လုပ်ငန်းရှင်ဝါဒ (၁ မှ ၅ အထိ)

asiamastersMarch 27, 20131min1204

၁။     အရွယ်ရောက်လာတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ ဒီစာကို ဖတ်နေချိန်မှာ ကိုယ့်မှာ ဝင်ငွေ လမ်းကြောင်း တစ်ခုခိုင်ခိုင်မာမာ ရှိနေပြီလား ဆိုတာ မေးရမယ်။ အချိန်တိုင်းမှာ တစ်ခုတည်းသောစိတ်ကို ဒီဝင်ငွေအပေါ်မှာသာထားရမယ်။ မိမိရဲ့လုပ်ဆောင်မှုတိုင်းဟာ ဝင်ငွေကို ဖန်တီး၊ တိုးပွားနိုင်တဲ့ လုပ်ဆောင်မှုများသာဖြစ်ရမယ်။ စားလည်း ဝင်ငွေ၊ သွားလည်း ဝင်ငွေသာဖြစ်ရမယ်။ မနက်အိပ်ယာထချိန်ရွတ်ဆိုရမှာက ဝင်ငွေဖြစ်တယ်။ ညအိပ်ယာဝင်ခါနီးအချိန်ရွတ်ဆိုရမှာကလည်းဝင်ငွေဖြစ်တယ်။ ဝင်ငွေဆိုတာ မိမိရဲ့ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ တရားဥပဒေနဲ့အညီ အလုပ်တစ်ခုလုပ်လို့ ရလာတဲ့ အခကျေးငွေဖြစ်တယ်။ ဝင်ငွေရှိလာသူများဟာ စုဆောင်းရမယ်။ စုဆောင်းမိနေသူများဟာ တိုးပွားအောင်လုပ်ရမယ်။ တစ်ပြား၊ တစ်ကျပ်၊ တစ်ရာ၊ တစ်ထောင်၊ ငါးထောင်၊ တစ်သောင်း အစရှိသည့် ငွေကြေးတို့သည် မိမိ၏ စစ်သည်တော်များနှင့်တူသည်။ ရှုံးနိမ့်မည့် တိုက်ပွဲများအတွက် မိမိတို့၏စစ်သည်တော်တို့၏ အင်အားကို အချည်းနှီး မဆုံးရှုံးသင့်။ အစဉ်အဆက် တိုးပွားကြီးမားလာအောင်သာ လုပ်ဆောင်ကြရမည်။ ဝင်ငွေမရှိသူများသည် အသိဉာဏ်နဲပါးခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အနာရောဂါထူပြောခြင်း၊ မိတ်ဆွေသင်္ဂဟ နည်းခြင်း၊ သက်တမ်းတိုးခြင်း အစရှိသည့် ဘေးဒုက္ခတို့ကို အစဉ်ခံစားရလေ၏။

၂။     လူ့လောကမှာ ဝင်ငွေရတဲ့အလုပ်အမျိုးအစားများရေတွက်မရနိုင်အောင်ရှိတယ်။ ဒီအလုပ်တွေကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစားနှစ်မျိုးခွဲလို့ရတယ်။ ပထမတစ်မျိုးက အလုပ်ကြမ်း နဲ့ ဒုတိယတစ်မျိုးက အသက်မွေးဝမ်းကျောင်းပြုတဲ့အလုပ်မျိုးဖြစ်တယ်။ အလုပ်ကြမ်း ဆိုတာမျိုးက အချိန်ကုန်အောင် ထပ်ခါထပ်ခါ လုပ်ရတဲ့ အလုပ်မျိုးဖြစ်တယ်။ လတ်တလော ဝင်ငွေရရှိနိုင်သော်လည်း ရေရှည်ဘဝတိုးတက်ဖို့မလွယ်ပါ။ အသက်မွေး ဝမ်းကျောင်း ပြုတဲ့အလုပ်ဆိုတာမျိုးက ဘဝတက်လမ်းရှိတယ်။ အလုပ်ကြမ်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုအလုပ်တို့ ကွာခြားချက်က တစ်ခုပဲရှိတယ်။ ဒါက သင်ယူမှု (Leaning) ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်းအလုပ်ကို ရှာဖွေသင်ယူပြီး ဘဝကိုမြှင့်တင်သွားရမယ်။

