နေရီသာမှောင်… (ကိုယ်တွင်းပြည့် ပိုဒ်စုံရတု)

koyinMarch 29, 20133min1378

နေရီသာမှောင်… (ကိုယ်တွင်းပြည့် ပိုဒ်စုံရတု)

နေရီသာမှောင် တမ်းတယောင်ရမ်း လလောင်ကျွမ်းလို­
ညဥ့်နက်အိုဆွေး နွေကြိုတေးလှ သွေးစွန်းကျလျက်
မြေခသက်သေ နှင်းဖွဲ့ဝေမှ ခိုးခြွေချစဉ်
ဆယ်နေမြင်လို သူကြဉ်ပိုနွမ်း အိမ်ပြန်လမ်းဆီ
နွေကျွမ်းပြီလား နေကွယ်သွားလျှင် ခိုနားရင်မှာ
တိတ်ဆိတ်စွာဖြင့် မျှော်လာခွင့်ကို ခင်တွယ်လိုသား
နေခြည်မှားမို့ မမြင်လို…။

ဝေသီစွာယောင် နွမ်းလျကြောင်ကန်း မြဆောင်ခန်းကို
သိခက်ဆိုသေး ဖွေပိုဆွေးရ ဝေးလွန်းလှခက်
ကြွေကျမျက်ရည် ညှင်းသွဲ့လေခ မိုးစွေကျလျှင်
ဖယ်သွေကြဉ်လို ယူငင်ဆိုတမ်း တိမ်ယံနန်းမှီ
ဖွေလွမ်းမြည်သား ဝေမယ်လားထင် ပျိုနားယဉ်စွာ
ထိတ်ထိတ်ပြာရှင့် ပျော်ပါနှင့်ဆို မြင်ကွယ်လိုငြား
သွေဖီသွားဖို့ မနှင်လို…။

နွေဆီမှာသောင် လွမ်းရမှောင်လမ်း ညယောင်ရမ်းဆို
ချိလျက်ငိုကြွေး သွေပိုဝေးမှ မေးခွန်းကခက်
နွေညနက်လေ ပျင်းတွဲ့သေရ နိုးစေမှပင်
တွယ်နေရင်အို ပူပင်ဖိုကျွမ်း ဂိမ္မာန်ကမ်းချီ
ရေခမ်းပြီထား နွေရယ်ခါးချင် ပိုမှားမြင်လာ
ကြိတ်မှိတ်ကာနှင့် ခေါ်လာဖွင့်ဆို ပင်လယ်အိုနား
ရေကြည်လားလို့ မထင်လို…။ ။

တောက ကိုရင်
၂၇.၁၁.၂၀၁၂

8 comments

  • koyin

    March 29, 2013 at 10:40 pm

    မျက်စိနည်းနည်း ဒုက္ခပေးထားပါတယ်
    အခုမှ စက်မှာတင်ရတာမို့ ကာလာလေးတွေနဲ့ ခွဲပြထားပါတယ်
    ကိုယ်တွင်းပြည့်သဘောအရ သုံးပိုဒ်လုံး အပိုဒ်တူတွေမှာ ကာရန်တူ စပ်ရပါတယ်
    ကိုဟယ်ရီရဲ့ လောကနာရီ ကဗျာကြောင့် ဒီလိုမျိုး ရေးဖူး ရေးတတ်သွားတာပါ…

  • အမလေး ကိုရင်ရယ် …
    ကာလာစုံပါလားဗျ …
    မနည်း ပြူးပြဲ ကြည့်လိုက်ရတယ် …
    အတော်ကြီးကို ဖူးရက် လူးရိုက် ရူးရ တူးရယ် …
    နောက်ခါတော့ဖြင့် …
    ခုလိုဂျီး ကာလာစုံနဲ့ မရူးရေး ပူးရာ နူးရဲ့ လူးရို့ ……။

  • အိမြတ်ချယ်

    March 30, 2013 at 12:53 pm

    ကိုရင်ရယ် ကဗျာလေးကောင်းပါရဲ့နဲ့ လေဆာသွားတိုက်ဆေး ကြော်ငြာနဲ့ တူနေပြီ … :mrgreen:

  • koyin

    March 30, 2013 at 2:02 pm

    ကာလာတွေက လှအောင် ထည့်ထားတာမဟုတ်ပါခင်ဗျာ
    ကဗျာသဘောသေချာသိစေချင်လို့ပါ
    စိတ်အနှောင့်အယှက်ဖြစ်သွားကြရင် တောင်းပန်ပါတယ်

    • KZ

      March 30, 2013 at 2:10 pm

      မဖြစ်ပါဘူးဗျ။
      ကျနော် က ခုမှ အရောင်လေးတွေ တူရာ လိုက်ကြည့်ပြီး လေ့လာတာ ပိုကောင်းပါတယ်။
      ကျေးဇူးပါ။
      ကိုရင် ကဗျာလေးတွေ လာလာဖတ်ပါတယ်။
      တစ်ခါတစ်လေ ကျနော့ ကော်မန့်ကြောင့် ကဗျာ ပေးချင်တဲ့ ရသရယ် ရေးတဲ့ သူရဲ့ မုဒ် ရယ် ပျက်သွားမစိုးလို့ပါ။
      :hee:

    • အိမြတ်ချယ်

      March 30, 2013 at 3:56 pm

      သိသွားပါပြီကိုရင် ပြောပြောမှ မစောဘဲကိုး အခုစပ်ပြီးဖတ်လိုက်တာ ကောင်းတယ် အားပေးပါတယ်ကိုရင် 🙂

  • မောင် ပေ

    March 30, 2013 at 8:19 pm

    နေရီသာမှောင်
    ဒေစီဏှာထောင်
    ပွေလီကြာကောင်
    ဖေရီအာပေါင်
    ဇေသည်လာအောင်
    ဘေမည်ဂွါလောင်

Leave a Reply