“အတွင်းထောင့်ကျကျ စားပွဲလေးမှာ ……….. ´´

ခင္ခApril 1, 20131min11119

“အတွင်းထောင့်ကျကျ စားပွဲလေးမှာ ……….. ´´

 

“မင်း ဒီနေ့ နောက်ကျလှကြည်လား´´

“အေးကွာ ဒီနေ့ သမ္မန် ၅ စီး တောင် ကပ်လို့ အပိုကြေးယူ လုပ်ရလို့လေ´´

“ဟုတ်လား ဒါဆို ဒီနေ့ နေ့ကြေးတော့ အရင်နေ့ထက် နှစ်ဆလောက်စီလာတယ်ပေါ့ ဒါဆို ဒီနေ့မင်း တိုက်ပေါ့ ကွာ´´

“ရပါတယ် သူငယ်ချင်းရာ မင်းကြိုက်သလောက်မှာလေ´´

“ကြိုက်သလောက်တော့ မမှာပါဘူးကွာ ထုံးစံအတိုင်း တစ်ပိုင်းစီပေါ့၊ ပိုသောက်လို့ နောက်နေ့ ပါးစပ်အကျင့်ပါ နေမှ ဟုတ်ပေ့ဖြစ်နေမှာပေါ့ကွာ´´

“မင်းရော ဒီနေ့ဘယ်လိုလဲ အလုပ်ဖြစ်ရဲ့လား´´

“ငါလည်း ဒီနေ့ ၄ စီး ချရမှာ ၃ စီးမြောက်ကားက နောက်ဆုတ်တာ ပြောတဲ့အတိုင်းမဆုတ်ဘဲ သူ့သဘော တိုင်းဆုတ်ချလိုက်တာ ဗွက်နစ်သွားလို့ သူကား ဝိုင်းပြီးတွန်းနေရတာနဲ့ နောက်စီးက ဟိုဘက်ဂိုဒေါင်ချလိုက်လို့ ပုံမှန်ဘဲရခဲ့တယ်ကွာ´´

“ဘာဘဲဖြစ်ဖြစ် အလုပ်လေးဖြစ် ထမ်းစရာလေးပုံမှန်ရှိနေတာဘဲ ကံကောင်းနေတယ်ဆိုရမှာပေါ့၊ ပေါလုတို့ ဂိုဒေါင်ဘက်က ဒီတစ်ပတ် ပစ္စည်းကားမရောက်လို့ ငုတ်တုတ်မေ့နေတယ်တဲ့ နေ့လည်က ဆေးလိပ်လာဝယ် ရင်းငြီးတွားလို့ ငါတောင် ဆေးလိပ်ဖိုးပေးလိုက်သေးတယ်´´

မောင်လှမျိုးက စကားဖြတ်ပြီး အရက်လှမ်းမှာတော့

“ ကိုရှည်ကြီး ခါတိုင်းလိုဘဲ တစ်ပိုင်းနှစ်လုံးနဲ့ ကစွန်းပလိန်းတစ်ပွဲ လုပ်ပါအုံး´´

“ဖက်ကြမ်း ၂ လိပ်ပါ ဆွဲခဲ့ဗျာ´´

မောင်ဆန်းနောင် တို့နေတဲ့ ရပ်ကွက်လေးရဲ့ ရပ်ကွက်အဝင်လမ်းမဘေးက အရက်ဆိုင်တစ်ခုရဲ့ အတွင်းအကျ ဆုံး ထောင့်ကျကျမှာ စာပွဲဝိုင်းသေးလေးတစ်ခုတွင် မောင်ဆန်းနောင် နဲ့ တစ်လမ်းတည်းသား မောင်လှမျိုး တို့ သူငယ်ချင်းနှစ်ယောက် ညနေအလုပ်ကအပြန် ထိုင်ကာသောက်နေကြပေါ့။ အဲဒီ အတွင်းအကျဆုံး ထောင့် ကျကျ စာပွဲဝိုင်းလေးဟာ ပုဂံဆေးတဲ့နားမှာ ဖြစ်သလို ဆိုင်ရဲ့အတွင်းအကျဆုံးမို့ ထိုင်တတ်တဲ့သူကလည်း မောင်ဆန်းနောင်တို့နှစ်ယောက်ဘဲ ဖြစ်နေတတ်သလို ဆိုင်ပိုင်ရှင် ကိုအရှည်ကြီးကလည်း မောင်ဆန်းနောင် တို့အတွက်ဘဲ အဖြစ်နိုင်ဆုံးထားတတ်တာမို့ ပုံမှန်လို ထိုင်ဖြစ်နေကျ အတွင်းထောင့်ကျကျ စားပွဲလေးဖြစ်နေ တာပေါ့လေ။