၃။     ကိုယ်ပိုင်လုပ်ငန်းငယ်များမလုပ်မီ သေသေချာချာနားလည် သဘောပေါက် နားလည် ရမည်မှာ မိမိလုပ်သည့်လုပ်ငန်းသည်အောင်မြင်နိုင်သလို၊ ဆုံးရှုံးဖို့အခွင့်အလမ်းများလည်း ရှိသည် ဆိုသည်ကို သိရမည်။ အောင်မြင်လျှင် ကောင်းသော်လည်း မအောင်မြင် လျှင်မိမိပိုင်ဆိုင်သည့်၊ ငွေ၊ ဂုဏ်သိက္ခာ၊ အသိုင်းအဝိုင်း၊ မိသားစု၊ ညီအစ်ကိုမောင်နှစ်မ၊ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် တန်ဖိုးထားသည့်အရာများ အားလုံးဆုံးရှုံးသွားနိုင်သည်ကို သိထားရမည်။ အပျော်သဘောလုပ်၍မရ။ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးမှသာ ဆောင်ရွက် သင့်သည်။ (၁) ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများသည့် မိမိလုပ်မည့်လုပ်ငန်းကို ပြင်းပြင်း ပြပြ စိတ်ပါဝင်စားသူဖြစ်ပြီး၊ ကျွမ်းကျင်လာအောင်အမြဲကျိုးစားနေရမည်။ (၂) မိမိ၏ ဖေါက်သည်များ လိုအပ်နေသည့်အရာနှင့် လိုအပ်လာနိုင်သည့်အရာများကို ကြိုတင် ခန့်မှန်း နိုင်ပြီး၊ရောင်းချမည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှုများကို ထုတ်လုပ်နိုင်ရန် ကြိုးစားရမည်။ (၃) လုပ်ငန်း စတင်နိုင်ရန် မတည်ရင်းနှီးငွေကို မည်သို့ရှာဖွေရမည်ကိုသိခြင်းတို့ရှိမှသာလျှင် အောင်မြင်နိုင်သည်။ ထိုအချက် (၃) ချက်ကို နားလည်သဘောပေါက်ပြီး ပေါင်းစပ် လုပ်ဆောင်နိုင်မှ သာလျှင် ကိုယ်ပိုင်လုပ်ငန်းငယ်များ ရှင်သန်ဖွံ့ဖြိုးနိုင်လေသည်။

၄။     ရေရှည်အောင်မြင်နေသူတစ်ဦးမှာ (၁) မိမိလုပ်နေသည့်အလုပ်အပေါ် ပြင်းပြင်းပြပြ ယုံကြည်၍ စိတ်ပါဝင်စားသူဖြစ်ခြင်း (၂) တစ်မူထူးတဲ့အတွေးအမြင်များရှိခြင်းနဲ့ (၃) မိမိရဲ့ လုပ်ငန်းကို ကျွမ်းကျင်ပိုင်နို်င်စွာတတ်မြောက်ခြင်းတို့နဲ့ ပြည့်စုံရတယ်။ ပြင်းပြင်းပြပြ ယုံကြည်မှုများဟာ မိမိတို့ရဲ့ နှလုံးသားမှလာတယ်။ တစ်မူထူးခြားတဲ့ အတွေးအမြင်များဟာ မိမိရဲ့ဦးနှောက်မှလာတယ်။ (၃) ကျွမ်းကျင်ပိုင်နို်င်စွာတတ်မြောက်ခြင်းတို့ဟာ မိမိတို့ လက်များမှဖြစ်တယ်။ ဒါကြောင့် ရေရှည်မှာ အောင်မြင်လိုသူတစ်ဦးဟာ မိမိရဲ့ နှလုံးသား၊ ဦးနှောက်နဲ့ လက်တွေကို သုံးဖက်ညီ အသုံးပြုတတ်သူတို့ဖြစ်တယ်။

၅။     ဆုံးရှုံးမှုနဲ့ မပြည့်မစုံမှုတွေဟာ လူသားတိုင်းမှာရှိတယ်။ ဆုံးရှုံးမှုနဲ့ မပြည့်စုံမှုတွေဟာ ပိုပြီးပြည့်စုံလာအောင်လုပ်ဆောင်ရမဲ့တွန်းအားတွေဖြစ်တယ်။ တစ်ခါလဲကျရင် နောက်တစ်ခါ ပြန်ထနိုင်ရမယ်။ အကြိမ်ကြိမ်လဲကျလည်း အကြိမ်ကြိမ်ပြန်ထနိုင်ရမယ်။ ပြင်းပြသော ယုံကြည်မှုတို့ဟာ ပြီးမြောက်ခြင်းတို့ကို ဆောင်ကျဉ်းလာတယ်။ မပြည့်စုံမှုများဟာ အရေး မကြီးပါ။ မိမိဘာကို ပြည့်စုံအောင်လုပ်ဖို့လိုသည်ကို သိရန်သာလိုသည်။

