ကံ ကံ၏အကျိုး

Yin Nyine NwayJuly 24, 20101min1908

ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော သံသရာခရီးဖော် စာအုပ်မှ ‘ကံ’ အကြောင်းကို ကမ္ဘာသစ်ဓမ္မမိတ်ဆွေတွေအတွက် ရေးသားဖော်ပြပေးလိုက်ပါတယ်။
တစ်ခါတစ်လေတော့လဲ ကံတရားကနားလည်ရအခက်သား၊ ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြမှု တွေနဲ့ချည်းပဲတွေ့နေရ တတ်ပါတယ်၊ မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လဲ ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်၊ ဒီအဖြစ်မျိုးတွေက ဝန်းကျင်တိုင်း မှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။

ဥပမာပဲ ထားပါတော့ ၊ ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊ မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊ ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊ ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦး မလား၊ အားလုံးချောမွေ့လို့၊ ဘာဆိုဘာမှ အခက်အခဲမရှိ။

ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျကောင်းကံလေးအပေါ်မှာတောင် သံသယဝင်ချင်စရာ၊ ကံအပေါ် နားလည်ရ ခပ်ခက်ခက်။

ဟိုုး… စောစောပိုင်း ကာလတွေကတော့ မိမိလဲ ဒီအတိုင်းပါပဲ၊ နောက်ပိုင်းစာတွေဖတ်ရင်း သမ္ပတ္တိလေးပါးနဲ့ ဝိပတ္တိလေးပါး အကြောင်းဖတ်မိတော့မှာပဲ ထိုက်သင့်သလောက် နားလည်ခဲ့ရပါတယ်၊ နားလည်သလောက် ပြန်ရေးပြပရစေဦး။

ကံဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာရှိပါတယ်၊ ကောင်းကံနဲ့ မကောင်းကံပေါ့၊ အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့ အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ဝိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့ ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။

သမ္ပတ္တိရဲ့ အနက်က ပြည့်စုံခြင်း၊ ဝိပတ္တိရဲ့ အနက်က ချွတ်ယွင်းခြင်းပါ။

သမ္ပတ္တိ-လေးပါးဆိုတာက –

၁။ ဂတိသမ္ပတ္တိ

၂။ ဥပဓိသမ္ပတ္တိ

၃။ကာလသမ္ပတ္တိ

၄။ ပယောဂသမ္ပတိ္တ

အဲဒီအထဲမှာ ဂတိသမ္ပတ္တိဆိုတာ လူ့ပြည့် ၊ နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ၊ ဘဝကောင်းကိုရရှိခြင်းပေါ့၊ ဂတိသမ္ပတ္တိမှာဖြစ်နေရင် အကုသိုလ်ကံက အကျိုးပေးခွင့်မသာတော့ဘူး၊ ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။

ဥပဓိသမ္ပတ္တိဆိုတာက ရုပ်အဆင်းလှပခြင်းကိုပြောတာပါ၊ လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊ အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ အကျိုးပေးခွင့်မသာတော့ဘူး၊ သီဟိုကျွန်းမှာ ဘာတိကမင်းဆိုတာရှိပါတယ်၊ အဲဒီမင်းက တိုင်းသူပြည်သားတွေကို နွားသားမစားရဘူးလို့ အမိန့်ထုတ် ထားပါတယ်၊ နွားသားစားခဲ့ရင် ဖမ်းပြီးဒဏ်ငွေတပ်တယ်၊ ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊ မြေတူးတာတို့ကိုလုပ်ရတယ်၊ တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက နွားသားခိုးစားကြတယ်၊ ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့၊ ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့၊ ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့ ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့၊ ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့၊ သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစု တွေလဲပါတယ်၊ အဲဒီနွားသားခိုးစားတဲ့ သူတွေကို ဒဏ်ပေးတဲ့အနေနဲ့ အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့၊ ဒါကိုဘာတိကမင်းက လေသာပြူတင်းက ကြည့်နေပါတယ်၊ စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊
နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့ အဲဒီရုပ်လှလှကောင်မလေးကိုမြင်တော့ ဘုရင်က ‘ဒီရုပ်ရည်နဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ မတန်ဘူး’ဆိုပြီး မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်၊ ‘သမာဒေဝီ’ ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က သူ့အနားမှာ
ခစားဖို့ထားလိုက်တယ်၊ သူ့ရဲ့မိသားစုကိုလဲ ဒဏ်ထမ်းနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပြင် အသက်မွေး နိုင်လောက်အောင် ငွေကြေးတွေနဲ့ မ စလိုက်တယ်တဲ့၊ ဒါ ဥပဓိသမ္ပတ္တိ က အကျိုးပေးလိုက်တာပါပဲ၊ လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့ မိသားစုကိုလဲ အကျိုးပေးသွားတယ်၊ အဲဒီလို ဥပဓိသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ပါဘူး

