မောင်ဝံသ ပြောချင်လွန်းလို့ – ( Facebook မှကူးယူပါသည်။ )

kaiMarch 31, 20131min1357

” အာဖ ရိကတိုက်က ရဝမ်ဒါနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ တွတ်ဆီနဲ့ ဟူတူ လူမျိုးစု နှစ်စု အပြန်အလှန် မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင် ငံမှာ ဖြစ်နေပြီလို့ သတင်းဌာနတစ်ခုက ပုံကြီးချဲ့ ထုတ်လွှင့်ခံရလောက်အောင် ရှက်စရာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါပြီ။”
========================
မောင်ဝံသ ပြောချင်လွန်းလို့
========================

စင်ကာပူကိုငါးကြိမ်မြောက် ဆေးစစ်ဖို့ ရောက်နေပါတယ်။
ဆေးစစ်အပြီးမှာတော့ မောင့်အယ်လိဇဘက်ဆေးရုံက အထူးကု သမားတော် သုံးဦးညှိနှိုင်းကြပြီး ကျွန်တော့်ကို ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ပြောင်းပေးဖို့ ဆုံးဖြတ်ပါတယ်။

ဓာတ်ရောင်ခြည်ကုသမှုခံယူချိန်မှာ တစ်ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်းမှုကိုလည်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ယခု အစီအစဉ် အရဆိုရင် ကျွန်တော် ဒီမှာ နည်းနည်း ကြာဦးမယ်ထင်ပါတယ်။

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များ၊ မိတ်ဆွေသင်္ဂဟများ၊ စေတနာရှင်၊ အလှူရှင်များထံ ကွန်တော့် ကျန်းမာရေးကိစ္စ အကျဉ်းမျှ အစီရင်ခံခြင်း ဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

ပြည်သူ့ခေတ်အတွက် ကျွန်တော့်ကော်လံဆောင်းပါး ဆက်ရေးဖို့လည်း ကြိုးစားပါမယ်။ ခုလောလောဆယ်တော့ အင်တာနက်ကျေးဇူးနဲ့ မြန်မာပြည်က သတင်းတွေ မိနစ်နဲ့အမျှ ကြားသိနေရပါတယ်။

စိတ်ချမ်းသာစရာက နည်းနည်း၊ စိတ်ပျက်စရာ၊ ယူကျုံးမရဖြစ်စရာတွေက များများ ဖြစ်နေပါတယ်။

သည်အတောာအတွင်း အင်တာနက်မှာ တင်ထားတဲ့ မန္တလေး မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇ ဓမ္မာဘိဝံသရဲ့ ဩဝါဒကို ဖတ်လိုက်ရတော့မှ သည်စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်တွေရဲ့ တရားခံ အစစ်ကို ဆင်ခြင်သိနဲ့ နားလည်သွားပါတော့တယ်။ အဲဒါကတော့ စဉ်းစားချင့်ချိန်တတ်တဲ့ အသိဉာဏ် ကင်းမဲ့ခြင်းပဲ ဖြစ်ပါတယ်။

မစိုးရိမ်ဆရာတော်ကြီးရဲ့ ဩဝါဒကို ကောက်နှုတ်ဖော်ပြရရင်….

×××ဗဟုသုတနည်းတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်။ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်။ စဉ်းစား ကြည့် ×××× ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင်လုပ်နေတယ်၊ အဲဒီလို သိတာပေါ့။ အဲဒီလိုသိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်။ (ဘဒ္ဒန္တ ရာဇဓမ္မဘိဝံသ)

မိတ္ထီလာအရေးအခင်းဟာ မစိုးရိမ်ဆရာတော်ကြီး မိန့်ကြားတဲ့ အမျိုးအစားထဲပါသူတွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှုကြောင့် ပိုပြီးကြီးထွား သွားခဲ့တာလို့ ကျွန်တော် ဖတ်မိသမျှသတင်းတွေအပေါ် အခြေပြုပြီး သုံးသပ်မိပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင်တချို့ မှတ်ချက်ပေးသလို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ထိရောက်တဲ့အရေးယူမှု နောက်ကျနေခြင်းကိုလည်း အဓိက အားနည်းချက်အဖြစ် မြင်မိပါတယ်။

