တနင်္လာနေ့တုန်းက ညီမလေးနမ်းခဲ့တာ သိပ်ချိုမြိန်တယ်

 

ညီမလေးက ငိုခိုင်းတော့ ကိုကို မျက်ရည်တွင်တွင် စီးခဲ့တယ်

အိမ်တံခါးဝ အတူတူထိုင် ကြယ်တွေကို ရေတွက်တဲ့ညက

ညီမလေး ပါးချိုင့်ထဲ လရောင်တွေ ဖြာကျခဲ့

ဘယ်သူမှ မသိဘူး တိတ်တိတ်လေးပဲ

မျက်မှန်ကိုင်းလေး ပင့်ပင့်ပြီး

လောကကြီးကို သက်သက်သာသာကြည့်တတ်တာ

ဒီကမာ္ဘမှာ ညီမလေး တစ်ယောက်တည်းရှိတယ်

နှစ်ယောက်တစ်အိပ်မက် ရုပ်ရှင်ကြည့်ပြီး

ညီမလေးဘာလို့ ငိုနေမလဲ

ဖေဖေ မေမေ သူ့စကား တူတူရေးဝါးပေးခဲ့တယ် ကိုကို က

မိုးပေါ်မှာ ဆင်ကြီး.. ကိုကိုလက်ညှိုးထိုးရာကြည့်ပြီး

မျက်ရည်ကြားက ညီမလေး အပြုံးက

ရောင်စဉ်ခုနှစ်ဖြာထက်ပိုချိုခဲ့တယ်

ညီမလေးဆံနွယ်တွေ ဝဲခါခဲ့တဲ့ နေ့က

တစ်ရောင်ပျောက်နေတဲ့ သက်တံ့တစ်ခု

ကောင်းကင်အစွန်းက ထွက်လာခဲ့

ထင်ယောင် ထင်မှား လောကဓံတရားထဲ

တံလျပ်ထဲ ရေကူးချင်တဲ့ ညီမလေး

မိန်းခလေး ဆိုတာ အလှအပတော့ ကြိုက်မှာပေါ့ ကိုကိုရဲ့

ဘာရယ် မဟုတ်ဘူး ညီမလေး လိမ်းတဲ့ ရယ်ဗီလွန်

ညီမလေး သုံးတဲ့ ရေမွှေး အဆီ

ခြေဖဝါးအောက်က တော်တော်မြင့်နေတဲ့ ဒေါက်ဖိနပ်နဲ့

အဲဒီနေ့က ညီမလေး ရုပ်ရှင်သွားကြည့်ခဲ့တာလား

ညီမလေး ရုပ်ရှင်ရုံထဲ ဝင်သွားခဲ့တာလား

ဒါမှ မဟုတ် အဲဒီရုပ်ရှင်ထဲ ကိုယ်တိုင် ဝင်ရောက် ဖျော်ဖြေခဲ့တာလား

ညီမလေး ကြိုက်တဲ့ မုန့်ဟင်းခါးနဲ့ ကိုကို စောင့်နေတယ်

လမ်းထိပ်က စတိုးဆိုင်နဲ့ တွဲထားတဲ့ စာအုပ်ဆိုင်က

ညီမလေးဖတ်ဖို့ Beauty Max မဂ္ဂဇင်း ငှားလာတယ်

ကောင်းကင်မှာ မိုးညှို့နေသလား

အခန်းထောင့်က ထီးတစ်ချောင်းနဲ့ မိုးမမိခင် ပြေးကြိုဖို့

လျှပ်စီးလက်ရင် စူးစူးဝါးဝါးအော်မယ့် ညီမလေးအသံကို

ကြိုတင်ကြားယောင်ရင်း ကိုကို့ လက်ဖဝါးတွေ ဆန့်တန်းထားတယ်

မေမေရှိရင် သိပ်ကောင်းမှာပဲ

ကိုကိုက ညီမလေးကို ချုပ်ချယ်တယ်

ညီမလေး နှုတ်ခမ်းစူတိုင်း ကိုကို ကမာ္ဘပျက်ရတယ်

မငိုပါနဲ့ကွယ် တိတ်တော့ မနှင်းဆီရယ် …

သီချင်းကြီးကလည်း ပြောင်းပေးပြောင်းပေး

ခြေဖဝါးဆောင့်ပြီး အိပ်ခန်းထဲမဝင်ခင်

ခေတ်ပေါ် ရပ်ပ် သီချင်းသံ မြန်မြန်ထွက်ဖို့ ကိုကိုအရူးအမူး

စိတ်ကူးပေါက်ရင် ကိုကိုမျက်နှာကို

