စက်ကြေးပေးရတဲ့ ဖုန်း

etoneApril 3, 20131min30825

သူများတွေ ၊ တိုင်စာ တောစာ ရွာထဲ လာတင်တုန်းက နေရာမှားပြီး လာတင်တယ် မှတ်တာ ၊ တကယ်တော့ ကိုယ်က ဉာဏ်မမှီလို့ မတွေးမိတာ ၊ စာဖတ်နေတဲ့ လူထဲရော ၊ ရွာသူ/သားတွေထဲမှာရော ပေါက်ပေါက်ရောက်ရောက် လူတွေပါနေတယ်ဆိုတာ  လေသံကြား ဖမ်းတရားနာရင်း သတင်းရခဲ့ပါတယ် ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စနစ်တကျ မဖြစ်လို ့ နစ်နာရတယ် ယူဆပြီး ပြောသင့်တာ ပြောပါဦးမယ် ။ ဖုန်းဘေလ်ကောက်ခံမှု စနစ် ကမောက်ကမဖြစ်နေတာကြောင့်ပါ ။

ဒီလထဲမှာတင် စံချိန်တင်လောက်အောင် ခဏခဏ ထည့်လိုက်ရတဲ့ ပိုက်ဆံကဒ် ဘယ်လောက်တောင် သုံးပစ်လိုက်လဲ ကိုယ်တိုင်မမှတ်မိပါဘူး ။ အလုပ်နဲ့ပတ်သတ်လု့ိ ဖုန်းပြောတာလည်း ရှည်ရှည်း ဝေးဝေးမဟုတ် ၊ အင်း ၊ အဲ ၊ ကွန်ဖမ်း ဆိုတာလောက်ပဲ ပြောဖြစ်ပါလျှက် အရင်လတွေထက် ဒီလ ပိုကုန်နေတာ လကုန်တော့မှ သတိထားမိတော့တယ် ။ ကျွန်မရဲ့ နဂို စိတ်ခံကလည်း သံသယများတယ် ၊ အခုလို ခဏခဏ ပိုက်ဆံ ကဒ်ကုန်မြန်နေတာလည်း သေသေချာချာ သိချင်လာတဲ့အတွက် ကဒ်တကဒ်ဖြည့်ပြီး စမ်းကြည့်ခဲ့ပါတယ် ။

တနေ့ကည 11 နာရီ ထိုးခါနီးမှ prepaid card ကောက်ဖြည့်ထားလိုက်ပြီး ၊ မနေ့က တနေ့လုံးနဲ့ ဒီနေ့ခုထိ ၊ စုစုပေါင်း ဖုန်းပြောချိန် မိနစ် 20 ကျော်ပဲ ရှိသေးတာ ၊ ဖုန်းဘေလ်ကောက်စစ်တော့ 850ပဲ ကျန်တယ် ။ သေချာအောင် ခဏကြာတော့ တခါ ပိုက်ဆံ ပြန်စစ်တော့လည်း ဒီအတိုင်းပဲ ။ ဒီ နှစ်ရက်မှာ ဖုန်းကနေ အင်တာနက် ဖွင့်သုံးချိန် အလွန်ဆုံး 6 နာရီလောက်ပဲ ရှိမယ် ။

တမိနစ် 50 x ဖုန်းပြောချိန် 22 မိနစ် = 1,100 ကျပ်

အင်တာနက် သုံးစွဲခ 4ကျပ်/မိနစ် x 360 မိနစ်(6နာရီ) = 1,440 ကျပ်  (CDMA800 မို့လို့ 1မိနစ်4ကျပ်ပေးရပါတယ် )

စုစုပေါင်းမှ 2500 ကျော်ပဲကျသင့်တာ …. အခု 850 ဆိုတော့ နည်းနည်းတော့ ဖီလင်ငုတ်ပြီး ၊  ဖုသွားတယ် ။

