ချစ်သူသို့ တမ်းချင်း (ရှစ်လုံးဖွဲ့)

koyinApril 2, 20131min2115

ချစ်သူသို့ တမ်းချင်း (ရှစ်လုံးဖွဲ့)

နွေဆီမှာလင်း၊ နေမင်းသူရိန်
နေ့ခင်းပူလျက်၊ အိပ်မက်ဆိတ်ငြိမ­်
ဆည်းဆာကိုခိုး၊ ညဆိုးကြယ်ရှိန်
နေမရ၊ နွေညလရိပ်ထိန်။

လေပြေခုည၊ မုချလာသော်
သည်ချိန်လရိပ်၊ ညအိပ်မပျော်
မောင်စက်ရာခန်း၊လင်းတန်းကိုမျှော်
ပြတင်းနား၊ မေ့အားလွမ်းလှနော်။

တစ်ကိုယ်တည်းမို့၊ ရင်ဆို့ရာသီ
ဖော်ကွာလှမ်းဝေး၊ ဖြေတွေးခက်ပြီ
ကြင်သူသက်ထား၊ ရင်ကြားဝေစည်
ပျို့မှာတမ်း၊ မောင်လွမ်းရပ်ဝေးမှီ။

တစ်ကြိမ်ဆုံနိုး၊ မျှော်ကိုးကာလေ
သည်ဌာနေသို့၊ ပြန်ဖို့ခက်နေ
မောင်လေကြိုးစား၊ ပျိုအားမှာစေ
နွေကြိုတေး၊ ပိုဆွေးမောင့်သက်သေ။ ။

တောက ကိုရင်
၃၁.၀၃.၂၀၁၃

5 comments

  • KZ

    April 2, 2013 at 2:33 pm

    ဒါကတော့ ၄ လုံးမြောက် နဲ့ ၆ လုံးမြောက် ကာရန်တူတယ်။
    ၈ လုံးဖွဲ့မှာ နောက်ဆုံး ၈ လုံးမြောက်တွေ ကာရန်ချိတ်သွားတယ်။
    ဟုတ်သလားဟင်?? :mrgreen:

    • koyin

      April 3, 2013 at 12:36 am

      မှန်ပါတယ်ဗျာ
      အတိုချုပ်ပြောရရင်တော့ ရှစ်လုံးဖွဲ့သဘောက

      လေးပိုဒ်ထား
      တစ်ပိုဒ် ရှစ်လုံး
      ပဒုတ ပိုဒ် ၄ ၄ ဖြတ်
      စ ပိုဒ် ၃ ၅ ဖြတ်
      ကာရန်အနေနဲ့
      ရှစ်လုံးမြောက်ကာရန်တွေ ညီ
      ပဒုတ လေးလုံးမြောက် နဲ့ ခြောက်လုံးမြောက် ညီ
      စ ပိုဒ် ၃ လုံးမြောက်နဲ့ ငါးလုံးမြောက် ညီ
      အပိုဒ် လေးပိုဒ်ရဲ့ ရ လုံးမြောက်တွေကို ဂရု လဟု တစ်လှည့်စီယူ

      အဲလောက်ပါပဲ…

  • ခွီခွိ …
    စိတ်တော့ မဆိုးနဲ့ဗျာ ..
    စိတ်ထဲ ရှိတဲ့အတိုင်း ပြောလိုက်ချင်လို့ …

    ကျုပ် ဒီကဗျာကို အသံနေ အသံထားနဲ့ ဖတ်ကြည့်လိုက်တာဗျာ ..
    အဲ့ဒါ …
    ဟိုဒင်းလေဗျာ .. အသုဘ ချတဲ့အခါ ကားပေါ်ကနေ ရွတ်ရွတ်သွားတတ်တဲ့ သံစဉ်နဲ့ သွားဟပ်မိနေလို့ …
    အောက်က အပိုဒ်ဗျာ …. အိုက်ဒါကို အသံနဲ့ ဆိုကြည့်မိလိုက်တာ …

    “……..
    လေပြေခုည၊ မုချလာသော်
    သည်ချိန်လရိပ်၊ ညအိပ်မပျော်
    မောင်စက်ရာခန်း၊လင်းတန်းကိုမျှော်
    ပြတင်းနား၊ မေ့အားလွမ်းလှနော်။
    ……….”

    စိတ်မဆိုးနဲ့ဗျာ …။ ကျုပ်က ဖြစ်မိတဲ့အတိုင်း ပြောလိုက်တာပါ။

    • koyin

      April 3, 2013 at 12:39 am

      မဆိုးပါဗျားးးးးး
      ရှစ်လုံးဖွဲ့သဘောကိုက ဆိုင်းသံဗုံသံနဲ့ အလှူအတန်းတွေ (အဲ အသုဘ တော့ ပါမပါ မသိ) မှာ
      ဆွဲဆွဲငင်ငင် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကြတယ်လို့ ဆိုပါတယ်
      ရှင်းလင်းချက် အသေးစိတ်လေး တင်ပေးပါ့မယ်…