ကာလသမ္ပတ္တိဆိုတာက မြတ်စွာဘုရားပွင့်ရာ၊ အခါ၊ စကြာဝတေးမင်းပေါ်ရာအခါ၊ မင်းကောင်း မင်းမြတ်တွေပေါ်ရာအခါ ကိုပြောတာပါ၊ မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ နာကြားခွင့်ရနေမယ်၊ စကြာဝတေးမင်း ပေါ်နေတဲ့ကာလဆိုရင်လဲ သူ့ဘုန်းကံအလျောက် တိုင်းပြည် ချမ်းသာ ကြွယ်ဝနေမယ်၊ မင်းကောင်း မင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲ တိုင်းသူပြည်သားတွေ စားဝတ်နေရေး စီးပွားရေးတွေ ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်၊ ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေါ့၊ အဲဒီ ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး။

ပယောဂသမ္ပတိ္တဆိုတာက – သတိ၊ ဝီရိယ၊ ဉာဏ်တွေနဲ့ ပြည့်စုံနေတာကို ပြောတာပါ၊ လောကမှာ နေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်၊ သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လဝီရိယရှိနေမယ်၊ အရာရာကို နားလည်သဘောပေါက်ပြီး ထက်မြတ်တဲ့ ဉာဏ်ပညာရှိနေမယ်၊ သတိဝီရိယဉာဏ်တွေယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်၊ အဲဒီလိုဆိုပြန်ရင်လဲ အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး၊ လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေကို ကြည့်လိုက်ရင် ပယောဂသမ္ပတိ္တဆိုတဲ့ သတိ၊ ဝီရိယ၊ ဉာဏ် ပညာနဲ့ ပြည့်စုံနေတဲ့ သူတွေဖြစ်နေမယ်ဆိုတာ တွေ့ရပါလိမ့်မယ်၊ ဒီနေရာမှာ သတိထားရမှာက အတိတ်ကံရဲ့ သတိ္တက တစ်မတ်သားလောက်ပဲပါတယ်၊ ယခုပစ္စုပ္ပန်ဘဝ၊ သတိ၊ ဝီရိယ၊ ဉာဏ်ဆိုတဲ့ ပယောဂသမ္ပတိ္တက သုံးမတ်သားလောက် ပါရှိတယ်ဆိုတာ ကောင်းကောင်း သတိထားရမယ့်အကြောင်း မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ က အထူးသတိ ပေးထားပါတယ်၊ ဆိုလိုတာက ဒီပစ္စုပ္ပန်ဘဝမှာ ပယောဂသမ္ပတိ္တနဲ့ ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့် ရှိသလို အကုသိုလ်ကံတွေကိုလဲ တားဆီးထားနိုင်တယ်၊ ဥပမာ- အဇာတသတ်မင်းကိုကြည့်၊ အဖကိုသတ်ထားတဲ့ ပါဏာတိပါတကံကြီးက အဝီစိငရဲကို ကျိန်းသေမုချကျရမယ်၊ ဒါပေမယ့် သတိတွေဉာဏ်တွေဝင်လာပြီး မြတ်စွာဘုရားကိုသွားပြီး ဆည်းကပ်လိုက်တော့ ဘုရားရှင်ကို ဆည်းကပ်လိုက်တဲ့ ပယောဂသမ္ပတိ္တကြောင့် အဝီစိငရဲမကျတော့ဘဲ အဝီစိငရဲထက်ငယ်တဲ့ လောဟကု မ္ဘီငရဲမှာပဲ ကျရတော့တယ်၊ နောက်အကျိုးတစ်ခုက အဲဒီငရဲက လွတ်လာရင် ‘ဝိဇိတာဝီ’ဆိုတဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်တဲ့၊ ဒါ ပယောဂသမ္ပတိ္တရဲ့ အစွမ်းသတိ္တတွေပါပဲ၊