သံသယဖြစ်မိလို့ စမ်းကြည့်တာ ထင်နေတဲ့ အတိုင်းပဲ ၊ ဖုန်းထဲက ပိုက်ဆံ အလိုအလျှောက်ခြေထောက်ပေါက်သွားရှာတယ် ။ အရင်ကလည်း တစ်ခါ ဖြစ်ခဲ့ဖူးပါတယ်  လက်ကျန်ငွေ 3000ကျော် ကျန်ပါသေးလျှက် ၊ ပိုက်ဆံ ပြန်စစ်တဲ့အခါ အဲ့ဒီပိုက်ဆံ ပျောက်သွားတယ် ။ ကျွန်မတစ်ယောက်တည်းလား ဆိုတော့ မဟုတ်သေးဘူးပဲ  ညီမဝမ်းကွဲလေး တစ်ယောက်နဲ့ စကား စပ်မိလို့ ပြောတော့မှ သူ ့ဖုန်း(GSM) လည်း လေးထောင်ကျော်ကျန်သေးတာ ၊ ပိုက်ဆံ ပျောက်သွားတဲ့အကြောင်း ပြောရှာတယ် ။ သူ့နဲ့ ကျွန်မ ပိုက်ဆံ အဖြတ်ခံလိုက်ရတဲ့အ ချိန် ရက်ပိုင်းပဲ ကွာပါတယ် ။ ဘယ်လို ဘယ်လို ပျောက်သွားမှန်း မသိတဲ့ ပိုက်ဆံတွေအတွက် ဘယ်သူ့ဆီက သွားပြန်တောင်းရမလဲ မသိသလို ၊ ဘယ်သူရော တာဝန်ယူ ဆောင်ရွက်ပေးနိုင်လည်း မသိတဲ့အခါ ၊ ပိုက်ဆံကုန်တိုင်း ထည့်သုံး ရုံကလွဲလို့ တခြားနည်းလမ်းမရှိတော့ပဲ ဆုပ်လည်းစူး ၊စားလည်းရူးဆိုတဲ့ အနေထားမျိုးနဲ့ ဒီဖွတ်ဖုန်းကို စက်ကြေးပေးနေရသလိုပါပဲ ။

ငါးသိန်းဖုန်းတွေ စထွက်ပြီး ခဏကြာတော့ နယ်မြေကန့်သတ်မှုမပေးပဲ မြို့တွင်းမှာ သယ်လို့ ရ ၊ သုံးလို့ ရပြီး အင်တာနက်ပါ သုံးလို့ ရပြီဆိုတော့ ၊ မနေနိုင် မထိုင်နိုင် CDMA800MHz တလုံး ကောက်ဝယ်မိလိုက်တယ် ။ မြို့တွင်းအပြင် တာဝါတိုင် ရှိတဲ့နေရာတိုင်းမှာ သုံးလု့ိရတယ်လို့လည်း သိရပါတယ် ။ ရန်ကုန်မြို့တွင်းမှာ ဆို GSM နဲ့ နှစ်လုံး ယှဉ်ထားလျှင်တောင် GSM လိုင်းမမိတဲ့ အချိန် သူ့လိုင်းက မိနေတယ် ။ ဒါကြောင့်လည်း ဝယ်ဖြစ်ခဲ့ပါတယ် ။ အင်တာနက်ပါ အပါပြီး စုစုပေါင်း 5သိန်း သုံးသောင်းပေးသုံးနေခဲ့တာ စိတ်ချမ်းချမ်းသာသာနဲ့ပါ ။ အင်တာနက်သုံးစွဲခလည်း တမိနစ် 4 ကျပ်ပေမယ့် ကော်နက်ရှင်ကောင်းကောင်းနဲ့ သုံးလို့ ရလို့ အဆင်ပြေနေခဲ့တယ် ။ CDMA450 တွေ သူနဲ့ ခေတ်ပြိုင်ထွက်ခဲ့ပေမယ့် ၊ မြို့တွင်းမှာနေတဲ့လူတွေအတွက် CDMA800 တွေ အတော်လေး အရောင်းသွက်ခဲ့တယ် ။

သိပ်မကြာဘူး  5 သိန်း GSM တွေ စထွက်လာတယ် ခဏကြာတော့ အင်တာနက်လိုင်းတွေဖွင့်ပေးတယ် ။ အဲ့အချိန် အင်တာနက်သုံးစွဲခက တမိနစ်ကို 2ကျပ်ပါ ။ သူလည်း CDMA800 နီးပါးလောက်ထိ အင်တာနက်ကော်နက်ရှင်ကောင်းခဲ့သေးတယ် ။ နောက်ပိုင်း 2သိန်း ဖုန်းတွေ ထပ်ထွက်လာပြန်တယ် ။ အဲ့ဒီနောက်မှာ CDMA800ရော ၊ GSM တွေရောရဲ့ အင်တာနက်လိုင်းက … တူတူနီးပါး ဖြစ်သွားတယ် ဒါပေမယ့် သုံးစွဲ ခကတော့ ထက်ဝက်ကြီးကွာနေပါသေးတယ်  ။ အဲ့ဒီအထိ CDMA800 ဖုန်းသုံးနေရတာ မငြိုငြင်ခဲ့ပါဘူး ။