နောက် နောင်ဆို လက်ပံတောင်းတောင်ဆန္ဒပြသူတွေကို လက်တဆုံး ဖြိုခွင်းအရေးယူခဲ့တာမျိုးနဲ့ မိတ္ထီလာမှာ ရာဇဝတ်မှုကျူးလွန်မည့် သူတွေကို ရပ်ကြည့်နေရုံရပ်ကြည့်နေတာမျိုး

ဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်သင့်တယ်လို့ စေတနာနဲ့ ပြောချင်ပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကိုတော့ မီးခိုးဗုံးပဲ ပြောပြော၊ မီးလောင်ဗုံးပဲဆိုဆို လက်နက်မျိုးစုံ အသုံးပြုပြီး သည်းကြီးမည်းကြီး နှိမ်နင်းခဲ့တယ်။

မအူပင် မလက်တိုရွာမှာလည်း အလားတူ လုပ်ခဲ့ကြတယ်။ မိတ္ထီလာက ဓားတဝင့်ဝင့်တုတ်တဝင့်ဝင့်နဲ့ လူစုလူဝေးကိုကျတော့ မျက်ရည်ယိုဗုံးလိုဟာမျိုးတောင်မသုံးဘဲ ရပ်ကြည့်နေတယ်ဆိုတာကို ကျွန်တော်တော့ မစဉ်းစားတတ်အောင် ဖြစ်နေပါတယ်။

ကမ္ဘာမှာ မြန်မာရဲ့ တရိပ်ရိပ်တက်နေတဲ့ ပုံရိပ်ကို ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာ အသိဉာဏ်ရှိသူတိုင်း နားလည်ပါလိမ့်မယ်။ အာဖ ရိကတိုက်က ရဝမ်ဒါနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ တွတ်ဆီနဲ့ ဟူတူ လူမျိုးစု နှစ်စု အပြန်အလှန် မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင် ငံမှာ ဖြစ်နေပြီလို့ သတင်းဌာနတစ်ခုက ပုံကြီးချဲ့ ထုတ်လွှင့်ခံရလောက်အောင် ရှက်စရာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါပြီ။

ကျွန်တော့်ဆောင်းပါးကို အသိဉာဏ်ဗဟုသုတ အကြောင်းနဲ့ စခဲ့လေတော့ ဒီရက်ပိုင်းအတွင်း သမီးရဲ့ အိမ်မှာ ကြည့်ရတဲ့ အမေရိကန် ရုပ်ရှင်တစ်ခုထဲက ဗဟုသုတ ခေါင်းပါးသူတစ်ယောက်ရဲ့ သနားစရာ ရယ်စရာ အဖြစ်ကို ပြောပြချင်ပါတယ်။ ဇာတ်ကားက အိုဘားမားနဲ့ ၂၀၀၈ ခုနှစ်က ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ရီပတ်ဗလီကင်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်းရဲ့ ဒုသမ္မတလောင်း ဆာရာပေလင်း အကြောင်းဖြစ်ပါတယ်။

သူက ရုပ်ရှင်သရုပ်ဆောင်ဟောင်း၊ အလာစကာပြည်နယ်ရဲ့ ဂါဗာနာခေါ် ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်နေရာကနေ မက်ကိန်းရဲ့ အကြံပေး အဖွဲ့က ဒုသမ္မတလောင်းအဖြစ် အမျိုးသမီးတစ်ယောက်ကို တင်ရင် လူထုကို ပိုဆွဲဆောင်နိုင်မယ်လို့ တွက်ဆပြီး ဆာရာပေလင်းကို ကမ်းလှမ်းတယ်။ သူကလည်း ဝမ်းသာအားရ လက်ခံတယ်။ သို့ပေမယ့် သူတို့ဆီမှာ ယခုလို တိုင်းပြည်ရဲ့ ထိပ်တန်း ရာထူးကြီးနေရာကြီးအတွက် ယှဉ်ပြိုင်မယ့်သူတွေဟာ အရည်အချင်းဘယ်လောက်ရှိသလဲ၊ အသိဉာဏ်ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတာကို ပြည်သူတွေရဲ့ စ ကားပြန်ဖြစ်တဲ့ သတင်းစာဆရာ မီဒီယာသမားတွေကအင်တာဗျူးတွေလုပ်ပြီး ပြည်သူတွေကို အစီရင်ခံရတဲ့ ဓလေ့ရှိလေတော့ ဆာရာပေ လင်း ရီပတ်ဗလီကင် ပါတီရဲ့ ဒုသမ္မတလောင်းဖြစ်ပြီလဲဆိုရော သူ့ရဲ့ နောက်ကြောင်းကို မီဒီယာတွေက တူးဆွဖော်ထုတ်တော့တာပါပဲ။ ပထမဆုံး တွေ့ရှိချက်အဖြစ် သူ့ရဲ့ အသက် ၁ရ နှစ်ပဲ ရှိသေးတဲ့ သမီးငယ်ဟာ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတာကို ဖော်ထုတ်တယ်။ အလာစကာပြည်နယ်မှာ ဝန်ထမ်းတစ်ယောက်ကို အငြင်းပွားဖွယ် အလုပ်ဖြုတ်ပစ်ခဲ့ဖူးတဲ့ကိစ္စ ပြန်ဖော်တယ်။ အဲဒါတွေထက် ဆိုးတာက တော့ သူ့ကို လူတွေ့အင်တာဗျူးလုပ်တဲ့အခါအတော်များများမှာ ကမ္ဘာ့ရေးရာတွေကို ဘာမှမသိတဲ့ ဗဟုသုတ ခေါင်းပါးသူတစ် ယောက်ဖြစ်နေတာ ဘွားဘွားကြီးပေါ်လာတာပါပဲ။ ဥပမာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆိုတာ စနစ်ချင်းမတူနဲ့ နှစ်ခြမ်းကွဲနိုင်ငံဖြစ်နေ တာ သူမသိဘူး။ ကိုရီးယားတစ်နိုင်ငံတည်းက မြောက်ပိုင်းနဲ့ တောင်ပိုင်းလို့ သူထင်နေတယ်။

