အဓိကရုဏ်းနှိမ်နင်းရေး – ခင်မမမျိုး

kaiApril 5, 20139min908

အဓိကရုဏ်းနှိမ်နင်းရေး

ဒေါသထွက်နေသော (သို့မဟုတ်) အလွန်အမင်း တက်ကြွနေသော လူအုပ်ကြီးတခုက ပစ္စည်းများ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ြခင်း စတာတွေ ပြုလုပ်လာပြီ ဆိုရင် ဒါဟာ ဆန္ဒဖော်ထုတ်ခြင်း၊ ဆန္ဒပြခြင်း မဟုတ်တော့ပါဘူး။ ဒါဟာ အဓိကရုဏ်းအဆင့် ကို ရောက်ရှိသွားပါတယ်။ ဒီလို အဓိကရုဏ်းတွေ ဖြစ်ပွားလာတဲ့အခါ လူစုလူဝေး ထိန်းချုပ်ခြင်း (crowd control) ပြုလုပ်ဖို့ လိုအပ်လာပါတယ်။

လူစုလူဝေးထိန်းချုပ်ခြင်း ဆိုတာကို လူရှစ်ယောက် (သို့မဟုတ်) လူရှစ်ယောက်ထက်ပိုသော ဒေါသထွက်နေခြင်း (သို့မဟုတ်) အလွန်အမင်း တက်ကြွခြင်း ဖြစ်နေသည့် လူအုပ်စုအား အဖျက်လုပ်ရပ်များ မလုပ်ဆောင်စေရန် တားဆီးခြင်း၊ ကန့်သတ်ခြင်းနဲ့ ဖြိုခွဲခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ အဓိကရုဏ်းနှိမ်နင်းရာမှာ အဓိကရုဏ်းနှိမ်နင်းရေးတပ်၊ စုဖွဲ့နှိမ်နင်းမှုသဏ္ဍာန်၊ အချက်ပြဆက်သွယ်ရေး၊ လက်နက်ခဲယမ်းများနှင့် ပစ္စည်းကိရိယာများ စတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးတပ် (riot squad)

အဓိကရုဏ်းနှိမ်နင်းရေးတပ် (riot squad) ကို လူစုလူဝေးထိန်းချုပ်ရေးယူနစ် (Crowd Control Unit) အဖြစ်လဲ သတ်မှတ်ခေါ်တွင်ကြပါတယ်။ ဒီယူနစ်တခုဟာ အဖွဲ့ဝင်လေးဦးပါဝင်တဲ့ အစုအဖွဲ့ကနေ အဖွဲ့ဝင်သုံးဆယ် ပါဝင်တဲ့ တပ်စု သဏ္ဍာန်အထိ ဖြစ်နိုင်ပါတယ်။ ကန့်သတ်ထားမှုမရှိပါဘူး။ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ယူနစ်တခုတိုင်းမှာ commander နဲ့ second-in-command (2iC) တို့ ထားရှိဖို့ လိုအပ်ပါတယ်။

လက်နက်ခဲယမ်းနှင့် ကိရိယာများ

လက်နက်ခဲယမ်းတွေမှာ တဦးချင်းကိုင်လက်နက်နဲ့ အစုအဖွဲ့လက်နက် ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။ တဦးချင်းကိုင်လက်နက်တွေမှာ သုံးပေအရှည်ရှိသော တုတ် (Hanbo)Pepper Spray စတာတွေ ပါဝင်ပြီး၊ အစုအဖွဲ့လက်နက်တွေမှာ ဓာတုလက်နက်ပစ္စည်းများဖြစ်တဲ့ CN (Chloroacetophenone)CS စတဲ့ tear gas တွေ နဲ့ အိုစီလို့ ခေါ်လေ့ရှိတဲ့ Capsaicin ၊ အိုင်ယာလန်မြောက်ပိုင်း အဓိကရုဏ်းတွေကို နှိမ်နင်းရေးအတွက် ဗြိတိသျှ လုံခြုံရေးတပ်များ ထုတ်ဝေခဲ့သော ARWEN၊ ရာဘာကျည်ဆံနဲ့ ပလပ်စတစ်ကျည်ဆံသုံး L6 Multi-Launcher၊ ရာဘာကျည်ဆံသုံး သေနတ် စတာတွေ ပါဝင်ပါတယ်။