ကိစ္စရှိလို့ ခရီးလည်း ထွက်ရော ၊ မြို့ပြင်က ထွက်တာနဲ့ သုံးမရတော့ပါဘူး ။ ဘယ်မြို့ ဘယ်နေရာရောက်ရောက် GSM တာဝါတိုင်တွေရှိတတ်ပြီး GSMတွေ သုံးလို့ ရပေမယ့် ၊  CDMAအတွက် တာဝါတိုင်မရှိလို့ သုံးလို့ မရပြန်ဘူး ။ချွင်းချက်အနေနဲ့ တချို့မြို့တွေမှာတော့ သုံးလို့ရပေမယ့် သုံးလို့ရတဲ့ မြို့အရေတွက် အတော်လေးကို နည်းပါးပါးတယ် ။  ဘဝတူ CDMA 800 ကိုင်သူတွေ ပြောတော့မှ ဟမ်းဆက်ပြောင်းသုံးမှသာ နယ်သယ်သွားလို့ ရကြောင်း သိရပြန်တယ် ။ CDMA450 ဟမ်းဆက်ထဲ ကဒ်ထည့်သုံးမှသာ မြို့ပြင်ထွက်တဲ့အခါ သုံးလို ့ရကြောင်း သိရတယ် ။ ဖုန်းချင်း တူတူ ၊ သုံးလို့ မရဘူးဆိုတော့ နည်းနည်းတော့ အချဉ်ပေါက်စ ပြုလာပါပြီ ။ ဒါပေမယ့်လည်း ရန်ကုန်မှာ ဆက်သွယ်မှု ဧရိယာပြင်ပ မဖြစ်သလောက်သုံးလို့ ရနိုင်သေးတာပဲ ဆိုတဲ့ အချက်နဲ့စိတ်ဖြေပြီး သုံးရင်းက …. နောက်အားနည်းချက် တစ်ခု ထပ်တွေ့ ပြန်ပါတယ် ။

ဖုန်းသုံးစွဲချိန် သတ်မှတ်မှုမှာပါ ။ GSM ဖုန်းဆိုလျှင် ဒီဘက်က ဘယ်လောက်ခေါ်ခေါ် ၊ တဖက်ခေါ်တဲ့လူက စကိုင်တော့မှ မိနစ်ကို စတွက်တာပါ ။ CDMA800 ကတော့ အဲ့လို မဟုတ်ပဲ ဖုန်းစခေါ်တာနဲ့ မိနစ်စတွက်နေပါပြီ ။ ဥပမာ စက္ကန့် လေးဆယ်လောက်မှ တဖက်လူက ဖုန်းကိုင်ပြီး ငါးစက္ကန့်လောက်ပြောလို့ ဖုန်းချလိုက်လည်း တမိနစ်စာပေးရတာမျိုးပါ ။ ကြာတော့ ချဉ်သည်ထက် ပို ချဉ်လာပါတယ် ။  ကျေနပ်နပ် ၊ မကျေနပ်နပ် ဝယ်ထားခဲ့မိတဲ့အတွက် ဒီအတိုင်း သုံးနေရပါတယ် ။

အရင်က Deposited သွင်းနေရတဲ့ ဖုန်းတွေ prepaid ကဒ်စနစ်ပြောင်းသုံးတာ များခဲ့တဲ့ ကာလမှာလည်း ဖုန်းလ်ဘေကောက်ခံမှုတွေ ကမောက်ကမဖြစ်ခဲ့လို့ ၊ details တောင်းကြည့်ပြီးမှ ဘေလ် လက်ကျန်ရှင်းခဲ့ကြသလို ၊ အလုပ်ရှုပ်မှာစိုးလို့ မတောင်းကြည့်ပဲ ဒီတိုင်း အောင့်သီး အောင့်သက်ပေးလိုက်ရတဲ့ လူတွေလည်း ရှိကြပါလိမ့်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဝယ်မိပြီ ဆိုကတည်းက တအိအိနဲ့ ပေးရုံကလွဲပြီး တခြားနည်းက ဖုန်းပိတ်ထားရုံပဲ ရှိပါတော့တယ် ။

