မစ္စတာ ရန်ကုန်နေ မန်းသား

“မစ္စတာရန်ကုန်နေ မန်းသား..”

 

သီချင်းလေး ဘာလေး ဖွင့်ပါဦး

မိုးရာသီ ဈေးရောင်းပွဲတော် ဘယ်တော့လဲ

ကဗျာစာအုပ်တစ်အုပ် ဖြစ်ဖို့ တိုင်ပင်ရအောင်

လေထဲမှာ ခင်ဗျား စကားတွေ ပျောက်လာတယ်

မစ္စတာ ရန်ကုန် ..

ခင်ဗျားနဲ့ ကျွန်တော် ခဏခွဲမယ်

အသံတိတ် သေနတ်သုံးမှာလား

နည်းနည်းလေး တဝက်လောက်ဖြစ်ဖြစ် သေချင်တယ်

ရှင်.. ကျွန်မ အခန်းထဲက အခုချက်ချင်း ထွက်သွားစမ်း

ဖိနပ်ချင်း မှားနေပြီ မောင်ရေချမ်း

လက်မှတ်ဝယ်ပြီးသားမို့ပါ ကိုသန်း

မွေးနေ့ဆိုတာ ဘာမှလည်း မဟုတ်ပါဘူး။

 

မန်းမနက်ခင်းတွေ အရင်လိုပဲ အေးတုန်းမလား

မနက် ငါးနာရီခွဲ

ကျွဲဆည်ကန်မှာ

ငါ့ကို လူတစ်စု ဇွတ်အတင်း ခေါ်နေကြပြီ

ပေါ့ဆိမ့် တစ်ခွက် မရှယ်ဘူး.. ရိုးရိုး

တယ်လီဖုန်းထဲမှာ အင်တာနက်ကြီး ပုန်းနေတယ်

မင်းပြောတော့ ဆိုင်ကယ်တွေ အရမ်းမောင်းတယ်ဆို

မနက်ခင်းငှက်တွေ အတင့်ရဲလွန်းတယ် မထင်ဘူးလား

ညဉ့်ငှက်တွေမှ ခင်ဗျား မမြင်ဖူးတာကိုး။

 

ကိုမင်းနဒီခနဲ့ တွေ့မယ်

ကဗျာ အကြောင်း စာအကြောင်း ပြောမယ်

သင်္ကြန်သီချင်းတွေ ဝဲခနဲ လွှင့်လာ

ဆိုင်ကယ်တက်စီ ငှားမယ် .. ဈေးဆစ်မယ်

ငါ့သေတ္တာကြီးကို ဘယ်သူထမ်းပေးမလဲ

အဲဒီအထဲ တစ်ဆယ့်ငါးရက်စာ အိပ်မက်ပါတာမို့

လွတ်မကျစေနဲ့ ကွဲတတ်တဲ့ နှလုံးသား ထည့်ထားတယ်

မောင်နိုင်လင်း (ကောလင်း) ရဲ့ မမ အလင်္ကာ ပါတယ်

မြန်မာ အက်ဆေး ၁၀၁ ပါတယ်

မောင်ချောနွယ်ရဲ့ ဆတ်သွားပါတယ်

သိပ်မလေးပါဘူး

ဒီတစ်ပုဒ်ပြီးတာနဲ့ မောင်သိန်းဇော်ရဲ့ အိပ်မက်စေတမန်ဖွင့်လိုက်

မောင်မန္တလေး ခင်ဗျားရာဇဝင်တွေ ကျဲပစ်လိုက်.. ရပြီ။

 

မြို့မငြိမ်းဆီ ခဏသွားမယ်

ဆရာတင်ဆီ လူကြုံပါးမယ်

ဒီမြို့မှာနေရင်တော့ ကျွန်မနဲ့ ဘက်စ်ကား မဖြစ်နိုင်ဘူး အောင်မိုးသူ

လူဆိုတာ ယုံကြည်လိုက် ဝေဝါးလိုက် ဝါးစားလိုက်

ကဲပါ မီးခြစ်ပေးစမ်း ကလေး .. ဦးလေး စီးကရက် မီးစာကျိုးပြန်ပြီ

ဦးထုပ်လိုသလား ညီလေး

မလိုဘူး စောသေးတယ် အစ်ကို.. ဦးထုပ်ဖြူတွေ မနိုးသေးဘူး။

 