မောင်ဆန်းနောင်က ဆန်ဂိုဒေါင်တစ်ခုမှာ ဆန်းအိတ်ထမ်း အထမ်းသမားဖြစ်ပြီး သူလုပ်တဲ့ ဆန်ဂိုဒေါင်က ပုဇွန်တောင်စက်ဆန်းချောင်းဘေးမှာဆိုတော့ ဆန်သမ္မန်တွေပေါ်ကနေ ဂိုဒေါင်ထဲ ထမ်းပို့ပေးရတာလေ။ မောင်လှမျိုးကတော့ အဲဒီပုဇွန်တောင်စက်ဆန်းက ကော့စေ့သိုလှောင်တဲ့ ဂိုထောင်ကအထမ်းသမား တစ်ယောက်ပါ။ တစ်နေကုန်ထမ်းပိုးကြရတော့ ညောင်း ညာ နာ တာတွေကို ညနေအိမ်အပြန်မှာ အရက်ဖြူ အနည်းငယ့်ထိုင်မော့လိုက်မှ နေရတာသက်သာသမို့ အလုပ်ဆင်းရက်ညနေဆို ကိုရှည်ကြီးဆိုင်ရဲ့ အခုလို အတွင်းထောင့်ကျကျစားပွဲလေးမှာ သူတို့နှစ်ယောက်ရဲ့ ပြန်လှန်ပြောသော စကားသံတွေ ဝဲနေတတ်တယ် လေ။

“ဒါနဲ့ ဆန်းနောင် မင်းအမေရော နေကောင်းတယ်မလား၊ ဆေးခန်းအရင်လို ခဏခဏ သွားပြရတာ မတွေ့လို့´´

“ငါ ငယ်ငယ်တုန်းက ဒီမီးဖိုဘေးနား တစ်နေ့ကုန် အကြော်ထိုင်ကြော်နေရတဲ့ အပူဟပ်တဲ့ ဒါဏ်တွေပေါ့ကွာ၊ ဒါတောင် မိုးတွင်း တစ်ခါတလေ ငါ နေ့တွက်လေးနည်းပြီဆို အမေက အကြာ်ပြန်ရောင်းမယ်ဆိုတာပြောသေး တယ်ကွာ´´

“ဒါကတော့ မိဘ ကိုးကွ၊ သားဝင်ငွေနည်းတော့လည်း သူလုပ်ပေးချင်တဲ့ မေတ္တာပေါ့´´

“ဒါကြောင့်လည်း ငါ ညနေဖက် သမ္မန်ထပ်ကပ်လို့ သူများတွေပြန်ပေမယ့် ငါမပြန်ဘူး ထပ်ထမ်းတာလေ၊ အခု ငါ အဲလို အပိုထပ်ဆင်းရတဲ့ နေ့တွက်ဆို စုဖြစ်အောင်စုထားတယ် ငွေတစ်သိန်းလောက်ပြည့်ရင်တော့ အမေ လှုချင်တာလှုဖို့ အမေ့လက်ထဲအပ်မယ်ကွာ၊ ဟိုးတစ်လောက အမေလမ်းပေါ်က ဆွမ်းခံကြွသွားတဲ့ ဘုန်းတော် ကြီး ကိုကြည့်ပြီး အမေ မသေခင် အခုစက္ကူအိပ်ကပ်တဲ့ဝင်ငွေလေးနဲ့ လက်ထဲငွေတစ်သိန်းလောက်စုမိရင် အိမ်မှာ သင်္ကန်းကပ် ဆွမ်းကျွေးရရင် ကောင်းမှာဘဲလို့ ငြီးတွားဘူးတယ်ကွ၊ အမေဆန္ဒရှိရင် သားကြိုးစားပေး မယ်လို့ပြောပြီးနှစ်သိမ့်ခဲ့တာကွ၊ စက္ကူအိပ်ကော်ကပ်တာက အမေ နေ့ခင်းတစ်ယောက်ထဲ ပျင်းမှာစိုးလို့သာ လုပ်စေတာလေ ဘယ် တစ်သိန်းထိစုဖို့ကတော့ အတော်ကြာမှာကွ´´

“အခု မင်းစုတာ ဘယ်လောက်ရနေပြီလဲ ´´

“အခု နှစ်သောင်းကျော်ဘဲရသေးတာကွ´´

“မင်း ဒီလိုလုပ်ပါလား ငါတို့နေတဲ့လမ်းရဲ့ ဟိုဘက်နှစ်လမ်းမြောက်လမ်းမကြီးဘေးမှာ ရှော့ပင်းစင်တာဆိုလား ဆောက်နေတယ် အဲဒီမှာ ညဖက်လည်း မီးတွေထွန်းပြီး လုပ်ကြတာ ငါတို့နှစ်ယောက် အလုပ်ကြမ်း ညဖက်ဝင် လုပ်ကြမလား သူကညဂိုဏ်းကို ညနေ၆နာရီက ည၁၁နာရီခွဲဆိုလား လုပ်ရတာတဲ့´´

“ဟာ အဲဒီမှာသွားလုပ်ဖို့က ငါတို့ကို ဘယ်သူကလက်ခံမှာလဲ ငါ တို့မှာ အသိမှမရှိတာ´´

“မင်ကလည်း မင်းလုပ်မယ်ဆို ငါ့တို့ဂိုဒေါင်က ငါ့ဘော်တာရဲ့ အဖေက အဲဒီမှာ အလုပ်သမားကြီးကြပ်ရတာတဲ့ သူက ဟိုးတစ်ရက်က အဲဒီမှာ ညပိုင်းအလုပ်ကြမ်းသမားတွေလိုတယ် ငါ့ကိုလုပ်မလားတောင်မေးနေသေးတာ ငါက မင်းကိုလဲမပြောရသေးလို့ ငါ့ သူငယ်ချင်းကိုအဖော်စပ်ကြည့်မယ် သူလုပ်ရင်လုပ်မယ်လို့ ပြောထား တာကွ´´

