ဒီနေ့အပြင်သွားစရာရှိသည်။ ရေချိုးပြီး အ၀တ်အစားလဲရန် ဗီရိုကိုဖွင့်လိုက်သည်။

`အင်း၊ ဘာအင်္ကျီဝတ်ရပါ့´ ရွေးချယ်စရာ အင်္ကျီ နှစ်ထည်၊ သုံးထည်ရှိနေသည်။ `ဒီအဖြူလေးပဲဝတ်လိုက်တော့မယ်၊ အသားလည်းအေးတယ်၊ ဘောင်းဘီ အမဲနဲ့ လိုက်မယ်´

…..

တံခါးဝအရောက်စဉ်းစားပြန်သည်၊ `ဘာဖိနပ်ဝတ်ရမလဲ ??´ ကတ္တီပါဖိနပ်တစ်ရံ နှင့် တရုတ်ဖြစ် ခြေညှပ်ဖိနပ် တစ်ရံ ရှိနေသည်။ `ဒီရိုးရိုးခြေညှပ်လေးပဲကောင်းပါတယ်၊ ကတ္တီပါက ခြေဆီထွက်ရင် နံတတ်တယ်´

တစ်ခါတစ်ရံ ရွေးချယ်စရာများက ကျွန်တော်တို့၏ ဆုံးဖြတ်ချက်ကို အခိုက်အတန့် တွေဝေစေသည်။ ရွေးချယ်စရာများရှိခြင်းက အကောင်းဆုံးကို ရွေးချယ်နိုင်မည့် အခွင့်အရေးဖြစ်သော်လည်း၊ ကျွန်တော်တို့ ရရှိသည့် ရွေးစရာတွေထဲမှာ အကောင်းဆုံးတွေပါချင်မှလည်းပါနိုင်သည်။ ဒီတော့ ရှိတဲ့အထဲက သင့်တာလေး ရွေးလိုက်ရသည့် သဘောလည်းဖြစ်နိုင်သည်။ ကိုယ်ကိုယ်တိုင် ရွေးချယ်လိုက်ရသည်ဆိုတိုင်း အကောင်းဆုံးတွေ ဟုတ်ချင်မှလည်း ဟုတ်လိမ့်မည်။

 

…..

 

ဘတ်စ်ကားဂိတ်အရောက်

`ကားတွေကလည်း ကျပ်လိုက်တာ၊ ဒီအချိန်ဒီလိုပါပဲ ကားရွေးနေရင် ကြာတယ်၊ တွေ့တဲ့ကားပဲ တက်စီးတော့မယ်´

၄၈ ပေါ်ပြေးတက်လိုက်သည်၊ နေရာတော့မရှိ၊ အနောက်ဖက်ကို ကျော်ဝင်လိုက်ပြီး၊ လက်ကိုင်ကွင်းကို ကိုင်ရင်း မတ်တပ်ရပ်နေလိုက်သည်။

ခဏကြာတော့ ရပ်နေတဲ့ နေရာရှေ့က လူတစ်ယောက်ထသွားသဖြင့် ထိုင်ခုံတစ်နေရာလွတ်သွားသည်၊ သုံးယောက်တန်းမှာ အစွန်ဘက်၊ အဲ့ဒီသုံးယောက်တန်းတွေက သိတဲ့အတိုင်း ထိုင်ရတာတော့ ကပ်သီးကပ်သပ်နိုင်လှသည်။ သို့သော် နေရာရွေးစရာမရှိသဖြင့် ၀င်ထိုင်ဖြစ်သည်။ ထုံးစံအတိုင်း ဘေးသို့မကျသွားရန် ခြေထောက် တစ်ဖက်က အောက်ကို ကန်ထားရသေးသည်။

ရွေးချယ်စရာမရှိခြင်းက ကျွန်တော်တို့၏ ဆုံးဖြတ်ချက်ကို တွေဝေရန်မလို၊ တစ်ခုပဲတွေ့ တစ်ခုပဲရှိ၊ ဒါကြောင့် အဲ့တစ်ခုကိုပဲ ရွေးချယ်ရလိမ့်မည်။ အဲ့တစ်ခုက သင်နှင့်သင့်တော်သော၊ သင့်စိတ်ကြိုက်ဟုတ်ချင်မှ ဟုတ်မည်၊ ဒါပေမဲ့ ရွေးစရာတစ်ခုပဲရှိသဖြင့် ရွေးလိုက်ရသည်။ ကောင်းလျှင်စံ၊ မကောင်းလျှင်ခံပေါ့။

 

…..

