အနည်းငယ်ဝါကြန့်ကြန့်ဖြစ်နေသော သစ်ရွက်အကြွေရွက်များ၊ ကြည်လင်ရှင်းသန့်နေသည့် မနက်ခင်းတစ်ခု၏အလှ၊ အတော်အသင့်ပြုပြင်ပြောင်းလဲနေပြီဖြစ်သော မြေနီလမ်းကလေးပေါ်မှာ ကျွန်မနှင့်သူ ပြန်လည်တွေ့ဆုံခဲ့ကြသည်။ သူနှင့်မတွေ့ဖြစ်ခဲ့သည်မှာ မည်မျှရက်ရှည်လများကြာသွားခဲ့ပါသနည်း။ ဆယ်နှစ်မကသည်မှာ သေချာပါ၏။ မည်မျှပင်အချိန်များကြာညောင်းခဲ့ပါစေ။ အဝေးမှာလှမ်းမြင်နေရသည့် လူကတော့ သူပဲဖြစ်ပါလိမ့်မည်။

၁။

သူနှင့်ကျွန်မ အကြောင်းကို ပြန်ပြောရလျှင်တော့ ဆယ်တန်းကျောင်းတက်ခါစကဖြစ်ပါလိမ့်မည်။ ကျွန်မက နဝမတန်းနှစ်မှစပြီး အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း (သူတက်နေသောကျောင်း) ကိုရောက်ခဲ့သော်လည်း သူနှင့်မဆုံဖြစ်ခဲ့သေးပါ။

သူကကျောင်းသားဟောင်းဖြစ်သောကြောင့် အေခန်းသို့ရောက်ပြီး ကျွန်မကကျောင်းသူသစ်ဖြစ်သောကြောင့်ဒီခန်းသို့ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နဝမတန်းအောင်၊ဒသမတန်းတက်ချိန်တွင် စာတော်၊စာညံ့သည့်သူများကို ဆိုင်ရာဆိုင်ရာအခန်းများခွဲကြရာတွင်ကျွန်မက အေခန်းသို့ရောက်ပြီးသူကလည်း အေခန်းသို့ရောက်သောကြောင့် ကျွန်မတို့ဆုံဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ကျွန်မတွင်ခင်သောမိန်းကလေးသူငယ်ချင်းငါးယောက်နှင့် ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ခန့်သာရှိသည်။ အကြောင်းအားလျော်စွာ ကျွန်မ၏နည်းပါးလှသော သူငယ်ချင်းများအနက်မှ

စပ်စုတတ်သော၊သဘောကောင်းသောမိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးနှစ်ယောက်ကြောင့် ကျွန်မသူ့နာမည်နှင့်ကျွမ်းဝင်ခဲ့သည်။

ကျွန်မတို့ကျောင်းသည် နှစ်ချိန်ကျောင်းဖြစ်သောကြောင့် ကြားတွင်(၁၅)မိနစ်ခန့်တိုတောင်းလှသော အားလပ်ချိန်တစ်ချိန်ရှိသည်။ ထိုအားလပ်ချိန်တွင်ကျွန်မသည် ရေအိမ်မှလွဲ၍မည်သည့်နေရာမှသွားလေ့မရှိခြင်း၊ အိမ်စာများ၊ကျူရှင်စာများကိုသာ လုပ်လေ့ရှိခြင်း၊ တစ်ခါတစ်ရံ ကိုယ်စိတ်ဝင်စားရာ အင်္ကျီဒီဇိုင်းပုံလေးများဆွဲနေခြင်းဖြင့်သာ အချိန်ဖြုန်းနေလေ့ရှိသည်။ သူငယ်ချင်းများကမုန့်သွားစားရန်ခေါ်သော်လည်း လူများသည့် နေရာများကို မသွားတတ်သောကြောင့် လိုက်မသွားဖြစ်ခဲ့ပါ။

၂။

ကျွန်မသည် လူတစ်ယောက်မြင်တိုင်းပြန်ကြည့်မိသည့် အနေအထားမရှိသော်လည်း သူ့နာမည်ကိုမှတ်မိသွားရခြင်းမှာ