နောက် ဝိပတ္တိလေးပါးထဲမှာ ဂတိသမ္ပတ္တိဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါတယ်လေးဘုံ ကိုပြောတာ၊ မကောင်းတဲ့ဘဝကိုရရှိတယ်ပေါ့၊ အဲဒီလိုအပါယ်လေးဘုံဆိုတဲ့ ဂတိသမ္ပတ္တိနဲ့ ကြုံနေရင်လဲ ရှေးရှေးဘဝက ကုသိုလ်ကံတွေ ရှိနေပေမယ့် ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။

ဥပဓိဝိပတ္တိဆိုတာက ရုပ်အဆင်းမလှတာပါ၊ ဒီပရာဆိုတဲ့ ဝတ္တုမှာ မင်းကြီးက ဒီပရာဇာဆိုတဲ့ မင်းစားကို ဖွားမြင်တော့ မင်းကြီးက သားကိုချစ်တာရော၊ မိဖုရားကိုချစ်တာရော ပေါင်းပြီး မိဖုရားကို လိုရာဆုကို တောင်းပါလို့ ပြောတယ် မိဖုရားကလဲ ကောင်းပြီ၊ အခုမယူသေးပါ၊ နောငမ်မှယူမယ်လို့ ပြန်လျှောက်တယ်၊ အဲဒီ ဒီပရာဇာမင်းသာက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ကြက်တိုက်တမ်းကစားသတဲ့၊ မင်းသားဖြစ်ပြီး မကစားသင့်တဲ့ အရာကို ကစားတော့ ကြက်က နောက်ပြန်ဆုတ်ရင်း မင်းသားရဲ့ မျက်စိကို ခွပ်လိုက်တာ မျက်စိပျက်ရော၊ ဒီလိုနဲ့ မင်းသားတစ်ဆယ့်ခြောက်နှစ်သားအရွယ်ရောက်လာတော့ မယ်တော်မိဖုရားက မင်းကြီးဆီကပ်ပြီး ‘အရှင်မင်းကြီး သားဖွားစဉ်ကာလက လိုရာဆုကို တောင်းပါလို့ အမိန့်ရှိထားပါတယ်၊ ယခုထိုဆုကို တောင်းလိုပါတယ်’ပေါ့ မင်းကြီးကလဲ ‘မိဖုရားမြတ်ဆုယူလော့’ဆိုတော့ မိဖုရားက ‘အရှင်မင်းကြီး အကျွန်ုပ်သားအားမင်းအဖြစ်ကို ပေးတော်မူပါလော့’လို့တောင်းတယ်၊ ဒီတော့ မင်းကြီးက ဘာပြန်ပြောသလဲဆိုတော့ ‘မိဖုရား-သင့်သားဟာ စက္ခုမစုံ၊ အင်္ဂါမြုံတဲ့သူဖြစ်တယ်၊ တိုင်းပြည်နဲ့မတန်ဘူး၊ ဒါကြောင့် မင်းအဖြေစ်ကိုမပေး’လို့ ပြန်မိန့်လိုက်ပါတယ်၊ မိဖုရားကလဲ မလျော့ဘူး၊ ထပ်တလဲလဲ တောင်းနေတော့ နောက်ဆုံး မင်းကြီးလဲ နှုတ်ဂတိကလဲ ရှိထားဖူးတော့ ‘သင့်သားကန်းအား ဒီအလုံးစုံသော သီဟိုဠ် ကျွန်းကိုတော့ မပေးနိုင်၊ အခြံအရဖြစ်တဲ့ နာဂဒီပ ကျွန်းငယ်၌သာ မင်းပြုလေ’လို့ ကျွန်းငယ်တစ်ခုကို ပေးလိုက်တယ်၊ ဒီဝတ္တုကိုကြည့်၊ တကယ်လို့သာ ဒီပရာဇာ မင်းသားဟာ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံခဲ့ရင် ယူဇနာသုံးရာလောက်ရှိတဲ့ သီဟိုဠ်တစ်ကျွန်းလုံးကို မင်းအဖြစ်နဲ့ အုပ်စိုးရမျာ၊ ခုတော့ ဥပဓိဝိပတ္တိဖြစ်နေတော့ ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။