ကိရိယာတွေမှာ တဦးချင်းသုံး ကိရိယာတွေအနေနဲ့ သံခမောက်၊ gas mask ၊ ယူနီဖောင်း၊ လက်အိတ်နဲ့ ကျည်ကာအကျင်္ီ စတာတွေ ပါဝင်ပြီး၊ အဖွဲ့သုံးကိရိယာတွေအနေနဲ့ ရှေးဦးသူနာပြုသေတ္တာ၊ အသံချဲ့စက်၊ မီးသတ်ဆေးဗူး၊ ဆက်သွယ်ရေး ရေဒီယို၊ လက်ထိပ် စတာတွေ ပါဝင်ပါတယ်။ ဒါတွေတင်မကပဲ သံချောင်း၊ ဝါယာကြိုး၊ တူ၊ screw driver စတာတွေ ပါဝင်တဲ့ Tool Kit နဲ့ concertinalbarbed wire ၊ ရာဘာတိုင်ယာများ၊ ပုဆိန်၊ တူရွင်း စတာတွေ ပါဝင်တဲ့ barricade kit စတာတွေကိုလဲ အဖွဲ့သုံးကိရိယာ အနေနဲ့ အသုံးပြုသင့်ပါတယ်။

လူစုလူဝေး ဆိုင်ရာ စိတ္တဗေဒ

လူစုလူဝေး ဆိုရာမှာ စတင်စုဝေးခြင်း၊ ကြီးမားလာခြင်း၊ လှုပ်ရှားခြင်းနဲ့ လူစုကွဲသွားခြင်း စတဲ့သဘောသဘာဝ ရှိပါတယ်။ လူစုလူဝေးတွေ ကြာရှည်စုစည်းမိနေချိန်မှာ စောင့်ကြည့်ခြင်း၊ ထိန်းချုပ်ခြင်း မပြုလုပ်ဘူးဆိုရင် ကြောက်မက်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာတတ် ပါတယ်။ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အခြေအနေများနဲ့ အရက်သေစာသောက်သုံးမှုများဟာ လူစုလူဝေး အပေါ် သက်ရောက်မှုရှိစေတတ်ပြီး၊ ဒေါသထွက်မှု၊ ရှုပ်ထွေးမှု၊ တင်းမာမှုနဲ့ ပဋိပက္ခတွေဆီကို ဦးတည်သွားလေ့ရှိပါတယ်။

အဓိကရုဏ်းဖြစ်ပွားချိန်မှာ လူအုပ်ရဲ့ ဆယ်ရာခိုင်နှုန်းကသာ တက်ကြွစွာ ပါဝင်လေ့ရှိပြီး၊ ခြောက်ဆယ် ရာခိုင်နှုန်းက passive participants တွေ ဖြစ်ပါတယ်။ အခြား သုံးဆယ်ရာခိုင်နှုန်းကတော့ ပွဲကြည့် ပရိသတ် (spectators) တွေ ဖြစ်ပါတယ်။ ဒီလိုပွဲကြည့်ပရိသတ်တွေနဲ့ passive participants တွေက တက်ကြွစွာ ပါဝင်သူတွေကို အကာအကွယ်ပေးထားလေ့ရှိပါတယ်။ များသောအားဖြင့် အတက်ကြွဆုံး ဆယ်ရာခိုင်နှုန်းဟာ ရှေ့ဆုံးမှာ ရှိတတ်ပါတယ်။

ကြီးမားတဲ့ လူအုပ်ဟာ များသောအားဖြင့် စနစ်တကျ စုစည်းထားမှု မရှိပါဘူး။ ကိရိယာ တန်ဆာပလာ တွေလဲ အပြည့်အစုံ မပါဝင်ပါဘူး။ ဒါကြောင့် စနစ်တကျ စုစည်းလေ့ကျင့်ထားပြီး၊ လက်နက်ကိရိယာ အပြည့်အစုံ ပါဝင်တဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဟာ ကြီးမားတဲ့ လူအုပ်ကို ကောင်းမွန်စွာ ထိန်းချုပ်ပြီး လူစုခွဲနိုင်ပါတယ်။ ဥပမာအားဖြင့် လူအင်အား (၁၀၀) ပါဝင်တဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဟာ မဟာဗျူဟာနဲ့ နည်းဗျူဟာကောင်းများကို အသုံးပြုပြီး လူအင်အား နှစ်သောင်းသုံးထောင်ကျော်ကို ထိန်းချုပ်နိုင်ပါတယ်။