သူ့မိတ်ကပ်တွေနဲ့ အခြောက်မကြီး လုပ်ခိုင်းတဲ့ ညီမလေး

စိတ်ကူးမပေါက်ရင် ထမင်းခူးပေးရုံနဲ့မရ

ခွံ့ကျွေးမှ ထမင်းစားတတ်တဲ့ညီမလေး

ညနေက သမ္မတလား၊ ရှေ့ဆောင်လား၊ နေပြည်တော်လား မသိ

ရုပ်ရှင်ကြည့်တာလား၊ ရုပ်ရှင်ရုံထဲ ဝင်တာလား၊

ကိုယ်တိုင် ပါဝင်သရုပ်ဆောင်တာလား မသိ

မုန့်ဟင်းခါးတစ်ထုပ်၊ စာတစ်အုပ်နဲ့

ရပ်ပ်သီချင်းဖွင့်ပြီး ကိုကိုစောင့်နေတယ် ညီမလေး

ရောက်ရာ အရပ်က သာ .. မိုးမချုပ်ခင် ပြန်လာပါ ။

 

ရင်နင့်အောင်

10 comments

  • သူကလေး

    April 5, 2013 at 5:02 pm

    အားပါး ….

    ဒါလေးလည်း တော်တော်ကောင်းတာပဲ
    ကိုရင်နင့်အောင် ရေးသမျှတွေ စောင့်မျှော်ပြီး အားပေးနေပါတယ်နော်

  • မောင် ပေ

    April 5, 2013 at 7:34 pm

    ကိုကြီးကိုရင်ခင်ဗျ
    ညီလေးပေ ကိုကြီးညီမလေးကို ကူရှာပေးမယ်ဆိုတာလေး
    အဲဒါ အဲဒါ

  • ကီလိုဇူးလူးဝီစကီ

    April 5, 2013 at 7:37 pm

    :byae: :byae:

  • ခင်ခ

    April 5, 2013 at 9:31 pm

    ညီမလေးရေ ရောက်ရာအရပ်က အမြန်တာပြန်လိုက်ပါကွယ်။
    မုန်ဟင်းခါးတွေနှမျောစရာကြီး။

    • သူကလေး

      April 5, 2013 at 11:58 pm

      မနှမြောပါနဲ့ အကိုခရယ် …
      ညီမလေးပြန်မရောက်ရင်လည်း မုန့်ဟင်းခါးတွေမအေးခင် သူကလေးပဲစားလိုက်တော့မယ် (ကြိုက်လို့)

  • ညီမလေး ..
    ညီမလေး ….
    ရောက်ရာ အရပ်ကသာ
    မိုးမချုပ်ခင် ကိုကြီးအောင် ဆီကို အမြန်ပြန်လာခဲ့ဘာ …
    ဟုတ်ဘူး .. အမြန် အပြေးလေး လာခဲ့ပါ …

    အားပေးသွားပါတယ် ကိုရင်နင့်အောင်ရေ …

  • ဗုံ ဗုံ

    April 6, 2013 at 3:05 pm

    အော် ညီမလေးရယ် စိတ်ပူအောင် လုပ်ရက်တယ်ကွယ်
    အားပေးသွားပါတယ် ကိုရင်နင့်အောင် ရေ ( နာမည်ခေါ်ရတာ နင့် နေတာဘဲ :mrgreen: )

  • ရွာသူ jujuma .

    April 6, 2013 at 3:10 pm

    ဒီလိုအစ်ကို တစ်ယောက်လောက်ရရင် ညီမလေးအမြဲပြုံးနေမိမှာပါ .. အဲ ရောကုန်ပီ .. :kwi:

  • အရိပ်စစ်

    April 6, 2013 at 6:40 pm

    အဲဒီညီမလေးကို အားကျလိုက်တာနော်
    နာ့မေမေကတော့ အကိုတယောက်မှ မွေးပေးထားဘူး

Leave a Reply