ကာလဝိပတ္တိဆိုတာက – မြတ်စွာဘုရားရှင်နဲ့ ဝေးနေတဲ့ကာလ၊ ဆုန်ကပ်ကာလ၊ မကောင်းတဲ့ မင်းတွေအုပ်စိုးတဲ့ကာလကို ခေါ်တာပါ၊ အဲဒီကာလာတွေမျာ ဒါန၊ သီလ၊ ဘဝနာ၊ သမာဓိ၊ ပညာဆိုတဲ့ ကုသိုလ်တရားတွေကို ပြုခွင့်မရ၊ စားဝတ်နေရေးတွေ ကျပ်တည်း၊ ပြည်တွင်းစစ်တွေဖြစ်၊ ဥပမာ- အာဖဂန်နစ္စတန်တို့ ပါလက်စတိုင်းတို့လို နိုင်ငံမျိုးပေါ့၊ အမြဲတမ်း စစ်တွေဖြစ်နေတော့ ပညာသင်ကြား ခွင့်မရ၊ စီးပွားရေးလုပ်ခွင့်မရ၊ တစ်သက်လုံး ဒုက္ခသည်စခန်းမှာပဲ ရွက်ဖျင်တဲတွေထိုးပြီး နေကြရတာ၊ အဲဒီကာလဆိုးတွေနဲ့ ကြုံနေရင်လဲ ကုသိုလ်ကံက အကျိုးပေးခွင့် မရပြန်ဘူး။

ပယောဂဝိပတ္တိဆိုတာက သတိမရှိ၊ ဝီရိယမရှိ၊ ဉာဏ်မရှိတာကို ပြောတာပါ၊ သတိ၊ ဝီရိယ၊ ဉာဏ်ကင်းတဲ့သူူဟာ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ်၊ အောင်မြင်မှု လမ်းကြောင်းနဲ့ ဝေးတတ်ပါတယ်၊ ဒါပြောသာပြောရတယ်၊ သတိ၊ ဝီရိယ၊ ဉာဏ်ကင်းပြီဆိုရင် ပညာလဲ ကောင်းကောင်းသင်မှာမဟုတ်တော့သလို စီးပွားရေးလဲ ကောင်းကောင်းလုပ်တော့မှာ မဟုတ်ပါဘူး၊ ငွေလွယ်လွယ်ရတဲ့ အကုသိုလ်နဲ့ မကင်းတဲ့အလုပ်တွေပဲ လုပ်တော့မှာ၊ ဒီတော့ ကုသိုလ်ကံက ဘယ်လိုလုပ်လာပြီး အကျိုးပေးတော့မလဲ။

အထက်ကပြောခဲ့တဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် သမ္ပတ္တိလေးပါးနဲ့ ပြည့်စုံနေမယ်ဆိုရင် အကုသိုလ်ပြုခဲ့ရင်တာင် အကုသုလ်အကျိုးပေးခွင့် မသာဘဲ ကုသိုလ်ကံကချဉ်း အကျိုးပေးနေပါလိမ့်မယ်၊ ဝိပတ္တိလေးပါးနဲ့ ကြုံနေမယ်ဆိုရင်လဲ ကုသိုလ်ကံအကျိုးပေးခွင့်မသာဘဲ အကုသိုလ်ကံကချည်း အကျိုးပေးနေပါလိမ့်မယ်။

ဒီနေရာမှ အဓိက ပြောချင်တာကတော့ ပယောဂသမ္ပတ္တိပါ၊ လူတစ်ယောက်အတွက် ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိဆိုတဲ့ တရးသုံးပါက ပြုပြင်ယူလို့ ခက်ခဲပေမယ့် ပယောဂသမ္ပတ္တိကတော့ ပြုပြင်ယူလို့ ရပါတယ် ဒါကို ကိုယ်က သိထားဖို့ပါပဲ၊ အတိတ်ပယောဂသမ္ပတ္တိကတော့ ပြုပြင်ယူလို့မရတော့ ထားလိုက်ပါတော့၊ ပြုပြင်ယူလို့ရတဲ့ ပစ္စုပ္ပန်ပယောဂ သမ္ပတ္တိကို ပြုပြင်သွားဖို့ ပါပဲ၊ ဥပမာ ကိုယ်က ရုပ်မလှခဲ့ရင် ‘‘’အာ်…ငါဟာ အတိတ်ဘဝက စိတ်ထားညံ့ခဲ့လို့ ဒီဘဝမှာ ရုပ်မလှတာ၊ ဒီဘဝမှာ စိတ်ထားလှအောင်နေမယ်၊ ရုပ်လှရာ လှကြောင်း ကုသုလ်တွေကို ပြုမယ်’’ ဆိုပြီး သတိယှဉ်တာ၊ စိတ်ချမ်းသာအောင်နေတာ၊ ဥတုနဲ့ သင့်လျော်တဲ့ အစာအဟာရကို စားတာ၊ အချိန်မှန်အိပ်ပြီး၊ အချိန်မှန်စားတာ၊ ပညာကို ဝီရိယရှိရှိ ကြိုးကြိုးစားစားနဲ့ သင်ယူတာ အခွင့်သင့်တိုင်း စွမ်းနိုင်တဲ့ ကုသိုလ်တွေကို စေတနာပါပါနဲ့ ပြုတာ နိုးနိုးကြားကြားနဲ့ သတိရှိရှိနေတာ စသည်ဖြင့်ပေါ့၊ ဒါတွေဟာ ပစ္စုပ္ပန်ပယောဂသမ္ပတ္တိကို ကောင်းအောင် ပြုပြင်ယူတာပါပဲ။