  • koyin

    April 3, 2013 at 12:51 am

    ညီသုတဂုဏ်ပြု ရှစ်လုံးဖွဲ့

    ငါ့ ညီသုတ၊ တင့်လှပေသည်
    ကိုရင် စံ ပေး၊ စာရေးပန်းချီ
    ညတိမ်ယံထက်၊ လ တက်ဟန်ချီ
    ပသာဒ၊ တုပလိုက်မမီ။

    သူ့စာ သူတွေး၊ သူရေးကာသီ
    သူပိုင်စရိုက်၊ စာ လိုက် သံ ပီ
    ရင်ကို လှုပ်နှိုး၊ သူပျိုးပါသည်
    ဧဒင်ည၊ အလှပန်းဝေစည်။

    သိမှတ်သမျှ၊ ထောက်ပြစမ်းချင်
    စာပိုဒ်အချိုး၊ လှတိုးစည်ပင်
    ကာရန်အလှ၊ နုရွ မေခင်
    ပျို့ဆံနွယ်၊ လေဝယ်ယိမ်းတဲ့သွင်။

    စကားလုံးဖွဲ့၊ ဆိုးနွဲ့နေဟန်
    လင်္ကာတစ်ထွေ၊ မသွေ တင်းမာန်
    ရသ ဂုဏ်ဆင်၊ သမင်လည်ပြန်
    ဘဝင်ခိုက်၊ နှစ်ခြိုက် စိတ်အမှန်။

    မဝေဖန်ရဲ၊ စိတ်စွဲ ကဗျာ
    ခေတ်ကို အန်တု၊ စံပြုစရာ
    အယူမသည်း၊ ဝေခွဲသေချာ
    ရင်မှဖွား၊ သည်းကြားစိမ့်ထွက်လာ။

    စံ အမျိုးမျိုး၊ ဟန်မျိုးစုံညီ
    ကိုယ်သန်ရာရေး၊ အားပေးပါသည်
    ခိုးယူ မတု၊ ကိုယ်ပြု မတည်
    လိပ်ပြာဝဲ၊ စိတ်လည်း သန့်လာမည်။

    ကဗျာတစ်ပုဒ်၊ စစ်ထုတ်ပါမည်
    ရင်ထက်ပျို့အန်၊ ဗျာဝှန်စိုးသည်
    ကိုရင်ဖော်ထုတ်၊ သရုပ်မပီ
    ပြစ်မမြင်၊ ချစ်ခင်တိုးပါ ညီ။

    သုတ စာစု၊ လိုက်တုကာ သီ
    စာဟန်မလှ၊ ညွှန်ပြပါ ညီ
    ပညာဗဟု၊ မတုသာပြီ
    စိတ်မှာစမ်း၊ လက်တန်းရေးလိုက်သည်။ ။

    တောက ကိုရင်
    ၁၆.၀၉.၂၀၁၁

    (ညီသုတ၏ ရှစ်လုံးဖွဲ့ ကဗျာ
    http://www.edinooyin.com/group/poem/forum/topics/4347155:Topic:3826977)

    ရှစ်လုံးဖွဲ့ရဲ့ စည်းမျဉ်းတွေကို အရင်ပြောပါမယ် ကိုရင် …
    ၁။ အပိုဒ် လေးပိုဒ် ထားရပါမယ်။
    ၂။ တပိုဒ်မှာ အက္ခရာ ၈-လုံးစီထားပြီး ပထမသုံးပိုဒ်ကို လေးလုံးတဝက်စီ၊ နောက်ဆုံးအပိုဒ်ကို ၃-လုံးတပိုင်း၊ ၅-လုံးတပိုင်း နှစ်ပိုင်းခွဲရပါမယ်။
    ၃။ ပထမသုံးပိုဒ်မှာ ၄-လုံးမြောက်နဲ့ ၆-လုံးမြောက် စာလုံးတွေ ကာရန်ညီရပါမယ်။ လဟုကာရန်ချည်းပဲ ဖြစ်ရပါမယ်။ ဒီကာရန်တွေဟာ တပိုဒ်နဲ့နောက်တပိုဒ် ညီစရာမလိုပါ။
    ၄။ နောက်ဆုံး အပိုဒ်မှာ ၃-လုံးမြောက်နဲ့ ၅-လုံးမြောက် စာလုံးတွေ ကာရန်ညီရပါမယ်။ လဟုကာရန် ချည်းပဲ ဖြစ်ရပါမယ်။ အပေါ်ပိုဒ်က ဝမ်းတွင်းကာရန်တွေနဲ့ ညီဖို့မလိုပါ။
    ၅။ အပိုဒ်လေးပိုဒ်လုံးရဲ့ အဆုံးကာရန်တွေ ညီရပါမယ်။ ဂရုကာရန်ချည်းပဲ ဖြစ်ရပါမယ်။
    ၆။ ၇-လုံးမြောက်စာလုံးတွေမှာ ဂရု၊ လဟု တလှည့်စီ အသံယူရပါမယ်။ (ဂရု နဲ့ စလေ့ရှိပါတယ်)။