“ဟုတ်လား ဒါဆိုလုပ်မယ်လေကွာ အဲဒါမှ ငွေတစ်သိန်းအမြန်ပြည့်ပြီး အမေဆွမ်းကပ်ချင်တာ အမြန်ကပ် ရတာပေါ့´´

“အေး ဒါဆိုမနက်ဖြန်အလုပ်ဆင်းရင် ငါဘော်ဒါနဲ့ချိန်းပြီးသူ့အဖေဆီသွားကြမယ်လေ ကဲ ကဲ လက်စသတ် လေးသောက်ပြီး သွားကြရအောင်ကွာ´´

“အေး ကိုရှည်ကြီး ဘယ်လောက်ကျလဲ ပိုက်ဆံလာယူပါအုံး´´

အဲလိုနဲ့ မောင်ဆန်းနောင် နဲ့ မောင်လှမျိုး တို့နှစ်ယောက် နေ့ဘက်ဂိုဒေါင်တွေက အလုပ်ပြီးရင် ညဖက်၌ ထိုတည်ဆောက်ရေးလုပ်ငန်းခွင်မှာ သစ်၊ကျောက်သယ် အလုပ်ကြမ်းအလုပ်ကို လုပ်ပြီး ထိုအလုပ်က ညဂိုဏ်းသိမ်းတဲ့ ည၁၁နာရီခွဲကျော်မှ ကိုရှည်ကြီးဆိုင်ဝင်ကာ ထုံးစံအတိုင်းသောက်ကြတဲ့အခါ ကိုရှည်ကြီး ကလည်း သိကျွမ်းနေတော့ ဖွင့်ပေးကာရောင်းပေးပြီး သူတို့နှစ်ဦးကလည်း ထိုင်နေကျ အတွင်းထောင့်ကျကျ စာပွဲလေးမှာဘဲ လူရှင်းနေလဲထိုင်ကာ ပြောဆိုသောက်ဖြစ်ကြတဲ့အတွက် အတွင်းထောင့်ကျကျ စားပွဲလေးမှာ ပြောဆိုသံတွေကတော့ ဖြစ်တည်နေစဲပါဘဲ။

ဒီလိုနဲ့ ရက်လတွေ ပြောင်းခဲ့ပြီး“ မနက်ဖြန် ညအလုပ်ကိုတော့ ငါ မလာတော့ဘူး ငါ စုလာခဲ့တာ တစ်သိန်း ပြည့်ဖို့ ၂၀၀ဝ ဘဲလိုတော့တာမို့ မနက်ဖြန် နေ့တွက်ရရင် အလုပ်သိမ်းတာနဲ့ ငါ အိမ်ပြန်ပြီး အမေ ဝမ်းသာ အောင် ငွေတစ်သိန်းသွားအပ်မယ်ကွာ၊ မင်း ညအလုပ်ဆင်းချိန်ကျမှာ ငါ ဒီစာပွဲလေးကစောင့်နေမယ်´´ ဆိုပြီး မနေ့က ပြောသွားခဲ့လို့ မောင်လှမျိုး တစ်ယောက် ညအလုပ်ပြီးတာနဲ့ ကိုရှည်ကြီးဆိုင်ကို ရောက်တော့ ထိုင်နေကျ အတွင်းထောင့်ကျကျ စားပွဲမှာ မောင်ဆန်းနောင် တစ်ယောက်မရောက်သေးတာနဲ့

“ကိုရှည်ကြီး မောင်ဆန်းနောင် မလာသေးဘူးလားဗျ´´

“ဟာ မောင်လှမျိုးကလည်းနောက်ပြီ ငါက မင်းတစ်ယောက်ထဲလာလို့ မောင်ဆန်းနောင် ဒီနေ့မပါဘူးလား ခါတိုင်း ညအလုပ်ပြီး နှစ်ယောက်အတူလာလို့ မေးမလို့လေ´´

“ဪ ဒါဆို ဒီကောင် သူ့အမေကို ငွေတစ်သိန်းအပ်ပြီး သားအမိနှစ်ယောက် ဝမ်းသာ လွန်နေကြလို့ နောက်ကျနေတာဖြစ်မယ် ကိုရှည်ကြီး ကျွန်တော်ကို ထုံးစံအတိုင်းအရင်ချပေးဗျာ စောင့်ရင်းနဲ့ တစ်ခွက်လောက် တော့ကစ်လိုက်အုံးမယ်´´ ဆိုပြီး မောင်လှမျိုး တစ်ယောက် ထိုင်နေကျ အတွင်းထောင့်ကျကျ စားပွဲလေးမှာ ထိုင်သောက်ရင်း မနေ့က သူတို့နှစ်ဦး ပြောဖြစ်ခဲ့တဲ့ စကားတွေကို တွေးနေမိတယ်လေ။