ဒေါသနဲ့ စိတ်ရှုပ်ထွေးမှုတွေဟာ အဓိကရုဏ်းကို ဦးတည်စေနိုင်တာ ဖြစ်တဲ့အတွက် ဒီလို ခံစားချက် တွေကို ဘယ်လို လမ်းလွှဲလျှော့ချပေးနိုင်မလဲဆိုတာကို နားလည်ထားမယ်ဆိုရင် အင်အားသုံးဖြိုခွဲရန် မလိုပဲ ငြိမ်းချမ်းစွာ လူစုကွဲသွားအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒေါသနဲ့ စိတ်ရှုပ်ထွေးမှုတွေကို လမ်းလွှဲလျှော့ချမှုတွေပြုလုပ်ရာမှာ စေ့စပ်ညှိနှိုင်းခြင်း (ဒိုင်ယာလော့ခ်) နဲ့ အင်အားပြခြင်း (show of force) နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

စုဖွဲ့နှိမ်နင်းမှုသဏ္ဍာန်

ကော်လံသဏ္ဍာန်၊ လိုင်းသဏ္ဍာန်၊ မြှားဦးသဏ္ဍာန်နဲ့ စက်ဝိုင်းသဏ္ဍာန်ဆိုပြီး စုဖွဲ့နှိမ်နင်းမှုသဏ္ဍာန် လေးမျိုး ရှိပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးတပ်ကို တနေရာမှ တနေရာသို့ ရွှေ့ပြောင်းချိန်မှာ ကော်လံသဏ္ဍာန်ကို အသုံးပြုလေ့ရှိပါတယ်။ ကော်လံသဏ္ဍာန် စုဖွဲ့ရာမှာ ဒေါင်လိုက်ပုံ rows နှစ်ခု ထားရှိသင့်ပြီး၊commander က ရှေ့မှာ၊ 2iC က နောက်မှာ နေသင့်ပါတယ်။ လိုင်းသဏ္ဍာန်စုဖွဲ့မှုဆိုရာမှာ ကော်လံသဏ္ဍာန်စုဖွဲ့မှုကနေ တယောက်ချင်းစီ ရှေ့တိုးသွားပြီး အလျားလိုက် လိုင်းတခုတည်းအဖြစ် ဖြန့်ခွဲနေရာယူခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ လူစုကို ရှေ့ဆက် သွားလို့ မရအောင် ပိတ်ဆို့ရာမှာ လိုင်းသဏ္ဍာန်စုဖွဲ့မှုကို အသုံးပြုလေ့ရှိပါတယ်။

မြားဦးသဏ္ဍာန် စုဖွဲ့မှုဆိုရာမှာ ကော်လံသဏ္ဍာန်၊ လိုင်းသဏ္ဍာန် စုဖွဲ့မှုကနေ မြားဦးသဏ္ဍာန် ပြောင်းလဲ စုဖွဲ့မှုဖြစ်ပါတယ်။ လူအုပ်ထဲသို့ ဝင်ရောက်ခြင်း၊ လူစုခွဲခြင်းနဲ့ နှိမ်နင်းခြင်းများ ပြုလုပ်ရာမှာ မြားဦးသဏ္ဍာန်ကို အသုံးပြုလေ့ရှိပါတယ်။ စက်ဝိုင်းသဏ္ဍာန် စုဖွဲ့မှုကိုတော့ stationary position မှာ ခံစစ်သဏ္ဍာန်အနေနဲ့ အသုံးပြုလေ့ရှိပါတယ်။ နံရံတခုခု ရှိနေမယ်ဆိုရင် နံရံကို ကျောထောက် နောက်ခံထားပြီး စက်ဝိုင်းပြတ်သဏ္ဍာန် စုဖွဲ့မှု ပြုလုပ်နိုင်ပါတယ်။