4 comments

  • kai

    March 27, 2013 at 3:29 pm

    ဂျပန်တွေတော်တော်များများ မေးဖူးတယ်..
    ဘာဘာသာကိုးကွယ်သလည်းလို့…။
    တော်တော်များများက.. ဘာသာမရှိကြပါဘူး.။ အယုံအကြည်လည်းမရှိကြပါဘူး..။
    ဒါပေမယ့်.. သူတို့တွေပြန်ဖြေကြတာ.. ငွေကိုကိုးကွယ်ပါသတဲ့လေ..
    (နောက်တဲ့စကားလိုလိုနဲ့.. အတည်ဖြစ်နေကြတာပါ)

    မှန်ပါတယ်.
    အရွယ်ရောက်လာတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်ပါတယ်။

    ထပ်ဖြည့်ချင်တာက…
    ငွေကို.. အချောင်.. အလုပ်မလုပ်ပဲ.. ရယူလိုစိတ်..မရှိရပါဘူး.. လို့..။

  • ဖားသက်ပြင်း

    March 28, 2013 at 6:57 am

    အားပေးနေပါတယ်ဗျား …
    Bravo ပါဗျို့ …။

    စကားအတင်းစပ်
    The Art of the Start..!!!

    http://www.amazon.com/The-Art-Start-Time-Tested-Battle-Hardened/dp/1591840562/ref=sr_1_1?ie=UTF8&qid=1364430394&sr=8-1&keywords=the+art+of+the+start

    ကျနော် ကြိုက်လွန်းတဲ့ စာအုပ်ပေါ့ဗျာ..
    ပါတဲ့ အပိုင်းတွေကတော့

    The Art of Starting
    The Art of Positioning
    The Art of Pitching
    The Art of Writing a Business Plan
    The Art of Bootstrapping
    The Art of Recruiting
    The Art of Raising Capital
    The Art of Partnering
    The Art of Branding
    The Art of Rainmaking
    The Art of Being a Mensch

    အဲ့သည့်ထဲက အချက်အလက်တွေနဲ့ ဆီလျှော်နေလို့
    ထပ်ပြီး လေးစားမိပါကြောင်း…

    တော်သေးဘီ
    ခင်တဲ့..

  • kyeemite

    March 28, 2013 at 11:58 am

    ဒီလို ပို့စ်မျိုး မြန်မာတွေ များများဖတ်ဖို့လိုတယ်…
    မှန်ပါတယ်.
    အရွယ်ရောက်လာတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်ပါတယ်။
    ထပ်ဖြည့်ချင်တာလေးက…
    လုံလောက်ပိုလျှံတဲ့ ဝင်ငွေဖြစ်ဖို့ လည်းအရေးကြီးပါတယ်…
    နို့မို့ဆို တစ်ယောက်အတွက်သာလောက်ငလို့
    လူပိုဂျီး၊ အပိုဂျီးတွေ များလာပြီး လူသားအရင်းအမြစ် တိုးပွာရေးကိုထိခိုက်ပါဂျောင်းးးး :kwi:
    (ရွာထဲက ချမ်းသာရဲ့နဲ့ အိမ်ထောင်မပြုသူ လူပိုဂျီး၊ အပိုဂျီးတွေ ကိုတော့ ဘာဘာ ဘာမှမပေါလိုပါဂျောင်းးး :harr: )

  • Ma Ma

    August 17, 2015 at 7:43 am

    လူဖြစ်လာရတဲ့ဘဝမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရမယ်ဆိုတဲ့ အခြေခံအသိစိတ်ဓာတ် ရှိဖို့ တပ်လန့်ပေးလိုက်တာပေ့ါ။

    ပညာရှာချိန်မှာ ပညာရှာ၊ ဥစ္စာရှာချိန်မှာ ဥစ္စာရှာရမယ်ဆိုတဲ့ အသိစိတ်ဓာတ်မရှိပဲ မွေးကတည်းက မိဘတာဝန်လို့ သဘောထားပြီး ပေါ့ပေါဆဆမနေကြစေလိုတဲ့ စေတနာနဲ့ ရေးထားတာမို့
    အင်မတန် အဖိုးတန်ပါတယ်။ 🙂

    ငွေကို ကိုးကွယ်လွန်းပြီး တရား၏ မတရား၏မသိတဲ့အထိမရောက်ဖို့တော့ လိုသေးတယ်။

    သဂျီးပြောသလို…
    ငွေကို.. အချောင်.. အလုပ်မလုပ်ပဲ.. ရယူလိုစိတ်..မရှိရပါဘူး.. ဆိုတဲ့ စိတ်ဓာတ်လည်း အရေးကြီးတာပဲ။

    အပေါ်က ဘရာသာမိုက်ရဲ့ ကွင်းစ ကွင်းပိတ်ကြီးကတော့…………..
    ဒေါ်မြလေးရဲ့ မပြောတော့ဘူး၊ ပြောကို ပြောမပြောတော့ဘူး ဆိုသလိုပဲ။ :k:

Leave a Reply