ကျန်တာတွေတော့ ထားလိုက်ပါတော့လေ၊ ပြုပြင်ခွင့်ရှိတဲ့ ပစ္စုပ္ပန်ပယောဂသမ္ပတ္တိကိုတော့ ပြုပြင် တည်ဆောက်တတ်ဖို့ ပါပဲလေ၊ ဒါဆို ရသင့်ရထိုက်တဲ့ အကျိုးကတော့ အခွင့်သင့်လာပါလိမ့်မယ်။

ကံအကြောင်းကို နားလည်သဘောပေါက်အောင် ရေးသားဖော်ပြပေးသော ဆရာတော်ကို အထူးကျေးဇူးဆပ်သောအားဖြင့် ကမ္ဘာသစ်မှသူငယ်ချင်းများအားလုံးအတွက် မျှဝေလိုက်ပါတယ်။

အသိပညာဗဟုတုတများတိုးပွားကြပါစေ. .

8 comments

  • kai

    July 24, 2010 at 8:28 am

    ကျုပ်သချင်္ာတွက်ပြပါ့မယ်..။
    လောကမှာ ဖြစ်ပျက်နေတာတွေကို စီမံတာက ကံ၊ စိတ်၊ ဥတု၊ အဟာရ တဲ့။
    ကံ ဆိုတာက..အဲဒီ လေးခုထဲက တခုသာဖြစ်ပါတယ်။ …ဒီတော့ ..ဖြစ်နိုင်ချေက…၄ပုံပုံတပုံ..၂၅ရာခိုင်နှုန်းပဲရှိပါတယ်။
    ဒါကြောင့် ကံကိုပုံ ဆူးပုံမနင်းနဲ့လို့ ပြောကြတာပါ…။
    အခုတခါ ဆရာတော် ရဝေနွယ်(အင်းမ) ပြောကြားချက်အရ..(ကံဆိုတာ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာရှိပါတယ်၊ ကောင်းကံနဲ့ မကောင်းကံပေါ့၊ အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့ အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ဝိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့ ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။)
    ဆိုပါတယ်..။
    ဒီတော့ …အဲဒီ ဖြစ်နိုင်ခြေ …လေးပုံတပုံကိုမှ..ထပ်ခွဲစိတ်ရမှာပါပဲ။(၄)
    ကုသိုလ်ကံနဲ့ အကုသိုလ်ကံ -(၂)
    သမ္ပတ္တိလေးပါး (၄)
    ဝိပတ္တိလေးပါး (၄)
    သချာင်္အရတွက်မှာ ဖြစ်နိုင်ချေရေးရရင်… ဖက်တိုရီရယ်တွေနဲ့သွားတော့မှာပါ။
    သိပ်တော့ နားမလည်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတေ့ာ ကံဆိုတာကိုလည်း အဘိဓမ္မာမှာ..အမျိုးပေါင်းများစွာ ထပ်ခွဲထားလို့ပါ။ ပြီးတော့ စိတ်ရော ရုပ်ရောက ဖြစ်တဲ့နေရာ ပျက်တယ် ဆိုထားပါသေးတယ်။ စိတ်တွေဟာ လက်တဖျစ်တွက်မှာ သိန်းသန်းချီဖြစ်နေကြတာပါ။
    ဟုတ်ပါပြီ..။
    နားလည်လွယ်အောင်…ကိစ္စအခုတိုင်းအတွက် ကံနဲ့ပါတ်သက်တဲ့ ဖြစ်နိုင်ချေ(အကျိုးပေး)ဟာ ၄+၂+၄+၄ လို့ပဲ လွယ်လွယ်မှတ် တွက်ကြည့်ပါစို့။
    ၁၄ ရဲ့ဖက်တိုရီရယ်ပေါ့။ ဘယ်လောက်ထင်ပါသလဲ…။
    87178291200 ဖြစ်ပါတယ်။
    ဆိုလိုတာက..ဘာလုပ်လုပ်..ကံဆိုတာနဲ့သာလိုက်တွက်ချက်နေရင်..ပြန်ခံစား၊ စံစားရမဲ့ (အကျိုးပေး) ဖြစ်နိုင်ခြေက 87178291200 ပုံ တပုံဖြစ်ပါမယ်။
    ၈ရသချေင်္ပုံ တပုံဆိုပါတော့..။
    ကဲ..။
    အဲဒါပါ။ ပျင်းပျင်းနဲ့ သချင်္ာတွက်ကြည့်တာပါ။ ဝေဖန်ကြပါဦး။