မြေပြင်ပကတိ အခြေအနေ ဆန်းစစ်ချက်

အဓိကရုဏ်းနှိမ်နင်းရေး မစတင်ခင်မှာ မြေပြင်ပကတိအခြေအနေ ဆန်းစစ်ချက်ကို ပဏာမ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကတော့ လူအုပ်ရဲ့ အရွယ်အစား (လူအင်အား၊ ထိတွေ့မှုလုပ်လာနိုင်သည့် လူအင်အား) နှင့် အမျိုးအစား (ငယ်ရွယ်သော အမျိုးသား၊ အမျိုးသမီး၊ မိသားစုနှင့် ကလေးများ၊ ကျောင်းသားများ စသည်)၊ လူစုလူဝေးဖြစ်ပေါ်လာစေသော လှုံ့ဆော်မှု အကြောင်းတရားများ၊ လူအုပ်၏ ရွေ့လျားမှုသဏ္ဍာန်များ၊ လက်နက်များ (တုတ်၊ ခဲယမ်းမီးကျောက်များ၊ ဘက်တံများ၊ ချိန်းကြိုးများ) နှင့် လက်နက်အဖြစ် အသုံးပြုလာနိုင်သည့် ပစ္စည်းများ (ကျောက်ခဲများ၊ အုတ်ခဲများ) စတာတွေ ဖြစ်ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရာမှာ လူအုပ်ထဲမှာရှိတဲ့ ခေါင်းဆောင်နဲ့ လှုံ့ဆော်သူများကို စောင့်ကြည့် ဖော်ထုတ်ခြင်းဟာ လူစုလူဝေးထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခေါင်းဆောင် များနဲ့ စေ့စပ်ဆွေးနွေးခြင်း၊ ခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ အခင်းဖြစ်ပွားရာနေရာမှာ ဖယ်ရှားခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ခေါင်းဆောင်တွေနဲ့ စည်းရုံးလှုံ့ဆော်သူများဟာ လူအုပ်ရဲ့ ပြုမူဆောင်ရွက်ပုံအပေါ် ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။ ကျွမ်းကျင်တဲ့ စည်းရုံးလှုံဆော်သူတယောက်ဟာ စိတ်တက်ကြွနေတဲ့ လူတစုကို ဒေါသထွက်ပြီး အဖျက်လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အထိ စွမ်းဆောင်နိုင်မှု ရှိပါတယ်။ အဓိကရုဏ်းတွေမှာ ဒီလူတွေက အဓိကကျတဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး မစတင်ခင်မှာ ခေါင်းဆောင်တွေနဲ့ လှုံ့ဆော်သူများကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။

ပိတ်ဆို့ခြင်း (Containment) နှင့် လူစုခွဲခြင်း (Dispersal)

အဓိကရုဏ်းနှိမ်နင်းရာမှာ လူအုပ်စုရဲ့ အဖျက်လုပ်ရပ်များ ပိုမိုဆိုးဝါးသွားခြင်း မရှိစေရန် ပိတ်ဆို့ခြင်းနဲ့ လူစုခွဲခြင်း ပြုလုပ်ရတာတွေ ရှိပါတယ်။ ပိတ်ဆို့မှုပြုလုပ်ရာမှာ အဓိကရုဏ်းနှိမ်နင်းရေးတပ်ရဲ့ အင်အား ကြီးမားဖို့ လိုအပ်ပါတယ်။ လူအုပ်ကို နံရံနောက်ခံနဲ့ အခြားနောက်ခံ အတားအဆီးများရှေ့မှ ဝန်းရံခြင်းဟာ ပိတ်ဆို့ခြင်းကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ထိန်းချုပ်မှုများ လုပ်ပြီးချိန်မှာ လူတဦးချင်းစီကို လူအုပ်ထဲမှ ခွဲထုတ်ပြီး လွှတ်ပေးခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လွှတ်ပေးလိုက်သူတွေက အခင်းဖြစ်ပွားရာနေရာမှ ချက်ချင်းထွက်ခွာသွားဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်နဲ့ လှုံ့ဆော်သူများကိုတော့ ယာယီထိန်းသိမ်းပြီး မေးခွန်းများမေးခြင်း၊ ဥပဒေချိုးဖောက်မှုများရှိပါက တရားစွဲဆို အရေးယူမှု ပြုလုပ်ခြင်းများ ဆက်လက်ပြုလုပ်နိုင်ပါတယ်။