 

`မှတ်တိုင်ပါတယ်´

`လက်ကလေးတွေဖြုတ်၊ အောက်ကြည့်ဆင်း၊ ဆင်းနေတုန်း၊ ဆင်းနေတုန်း၊ ရပြီ … မောင်း …´

လက်ဖက်ရည်ဆိုင်ထဲ လှမ်းဝင်လိုက်သည်။ ချိန်းထားတဲ့သူမလာသေး။

`အစ်ကို ဘာမှာမလဲ´

`နက်စ် ပလိန်းတစ်ခွက်လောက်၊ ပြီးတော့ အီကြာကွေးရှိသေးလား´

`အီကြာကွေး ကုန်သွားပြီ အစ်ကို၊ ပဲပလာတာ၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ ……….. ´

`ရပြီ၊ ရပြီ အဲ့ဒါတွေမစားချင်ဘူး၊ နက်စ် ပလိန်းပဲ ပေးတော့´

ရွေးချယ်စရာများရှိနေပြန်သော်လည်း မရွေးချယ်ခြင်းက ကျွန်တော်တို့၏ အခွင့်အရေးပင်၊ တစ်ခါတစ်ရံ ဘာကိုမှ မရွေးချယ်ပဲလည်း နေနိုင်သည်၊ ဒါတောင်မှ ဘာမှမရွေးဘူး ဆိုတာကို ရွေးလိုက်ရခြင်းလည်းဖြစ်သည်။ သို့ပေမဲ့ အဲ့လိုအခွင့်အရေးကလည်း အမြဲမရနိုင်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာက တစ်ခါတစ်ရံ ဘာကိုမှမရွေးခွင့်ကို အချိန်တိုင်း ပေးမထားပြန်ချေ။ ထို့ကြောင့်ပင် ကျွန်တော်တို့ နေစဉ်တိုင်း ရွေးရင်း ရွေးရင်းနှင့် သံသရာ လည်နေရသည်။

ကော်ဖီ နှစ်ငုံသောက်ခန့်အကြာ….

`အင်း၊ အစ်ကို လာ … ထိုင်၊ ဘာသောက်မလဲ ………´

`ပြွတ်ပြွတ်´

စားပွဲထိုး ကောင်လေးကို လှမ်းခေါ်လိုက်သည်

`ရှမ်းခေါက်ဆွဲတစ်ပွဲ´

 

…..

 

ကျွန်တော်တို့ စကားပြောနေစဉ် ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက် ဘေးမှာလာရပ်သည်၊ ပါးစပ်ကတော့ တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေမှန်းမသိ၊ အဓိပ္ပာယ်ကတော့ ပိုက်ဆံတောင်းတာ။ ကျွန်တော်သူ့ကို ခေါင်းခါပြလိုက်တော့ တခြားဝိုင်းကိုရောက်သွားသည်။

`မိဘတွေကလည်းဗျာ၊ သန်သန်မာမာကြီးတွေနဲ့ သားသမီးတွေကို ခိုင်း ခိုင်းရက်တယ်´

`သူ့တို့ခမြာလည်း မိဘတွေကို ရွေးချယ်ပိုင်ခွင့်မှ မရှိပဲကိုးကွ´

`အင်းပေါ့လေ၊ မိဘတွေကလည်း သားသမီးကို ရွေးချယ်ခွင့်မရှိပါဘူး၊ ကိုယ်မွေးတဲ့ ခလေး တစ်ခုခုချွတ်ယွင်း နေရင်လည်း ကျွေးရမွေးရ၊ စောက်ရှောက်ရတာပဲ´