    အဲဒီအတိုင်း ကြည့်လိုက်မယ် ဆိုရင် …
    ကာရန်လွတ်တာ တချက်မှ မရှိပေမဲ့ အောက်က အပိုဒ်တွေမှာ အသံ (လေယူလေထား သို့ Rhythm) အားဖြင့် လွဲနေတာ တွေ့ပါတယ် …
    ပျို့ဆံ နွယ်၊ လေဝယ်ယိမ်းတဲ့သွင်။
    လင်္ကာတစ် ထွေ၊ မ သွေ တင်းမာန်
    ရသ ဂုဏ်ဆင်၊ သမင်လည်ပြန်
    ရင်ထက်ပျို့အန်၊ ဗျာဝှန်စိုးသည်
    ပြစ်မ မြင်၊ ချစ်ခင်တိုးပါ ညီ။
    အဲဒီ အပိုဒ်တွေက ကာရန်တွေ အားလုံးဟာ ဂရုကာရန်ဖြစ်နေပါတယ် … အမှန်က လဟုသံ ဖြစ်ရပါမယ်။
    (ရှစ်လုံးဖွဲ့မှာ ပိုဒ်တွင်းကာရန်အားလုံး “လဟု”၊ ပိုဒ်ဆုံးအချကာရန်အားလုံး “ဂရု” လို့ အသေမှတ်လို့ ရပါတယ်)
    အဲဒီလို ဂရုကာရန်ဖြစ်နေတဲ့အတွက် အသံထွက်ဆိုကြည့်လိုက်ရင် ထောက်သွားပါတယ် … (ရှစ်လုံးဖွဲ့ကို အလှူခံတွေ ဆိုသလို နည်းနည်း ဆွဲဆွဲငင်ငင်နဲ့ အသံအတက်အကျနဲ့ ဆိုရပါတယ်၊ အထူးသဖြင့် အစပိုဒ်တွေရဲ့ အချသံကို အသံဆွဲလေ့ရှိပါတယ်)
    အရေးကြီးတာက နောက်ဆုံး နံပါတ် (၆) အချက် ဖြစ်ပါတယ်။ ၇-လုံးမြောက်စာလုံးတွေမှာ ဂရု၊ လဟု တလှည့်စီ အသံယူရပါမယ်။ (ဂရု နဲ့ စလေ့ရှိပါတယ်)။ အဲဒီမှာ အမြဲ လွဲကြပါတယ် … ဒီ ကဗျာမှာတော့ ပထမအပိုဒ်ဖြစ်တဲ့ ငါ့ ညီသုတ၊ တင့်လှပေသည် ….
    အပိုဒ်က ၄-ပါဒ နဲ့ … စကားလုံးဖွဲ့၊ ဆိုးနွဲ့နေဟန် အပိုဒ်က ၄-ပါဒ ကလွဲလို့ ကျန်တဲ့ အပိုဒ်တွေမှာ ဒီစည်းမျဉ်းနဲ့ လွဲနေတာ တွေ့ရပါတယ် …
    ကျန်တာက အားလုံး ကိုက်ညီပါတယ် … အဓိပ္ပာယ်နဲ့ စကားလုံး ရွေးချယ်မှု အပိုင်းကတော့ ဘာမှ အပြစ်ပြောဖို့ မရှိပါဘူး …

    ရှစ်လုံးဖွဲ့ကဗျာတွေကို တီထွင်ခဲ့တဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ရှစ်လုံးဖွဲ့ ၁-ပုဒ်ကို နမူနာအဖြစ် ဖော်ပြလိုက်ပါတယ် …

    ဒီအတိုင်း အတုယူ ရေးသားမယ်ဆိုရင် မှားစရာ မရှိပါဘူး … အဓိက က လေယူလေထား (ဂရု၊ လဟု) ကို သတိထားဖို့လည်း မမေ့ပါနဲ့ .. ဂရု၊ လဟု ထားပုံကိုပါ ပြလိုက်ပါတယ်။

    ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ …. X X X လဟု၊ X လဟု ဂရု ဂရု၊ (ဟောင်း – ကောင်း = လဟု (၄-၆) ၊ အချ “ဆော်” = ဂရု)
    တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊ ………. X X X လဟု၊ X လဟု လဟု ဂရု၊ (ဇာတ် – လတ် = လဟု (၄-၆)၊ အချ “ရော်” = ဂရု)
    ငါးတို့ဥက္ခောင်း၊ ထုထောင်းမြင်သော်၊ ….. X X X လဟု၊ X လဟု ဂရု ဂရု၊ (ခေါင်း – ထောင်း = လဟု (၄-၆)၊ အချ “သော်” = ဂရု)
    ဝမ်းမြောက်မိ၊ လိုက်ဘိ ဝိပါက်တော်။ ။ …. X X လဟု၊ X လဟု လဟု ဂရု၊ (မိ – ဘိ = လဟု (၃-၅)၊ အချ “တော်” = ဂရု)

    ဒါလောက်ဆို မြင်လွယ်ပါလိမ့်မယ် …

    ကိုဟယ်ရီ

Leave a Reply