လူစုခွဲခြင်းများ ပြုလုပ်ချိန်မှာ လူတစုလုံးကို ဖမ်းဆီးထိန်းသိမ်းရန် မလိုအပ်ဘူးဆိုရင် ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းအချို့ကို ဟပေးဖို့လိုပါတယ်။ အထူးသဖြင့် အင်အားသုံးဖြိုခွဲမှု လုပ်ချိန်မှာ ထွက်ပေါက်တွေ ထားရှိဖို့က ပိုပြီးအရေးကြီးပါတယ်။ လူအုပ်ကို ထောက်ချောက်ထဲထည့်ပြီး ထွက်ပေါက်ပိတ်လိုက်တဲ့အခါ ခုခံတိုက်ခိုက်ရေးလုပ်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိတ်ဆို့ခြင်း ပြုလုပ်ချိန်မှာ ထွက်ပေါက်တွေကိုလဲ ဖွင့်ပေးဖို့ လိုအပ်ပါတယ်။

နှုတ်သတိပေးခြင်းနှင့် နေရာယူခြင်း

ပိတ်ဆို့ခြင်း၊ ဖမ်းဆီးခြင်း၊ အင်အားသုံးခြင်းများ မပြုလုပ်ခင်မှာ နှုတ်သတိပေးခြင်း (verbal warning) ကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ နှုတ်သတိပေးခြင်း ပြုလုပ်ရာမှာ အသံချဲ့စက်ကို အသုံးပြုပြီး လူစုခွဲဖို့ နှစ်မိနစ်မှ လေးမိနစ်အထိ ထပ်ခါတလဲလဲ ပြောကြားရပါမယ်။ ဒီလိုနှုတ်သတိပေးခြင်းအားဖြင့် လူအုပ်ထဲမှာရှိတဲ့ ကြောက်တတ်သူများ၊ ပွဲကြည့်ပရိသတ်အဖြစ် လိုက်ပါလာသူများ၊ passive participants များ နဲ့ တက်ကြွစွာ ပါဝင်နေသူများကို ခွဲထုတ်လိုက်နိုင်ပါတယ်။

နှုတ်သတိပေးခြင်းများ ပြုလုပ်ပြီးချိန်မှာ လူစုခွဲရေးအတွက် အဆင်သင့် နေရာယူပြင်ဆင်မှုများ ပြုလုပ်ရပါတယ်။ ဒီအခြေအနေမှာ တပ်ဖွဲ့ခေါင်းဆောင်တွေက အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေဖို့ လိုအပ်ပါတယ်။ လူအုပ်က စတင်လူစုခွဲလာချိန်မှာ လူစုကွဲတဲ့ အရှိန်ကို ပိုကောင်းလာစေမယ့် လှုပ်ရှားမှုများကိုသာ ပြုလုပ်သင့်ပါတယ်။ လူစုခွဲနေတဲ့ လူအုပ်ကို ကြောက်လန့်ပြီး ဖရိုဖရဲနဲ့ တုန့်ပြန်တိုက်ခိုက်မှုများ မဖြစ်ပွားစေအောင် လှုပ်ရှားမှုများကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခြင်း

ဖမ်းဆီးထိန်းသိမ်းရေး အဖွဲ့ငယ်များကို အဓိကရုဏ်းနှိမ်နင်းရေးတပ်များမှာ သီးခြားတာဝန်ပေး ဖွဲ့စည်းထားသင့်ပါတယ်။ ဒီအဖွဲ့ငယ်များမှာ အဖွဲ့ဝင် လေးဦးမှ ခြောက်ဦးအထိ ပါဝင်ပြီး၊ လူအုပ်ထဲမှ သတ်မှတ်လူအချို့ကို ဖမ်းဆီးထိန်းသိမ်းဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်တွေက လိုင်းသဏ္ဍာန်စုဖွဲ့မှုရဲ့ နောက်မှာ နေရာယူထားသင့်ပြီး၊ ဖမ်းဆီးရမယ့် လူကို လူအုပ်ထဲမှာ ဖော်ထုတ်တွေ့ရှိချိန်မှာ လိုင်းသဏ္ဍာန်ကို အနည်းငယ်ငပေးရပါတယ်။ ဒီလို ဟထားတဲ့နေရာကနေ ဖမ်းဆီးထိန်းသိမ်းရေးအဖွဲ့ငယ်က ဖြတ်သန်းဝင်ရောက်ရပါတယ်။