    • inz@ghi

      December 3, 2011 at 12:14 pm

      ကံ၊ စိတ်၊ ဥတု၊ အဟာရ ၄မျိုး ရှိတာတော့ဟုတ်ပီ
      အခြေအနေ အချိန်အခါကိုလိုက်ပြီး ….ဟိုဟာ အားသာသွား
      သည်ဟာ အားကောင်းသွား ရှိမှာ မလွဲဘူး ..
      လွဲတာ ၄ခုရှိလို့ လေးနဲ့စား ၂၅% ဆို ပြောတာက စလွဲတာ…..
      သည်တော့ အောက်ကဟာတွေ ဆက်တွက်စရာ ကို မလိုတော့ဝူး…ဟွန်း …

      သဂျီး …သဂျီး …..မထှော် မနန်းတွေ သိပ်လုပ်တဲ့ သဂျီး……..

  • Yin Nyine Nway

    July 24, 2010 at 8:48 am

    ရှေးစကားပုံ ရှိသေးတယ်လေ
    ကံကိုယုံပြီး ဆူးပုံမနင်းနဲ့
    ကံသာလျှင် အမိ ကံသာလျှင် အဖ
    ဘာပဲပြောပြော
    အရာအားလုံးက ဘက်ညီနေပါတယ်
    ကောင်းတာလုပ်ရင် ကောင်းတာရသလို
    မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်
    အခုသူက မကောင်းတာလုပ်တယ်..ဘာမှမဖြစ်ဘူးဆိုတာ
    သူက ရှေးကကောင်းတာ လုပ်ခဲ့တာများနေပြီး
    မကောင်းတာလုပ်တာနဲနေသေးလို့ပါ
    တနေ့ကျရင ်မကောင်းတာများနေရင်တော့
    သူပြုတဲ့အမှု အတိုင်းဖြစ်လာမယ်ဆိုတာကိုတော့
    ရဲရဲ ကြီး ယုံကြည်ပါတယ်

  • maypearl

    July 24, 2010 at 10:16 am

    ဘယ်သူတွေဘာပြောပြော တို့ကတော့ကံကိုယုံတယ်
    (ဆူးပုံတော့ မနင်းဘူးပေါ့)
    အတိတ်ကံ စားတဲ့သူဆိုတာကို ကြားဖူးကြမှာပါ
    သူ့ရဲ့အတိတ်ကကံကကောင်းတာကိုး

  • fatty

    July 24, 2010 at 1:56 pm

    တင်တဲ့ post ရော comments တွေရော တော်တော်အဆီအနှစ်နဲ့ပြည့်စုံတာတွေ့ရပါတယ်။
    ကျနော်ကတော့ ကောင်း ကော င်းမရိုက်တတ်တော့လက်ရေးမူနဲ့ဘဲ ဆွေးနွေးပါရစေ။