ရုရှားပြည်ဘယ်မှာ ရှိတယ်ဆိုတာ သူမသိဘူး။ သူက အလာစကာ ပြည်နယ်ရဲ့ ဂါဗာနာဆိုတော့ အလာစကာဟာ ဟိုးရှေးရှေးတုန်းက ရုရှားပိုင်နယ်မြေဒေသဖြစ်ခဲ့ဖူးတယ်ဆိုတာလောက် ကြားဖူးနားဝရှိပုံရတယ်။

ရုရှားပြည်နဲ့ပတ်သက်တဲ့ သူ့သဘောထားကို မေးတော့ အော် ရုရှားက ကျွန်မတို့နဲ့ အိမ်နီးချင်းပဲလေ၊ ကျွန်မအိမ်နောက်ဖေးက လှမ်းကြည့်ရင် တောင်မြင်ရတာပဲလို့ ဖြေတဲ့အထိ လွဲခဲ့တယ်။

မဲဆွယ်တရားပွဲတချို့မှာ ဆာရာပေလင်းဟာ တစ်ဖက်က သမ္မတလောင်းဖြစ်တဲ့ အိုဘားမားကို အမေရိကန်အစစ်မဟုတ်ဘူး၊ အကြမ်းဖက် သမားအဆက်အနွယ် စတာတွေ လျှောက်ပြောတယ်။ ပရိသတ်ကလည်း အဲသလို ဝါဒဖြန့် မှိုင်းမိနေတဲ့ပရိသတ်ဆိုတော့ လက်ခုပ်တဖြောင်း ဖြောင်းနဲ့ပေါ့။ သူက ရှေ့ကနေ အဲသလိုတွေ တဖက်သားကို ပုတ်ခတ်ပြောသွားသမျှ မက်ကိန်းကြီးက နောက်ကလိုက်ဖြည်ရတယ်။ မက် ကိန်းက ဗီယက်နမ်စစ်၊အကျဉ်းသားဟောင်း၊ အမေရိကန်ပြည်သူတွေကြားမှာ သူရဲကောင်းတစ်ယောက်အဖြစ် ဂုဏ်သတင်းကြီးမားသူ ဖြစ်တယ်။ နိုင်ငံရေးရင့်ကျက် ပြည့်ဝသူဖြစ်ပြီး သဘောထားကြီးသူလည်း ဖြစ်တယ်။ ဒါကြောင့် အိုဘားမားနဲ့ ပတ်သက်လို့ အဲသလို ပုဂိုလ်ရေးတိုက်ခိုက်မှုတွေကို မဟုတ်မမှန်ပါဘူးလို့ သူက ပြန်ရှင်းခဲ့ရတယ်။