အခုလို ဖုန်းအမျိုးစားအလိုက် ကောက်ခံမှု စနစ် ၊အချိန်တွက်ချက်မှု မညီမျှတဲ့ အပြင် ၊ အလွဲလွဲ အချော်ချော်တွေ ဖြစ်ပြီး စည်းစနစ်မကျတာ ဖွံ ့ဖြိုးဆဲ နိုင်ငံတစ်ခုရဲ့ မွေးရာပါ အားနည်းချက်လား ၊ သေရာပါမယ့် ချူနာပါနာ ဗီဇရယ်လားလို့ ဝေခွဲမရခင်ပဲ … ဖုန်းကဒ်တစ်ကဒ် ပြေးဝယ်တာပဲ လက်တွေ့ကျတဲ့ ဖြေရှင်းမှုလို့ပဲ မကျေမနပ်နဲ့ လက်ခံလိုက်ရပါတော့တယ် … ။

 

 

25 comments

  • ရာမည

    April 3, 2013 at 5:39 pm

    ကျွန်တော်လည်း ပြန်စစ်ဦးမယ်
    ဒီလ ၆ ကဒ် ထွက်သွားတယ်
    ပုံမှန် သုံးကဒ် လေးကဒ်ပါဘဲ

  • တိမ်မည်း

    April 3, 2013 at 6:02 pm

    ကျွန်တော်လည်း CDMA 800 ပါဂျာ…… အခု CDMA 450 ဟန်းဆက်နဲ ့ကိုင်နေရပါတယ်…..
    ဒါပေမယ့် ဖုန်းသုံးတူချင်းအတူတူ Discrimination လုပ်တယ်အထင်ခံရလို ့….
    GSM ပြောင်းကိုင်မလို ့……..
    ပြောရင်းနဲ ့ငိုချင်လာပီ….. :byae:

  • Mr. MarGa

    April 3, 2013 at 6:19 pm

    ဘယ်လို ပြောရမလဲပေါ့
    ရေးထားတဲ့ ပရိုဂရမ်ပဲ မှားသလား
    ကောက်တဲ့ စနစ်ပဲ မှားသလား
    တစ်ခုခုတော့ တစ်ခုခုပေါ့နော
    နော…………………..

    • etone

      April 3, 2013 at 6:34 pm

      ဘာမှားလည်းတော့မသိဘူး ကိုယ့်ဘက်က အရှုံးချည်းပဲ
      :byae:

  • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

    April 3, 2013 at 6:35 pm

    အာ ဟိ

  • မောင် ပေ

    April 3, 2013 at 7:24 pm

    ကြာဖူးတာလေးပေါ့နော်…….
    မောင်ပေလဲ စီဒီအမ်အေ ကိုင်တာ ဆိုတော့
    အသိဆရာသမားတစ်ယောက်က မောင်ပေ့ ဖုန်းကို ရောင်းခိုင်းနေတာကလား
    စီဒီအမ်အေ ကိုတဲ့ ထပ်မရောင်းတော့တာတဲ့ ၊ အရင်ဆာဗာတွေနဲ ့ပဲ အလုပ် လုပ်နေတာမို ့တဲ့
    ထပ်ပြီး အသစ်မထဲ့ ၊ မိန်တိန်းနန် ့ရှိမှာ မဟုတ်ဘူးတဲ့
    ဆိုတော့
    အဲဒါ အဲဒါ

    • etone

      April 3, 2013 at 7:52 pm

      CDMA800 ကိုင်နေတဲ့ သူငယ်ချင်းတွေ အကုန်လုံးရတဲ့ဈေးနဲ့ ရောင်းထုတ်တုန်းက ကိုယ်က အစွဲရှိလို့ မရောင်းထုတ်ပစ်ရက်ဘူး …. အခုမှအတော့်ကို ချဉ်လာတာ စိတ်မရှည်လျှင် ကိုင်ပေါက်တဲ့အထိပါ လုပ်ရက်နေပြီလေ
      အင်တာနက်သုံးနေရင်း တိုင်ပျောက်သွားတာခဏခဏပဲ :eee:

  • weiwei

    April 3, 2013 at 7:41 pm

    CDMA800 အတွက် ဟန်းဆက်ကောင်းကောင်းမရှိတာနဲ့ 2 သိန်းတန် GSM ကဒ် စရောင်းတုန်းက လဲပစ်လိုက်တယ် …
    အခုတလော ၅၀၀ဝ ကျပ်တန် prepaid ကတ်တွေ မကောင်းဘူးလို့ ပြောသံကြားလို့ တစ်သောင်းတန်ကတ်ပဲ ဝယ်ဖြည်ဖြစ်တယ် … ပိုက်ဆံပိုဖြတ်တယ်လို့ သူများတွေပြောတာကြားမိလို့ ..ဘယ်လိုပိုဖြတ်တာလဲတော့ သေချာမသိဘူး ..