  • Ye Ning Su

    July 25, 2010 at 3:03 am

    ကံကောင်းတယ် ဆိုးတယ်ဆိုတာ လဲ နယူတန်ရဲ့နိယာမ ဆိုတာကို ဘုရားဟောပြီးသားပါ သချာင်္ဆိုတာ လောကီရဲ့ ပညတ်ဆိုတာ လူတိုင်း သိပါ တယ်နော် အဆုံးမရှိ စင်္ကြာဝဋ္ဌာ ကိုတွက် လို့ မရသလို ကံဆိုတာ ကို ဘယ် သီအိုရီနဲ့ စတင် ပရုမလဲ proof ကံဆိုတာ မိမိပြုလုပ်သမျှအရာခပ် သိမ်းတို့ သည် ပြုလုပ်ခြင်း=ကံ ဟုသာ ဆိုနှိုင်ပါမည်..။ ချိန်ခွင်မရှိပါ .ပေတံမရှိပါ လောကီ ပေတံနှင့်တိုင်း လျှင် လက်တွေ့ ပြနှိုင်ထဲ့သည်ရှိသော ..ရေမှာ အရုပ်ရေး သက်သေပြသော ရေပွက်ရေလှိုင်းသာလျှင် ဖြစ်ချေရှိပေသည်…။
    သိပ္ပံ ပညာရှင်များလဲ ဓါတ်ခွဲမရ ၊ပုံသေနည်းအ သစ်ထုတ်မရသေးပါနော်….ကျုပ်ပြောတာလဲမယုံပါနဲ့ဦး ကာလမ သုတ် အတိုင်းပေါ့..။
    တကယ်တော့ကျွန်တော် သိတယ်ဆို တာ ကျွန်တော် ဘာမှမသိသေးတာ ကို ဆိုလိုပါ၏….။ဘုရားရဲ့တရာတော် များသည်.ရေးသူကျမ်းပြုသူတို့၏အာဘော် များ ဖယ်၍ ဆင်ချင်သော် သိပ္ပံနည်း၊ဖီလောဆော်ဖီများ ဗုဒ္ဓ ဆီမှအခြေခံများတွေရှိနှိုင်လေတော့သည်…။

  • Yin Nyine Nway

    July 25, 2010 at 4:10 am

    ဟုတ်
    သူငယ်ချင်းတယောက်ပြောဖူးပါတယ်
    သူ့ အိမ်ဘေးက အဒေါ်တယောက်က ကြက်သားရောင်းနဲက ချမ်းသာလာတယ်တဲ့
    တနေ့တခြား ပိုပို ရောင်းလာရတယ်ပေါ့
    အကုသိုလ်ကံက သူများအသက်ကို သတ်တာ ဘာမှမဖြစ်ဘူးလားပေါ့
    အမှန်ကတော့
    အကုသိုလ်ကံ က ကြီးများနေတော့
    အကုသိုလ်ကံ ဖတ်ကိုလိုက်သွားတာပါ
    အခုဘဝမှာ အကုသိုလ်ကြောင့်မဖြစ်သေးဘူးဆိုပေမဲ့
    သူသတ်တဲ့ ကြက်တွေပေါ်လိုက်ပြီး
    တနည်းနည်းနဲ့တော့ ခံရမှာပါ
    ဥပမာ
    သူမွေးတဲ့ ကလေး
    ဒါမှမဟုတ်မြေးမှာ
    တခုခု ချွတ်ယွင်းနေတာမျိုးပေါ့

  • aye.kk

    December 3, 2011 at 1:26 pm

    ကံ..ကံ၏အကျိုးဟုပြောရလျှင်..
    ရှေးကပြုကံအတိုင်း..ထိုထိုတောင့်တခဲ့ကြသည့်အတိုင်း..
    ယခုဘဝမှာ..အကျိုးပေးလာကြကာ..စရိုက်ခြောက်ပါးပြားတို ့..
    ကွဲပြားခြားနားလာခဲ့ကြကာ..
    ကစီမံရာအတိုင်း လူတို ့နာခံလာကြရပေသည်..
    ယခုဘဝဖြစ်ပျက်သမျှအကြောင်းကံအားလုံးတို ့တွင်..
    ရှေးကံသာပဓာနကျသည်ဖြစ်၍..
    နောက်နောက်ဘဝတို ့ကောင်းဘို ့လျှင်ကား..
    ယခုဘဝတို ့တွင်သဒ္ဒါပညာခြံရံလျှက်ထက်သန်သောကောင်းမှုများကိုတည်ေထောင်အားထုတ်သင့်ပါ
    ကြောင်းမိမိအမြင်လေးအားပြောပြလိုက်ပါရစေ..။

Leave a Reply