ဆာရာပေလင်းဟာ နောက်ဆုံးတော့ စိတ်ဓာတ်တွေကျပြီး သူ့ကို အကြံပေးတွေက သင်ပေးတာတွေကိုလည်း နားမထောင်တော့ဘဲ ထင်ရာစိုင်းနေတော့တယ်။ ဒီအတိုင်းဆို သူ့ကြောင့် မက်ကိန်းကြီး ရှုံးတော့မယ်ဆိုတာ ခန့်မှန်းမိတဲ့ အနီးကပ်အကြံပေးတွေက သူ့ကို အားပေးတဲ့အနေနဲ့ “တလွဲပြောမိတာတွေအတွက် ခင်ဗျား စိတ်ဓာတ်မကျပါနဲ့၊ ခင်ဗျားလိုလူ မပြောနဲ့၊ သမ္မတရော်နယ် ရေဂင်ကြီးတောင် တခါတလေ တလွဲတွေ ပြောခဲ့ဖူးတာပဲ။ ဥပမာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ သစ်ပင်တွေကြောင့် ဖြစ်တယ်လို့ ပြောင်းပြန်ကြီးကို ပြောဖူးတဲ့အထိ လွဲခဲ့တယ်။ နောက်တော့လည်း သမ္မတကြီး ဖြစ်သွားပြီးတဲ့အခါ လူချစ်လူခင်အများဆုံး သမ္မတကြီးတစ်ယောက်တောင် ဖြစ်သွားတာပဲ။ ခုလို လွဲတာတွေဟာ ပြသနာ မဟုတ်ပါဘူး”လို့ ပြောပြီး စိတ်ဓာတ်မြှင့်တင်ပေးတော့မှ ပုံမှန် ပြန်ဖြစ်လာတယ်။ ဘာပဲ ပြောပြော နောက်ဆုံးတော့ သူတို့အတွဲဟာ အိုဘားမားကို ရှုံးသွားတယ်။ ရှုံးရတဲ့အကြောင်းတွေထဲမှာ ဗဟုသုတခေါင်းပါးလွန်းသူတစ်ယောက်

ကို ဒုသမ္မတလောင်းရွေးခဲ့မိတာ အဓိက အကြောင်းတစ်ချက်ပဲလို့ အများက လေ့လာသုံးသပ်ခဲ့ကြပါတယ်။

သည်ရက်အတွင်း ထပ်ပြီး ဖတ်မိတဲ့ ဦးနုရဲ့ တာတေစနေသားစာအုပ်ထဲက ဦးနုရဲ့ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးနမူနာ
တစ်ခုကိုလည်း ပြောချင်ပါသေးတယ်။

“ဝန်ကြီးချုပ် ဦးနုဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကစပြီး စာဖတ်တာမှာ ဝါသနာမပါလှဘူး။ အဲဒါကြောင့် ဗမာနိုင်ငံက ခေါင်းဆောင်တွေထဲမှာဆိုရင် ဦးနုဟာ ဗဟုသုတအလွန်ခေါင်းပါးသူတစ်ဦးဖြစ်တယ်။

အချိန်ရှိတုန်း ဗဟုသုတတွေကို ကြိုးစားပမ်းစား မစုဆောင်းခဲ့တာ အသက် ၄ဝ နားနီးတော့မှ သူအကြီးအကျယ် နောင်တရနေတယ်။ လူတစ်ယောက်မှာ တောင့်တင်းခိုင်မာတဲ့ ကိုယ်လက်အင်္ဂါရှိရုံနဲ့ မလုံလောက်သေးဘူး၊ ဗဟုသုတနဲ့ ပြည်စုံတဲ့ ဦးနှောက်ရှိဖို့လည်း အများကြီး လိုတယ်ဆိုတဲ့ စကားကို ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ ဦးနု တဗျစ်တောက်တောက် ပြောနေတာ မကြာခဏ ကြားရတယ်။အမှန်အတိုင်း ပြောရရင် အခုလို မကြာခဏ ပြောနေတာတွေဟာ တခြားကြောင့် မဟုတ်ဘူး၊ သူ့ကိုယ်သူပြန်ကြည့်ပြီး သိပ်အားမလိုအားမရ ဖြစ်နေတာ ကြောင့်ပဲ ဖြစ်တယ်။ ဖိုးသုညဆိုတဲ့စကားလုံးဟာ ဝန်ကြီးချုပ် ဦးနု ထွင်လိုက်တဲ့စကားပါပဲ။ ဒီစကားကို ထွင်လိုက်တုန်းက ဦးနုဟာ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ အချိန်ရှိတုန်းက ဗဟုသုတတွေ သူ မစုခဲ့မိတာ စိတ်နာနာနဲ့ သူ့ကိုယ်သူ သရော်ပြီး ထွင်လိုက်တာပါပဲ။” (တာတေစနေသား၊ စာ ၁၂၀)