  • etone

    April 3, 2013 at 8:01 pm

    အခုလေးတင် ဖွဘုတ်မှာ ဖတ်လိုက်ရတယ်
    CDMA800 တွေ ကို ၁၅၀ဝနဲ့ ဧပြီ ၂၄မှာစရောင်းမယ်ဆိုပဲ
    ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘာပဲဖြစ်ဖြစ် စိတ်နာတယ် အလကားပေးလျှင်တောင် မလိုချင်တော့ဘူး :chee:

  • weiwei

    April 3, 2013 at 8:18 pm

    ၈ နာရီသတင်းမှာ ကြေညာသွားတယ် … CDMA 800 ကို ၁၅၀ဝ ကျပ်နဲ့ ဧပြီလ ၂၄ ရက်နေ့ စရောင်းတော့မယ်တဲ့ ….

  • uncle gyi

    April 3, 2013 at 10:26 pm

    ဟုတ်တယ်အိတုန်ရေ
    ၈၀ဝဖုန်းတွေမှာဖြစ်နေတယ်ထင်တာပဲ
    ဒါတမင်ကိုပြည်သူ့ပိုက်ဆံကိုတရားဝင်ခိုးနေကြတာ
    ဘယ်သူ့ကိုတိုင်ရမလဲလည်းမသိ
    ဘယ်သူ့မှာတာဝန်ရှိမှန်းလည်းမသိ
    ကဒ်ကဖြစ်တာလား
    စက်ကဖြစ်တာလား
    လားပေါင်းများစွာနဲ့မြန်မာပြည်သူတွေ
    ဘယ်သူ့ကိုအားကိုးရမယ်

  • စနစ်ကြောင့် မဟုတ် …
    စနစ်ကြောင့် မဟုတ် ……
    ကျုပ်ဘဂျီး ပြောပြောနေဒဲ့ ချကား
    ခုလို အလျဉ်းလေးသင့်ဒုံး ပေါကျိဒါဘာ .. :mrgreen:

    ဂျီးဒေါ်ရေ …
    ကျုပ်လည်း သတိထားမိဘူးရယ် …
    ဟုတ်တော့လည်း ဟုတ်သဗျ ..
    တစ်ခါတစ်ခါ ဘာမှ သိပ်မသုံးရသေးဘဲ ပိုက်ပိုက် ကုန်ဒါ မြန်လွန်းနေဒယ် …

    နို့ .. ခုဒေါ့ နောက်တစ်ခု လာဒေါ့မယ် ဆိုဘဲ …
    ၁၅၀ဝ ဖုန်းဒဲ့ …
    တစ်လ အနီးဆုံး ပိုက်ပိုက် ၂၅၀ဝ ဒေါ့ သုံးရမဒဲ့ ..
    တစ်လ မသုံးဘဲ ထားရင် ဘာညာ သာရကာ စသည်ဖြင့် ပေါ့ဂျာ …
    အိုက်ဒါလည်း ဘိုလာအုံးမယ် မသိ …
    ညန်မာပီ စနစ်တွေဂဒေါ့ဖြင့် လောလောဆယ် ချင့်ယုံနေရဒါဘဲ …

  • ဦးဦးပါလေရာ

    April 4, 2013 at 12:27 am

    ကျုပ်လဲ CDMA 800 သုံးတာဆိုတော့
    တစ်ခါတစ်ခါ သိပ်မသုံးပဲ ပိုက်ဆံ ပိုကုန်သွားတာ သတိထားမိပါတယ်။
    လောလောလတ်လတ် – ဒီလ (၂) ရက်နေ့မှာ ရုတ်တရက်ကြီး ပိုက်ဆံကုန်သွားတာ ကြုံရပါတယ်။
    ကျုပ်ထင်တာ – အဲဒါ ဒီက EVDO စံနစ်သုံးတဲ့ CDMA ကွန်ယက်စံနစ်ကြောင့်ဖြစ်မလားမသိ-
    တစ်ချို့ရက်တွေမှာ အင်တာနက်သုံးနေရင်း လိုင်းဖြတ်လိုက်ပေမယ့် (လိုင်းဖြတ်လိုက်တော့ 3G အိုင်ကွန်ပျောက်သွားပေမယ့်)
    အချိန်တစ်ခုအထိ အင်တာနက်ကြေးနဲ့ ပိုက်ဆံဆက်ဖြတ်နေသလားလို့ထင်မိတယ်။