“ဒါနဲ့နေပါအုံး ဆန်းနောင်ရေ ဟိုနေ့က ဈေးထဲ မင်းအမေနဲ့တွေ့တော့ မင်း ညည ဆို စက္ကူအိတ်ကော်ကပ်တာ လုပ်နေလို့ ညဉ့်နက်အတော်လွန်မှ အိပ်တယ်တဲ့ တစ်ချို့ရက်တွေဆို မင်းအမေ မနက် ၄ နာရီ ဆွမ်းချက်ထ တော့မှ မင်းကို အိပ်ခိုင်းရတာတဲ့ဆို´´

“အေးလေ အရင်တုန်းက နေ့ဂိုဒေါင်အလုပ်ပြီး အိမ်ရောက်ထမင်းစားပြီးရင် အမေ နေ့ခင်းဖက် လုပ်တဲ့ စက္ကူအိတ်ကော်ကပ်တဲ့အလုပ်ကို ဝိုင်းလုပ်ပေးနိုင်ပေမယ့် အခု ငါ တို့က ညအလုပ်ပါဆင်းကြတော့ ညဖက် အိမ်ပြန်ရောက်တော့ မအိပ်ခင်လေး ကူလုပ်ပေးဖြစ်တာပါ တစ်ချို့ညတွေကတော့ လုပ်ရင်းနဲ့ ဈာန်ဝင်သွားပြီး လုပ်ဖြစ်သွားတာ အမေ မနက်စောစောနိုးမှ အမေအိပ်ခိုင်းတော့မှ အိပ်ဖြစ်တာပါ တစ်ခါတလေပါကွ´´

“မင်းကလည်းကွာ ငါတို့တွေက နေ့ဂိုဒေါင်မှာလည်း ထမ်းရ ည အလုပ်လည်း ထမ်းရတဲ့ အလုပ်လုပ် ကြရ တာ အိပ်ရေးလေးတော့ ရတဲ့အချိန်လေး ဝအောင်အိပ်ပါကွာ မတော်အိပ်ရေးပျက်များရင် လူမဟန်နိုင်ဘဲ အထမ်းနဲ့ လဲနေမှဖြင့် ´´

“အေးပါ သူငယ်ချင်းရာ ငါ ဆုထားတာ မနက်ဖြန်ဆို တစ်သိန်းပြည့်တော့မှာ ၂၀၀ဝ ဘဲလိုတော့တာဆိုတော့ အမေကို တစ်သိန်းအပ်ပြီးရင် အေးဆေးဖြစ်သွားပါပြီကွာ´´

အဲဒီအချိန်မှာဘဲ လမ်းထဲက ကာလသားခေါင်းဆောင် ကိုထီး တစ်ယောက် ကိုရှည်ကြီးဆိုင်ရောက်လာပြီး

“ကိုရှည်ကြီး ခင်ဗျားဆီမှာ မီးစက်သေးရှိတယ်မလား ခဏဌားဗျာ ဆန်းနောင်တို့အိမ် ညမီးပျက်ရင် မီးစက်နိုး မီးပေးရအောင်လို့ ဆီ က ကျုပ်တို့ထဲ့ပါ့မယ်´´

“ဆန်းနောင်တို့ အိမ် ည မီးပျက်ရင် မီးပေးရအောင် ဘယ်သူဘာဖြစ်လို့လဲ ကိုထီးရ´´

“ဟာ မောင်လှမျိုး မင်းက ဒီမှာရောက်နေတာကို မင်းသူငယ်ချင်း ဆန်းနောင် ညနေစောင်း သမ္မန်ကုန်းပတ်ကို လှမ်းထိုးထားတဲ့ ကုန်းဘောင်ပေါ်က ဆန်အိတ်နဲ့ ခြေချော်ကျပြီး အောက်က ကျောက်တုန်းနဲ့ ခေါင်းစောင့်မိလို့ ဆေးရုံပို့လိုက်တာ ခုနလေးကဘဲ ဆုံးပြီဆိုတာ ဆေးရုံက အကြောင်းကြားလို့ အခုဘဲ ဆန်းနောင်အိမ်မှာ အသုဘ ယာယီရွက်ဖျဉ်တဲ ထိုးနေကြတယ်လေ´´

“ ဘာ ´´ မောင်လှမျိုးတစ်ယောက် အသံကုန်အော်မိလိုက်ပြီး သူ့ သူငယ်ချင်း ဆန်းနောင် အိမ်ကို ပြေးလေတော့တယ်။ မောင်ဆန်းနောင်အိမ်လည်းရောက်ရော မောင်ဆန်းနောင်အမေက မောင်လှမျိုး ကိုတွေ့တာနဲ့

