါဦးမယ် …

ကဗျာဉာဏ်ကွန့်မြူးနိုင်ကြပါစေ …

ဟယ်ရီ

အရမ်းကို ကောင်းပါတယ်ဗျာ … တချက်ကြည့်ရုံနဲ့ လိုက်ရေးနိုင်တဲ့အတွက် ကိုရင့်ကို လှိုက်လှိုက်လှဲလှဲ လေးစားချီးကျူးပါတယ် … ကာရန်လည်းကိုက်၊ စကားလုံးအသုံးအနှုန်းလည်း ပြေပြစ်လှပသလို အဓိပ္ပာယ်အားဖြင့်လည်း ကောင်းမွန်လှပါရဲ့ … တကယ်တော့ ဒီလို ကိုယ်တွင်းပြည့်ပိုဒ်စုံရတု ရေးရတာဟာ ပထမအပိုဒ်ကြီးရဲ့ ရှိသမျှ အပိုဒ်ငယ်အားလုံးကို နဘေနှစ်ဆင့် (ဒုတိယ နဲ့ တတိယ အပိုဒ်ကြီးတွေမှာ) ထပ်ရတာမို့ အတော်ခက်ပါတယ် … တော်ရုံတန်ရုံနဲ့ ရေးလို့မရပါဘူး

မှားတယ်ရယ်လို့ မဟုတ်ပေမဲ့ ဝေဖန်ကြည့်မယ်ဆိုရင်တော့ အချပိုဒ်မှာ နည်းနည်းလေးထောက်နေပါတယ် “… ပင်ရှာခက်တုန်း မြင်ရာ ပုန်းဖို့ နေပူရှင့် …” ဆိုပြီး တန်းချလိုက်တဲ့အခါ တုန်း – ပုန်း ကာရန်ဟာ ၄-၃ ပဲ ရှိနေသေးတဲ့အတွက် ကာရန်တတွဲမပြည့်ခင် ဖြတ်ချ လိုက် သလို ဖြစ်သွားပါတယ် … နောက်ထပ် တပိုဒ်လောက်ထပ်ဖြည့်ပြီး ၄-၃-၂ သို့ ၄-၃-၁ နဲ့ ချလိုက်မယ်ဆိုရင် ပြောစရာ မရှိအောင် ပြီးပြည့်စုံ တဲ့ ရှားရှားပါးပါး ရတု တပုဒ် ဖြစ်လာပါလိမ့်မယ်လို့ အကြံပြုပါရစေ …

ဒါကလည်း အမှားတော့ မဟုတ်ပါဘူး … မဆိုစလောက်သော ချို့ယွင်းချက်ကလေးသာလျှင် ဖြစ်ပါတယ် … ဒါပေမဲ့ ပုဝါဖြူပေါ်က အမည်းစက်လေး တစက်ဟာ အလွန်ထင်ရှားတာမို့ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်စေလိုတဲ့အတွက် ကျနော် ထောက်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ် …

အခုလို ရှားရှားပါးပါး ပါရမီရှိတဲ့သူတယောက်ကို တွေ့ရတဲ့အတွက် ဂန္ထဝင်မြန်မာတွေအတွက် ကျနော် အတော်လေး အားတက်မိပါတယ် … ကျနော့် ဘလော့ဂ်မှာ ထပ်ဆင့်ဖော်ပြခွင့်ပြပါလို့ မေတ္တာရပ်ခံပါတယ် …

ဒီကဗျာမှာ နောက်ထပ် တချက် အထူးပြုပြီး ချီးကျူးချင်တာက “အသံ” ပါ … အင်္ဂလိပ်လိုတော့ Rhythm လို့ ပြောရပါလိမ့်မယ် … ရှေးမြန်မာ့ကဗျာစကား နဲ့ ပြောရင်တော့ လေယူလေထား၊ တနည်းအားဖြင့် ဂရု၊ လဟု ယူထားပုံပဲဖြစ်ပါတယ် …

အသံထွက် ဖတ်ကြည့်လိုက်ပါ … ပဓာန ကာရန်တွေ အားလုံး အသံအနိမ့်အမြင့် ပြေပြစ်ပြီး ဂရုသံတလှည့်၊ လဟုသံတလှည့် တက်လိုက်ကျလိုက်နဲ့ သဟဇာတဖြစ်တဲ့ ကာရန်အသွားကို တွေ့ရပါမယ် …

မြန်မာကဗျာတွေမှာ ကာရန်တွင်မကဘဲ အသံလည်း အရေးကြီးကြောင်း သတိပြုမိတဲ့သူ နည်းပါတယ် … တကယ်တော့ ကဗျာမှာ အသံ (Rhythm) ဟာ ကာရန်ထက် ပိုအရေးကြီးပါတယ် … ဒါကြောင့် ဂရုစိုက်ဖို့လိုပါတယ် … တချို့ကဗျာတွေဟာ ကာရန်မှန်ပေမဲ့ ဖတ်ရတာ ပြေပြေပြစ်ပြစ် မရှိဘဲ ထောက်သလိုဖြစ်နေတာ အဲဒီ Rhythm ကြောင့်ပဲ ဖြစ်ပါတယ် …

ဟယ်ရီ

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…