လူနှစ်ယောက်က အမှန်တကယ် ဖမ်းဆီးထိန်းသိမ်းရေးကို တာဝန်ယူရပြီး၊ ဒီလူနှစ်ယောက်ဟာ လုယူဖို့ လွယ်ကူစေမယ့် လက်နက်များကို မကိုင်ဆောင်ရပါဘူး။ လက်ထိပ်နဲ့ ကြိုးများကိုသာ ကိုင်ဆောင်သွား သင့်ပါတယ်။ အခြား လူနှစ်ယောက် (သို့မဟုတ်) လေးယောက်ကတော့ ဖမ်းဆီးမယ့် လူနှစ်ယောက် ဘေးကနေ အရံအတားအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီလိုတာဝန်ယူသူတွေကတော့ နံပါတ်တုတ်များနဲ့ pepper spray များကို ကိုင်ဆောင်သွားသင့်ပါတယ်။ ဖမ်းဆီးရမယ့်လူကို ဖမ်းဆီးထိန်းသိမ်းပြီးတာနဲ့ လိုင်းသဏ္ဍာန်စုဖွဲ့မှုဆီကို ချက်ချင်းပြန်လည်ခေါ်ဆောင်သွားြပီး၊ ဟထားတဲ့ လမ်းကြောင်းကို ပြန်ပိတ်လိုက်ဖို့ လိုအပ်ပါတယ်။

နိဂုံး

အဓိကရုဏ်းဆိုတာ ဒေါသ၊ စိတ်ရှုပ်ထွေးမှုတွေ ရောပြွန်းရာက ပေါ်ထွက်လာတဲ့ စုပေါင်းစိတ်ခံစားမှု ဖော်ပြချက် (collective expression) ဖြစ်ပါတယ်။ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေး အကြောင်း တရားတွေကြောင့် လူတွေ စုဝေးလာပြီး၊ အင်အားကြီးထွားလာချိန်မှာ အဖျက်လုပ်ရပ်များ လုပ်ဆောင်ဖို့ လှုံ့ဆော်သူတွေ ပေါ်ထွက်လာတဲ့အခါ အဓိကရုဏ်းတွေကို ဦးတည်သွားစေတတ်ပါတယ်။ အဓိကရုဏ်းတွေဟာ စီးပွားရေးအရ ဆုံးရှုံးမှုများနဲ့ အုပ်စုများအကြား တိုက်ခိုက်ရေးစိတ်များ ရှင်သန်မှုတွေကို ဖြစ်ပွားစေနိုင်ပြီး၊ ပဋိပက္ခများ ကြီးမားလာစေတတ်တဲ့အတွက် အဓိကရုဏ်း နှိမ်နင်းရေးကို တာဝန်ရှိသူများက စနစ်တကျပြုလုပ်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၅၊ ၄၊ ၂၀၁၃)

8 comments

  • mobile

    April 5, 2013 at 11:18 pm

    လေ့လာမှတ်သားသွားပါတယ်။
    ကျုပ်အတွက် ဗဟုသုတတိုးပွားစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • koyinmaung

    April 6, 2013 at 12:11 am

    ခုလို စနစ်တကျ အဓိကရုဏ်း နှိမ်နင်းပုံ
    လေ့လာခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်…
    တခါတလေကျတော့လဲ
    သူတို့ကိုယ်တိုင်ကိုက မဖြစ်ဖြစ်အောင်…
    ဖန်တီးကြပြန်ပါရောလား…..

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 6, 2013 at 12:03 pm

    လူစုလူဝေးဆိုတာကို ရှစ်ယောက်ကနေစ သလားသိဘူးနော
    ကျုပ်တို့ ငယ်ငယ်က မာရှယ်လောမှာတော့ လူလေးယောက်လား ခြောက်ယောက်လား မသိ
    မစုရလို့ ဆိုသဗျ
    ဒီလိုလေးဖတ်ရတော့လည်း ဟုတ်သလိုလိုဘဲ ကျေးဇူးပါဗျာ
    တစ်လောက အရေးခင်းနှိမ်နင်းရေးတွေမှာ
    အာပီဂျီနှင့် မပစ်ရုံတစ်မယ်ဘဲ
    ဒီပို့စ်ပါအကြောင်းတွေကို ယနေ့မြန်မာနိုင်ငံမှာရှိတဲ့ လုံထိန်းဆိုတဲ့ပုဂ္ဂိုလ်တွေသိတဲ့သူမှ
    သိမယ်ထင်တယ်
    ကျုပ်ကိုများ လုစုလူဝေးကိုခွဲဘို့ တာဝန်ပေးကြည့်
    ကောက်ရိုးထုံးတွေကို မီးရှို့ပြီး ဒင်းတို့လူအုပ်ထဲကို ပြစ်ထည့်မယ် :mrgreen:

    • MaMa

      April 6, 2013 at 5:33 pm

      (ကောက်ရိုးထုံးတွေကို မီးရှို့ပြီး ဒင်းတို့လူအုပ်ထဲကို ပြစ်ထည့်မယ်)
      ဒါကတော့ လူစုလူဝေးခွဲတဲ့ နောက်ဆုံးပေါ် လိပ်တက် အက်ဒစ်ရှင်ဖြစ်မယ်။ :harr:

  • MaMa

    April 6, 2013 at 5:29 pm

    ဖတ်ရတာ အကျိုးများလှပါတယ်။
    ဒီလိုစာတွေကတော့ သဂျီးတင်မှသာ သိနိုင်တာပါပဲ။ :hee:

  • Green Rose

    April 6, 2013 at 5:44 pm

    သူကြီးရေ

    တစ်ခါမှမသိခဲ့ဘူးတဲ့ အကြောင်းအရာပါပဲ။ နိုင်ငံခြားရုပ်ရှင်တွေမှာ အနည်းအကျဉ်းမြင်ဘူးခဲ့ပေမယ့် ဒီလောက်အထိ တိကျတဲ့ စံနစ်တခု ရှိမယ်လို့ တွေးမကြည့်ခဲ့မိဘူး။ အဲဒီ့ နည်းလမ်းတွေကို ဘယ်နိုင်ငံတွေမှာ အသုံးပြုသလဲလို့ သိချင်ပါတယ်။
    နောက်ပြီး မြန်မာပြည်မှာရော အဲဒီ့လို စံနစ်တကျ လေ့ကျင့်ပေးထားတာမျိုး ရှိပါသလား? တကယ်လို့ မရှိခဲ့ဘူး၊ အခုမှစပြီး လေ့ကျင့်ပေးကြမှာဆိုရင် စိတ်ဓါတ်ရေးရာအရပါ လေ့ကျင့်ပေးဖို့များ လိုအပ်မလား မသိဘူးနော်။

    လေးစားလျှက်

    (Green Rose)

  • မောင် ပေ

    April 7, 2013 at 8:29 pm

    မြန်မာနိုင်ငံမှာ အဓိကရုဏ်းပဲ ဖြစ်ဖြစ် ၊ ဆန္ဒပြတာပဲ ဖြစ်ဖြစ်
    ဖမ်းပြီဟေ့ ဆိုရင် ရှေ ့ဆုံးက ၊ ပွဲစခေါ်ခဲ့တဲ့ လှုံ ့ဆော်ရေးတွေ ပျောက်ပျောက်ကုန်တာကလား
    ၂၀၀ဝခုနှစ်တုန်းက မန်းတလေးမြို ့မှာ ကျောင်းသား နဲ ့မော်တော်ပီကယ် နဲ ့ဖြစ်တဲ့ကိစ္စ ၊ ညပိုင်း မန်းတလေး တက်ကသိုလ်ကနေ လူစစုပြီး ၇၃လမ်းတစ်လျှောက် တွေ ့ရာအော်ခေါ်ရင်း ၊ မော်တော်ပီကယ် ရုံးရှေ ့ကို ဆိုင်ကယ်တွေနဲ ့ချီတက်သွားတာကို အနောက်ကနေ တိတ်တိတ်လေး ကားနဲ ့လိုက်ကြည့်ခဲ့ဖူးတယ်
    မော်တော်ပီကယ်ရုံးရှေ ့မှာ အော်နေကြတုန်း ၊ ရဲနဲ ့စစ်တပ်နဲ ့က မသိမသာ ပိတ်ဝိုင်းလိုက်ချိန် ၊ ခေါင်းဆောင် ၂ယောက်က အသာလေးလျှိုထွက်သွားတယ်ဗျား

  • uncle gyi

    April 7, 2013 at 11:15 pm

    ကိုပေရေ
    ဒါကြောင့်လည်းခေါင်းဆောင်ဖြစ်တာပေါ့ဗျာ

Leave a Reply