တစ်ခါတစ်လေတော့ လောကကြီးမှာ ကျွန်တော်တို့တွေဘာကိုမှ ရွေးချယ်ခွင့်မရကြ။ ကံကြမ္မာက သူ့စိတ်ကြိုက်အကွက်တွေကို ရွှေ့ချင်ရွှေ့သွားတက်သည်။ သူရွေးချယ်ပေးသည့် နောက်ကို ကျွန်တော်တို့လိုက်ရသည့် အခါတွေလည်းရှိသည်။

 

…..

 

လူသားတွေ ပညာတွေသင်ကြသည်၊ အမှားအမှန်တွေ ရွေးချယ်ကြသည်။ ဗဟုသုတတွေများလာတော့ အကောင်းအဆိုးကို ခွဲခြားကြသည်။ တစ်ခါတစ်ရံ ရွေးချယ်လိုက်သည့် အမှတ်တမဲ့ ရွေးချယ်မှု့တွေက ဘ၀အတွက် အမှတ်တရအမှားလေးတွေ၊ အမှားကြီးတွေကိုလည်း ဖန်တီးနိုင်စွမ်းရှိနေသည်။ ဘ၀ကိုသက်ရောက်မှု့ ပြင်းထန်တက်သည်။ သတိထားသင့်သည့်အရာပင်။ နေ့စဉ်ရွေးချယ်မှု့တွေနှင့် ထိတွေ့နေပြီး၊ အကျင့်ဖြစ်နေသော်လည်း၊ အရေးကြုံလာပြန်တော့ ရွေးရခက်နေတက်သေးသည်။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့အားလုံးက ရွေးချယ်မှု့တွေနဲ့ ဘော်ဒါတွေဖြစ်နေလေပြီ။

ဘာစားရလဲ၊ ဘယ်ဖုန်းလေးဝယ်ရပါ့၊ ဘယ်နေရာမှထိုင်ရပါ့၊ ဘာအရောင်လေးဝတ်ရင်ကောင်းမလဲ၊ ဘယ်သူ့ကို အဖြေပြန်ပေးရမလဲ၊ သူ့ကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲ၊ ဘယ်သွားရပါ့ …… ???  ရွေးချယ်မှု့ အတွက် ဒွိဟတွေနဲ့ နေ့စဉ်ရှင်သန်နေသည်။

နေ့စဉ်ရှင်သန်နေရင်း ရွေးချယ်စရာတွေကနေ လွတ်ကင်းခွင့်မရှိ၊ အမြဲတမ်းရွေးနေရဦးမည်။

ဘယ်ဟာကိုရွေးသင့် မရွေးသင့်၊ ဘာကိုမှ မရွေးပဲနေသင့် မနေသင့် စဉ်းစားရမည်။ ကိုယ်ကိုယ်တိုင် မရွေးလိုက်ရပဲ ဖြစ်လာသည့် အခြေအနေတွေက အနာဂါတ်ရွေးချယ်မှု့တွေအတွက် အတွေ့အကြုံများလည်း ဖြစ်လာနိုင်သည်။

ကျွန်တော်၏ ရွေးချယ်မှု့များလည်း အမြဲမှန်နေချင်သလို၊ သင်၏ရွေးချယ်မှု့များလည်း အမြဲမှန်ကန်ပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။ သို့သော်လည်း အနိစ္စ အမြဲမရှိဆိုတော့ ရွေးချယ်မှု့တွေလည်း အမြဲ မမှန်နိုင်ဘူးလေ။

 

 

About ငှက်ကလေး

has written 18 post in this Website..

ကျွန်တော်သည် ကျွန်တော်မျှသာ၊ ကျွန်တော့်အကြောင်း ကျွန်တော်ပင်မသိ။ ကျွန်တော်၏ ဘလော့မှာ www.blogpieces.blog.com ဖြစ်သည်။