“သားရေ မင်းသူငယ်ချင်းတော့ အမေတို့ကို ထားခဲ့ပြီ၊  နေ့လည်က အိမ်ကို အလုပ်ထမင်းစား နားချိန်မှာ တစ်ခေါက်ပြန်လာလို့ ခါတိုင်း မပြန်လာစဘူး ပြန်လာတာနဲ့ အမေက စိတ်ပူပြီး သား ဘာဖြစ်လို့ အလုပ်က အစောကြီး ပြန်လာတာလဲ နေမကောင်းဘူးလားမေးမိတော့ ဘာမှမဖြစ်ပါဘူး အမေ ငွေတစ်သိန်းလောက် လက်ထဲစုမိရင် အိမ်မှာ သင်္ကန်းကပ် ဆွပ်းကပ်ချင်တယ်ဆိုလို့ သား အလုပ်တွေ နေ့မအား ညမအား လုပ်ပြီး စုခဲ့တာ ၂၀၀ဝ ဘဲ လိုတော့တာမို့ ဒီနေ့ နေ့ကြေးကို သားတို့ အလုပ်သမားခေါင်းဆောင်ဆီမှာ ခုန ထမင်းစား ရင်း ၂၀၀ဝ လောက်ကြိုထုတ်လို့ရမလား ညနေလုပ်ခရှင်းတော့ ပြန်နှိမ်ပေါ့လို့ ပြောကြည့်တာ ရတာနဲ့ အမေကို တစ်သိန်းလာအပ်တာတဲ့လေ၊ အမေက ည အလုပ်ပြန်မှ ပေးလည်းရပါတယ် နေပူကြီးထဲ ပင်ပန်းခံလို့ သားရယ်ပြောတော့ မင်းသူငယ်ချင်းက တစ်သိန်းပြည့်တာ အမေ့ကို အခုလို နေခင်းလာအပ်တော့ အမေ နေ့ခင်း ကထဲက ကြိုပျော်ရတာပေါ့၊ သားလည်း တစ်သိန်းပြည့်ပြီဆိုတော့ ညနေမစောင့်နိုင်ဘူး ပြည့်တဲ့ချိန် အပ်ထားလိုက်ချင်တာဆိုပြီး အမေ့လက်ထဲ သူစုထားတဲ့ ငွေတစ်သိန်းထဲ့ပြီး အမေ့နဖူးလေးနမ်းကာ အမေ ဆွမ်းကပ်မယ့်ရက်ကို ရွေးထားပေးနော်ဆိုကာ အလုပ်ပြန်သွားတာ အခုလိုဖြစ်မှာမို့ လာနုတ်ဆက်သွား တာလား မောင်လှမျိုးရေ၊ အမေ ဘုန်းကြီးပင့် ဆွမ်းကပ်ချင်တာ ဒီလိုမျိုး ဆွမ်းကပ်ရတာ မျိုးပြောတာ မဟုတ်ပါဘူး မောင်လှမျိုးရေ´´ ဆိုပြီး မောင်ဆန်းနောင်အမေ ငိုကာပြောတာကို မောင်လှမျိုးတစ်ယောက် ဘာဆို ဘာမှ ပြန်မပြောတတ်တော့အောင်ပင် နုတ်စိတ်ကာနေမိတော့သည်။

နောက်နေ့တွေကစပြီး ကိုရှည်ကြီးဆိုင်ရဲ့ အတွင်းထောင့်ကျကျ စားပွဲလေးမှာ ဘယ်သူမှလာမထိုင်ဖြစ်ကြသလို အဲဒီ အတွင်းထောင့်ကျကျ စားပွဲလေးမှာ ပြောဆိုသံတွေတိတ်ဆိတ်ခဲ့ကာ အခုတော့ ထို အတွင်းထောင့်ကျကျ စားပွဲလေးမှာ ဆေးကြောပြီးပုဂံတွေ ပစ္စည်းတွေသာ နေရာယူရှိနေဖြစ်တယ်လေ။

ဟိုး တစ်ခါတုန်းက ရောက်ခဲ့ဘူးတဲ့ အရက်ဆိုင်လေးတစ်ခုရဲ့ အတွင်းထောင့်ကျကျ စာပွဲလေးမှာ ထိုင်ကာ ပြောဆို သာယာကာ မောင်ဆန်းနောင်တို့လို ဘဝတွေကိုရုန်းကန်ရင်း လောကကြီးက ထွက်သွားခဲ့ရသော သူတွေလည်း များစွာ ရှိနေတတ်တာလေးကို သိစေအပ်အောင် ခင်ခ အတွေးလေးနဲ့ ဟိုရေးဒီရေး ရေးဖြစ်ခဲ့ တာပါ။

( ဆင်းရဲမှု လျော့နည်းပပျောက်ရေး စီမံကိန်းကြီး အဆုံးထိတိုင် ဖြစ်ထွန်းအောင်မြင်ပါစေလို့ ဆန္ဒမွန်ဖြင့်….)

 

ဖတ်ရှု့သူများကျေးဇူးပါနော်။

ခင်ခ။

19 comments

  • KZ

    April 1, 2013 at 2:07 pm

    ဆင်းရဲမှု လျော့နည်းပပျောက်ရေး ……
    ဆင်းရဲမှု လျော့နည်းပပျောက်ရေး ……..
    အဘက်ဘက်က ဆင်းရဲနေတဲ့ ဆင်းရဲ မွဲတေမှုပပျောက်ရေး။ 🙁

    စီမံကိန်းက ဘယ်လိုကြီးတုန်းဟင်။
    ဟို ကာတွန်းထဲကလို ….
    “”ဆင်းရဲမှု လျော့နည်းပပျောက်ရေး စီမံကိန်းကြီး”” ဆိုပြီး ဆင်းရဲသားတွေ လိုက်သတ်နေသတဲ့ ဆိုတာမျိုးကြီးဖြစ်မှာစိုးလို့… 🙁

