သို့ သူငယ်ချင်း

 

ဒီမတ်လ တစ်လလုံး ရွာထဲမှာ စာမတင်ဖြစ်ခဲ့ဘူး .. ရေးချင်တဲ့အကြောင်းတွေကများနေပေမယ့် စာမေးပွဲတွေကများ .. အလုပ်တွေကလည်း မအားခဲ့တာကြောင့် ရွာထဲကို ဝင်တောင်မကြည့်ဖြစ်ခဲ့ဘူး.. .. .

ရေးချင်နေတဲ့ အကြောင်းအရာလေးထဲက တစ်ခုကို ဒီနေ့တင်လိုက်ပါတယ်..  ဒီ စာလေးကတော့ သူငယ်ချင်းတွေရဲ့ အရေးပါမှုနဲ့.. သူတို့ကိုအလေးထားမှုလေးကို ရေးထားတာပဲဖြစ်ပါတယ်.. သူငယ်ချင်းဆီကို ပေးတဲ့စာ ဆိုလည်း မမှားပါဘူး .. လူတိုင်းမှာ အဓိပ္ပါယ်တစ်မျိုးစီ .. နားလည်မှုတစ်မျိုးစီ ရှိကြတာကိုသိပေမယ့် .. ဒီစာလေးကတော့ လူကလေး နားလည်ထားတဲ့ သူငယ်ချင်း ဆိုတဲ့ ဝေါဟာရရဲ့ တစ်စိတ်တစ်ဒေသကို ရေးထားတာပါ.. နားလည်မှုချင်းထပ်တူမကျသည့်တိုင်အောင် .. သူငယ်ချင်းတွေကို တန်ဖိုးထားတာချင်း တူမယ်လို့ထင်ပါတယ်..

———————————————————————————————————————————————————————————

 

သူငယ်ချင်း..

ငါ ထွက်ပေါက်တွေကို မုန်းတယ်.. အယောင်ဆောင်ထွက်ပေါက်တွေကိုမုန်းတယ်.. အားနည်း အားငယ်ချိန်မှာ .. အားကိုးအားထား စရာလို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ထွက်ပေါက်ကိုလည်း မုန်းတယ်.. ဘယ်လောက်ပဲ အသိရှိရှိ.. ဘယ်လောက်ပဲသတိထားထား .. လူတစ်ယောက်ရဲ့ ဘဝမှာ တစ်ကြိမ် တော့ မှားဖူး ကြတာပဲပြောကြပေမယ့် .. ဒီလို အယောင်ဆောင်ထားတဲ့ ထွက်ပေါက်ထဲကို ကျွံသွားတဲ့ အမှားမျိုးတော့ ငါအဖြစ်မခံချင်ဘူး .. နင်တို့ ထင်ထားတဲ့ ငါ.. နင်တို့မြင်ထားတဲ့ငါဟာ.… ဒီထွက်ပေါက်ကြောင့် နင်တို့မထင် မမြင်ခဲ့ဘူးတဲ့ သူငယ်ချင်းအသစ်တစ်ယောက်လို ဖြစ်သွားတယ်မဟုတ်လား .. .. ..

ငါ မကျွံချင်ဘူး .. တကယ်ပါ .. အဲဒီ ထွက်ပေါက်က အယောင်ဆောင်ထားတယ်ဆိုတာ ငါတကယ် မသိခဲ့တာပါ..

 

သူငယ်ချင်း ..

လူတွေက ဒုက္ခတွင်းထဲရောက်နေချိန်မှာဆို တစ်စုံတစ်ဦးက ကမ်းလိုက်မယ့် လက်ကို မျှော်နေတတ်ကြတာပါပဲ.. အဲဒီအချိန်ကမ်းတဲ့လက်ဟာ တကယ်ပဲ ဒီလူကို ကယ်တင်နိုင်မှာလား .. တကယ် ကယ်တင်ချင်လို့လား .. ဒါမှမဟုတ် ဒီလူ့အသားကို စားချင်လို့လား .. သူဘယ်လိုရည်ရွယ်ချက်နဲ့ လက်ကို ကမ်းသလဲဆိုတာ ငါတို့မသိနိုင်ဘူး မဟုတ်လား .. အဲဒီလို အချိန်ဆို ဘာမှ စဉ်းစားမနေဘဲ.. ကယ်တင်ရှင်လို့ထင်တဲ့ လူရဲ့လက်ကို ငါတို့ ဆုတ်ကိုင်ထားမိရက်သား ဖြစ်သွားကြမှာ ပေါ့. . . သူဟာ ငါတို့အတွက် ဘယ်လိုကင်တင်ရှင်လဲဆိုတာ ဒုက္ခတွင်းထဲကနေ အပေါ်ကိုရောက်မှ ငါတို့သိရတာ.. . .