ရောင်နီကလည်း ပြားချပ်ချပ်

ညာဘက်ကွေ့လိုက် ညီလေး

ဆင်ဖြူကန်ဟာ အရင်တုန်းက သင်္ချ ိုင်းပေါ့

နိုဘယ်ဟာ တိတ်ဆိတ် ခြောက်သွေ့

အထဲက အရိုင်းမလေးတွေ ဘယ်သွားအိပ်

ငါ့မန္တလေး … သူ့ မန္တလေး ဘာတွေ ကွာနေခဲ့လဲ

ကားဖြူတစ်စင်း ပလက်ဖောင်းထဲ ဝင်သွားပြီ

စံပါယ်ပန်း ဘယ်မှာ ရောင်းလဲ ညီလေး

ဘဝမှာ တစ်ခါတစ်ခါ မခင်မာဆွေလိုတယ်

ခင်ဗျား ရိုးသားပြီးသားပါ မောင်ညီခ

မှူးနေဝန်းတို့ဘက် ခဏတော့ နေဝင်ရမယ်

ဟိုဂျာနယ် ခိုးထားတဲ့ ကိုယ်ကျင့်တရားကော ဟိန်း

သေသူအတွက် စံပါယ်ပန်းလှလှလေးတွေ ပါလာတယ်။

 

မစ္စတာ ရန်ကုန် .. ခင်ဗျား အရိပ်ပူပူကြီးကို လွမ်းသလိုပဲ

ခုတော့ အေးမြမြ … မအေးမြနဲ့ တွေ့ရတာပ

ဘယ်ဘက်ပြန်ကွေ့လိုက် ညီလေး

မဟာမြိုင်မှာ ဆောင်ကြာမြိုင်တွေ ရှိသေးရဲ့လား

မနက်ခင်း ပူပူနွေးနွေး ဟင်းအိုးထဲက မတ်တပ်ထ

ညအိပ် ဝတ်စုံနဲ့ အဆောင်သူတွေ သမ်းဝေနေကြ

ဒါနဲ့ ငါတို့ လူငယ်ဘဝက တီးခဲ့တဲ့ ဂီတာသံတွေ ဘယ်ဆီ

အလှည့်ကျ ဆိုရတဲ့ လမ်းဘေးတီးဝိုင်းတွေ ဘယ်ဆီ

မသေချာတော့ဘူးမလား မောင်ဟိန်း

မင်းက ငါးကြိုး ငါတို့က ခြောက်ကြိုး

တစ်ချို့က ဆယ်နှစ်ကြိုး

သူ့ကြိုးနဲ့သူတော့ ချည်လိုက် အချည်ခံလိုက် ရှုပ်နေခဲ့တာချည်း။

 

မဝေးတော့ဘူး ရှေ့နားက သုံးဆယ်ငါးလမ်း

Rain Studio ဟာ ငါဆွဲဖူးတဲ့ လိုဂို အမှတ်အသား

ဒီမြို့မှာ ငါ့လက်ရာ တစ်ချို့ သိုသို သိပ်သိပ် ကျန်ရစ်ခဲ့

နှစ်ဆယ့် ခြောက်နှစ်တာ မောင်မန်း

နှစ်နှစ်ကျော်ကျော် မစ္စတာရန်ကုန်

ခင်ဗျားတို့ နှစ်ယောက်လုံး ကျွန်တော့်ကို ပွေ့ချီ

ကျွန်တော်ကတော့ ကဗျာဆရာ ဖြစ်ခဲ့ပြီ (လား)။

 

၇၁ လမ်း တည့်တည့်လျှောက်

ဗထူးကွင်းကြီးမှာ ညာဘက်ချိုး

လမ်း ၃ဝ နိုးသွားမယ် ညီလေး ဖြည်းဖြည်း

ဘဝမှာ ဖြည်းခွင့် ရှိရမယ်

ငါတို့ မြန်ခဲ့တာ ဘာမှလည်း အကျိုးမရှိခဲ့ဘူး

ခုတော့ ဖြည်းဖြည်းပဲ

အလုပ်လုပ်လည်း ဖြည်းဖြည်း .. ကဗျာရေးလည်း ဖြည်းဖြည်း

မြန်မာပြည်ကြီး .. ရန်ကိုလည်း ဖြည်းဖြည်းစဉ်းစား ဖြစ်ကြပေါ့

မစ္စတာ ရန်ကုန်နေ မန်းသား

သူပြန်လာတာ ဘယ်သူ သိပြီးသားလဲ

လရောင်ဖျော့ပေးလိုက်ပြီးမှ ပိုလင်းလာတဲ့ မနက်ခင်းထဲ

လမ်း ၃ဝ ထိပ်မှာ မေမြို့ရှိနေမလား

တောင်ကြီး ဖဝါးအောက်

ဖဝါးကြီး ခြေသလုံးအောက်

ဘောလုံးကန်ချင်တယ် ငယ်ငယ်ကလို

ဂိုးကျယ်မဟုတ်ဘူး ဂိုးကျဉ်းရယ်

မစ္စတာ ရန်ကုန်နေ မန်းသား .. အမော မခံနိုင်ဘူး။

 