    အင်း… ကျုပ်မလဲ ဘာမှမသေချာတော့ ထင်တာတွေချည်းများနေတယ်..။
    🙂

  • ရွာစားကျော် မင်းနန္ဓာ

    April 4, 2013 at 10:59 am

    မသိရင် မှတ်ထားကြ
    အဲဒါ ဖုန်းထိန်းသိမ်းစောင့်ရှောက်ခ ဖြတ်တာ
    သိ.. ဘီ.. လားးးး
    (လျှပ်စစ်က မီတာထိန်းသိမ်းစောင့်ရှောက်ခ ဖြတ်သလို သူတို့လည်း ဖြတ်တာနေမှာပေါ့)
    ဟိ

  • etone

    April 4, 2013 at 2:39 pm

    ကိုရာမညရေ
    ပထမဆုံး ကော့မန့်လေးအတွက် thank you ပါ ။
    ကျွန်မလည်း ဒီလထဲမှာ ပုံမှန်ထက် နှစ်ဆနီးပါး ပိုကုန်နေတာကြောင့် သတိထားမိခဲ့တာပါ ။ စမ်းကြည့်တော့ ထင်တဲ့အတိုင်း ပိုက်ဆံ လျော့နေတာကို ကြုံတာ …။ အခု အင်တာနက်သုံးတဲ့ အချိန်ကိုလည်း မှတ်ပြီး စမ်းကြည့်နေပါတယ် ။

    ကိုတိမ်မည်းရေ
    CDMA800 နှိပ်စက်ခံရတဲ့ လူတွေ အတော်များသားပဲ .. ဟီးဟီး … ။ ဧရာဝတီတိုင်းဘက်ထွက်လျှင် ထန်းတပင် ကျော်တာနဲ့ လိုင်းလုံးဝပျောက်သွားပြီ … ဒီတော့ CDMA450 ဟမ်းဆက်ပြောင်းမသုံးလျှင် အဲ့ဖုန်းက သုံးမရတော့ဘူး ။ ဒါပေမယ့် မန်းလေးသွားတုန်းက …မန်းလေး၊ ပြင်ဦးလွင် ၊ စစ်ကိုင်း ၊ မင်းကွန်း တလျှောက်လုံး တောင်ကုန်းတွေ လျိုမြောင်တွေကြားရောက်နေတာတောင် လိုင်းမိနေတာတော့ တအံ့တဩဖြစ်ခဲ့ရသေးတယ် ။

    ဂီစိန်ကတော့ အာဟိ နိုင်မှာပေါ့ …… ညည်းတို့ ရွာမှာ ဂလို ခနော်ခနဲ့ ပိုက်ဆံဖြတ်တာမျိုး ကြုံမှ ကြုံဝူးဘဲကိုး :om:

    အန်ကယ်ကြီးရေ ပိုက်ဆံဖြတ်တာကတော့ စီဒီအမ်အေမှာရော ဂျီအက်စ်အမ်မှာပါ အဲ့လိုဖြစ်ကြတယ်လို့ ပြောသံကြားရပါတယ် ။ဘာလား ညာလားတော့ မသိပေမယ့် …ဖြတ်တော့ ဖြတ်သွားတယ် နေရင်း ထိုင်ရင်း …. ။ ဖုန်းဆိုတာ သုံးလျှင် ကုန်မယ် မသုံးလျှင်မကုန်ဘူး ၊ သုံးလိုက်လို့ ကုန်တာ ဘယ်လောက် ထည့်ရထည့်ရ ကျေနပ်ပါတယ် အခုလို မသိမသာရော ၊ သိသိသာသာရော ဘလိုင်းကြီး ဖြတ်ဖြတ်နေတာကတော့ အရူးကွက်နင်းနေသလိုပဲ ….. ။ တကယ့်ကို အရူးပါး လုပ်ရပ်မျိုး ။ :eee:

    ကိုအံစာရေ … 1500 ဖုန်းပေါ်လာလျှင် ပိုလို့တောင် ကောင်းသွားမယ် … အရေတွက်များများ ပိုဖြတ်နိုင်တာပေါ့လေ … ။ အစပိုင်းတော့ သတိထားမိဦးမှာ မဟုတ်ဘူး ….. အခု CDMA 800 ဆို 1500မပြောနဲ့ အလကား ပေးမယ်ဆိုလျှင်တောင် မလိုချင်တော့ဘူးလေ ။

    ဦးဦးပါလေရာပြောတဲ့ … အဲဒါ ဒီက EVDO စံနစ်သုံးတဲ့ CDMA ကွန်ယက်စံနစ်ကြောင့်ဖြစ်မလားမသိ-
    တစ်ချို့ရက်တွေမှာ အင်တာနက်သုံးနေရင်း လိုင်းဖြတ်လိုက်ပေမယ့် (လိုင်းဖြတ်လိုက်တော့ 3G အိုင်ကွန်ပျောက်သွားပေမယ့်)
    အချိန်တစ်ခုအထိ အင်တာနက်ကြေးနဲ့ ပိုက်ဆံဆက်ဖြတ်နေသလားလို့ထင်မိတယ်။
    ဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် …. ။ တစ်ခါတစ်လေ ကိုယ်က အင်တာနက် ပိတ်လိုက်လို့ … အိုက်ကွန်ပျောက်သွားပေမယ့် …. သူများ စာရိုက်တဲ့အခါ ဝင်လာမှ အင်တာနက်ပွင့်နေမှန်း သိတာမျိုး ကြုံဖူးပါတယ် ။ အခုနောက်ပိုင်းတော့ အင်တာနက်ပိတ်ပြီးတာနဲ့ … အိုက်ကွန်ပျောက်မပျောက်စစ်တဲ့အပြင် တချို့ applicationတွေမှာ အင်တာနက်လိုင်းပြတ်သွားတာနဲ့ အလမ်းလုပ်တာရှိတယ် ။ အဲ့လို application ဖွင့်ပြီး လိုင်းတကယ်ပြတ်မပြတ် ပြန်ပြန်စစ်နေရပါတယ် … ။

    ကိုရွာစားကျောရေ … ထိန်းသိမ်းခဆိုလည်း ဗရမ်းဗတာ ၊ စာရင်းမရှိ အင်းမရှိ ။ ပေါက်လွတ်ပဲစား ထိန်းသိမ်းတဲ့ လူတွေကောက်တဲ့ အဖိုးခ ပဲ ဖြစ်ရမယ် … ခိခိ :harr:

  • Mon Kit

    April 4, 2013 at 3:16 pm

    ညလေး အိတုံ ပို့စ် ဖတ်၊ ကွန်မန့်တွေ ဖတ်ပီး လက်ရှိကိုင် နေတဲ့ 800 ကြီးကို မြောင်းထဲ လွှင့်ပစ်လိုက်တော့မယ်…
    :byae:

  • MaMa

    April 4, 2013 at 3:35 pm

    ဖုန်းကဒ်မှာ စစ်ဖို့လွယ်ပေမယ့် လိုင်းဖုံးတွေမှာကျတော့ စစ်ဖို့မလွယ်ဘူး။
    မှတ်မှတ်ရရ တစ်လလုံး ပျက်နေတဲ့ လိုင်းဖုံးက ၄၀၀၀-၅၀၀ဝ လောက်ကျတယ်။
    ဖုံးရုံးသွားပြောတော့လည်း Call List ထုတ်ပြီး စစ်နိုင်တာက လွဲရင် ဘာမှ လုပ်လို့မရ။
    စိတ်တိုတိုနဲ့ ဖုံးခမဆောင်ပဲထားလိုက်တာ ဖုံးလိုင်းဖြတ်တာတော့ သေချာသားးးးး :byae:

  • MaMa

    April 4, 2013 at 3:50 pm

    ရေးဖို့ ကျန်ခဲ့လို့။
    ပိုစ့်လေး ပိုလှစေချင်လို့ ပြောရမယ်နော်။
    စက်ကြေး အစား ဆက်ကြေး လို့ ပြောင်းလိုက်ရင် ပိုလှသွားမယ်။ :hee:

    • etone

      April 5, 2013 at 9:43 am

      အဟီး .. အန်တီမမရေ .. သတ်ပုံပြင်ပေးတဲ့အတွက် ကျေးဇူးပါ … ။
      တကယ်တော့ .. အတင်းအဓမ္မတောင်းခံငွေညှစ်တဲ့ ဆက်ကြေးနဲ့ … စက်ပစ္စည်း အဖိုးခ စက်ကြေးနဲ့ …. မကွဲပြားတာ အမှန်ပါ ။ ဆ လုံးလား စလိမ်လား မသိတော့ ခေါင်းစဉ်ကြီးမှာ ထင်တာနဲ့ ရမ်းတပ်လိုက်တာ .. ခိခိ … :hee:

  • Novy

    April 4, 2013 at 3:55 pm

    မနိုလဲပြောလိုက်အုံးမယ် တုံရေ.
    မနိုရဲ့ CDMA800လည်း March လထဲမှာ ငွေပိုပြီးကုန်တယ်
    12/03/2013 က ငွေထဲ့ပြီးစစ်လိုကတော့ 13187.70ကျပ်
    30/03/2013 ကလက်ကျန်ပြန်စစ်လိုက်တော့ 5702.50ကျပ်ပဲရှိတော့တယ်
    7485.2တောင်ကုန်တယ်
    ဘယ်ကိုမှ ဖုံးအကြားကြီးပြောတာမရှိဘူး
    အဝင်ပဲသုံးတာများတယ်
    အထွက်ကို လိုင်ဖုံးနဲ့အသုံးများလို့

  • TNA

    April 5, 2013 at 5:56 pm

    အမလဲ ၈၀ဝ ဖုန်းပဲ။ အမက ဖုန်းဆက်တာအင်မတန်နဲတယ်။ လိုင်းဖုန်းပဲပြောဖြစ်တာများတာကိုပဲ ၅၀၀ဝ ကဒ်ထဲ့ထားရင် နှစ်လလောက်ဆိုကုန်ဘီပဲ။ ဘာလို့လဲတော့မသိဘူး။ အင်တာနက်လဲမသုံးဘူး။ သူများတွေ ပြောတာကတော့ ၈၀ဝ တွေက မိနစ်အတိဖြတ်တယ်တဲ့။ ကိုယ်က ဆက်တာ ၁ မိနစ်မပြည့်လဲ ၁ မိနစ်စာဖြတ်တယ်ပြောတာပဲ။ ဟုတ်လားတော့မသိဘူး။ My ringtune ထည့်တော့ပိုဆိုးရော။ ကိုယ်လဲမသုံးပဲ သူချည်းသုံးသွားတာ တလနှစ်ထောင်။ အခုတော့ My ringtune လဲဖြုတ်လိုက်ပြီ။ တုန်တုန်ပြောမှ သတိထားကြည့်လိုက်တော့မယ်။

    • etone

      April 6, 2013 at 11:07 am

      အစ်မသဲရေ .. စံချိန်တင်ပါတယ် … 5000တန် တကဒ် 2လ သုံးလို ့ရတယ် ဆိုလို့ပါ ။
      CDMA 800 ရဲ့ အားနည်းချက်ထဲ အဲ့ဒါလည်း ပါတယ် .. ဆက်တာ စက္ကန့်ပိုင်းပေမယ့် မိနစ်နဲ့ ဖြတ်ယူတာရယ် … တဖက်က မကိုင်ပဲ တက်နေတဲ့ စက္ကန့်တွေကိုပါ ထည့်တွက်ယူတာရယ်တွေ ရှိတယ် … ။
      ဒါကြောင့်လည်း အခု 1500ဖုန်းတွေကို CDMA800တွေ အရင် ထုတ်ပစ်လိုက်သလားလို့ …. တွေးမိပါတယ် … ။

      • TNA

        April 6, 2013 at 5:57 pm

        ဟင့်မသုံးဘဲကုန်ဒါဘာရှို။ နာ့ဂိုငိုချင်အောင်လုပ်နေဘီ။ သူများဂတပါတ်လံးမှ အပြင်ထွက်ရင် တကော နှစ်ကောထက်ပိုမပြာဘဲဟာ။ ဘီလိုလုပ်နှစ်လဘဲခံဒယ်မတိ။

  • အလင်းဆက်

    April 5, 2013 at 6:50 pm

    ဒီနိုင်ငံမှာတော့ ဖုန်းကိစ္စက ဘယ်တော့များမှ …အေးမလဲမသိ….
    :buu:

    • ခင်ခ

      April 5, 2013 at 10:02 pm

      ကိုအလင်းဆက်ရေ အေးဖို့တော့ မမြင်သေးဘူးဗျ အခုထပ်လာမယ်လေ ၁၅၀ဝ နဲ့။

Leave a Reply