  • ခင်ခ

    April 1, 2013 at 2:20 pm

    KZ ရေ ဦးဆုံးရောက်ရှိလာတဲ့အတွက် ဝမ်းသာစွာ ကျေးဇူးတင်ပါတယ်။
    တစ်ခါတလေတော့လည်း အဲလို ဘဝတွေကို ရုန်းကန်နေရတဲ့ သူတွေနေရာမှာ ဝင်ပြီးနေကြည့်မိတော့ စိတ်မောစရာမို့ ရေးလိုက်မိတာပါ။ အဲဒီ စီမံကိန်းကြီးလည်း ဘယ်တောင် ဘယ်ကမ်း ဆိုက်နေပြီလဲ မသိပါဘူးကွယ်။ ဒို့မြန်မာအစိုးရတွေကလည်း ပေါ်ပင်လုပ်ပြီး လက်စမသပ်တာတွေက ခပ်များများရယ်။

  • nay khin

    April 1, 2013 at 3:02 pm

    ဖတ်ပြီးတော့ စိတ်မကောင်းလိုက်တာ မျက်ရည်တောင်ဝဲသွားတယ်

  • nay khin

    April 1, 2013 at 3:33 pm

    စာတွေအများကြီးတင်တာ အကြာကြီးထိုင်ရိုက်ရတာလား ဒါမှမဟုတ် Word မှာရိုတ်ပြီး Copy Paste လုပ်လို့ရလား သိရင်ပြောပြပေးပါ ဒို့ လူအကြီးမို့ပါနော်

  • ခင်ခ

    April 1, 2013 at 3:46 pm

    နေခင် ရွာသူလေးရေ
    Word မှာ ရိုက်ပြီး Copy Paste လုပ်တဲ့ နည်းလမ်းကို သုံးပါတယ်။
    Add New Post box ထဲမှာရိုက်ရင် တစ်ခါတလေ Publish လုပ်တဲ့အခါ အင်တာနက်လိုင်း အဆင်မပြေတဲ့အခါ ပျောက်သွားရင် ပြန်ပြီး အစကရိုက်ရတတ်လို့ပါ။ ( ကြုံခဲ့တာလေးပါ၊ အခြားသူတွေတော့ မပြောတတ်ဘူး)

  • အရီးခင်လတ်

    April 1, 2013 at 7:20 pm

    အမေ့ကို လုပ်ကျွေးတဲ့ သားမှ ဖြစ်ရလေတယ် လို့ တွေးပြီး စိတ်မကောင်းဖြစ်လိုက်တယ် ကိုခရေ။
    ဒါမျိုးတွေ ကြားရင် တဖက်ကိုထားမိတဲ့ ဂရုဏာ အတွက် …
    တိုင်းပြည်အုပ်ချုပ်တယ်ဆိုတဲ့ တာဝန်ကို ကိုယ်ကျိုးရှာဖို့ယူထားတဲ့ လူတန်းစား တွေကို ဒေါသဖြစ်ရမြဲဘဲ။
    တိုင်းပြည်တိုးတက်အောင် ဘာလုပ်လို့လုပ်ရမှန်း မသိအောင် စဉ်းစားမှု အသိဉာဏ်သေးသိမ်လှတဲ့ လူတွေ ရဲ့ ကြီးစိုးတာ ခံနေရတဲ့ ကျွန်မတို့ တွေလဲ ညံ့လို့ပေါ့နော်။

  • MaMa

    April 1, 2013 at 7:28 pm

    ကျမရဲ့အလုပ်မှာ ကုန်ထမ်းတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။
    အသောက်အစားမရှိ၊ အလုပ်ပျက်ရက်မရှိ၊ ကျိုးကျိုးနွံနွံနဲ့ အင်မတန်တော်တယ်။
    လူချစ်လူခင်လည်း များတယ်။
    တစ်ရက် အလုပ်ကို မနက်စောစောအလာမှာ ဒိုင်နာကားချင်းတိုက်မိပြီး ဆုံးသွားရှာတယ်။
    တောမှာ နာဂစ်ဖြစ်ပြီး အိမ်ရော မိသားစုတွေရော ပျက်စီးကုန်လို့ ရန်ကုန်တက် အလုပ်လုပ်ကာမှ ကားတိုက်မိပြီး လောကကြီးကို စောစာစီးစီး စွန့်ခွာသွားရတယ်။ :byae:

  • nature

    April 1, 2013 at 9:16 pm

    သတ္တဝါတခုကံတခုပါပဲ။

  • GaviaGirl

    April 1, 2013 at 10:24 pm

    ဘာပြောရမှန်းတောင် မသိတော့ပါဘူး လေးလေးရယ်… ကိုယ်တွေလည်း လူဆင်းရဲထဲမှာပါနေတော့… 🙁

    တူမ
    GarviaGirl မွန်မွန်

  • kai

    April 2, 2013 at 5:06 am

    “ဟာ မောင်လှမျိုး မင်းက ဒီမှာရောက်နေတာကို မင်းသူငယ်ချင်း ဆန်းနောင် ညနေစောင်း သမ္မန်ကုန်းပတ်ကို လှမ်းထိုးထားတဲ့ ကုန်းဘောင်ပေါ်က ဆန်အိတ်နဲ့ ခြေချော်ကျပြီး အောက်က ကျောက်တုန်းနဲ့ ခေါင်းစောင့်မိလို့ ဆေးရုံပို့လိုက်တာ ခုနလေးကဘဲ ဆုံးပြီဆိုတာ ဆေးရုံက အကြောင်းကြားလို့ အခုဘဲ ဆန်းနောင်အိမ်မှာ အသုဘ ယာယီရွက်ဖျဉ်တဲ ထိုးနေကြတယ်လေ´´