ကယ်တင်ရှင်အစစ်နဲ့ ကြုံတွေ့ခဲ့ရင်တော့ အတိုင်းမသိပေါ့..  အယောင်ဆောင်ထားတဲ့ ကယ်တင်ရှင်ဖြစ်နေခဲ့ရင်တော့ ဒုက္ခတွင်းထဲပဲ ပြန်ဆင်းလိုက်ချင်ရဲ့. . သူငယ်ချင်းရော ဘယ်လိုထင်လဲ..

 

သူငယ်ချင်း..

ငါ အခု အယောင်ဆောင်ထားတဲ့ ထွက်ပေါက်ထဲကို ဝင်မိရက်သားဖြစ်နေပြီ.. ကယ်တင်ရှင်လို့ ထင်ထားခဲ့မိတဲ့ လူသတ်သမားတစ်ယောက်ရဲ့ လက်ကို ငါလှမ်းဆုပ်ကိုင်လိုက်မိပြီ .. မှားမှန်းသိရက်နဲ့ တော့ ငါဇွတ်မတိုးဝံ့ဘူး .. မှန်လာမလားဆိုပြီးတော့လည်း ငါမျှောမလိုက်ချင်ဘူး .. ပြောင်းလဲသွားတဲ့ ငါ့အပြုအမူ တွေကိုငါမုန်းတယ်.. သူငယ်ချင်း ..

ဒါပေမယ့် ပြောင်းလဲသွားတယ်လို့ နင်တို့ထင်နေတဲ့ ငါ့ကိုတော့ မမုန်းလိုက်ကြပါနဲ့..

သေချာတာတစ်ခုကတော့ ဒီပြောင်းလဲခြင်းတွေက အမှန်မဟုတ်ဘူးဆိုတာပဲ .. . . ငါအစစ်အမှန် .. ငါ့ဘဝအစစ်အမှန် .. ငါ့ရည်မှန်းချက်အစစ်အမှန်.. ငါ့မျှော်လင့်ချက်အစစ်အမှန် . နင်တို့သူငယ်ချင်းအစစ်အမှန် .. ငါ့သဘာဝ အစစ်အမှန် တွေကို ဒီအယောင်ဆောင်ပြောင်းလဲ မှုတွေက မဖုံးအုပ်နိုင်ပါဘူး ..

 

သူငယ်ချင်း ..

ဒီအယောင်ဆောင်ထွက်ပေါက်ထဲမှာ လမ်းပျောက်နေတဲ့ ငါ့ကိုသာ စစ်မှန်တဲ့လမ်းကို ဝိုင်းရှာပေးကြပါ.. ငါကိုယ်တိုင်လည်း ကြိုးစားပြီးရှာမယ် .. နင်တို့ လည်း ကူညီမယ်မဟုတ်လား .. ငါရွေးချယ်တဲ့လမ်း ငါဆုံးခန်းတိုင်အောင် လျှောက်မယ်ဆိုရင် တောင် လမ်းမှားကြီးဆို နင်တို့က ငါ့ကို ဝိုင်းရပ်စေပေးကြပါ.. .. လူတွေဟာ တစ်ကြိမ်တစ်ခါတော့ မှားဖူးကြတယ်ဆိုပေမယ့် .. နင်တို့က ငါ့အမှားကို မြင်ရင် ပြင်ပေးကြပါ.. နင်တို့ ရဲ့ စကားတွေဟာ . . . ငါအသိမဲ့ နေချိန်မှာတောင် .. သတိထားရမယ့် စကားလို့ ငါယုံကြည်ထားတယ် .. သူငယ်ချင်း ..

 

သူငယ်ချင်း..

ငါအခု လမ်းဆုံမဟုတ်တဲ့ နေရာမှာ ရပ်နေတယ်.. ငါ့မှာ ချိုးကွေ့စရာ ဘယ် ညာ လမ်းမရှိဘူး.. .. လမ်းဖြောင့်တစ်ခုမှာ တွေဝေစွာနဲ့ ရပ်နေတာပါ.. ငါတွေဝေနေတယ်ဆိုပေမယ့် နင်တို့တွန်းရင် ငါရှေ့ကို ရွေ့မိမယ်. . နင်တို့ဆွဲရင် ငါနောက်ကိုလိမ့်မိမယ်. . ငါကိုယ်တိုင်ကတော့.အဲဒီအယောင်ဆောင်ထွက်ပေါက်ထဲမှာ.ရပ်နေတော့မှာပဲ… .

တစ်ခုတော့ ယုံပေးသူငယ်ချင်း.. မည်သည့်အစွန်းကို ငါရောက်သွားသည်ဖြစ်စေ . . . နင်တို့ရဲ့ ငါ့အပေါ်ထားတဲ့ စေတနာ မေတ္တာကို ငါဘယ်တော့မှ မစော်ကားဘူး .. သူငယ်ချင်း. . ဘယ်လိုလဲ နင်တို့ငါ့ကို ကူညီမလား… ?????

 

 

လူကလေး

 

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..