သည်လောက်ဆိုရင် လူတွေမှာ အသိဉာဏ်ဗဟုသုတများများရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဆင်ခြင်နိုင်ကြမယ် ထင်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရကိုပဲ ရကြတာပဲဆိုတဲ့အဆိုအမိန့်ဟာ တိုင်းသူပြည်သားတွေရဲ့ အသိဉာဏ်ဗဟုသုတက တိုင်းပြည်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြဌာန်းတယ်ဆိုတာကို ဆိုလိုတာပါပဲ။

ကိုင်း ခင်ဗျားက အသိဉာဏ်ဗဟုသုတဘယ်လောက်အရေးကြီးတယ်ဆိုတာ သာဓကတွေနဲ့ ပြောသွားတာတော့ ဟုတ်ပါပြီ။ အဲသလို အခြေအနေရောက်အောင် ဘယ်လို လုပ်ကြမလဲလို့ မေးလာရင်တော့ လောလောဆယ် လူလားမြောက် အရွယ်ရောက်နေသူတွေကတော့ အတ္ထာဟိ အတ္တနောနာထော မိမိကိုယ်သာ ကိုးကွယ်ပြီး ကိုယ့်ဘာသာကိုယ် ပျိုးထောင်ကြပါလေ။ နောက်မျိုးဆက်တွေအတွက်ကတော့ လက်ရှိ တာဝန်ရှိနိုင်ငံ့ခေါင်းဆောင်များက မူလတန်းပညာရေးကစပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အရေးတကြီးလိုအပ်နေပါပြီလို့သာ နှိုးဆော်လိုပါကြောင်း။

မောင်ဝံသ

ပြည်သူ့ခေတ်ဂျာနယ်မှ ကူးယူတင်ဆက်ပါသည်။

7 comments

  • ဦးကြောင်ကြီး

    March 31, 2013 at 8:27 pm

    မှံလိုက်လေ ဦးခိုင်… ရွာသားများလည်း အားအာလျားလျား ဂဇက်ဝင် ဂလေရိုက်မည့်အစား ဘဝအတွက် အသုံးဝင်မည့် စာ၊မူဗွီ (ဥမပါ – ဒေါက်တာချက်ကြီးဝက်ဆိုက်) ရှာကြံဖတ်ကြပါ။

  • garuda

    March 31, 2013 at 8:49 pm

    ရဝမ်ဒါနိုင်ငံ လောက်ကတော့ ဆူဒန်က ပျင်းတောင် ပျင်းသေးတယ်တဲ့။ ရဝပ်ဒါက ၅သိန်းနဲ့ ၁သန်းကြားပဲရှိတယ်။ ဆူဒန်က ပထမ ၅သိန်းအထက်
    ဒုတိယအကြိမ် ၁သန်းနဲ့၂သန်းကြားဆိုလား။ အောက်က လင့်မှာကြည့် ကြည့်ပါ ခင်ဗျာ။
    secondary source နော်..မှန်တယ် လို့ တို့မပြောဘူး။
    http://en.wikipedia.org/wiki/First_Sudanese_Civil_War
    http://en.wikipedia.org/wiki/Second_Sudanese_Civil_War
    ဘာလို့ဖြစ်တာလဲ ဆိုတာကို အကြမ်းဖျဉ်း ကြားဖူးသလောက် ပြောရရင်တော့ အာရပ်တွေ ကုန်ကူးရင်း စိမ့်ဝင်လာတယ်..အေးဆေးပဲ
    နောက်တော့ အခြေချနေထိုင်လာကြတယ်..အေးဆေးပဲ..အဲနောက်တော့…နိုင်ငံရေးထဲပါလာပြီး..အာဏာပါဝါတွေ..ရလာတယ်
    အေးဆေးပဲ..ဆူဒန်းနီးစ် များက ငါတို့မိတ်ဆွေများ ဟူ၍ ပျော်ကြ၏။ ၎င်းနောက်ဝယ်….တစ်နိုင်ငံလုံးကို ဘာသာပြောင်းရမယ်ဖြစ်ကရော။
    အဲဒီမှာ ပြဿနာစတော့တာပဲ… ခရစ်ယာန်ဆူဒန်ုးနီးစ်များက ဘာသာမပြောင်းဘူးလည်း ဆိုရော genocide ဆိုတာကြီးပေါ်လာတာပါ ပဲဗျာ။
    အမှန်တော့ အဲဒီဆူဒန်းနီးစ်များဟာ အင်္ဂလိပ်အုပ်စိုးတုန်းက အင်္ဂလိပ်ကိုတောင်ပြန်ခံတိုက်ခဲ့တဲ့ လူတွေ။ သိသလောက် အင်္ဂလိပ်ကနောက်ဆုံး
    လွပ်လပ်ရေးပေးလိုက်ရတယ်ဆိုလား။ကြာပါပြီ လွန်ခဲ့သောနှစ်ပေါင်း မြောက်မြားစွာကပါ။ အဲကိုကို အာရပ်များနဲ့ကြမှ သေပြီဆရာ(စိုင်းစိုင်းခမ်းလှိုင်)တဲ့။
    ချင့်ယုံဗျာ..ဒီက…မဖြစ်ညစ်ကျယ် ဖြုတ်ဦးနှောက်…မျောက်ဦးနှောက် လေးနဲ့ပြောတာပါ။အလုံးစုံ ဘယ်လိုတွေဖြစ်လည်း သိချင်ရင် ပရိုင်မရီစို့စ် ကို ရှာဖတ်ကြည့်ကြပါ ဟု မေတ္တာရပ်ခံပါရစေ။ ဂလုကတော့ မဝံ့မရဲလေးနဲ့ ပြောချင်တာပါ နော် နော်။ :eee:

    • kai

      April 1, 2013 at 12:53 am

      ခရစ်ယန်နဲ့မွတ်ဆလင်ကြား နှစ်ထောင်ချီပြီးနာကျည်းမှုတွေနဲ့ အပြန်အလှန်ဖြစ်နေခဲ့..ဖြစ်နေဆဲ..ဖြစ်ဦးမှာတွေရှိပါတယ်..
      ခရူးဆိတ်စစ်ပွဲကြီးလည်းရှိခဲ့ဖူးတယ်..။ အမေရိကားနဲ့ဆို ၉။၁၁ ကနေ စပြီး.. အပြန်အလှန်ချေမှုန်းတိုက်ခိုက်မှုတွေလည်းဖြစ်နေဆဲပါ..။
      ဒါတွေကို. အဲဒီအမုန်းတရားတွေကို.. မြန်မာလိုပြန်ယူပြီး မြန်မာလူထုကြားလာလာချနေတာတွေဟာ.. အကျိုးမရှိပါဘူး..
      ချစ်ကြည်စွာနေထိုင်နေကြ..နေထိုင်ခဲ့ကြတဲ့ လူမျိုးတူအချင်းချင်း.. တမြေထဲနေ..တရေထဲသောက်လူသားအချင်းချင်း.. ဘာသာရေးလူမျိုးရေးမုန်းတီးမှုဖြစ်စေတာပါ..။

      ရွာရဲ့အခြေခံစည်းကမ်းနဲ့လည်းမညီပါဘူး..
      ဆိုတော့..
      သတိပေးပါရစေနော..။ နောင်ဒီလိုမရေးစေလိုကြောင်း..။
      ဖြစ်နေတဲ့ ပဋိပက္ခတွေကြေအေး ငြိမ်းချမ်းအောင် ဘယ်လိုကူညီရမယ်..အားဖြည့်ရမယ်ဖက် ဦးတည်စေလိုပါကြောင်းရယ်လို့…။