    ကံပေါ့ကွယ်.. သတ္တဝါတခုကံတခုပေါ့ကွယ်..
    ဘယ်လိုကံလည်းဆိုတော့…
    ၁) သမ္မန်တွေကမ်းကပ်ရင်.. စနစ်တကျမလုပ်ပဲ..ဖြစ်ကတတ်ဆန်း ကုန်းဘောင်လှမ်းထိုးတတ်တဲ့.. ကံ(အလုပ်)
    ၂) အဲဒီလိုလုပ်နေတာကို.. ကြီးကြပ်အရေးယူမှုမရှိတဲ့.. အုပ်ချုပ်ရေး(အစိုးရ) ..ကံ(အလုပ်)
    ၃) ကမ်းမှာကျောက်တုံးကြီးရောက်နေတာကို.. အကွယ်အကွယ်..ဖယ်ရှားစတာတွေမလုပ်ဖြစ်တဲ့.. ဆိပ်ကမ်းအာဏာပိုင်တွေ.. ကံ(အလုပ်)
    ၄) ကုန်သယ်သူကို.. အကာအကွယ်(ဥပမာ- လုပ်ငန်းသုံး ဦးထုတ်အမာ) မဆောင်းရ..ဆောင်းရအောင်ကြပ်မတ်မှုမရှိတဲ့.. လူတွေရဲ.. ကံ(အလုပ်)
    ၅) ..
    ..
    ..
    ဒီလောက်ခက်ခက်ခဲခဲရတဲ့ငွေကို..

    ငွေတစ်သိန်းလောက် လက်ထဲစုမိရင် အိမ်မှာ သင်္ကန်းကပ် ဆွပ်းကပ်ဖို့တဲ့..

    တဲ့..
    ကြည့်လုပ်စေချင်တာ..
    ဘာတဲ့.. အသုဘ ယာယီရွက်ဖျဉ်တဲ ထိုးကြတာတဲ့..
    မတော်.. အဲဒိက ဖျဉ်ထိူးရင်သုံးတဲ့.. သံချေးတက်သွပ်နန်းကြိုး.. လက်ရှမိပြီး. မေးခိုင်ရောဂါပိုးဝင်.. နောက်တယောက်ကြွနေဦးမယ်..

    ကျုပ်သာဘုန်းကြီးဆို.. အဲဒီငွေနဲ့.. လက်ကိုင်တန်းပါတဲ့..ကုန်းဘောင်တခု ဝယ်လှူခိုင်းလိုက်မှာ..
    ငွေပိုသေးရင်.. အောက်ကကျောက်တုံးတွေကို.. လူစု..စည်းရု့း.လူတွေလုပ်အားနဲ့.. ဖယ်ခိုင်းလိုက်မှာ..

    တော်ဘီ..
    အဲလိုမသိနားမလည်သူတွေရဲ့..” ကံတိုင်းပြည်”မှာ..
    ဘုန်းကြီးပဲဝတ်တော့မယ်..

    ပိုးသက္ကန်းလှူ..အုပ်ကျောင်းကြီးကြီးဆောက်ပေးကြမလားဟင်…
    :kwi:

    • ခင်ခ

      April 2, 2013 at 9:18 am

      သဂျီးထောက်ပြတဲ့ အချက်လေးတွေ ကောင်းပေကောင်းသော်ငြားလည်း ဒီမှာတော့ ဒီလိုဘဲ ဒီပုံစံဘဲ လုပ်နေကြတာပါ။ ဖြစ်တော့မှ ဖြစ်ရောဘဲဗျာ။

    • တိမ်မည်း

      April 2, 2013 at 3:21 pm

      သဂျီးရေ ဒီတခါတော့ သဂျီးကို ထောက်ခံတယ်ဗျို ့…………………..

      • kai

        April 3, 2013 at 4:33 am

        ဘာကိုလည်းဗျ..
        ဘုန်းကြီးဝတ်တာကိုလား.. :harr:

        • တိမ်မည်း

          April 3, 2013 at 9:04 am

          အော် အလှူအတန်း ကိစ္စနဲ ့ပတ်သက်လို ့ပါ….
          လူတွေက ဘုန်ကြီးကိုလှူမှ ဘုရားကိုလှူမှ ဒါနလို ့ထင်နေကြတာ…..
          ဘုန်းကြီးကျောင်းဆိုရင်တောင် နာမည်ကြီးမှ…… ဘုတ်ကြီးကြီးမှာ နာမည်ထိုးပေးမှ သဘောခွေကြတာ….. လူတိုင်းရယ်လို ့တော့ မဟုတ်ပါဖူး…. တချို ့တချို ့ပါ……
          Rationalization လို ့ပဲဆိုရမလား… ဘယ်လို နာမည်ပေးရမလဲတော့ မပြောတက်…..
          အလှူတွေနဲ ့ပတ်သက်လို ့ ပိုက်ပိုက်တွေကို သေချာ စီမံခန် ့ခွဲ ့ဖို ့တော့လိုတယ်ဗျ…….
          အဲ့လို သာခန် ့ခွဲမယ်ဆိုရင် တလ ဝင်ငွေ ၁ဝရာခိုင်နှုန်းလှူဆိုလဲ လှူပါတယ်ဗျာ…..
          မျက်စိမှိတ်ကို လှူပစ်မှာ……….