သူဝေး ဝတ္ထုတွေ မဖတ်ဖူးဘူး

သူဝေး ကဗျာတစ်ပုဒ် နှစ်ပုဒ်တော့ သိခဲ့ပြီ

၂၈ လမ်း မင်းသီဟ နားက ကဗျာဝိုင်းတဲ့

မစ္စတာ ရန်ကုန်နေ မန်းသား မသိသေးဘူး

အခွင့်ကြုံရင် မသိသေးတာတွေ မသိသေးကြောင်း ပြောမယ်

ရွှေပြည်မိုးက ပဲနံပြားနဲ့ နန်းရှေ့က အာပူလျှာပူ စားမယ်

မျက်မှန်လေးနဲ့ ဝကစ်ကစ် ရည်းစားဟောင်း တစ်ယောက်ကို ရှာမယ်

ကျုံးကြီးထဲမှာ ဖွက်ထားခဲ့ဖူးတဲ့ Chorus မပါတဲ့ သီချင်းကို ပြန်သွားယူမယ်

မင်္ဂလာဈေးအပေါ်မှာ ဘိလိယက်ထိုးမယ်

နှစ်ဆန်းတစ်ရက်မှာ လူကြီးတွေကို လိုက်ကန်တော့မယ်

အကြံကြီးတဲ့ မစ္စတာ ရန်ကုန်နေ မန်းသား

ဒီသင်္ကြန်မှာ ဘုန်းကြီး ဝတ်မယ်လုပ်ပြီးမှ မဝတ်ချင်ပြန်ဘူး ။

 

ဟေ့ ညီလေး ဖြည်းဖြည်း

ရှေ့မှာ အောင်တော်မူ

ရှေ့မှာ ရေတွင်း .. ရေတွင်းတွေ့တယ်မလား

အဲဒါ ဘလူးကဖေးပေါ့ ညာဘက်ကို ကွေ့လိုက်

ပြီးရင် ဘယ်ဘက်ကို ကွေ့လိုက်

ရပြီ ရပြီ ဝန်းတံခါး မည်းမည်း.. ဟုတ်ပြီ ရပ်လိုက်

ရော့ကွယ် ၂၀၀ဝ ကျေးဇူးတယ်တယ်

မင်း အမြန်ပြန်ရင် နောက်တစ်ခေါက် ပါဆင်ဂျာ ရနိုင်သေးလား

အစ်ကိုပဲ ဖြည်းဖြည်းဆို

အော်အေး .. ဟုတ်သား ..

မစ္စတာ ရန်ကုန်နေ မန်းသား

အဲလိုပဲ စကားပြောရင် ရှေ့နောက် ဘယ်တော့မှမညီဘူး။

 

ရင်နင့်အောင်

9 comments

  • TNA

    April 10, 2013 at 5:48 pm

    မစ္စတာ ရန်ကုန်နေ မန်းသား ရဲ့ မော်ဒန်ပိုစ့်မှတ်တယ်။ မူးတွားဒယ်။

  • ဦးဦးပါလေရာ

    April 10, 2013 at 5:59 pm

    နေနှင့်ဦး..
    မန္တလေးတစ်ခေါက်သွားလည်ပြီးမှ
    သူ့ကိုလက်စားချေမယ်…

    :hee:

  • မောင် ပေ

    April 10, 2013 at 8:15 pm

    ကိုရင် က မန်းလေးသားလား
    မန်းလေးသားမို ့မန်းလေး ပြန်ရောက်နေတာဆိုရင်
    ကိုပေါက် မန်းတလေးကို ဆက်သွယ်ပါ
    တွေ ့ချင်ပါ၏
    ရိပ်သာမဝင်မှီ ဘီယာဖြင့် ဧည့်ခံပါမည်

  • ရန်ကုန်နေမန်းသား က
    မန်းလေးမွေး မန်းလေးနေ မန်းလေးမှာသေမယ့်
    မြနန္ဒာက ကိုပေါက်ကိုတော့ မေ့ထားခဲ့တယ်။

    • မောင် ပေ

      April 11, 2013 at 8:01 pm

      ဆက်သွယ်စရာ ချိတ်မရှိဘူးထင်ပါရဲ ့ဗျာ
      ရန်ကုန်က ရွာထဲကအသိရှိရင် ကိုပေါက် ဖုန်းနံပါတ် လှမ်းမေးပြီး ဆက်သွယ်လိုက်ပါဗျို ့
      ကျုပ်ကတော့ ကျုပ်ဖုန်းနံပါတ်ကို သည်မှာ မရေးချင်လို ့ပါ ။

  • Mr. MarGa

    April 18, 2013 at 4:40 pm

    ရန်ကုန်နေ မန်းသား လုပ်လိုက်တာ
    မန်းသားတောင် မျက်စိလည်သွားတယ် :hee:
    ပြထားချက်က စုံပါပေ့ဗျာ :hee:

  • အလင်း ဆက်

    July 7, 2013 at 5:24 pm

    စကားလုံးတွေ ကြွယ်ကြွယ်ဝဝ သုံးသွားတာများ
    အားကျလိုက်တာ ဗျာ

    တကယ်ပါ

Leave a Reply