      • garuda

        April 1, 2013 at 7:18 am

        သဂျီးရေ…ခရစ်ယန်နဲ့ မူဆလင်ကြား နာကျဉ်းမှုတွေ အကြောင်းကျွန်တော် စိတ်မဝင်စားဘူး။ အရှိကို အရှိအတိုင်း တင်ပြခြင်းသာ ဖြစ်တယ်။ ဘယ်သူမှ အကြောင်းမဲ့ လူအချင်းချင်း သတ်ခြင်းဖြတ်ခြင်းကို စိတ်မဝင်စားဘူး။
        အဲဒါပေမဲ့..ဘယ်သူမှလည်း အသတ်ခံချင်မှာ မဟုတ်ဘူး။ သို့သော်လည်း…သတိဆိုသည်မှာ..ပိုသည်မရှိပါ။ သူကြီးဖျက်သင့်တယ် ထင်ရင် လုံးဝဖျက်ပလိုက်လေ။ မျဉ်းကြောင်းကြီး ကန့်လန့်ဆွဲထားတော့ တစ်ခြားလူတွေက မဖတ်နိုင်တော့ဘူးတဲ့လား။ မညီညွတ်ဘူးထင်ရင် လုံးဝဖျက်ပစ်လိုက်လေ။ 🙂 ဘယ်တုန်းကမှ တစ်ဖက်သတ် သူတစ်ပါးကိုးကွယ်တဲ့ဘာသာကို ပုတ်ခတ်စွတ်စွဲ ပြောဆိုခြင်းမရှိခဲ့ပါ။ ဒါပေမဲ့ ဘာသာရေးခုတုန်းလုပ်ပြီး လူတွေကို
        ဒုက္ခပေးနေသူများ အကြောင်းကိုသာ သိထားသင့်တယ် ယူဆပြီးပြောတာမျိုးတော့ရှိလိမ့်မယ်။ ကျွန်တော်ပြောထား
        တယ်လေ ကြားဖူးတာပြောပါတယ်လို့။ ချင့်ယုံပါ။ source ကလည်း secondary source သာဖြစ်ကြောင်း ပြောထားတယ်လေ။ လူသားများပဲ တိရိစာ္ဆန်တွေမှ မဟုတ်တာ သူတို့မှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိတယ်လို့ ထင်ပါတယ် သဂျီး။ လူကို လူလို့မြင်ခြင်းပါပဲဗျာ။ မမှန်ရင် သူတို့လက်ခံ ပါ့မလား? အဲတစ်ခုတော့ပြင်ချင်တာက ခရစ်ယာန်ကိုပဲဖိနှိပ်ခြင်းမဟုတ်ပါ။ animists တွေကိုလည်း ဖိနှိပ်တယ်ထင်ပါတယ်။ အဲနောက်ဆုံးပြောချင်တာက ကျွန်တော်ပြောသွားတဲ့ အထဲမှာ အာရပ်တွေက ဘာ ဘာသာဝင်တွေလည်း ဆိုတာတောင် မပြောထားဘူးနော်။ သဂျီးဘာသာသဂျီး ဘာစစ်ပွဲ ညာစစ်ပွဲ လို့ ပြောတာနော်။ ပဋိပက္ခငြီမ်းအေး ဖို့အတွက် နွားသတ်တဲ့ကိစ္စက အစ အဆင်ပြေစေမဲ့ နည်းလမ်းတွေတင်ပြဆွေးနွေးခဲ့တယ်။
        နွား ကြောင့် မီးမလောင်စေနဲ့ဆိုပဲ။ နွားကြောင့်ဖြစ်သွားတဲ့ ကိစ္စမဟုတ် ဒီထက်ပိုဆိုးတဲ့ အဖြစ်အပြက်တွေကြောင့် ဆိုတာမသိလို့လား။ ပြီးတော့ ဒီနွားကိစ္စက ကိုရှေ့ဆက်တက်တာမရှိ နွားနဲ့တင်တဝဲဝဲလည် ဆွေးနွေးခြင်းလည်း မမြောက်။
        🙁 နွားဋီကာဖွင့်ကာရယ် သောက်စားကြူး ကိုဘေးနွားကြီးကို မျိုကာရယ်ဖြင့် :kwi: . အဲတစ်ခုေတော့သိချင်တယ် ဘယ်နေရာလေး မှာဘယ်စည်းကမ်းနဲ့ ငြိနေတာလဲ???? ကျေးစ်

        • garuda

          April 1, 2013 at 7:32 am

          ပြောဖို့ မေ့သွားတယ်“ဘယ်သူမှ”ဆိုတာ ရွာထဲကလူတွေကို ဆိုလိုတာပါ။ ဒါမှမဟုတ်ရင်လည်း “လူအများစုဟာ” လို့ ပြန်ပြင်၍ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။ :harr:

      • ဦးကြောင်ကြီး

        April 1, 2013 at 8:33 am

        ဒါဆို နွားမုန်းတီးရေး ဝါဒဖြန့်နေတဲ့ သဂျီးလဲ ရပ်လဗျာ…။ :saut:

    • ဖားသက်ပြင်း

      April 1, 2013 at 6:36 am

      why ? who?????

Leave a Reply