  • ထိတယ်ဗျာ …
    ရင်ကို သိမ့်ခနဲပဲ …
    မျက်စိထဲ အတွင်းထောင့်ကျကျ စားပွဲလေးရဲ့
    အတိတ်နဲ့ ပစ္စုပ္ပန်တွေကို မြင်ယောင်ရင်းနဲ့ပေါ့ဗျာ …
    ကျုပ်သာ ဟိုလူနေရာမှာဆို
    ရေလည် ဟက်ကော့ကြီး ဖြစ်မှာ ….
    ဆင်းရဲ မွဲတေမှုတွေ အမြန်ဆုံးနည်းနဲ့ ပပျောက်နိုင်ပါစေဗျာ …

  • ကို ငြိမ်းမောင်

    April 2, 2013 at 12:59 pm

    ဆင်းရဲမှု လျော့နည်းပပျောက်ရေး …… စီမံချက်က တစ်နိုင်ငံလုံး လုပ်နေတော့ ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာနေမှာပါ။ တကယ်ဆို လူဦးရေ အထူထပ်ဆုံး စီးပွားရေး အချက်အချာကျဆုံးဖြစ်တဲ့ ရန်ကုန်မှာ အရင်လုပ်၊ ပြီးတော့ မန္တလေး နေပြည်တော် အဲလို တစ်မြို့ပြီး တစ်မြို့ plan တွေနဲ့ လုပ်သွားရင် ပိုထိရောက်မယ်ထင်တာဘဲဗျာ။
    အခုတော့ ရရစားစား နဲ့ နှစ်ပါးသွားနေကြရတဲ့သူတွေလည်း ဒုနဲ့ဒေး ရှိနေကြတုန်းပါဘဲလေ။

  • weiwei

    April 2, 2013 at 1:19 pm

    ကုန်ထမ်းတဲ့အလုပ်သမားတစ်ယောက် တစ်နေ့လုပ်အားခ ဘယ်လောက်ရသလဲဆိုတာလေး သိချင်မိတယ် …

    • ခင်ခ

      April 2, 2013 at 1:41 pm

      မဝေရေ ရန်ကုန်မှာ ကုန်ထမ်းတဲ့ အလုပ်သမားတစ်ယောက် တစ်နေ့လုပ်အားခ ပျှမ်းမျှအားဖြင့် ငွေကျပ် ၄၀၀ဝ နဲ့ ၈၀၀ဝ ကြားလောက်ရကြပါတယ်။ ဂိုဒေါင်ပစ္စည်းဝင်ထွက်ပေါ်တော့ မူတည်မှာပေါ့ဗျာ။ မန်း မှာကတော့ နယ်ကပစ္စည်းတွေရောက်လို့ ဆယ်ဘီးကားကြီးတွေက မြို့ထဲပေးမဝင်လို့ အဝေးပြေးဝင်း ကနေ မြို့ထဲ ခေါက်တိုခေါ်တဲ့ ကားသေး(ဒိုင်နာ) မှာ လိုက်ပြီး ထမ်းပိုးပို့တဲ့သူတွေကတော့ ငွေကျပ် ၈၀၀ဝ နဲ့ ၁၂၀၀ဝ ကြားရကြတယ်လို့တော့ အကြမ်းအားဖြင့်သိရပါတယ်။

      • weiwei

        April 2, 2013 at 2:23 pm

        ဟုတ်ကဲ့ပါ .. ကျေးဇူးတင်ပါတယ် …
        ကျွန်မတို့ငယ်ငယ်တုန်းက အိမ်မှာ ပွဲရုံလိုမျိုး လက်ကားဈေးရောင်းတဲ့အလုပ် လုပ်တုန်းက ကုန်တင်ကုန်ချ အလုပ်သမားတွေ ရှိခဲ့ဖူးတယ် … အနဲဆုံး ၅ ယောက်လောက် နေ့တိုင်းအလုပ်ဆင်းရပါတယ် … အဲဒီလုပ်အားခနဲ့ပဲ သူတို့မိသားစုတွေ ခြိုးခြံစားသောက်ကြပြီး နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ..
        အခုအချိ်န်မှာ … တစ်ယောက်က ကိုယ်ပိုင်ကား ကိုယ်ပိုင်ဆိုင်နဲ့ သူဌေးဖြစ်နေပါပြီ .. နောက်တစ်ယောက်က သူဌေးမဖြစ်နေပေမယ့် ဆိုင်ကြီးတစ်ဆိုင်မှာ မန်နေဂျာလုပ်နေပြီ … အလုပ်ဒါဏ်ပိပြီး ရောဂါရလို့ ငယ်ငယ်နဲ့သေသွားတဲ့သူလဲ ရှိပါတယ် …
        ဆင်းရဲတယ်ဆိုပေမယ့် ရုန်းထွက်နိုင်ရင် လွတ်နိုင်တယ်ဆိုတာလေး သတိရမိလို့ …

Leave a Reply