သူကစာတော်ပြီး ယောက်ျားလေးပင်ဖြစ်သော်လည်းမိန်းကလေးများထက်လက်ရေးလှသည်ဟု ကျော်ကြားကာသူ၏သပ်သပ်ရပ်ရပ်နေတတ်ပုံ၊စမတ်ကျပုံတို့ကြောင့်ဖြစ်ပါလိမ့်မည်။

ဤအကြောင်းကို နောက်ပိုင်းမှသူ့ကို ပြန်ပြောပြသောအခါ သူက

`ဟ..တယ်ဟုတ်ပါလား၊စာကလည်းတော်…..၊လက်ရေးကလည်းလှ၊နေပုံကလည်း  စမတ်ကျတယ်ဆိုတော့..၊စိတ်ဝင်စားသွားတာပေါ့လေ` ဟုခပ်နောက်နောက်ပြောပြီးမှ

`ကျွန်တော်က..တကယ်လို့..လက်ရေးကလည်း….ကြောင်ခြစ်၊စာကလည်းဖွတ်၊ စမတ်ကလည်း…မကျဘူးဆိုရင်၊ အစ်မက..ကျွန်တော့်ကို..စိတ်မဝင်စားဘူး၊ ဟုတ်လား..အစ်မ` ဟု ညည်းညူလေသည်။

`နေပါဦး၊အဲဒါတွေကြောင့်..ငါက..စိတ်မဝင်စားရဘူးဆိုရင်…နင်ကရုပ်လှလို့လား`

သူ၏ရုပ်ရည်ကသာမန်သာရှိပြီး အသားညိုသည်။သူ့မှာလှတာတစ်ခုက မျက်ခုံးပင်ဖြစ်သည်။ သူ့မျက်ခုံးများကမည်းနက်ပြီးထူလပျစ်ဖြစ်မနေဘဲ

အထာကျလှသည်။

သူကျွန်မစကားကို အောင့်သက်သက်ဖြစ်သွားဟန်တူပါသည်။ ခေါင်းလေးငိုက်ကျသွားသည်။

သူကကျွန်မနှင့် စကားပြောတိုင်း ကိုယ့်ကိုယ့်ကို `ကျွန်တော်`

ဟုသုံးလေ့ရှိပြီး ကျွန်မကို`အစ်မ`ဟု ခေါ်လေ့ရှိသည်။

ကျွန်မကသူ့ထက်အသက်မကြီးသော်လည်းကျွန်မ၏ အေးအေးဆေးဆေးနေတတ်ပုံ၊တည်တည်ကြည်ကြည်လေးနေတတ်ပုံတို့ကသူ့မျက်လုံးထဲမှာရိုသေစရာ အစ်မ  သဖွယ်ဖြစ်နေခဲ့ပါသည်တဲ့။

မခေါ်နဲ့ဟုဆိုလည်း နှုတ်ကျိုးနေပြီဖြစ်လေသည်တဲ့။

၃။

ကျွန်မသူငယ်ချင်းများစကားလက်ဆုံကျသည့်အခါ သူ့နာမည်မကြာခဏပါလာတတ်သည်။ ကျွန်မကကြားနာသူဆိုတော့ စာများလုပ်နေရင်း နားထောင်လေ့ရှိသည်။ ကျွန်မကကြားနာသူဆိုတော့ စာများလုပ်နေရင်းနားထောင်လေ့ရှိသည်။တစ်ခါက

ရာဇာ..၊ဒီကောင်…အခု…ငါတို့အတန်းထဲက..၊ကောင်မလေးတစ်ယောက်ကို..ကြိုက်နေတယ်လို့…သတင်းရတယ်   ဟု သူငယ်ချင်းယောက်ျားလေးတစ်ယောက်ကစပြောလိုက်ရာ ကျန်သည့်သူငယ်ချင်းများက

အံမယ်၊သူက.. ဒီလိုလည်းလာသေးတယ်။ ခပ်အေးအေးက 

 အေးအေးသမားတွေက..၊ရည်းစားထားရင်…၊ပိုကြောက်ဖို့ကောင်းတာ   ဟုကျွန်မတို့သူငယ်ချင်းတွေပြောနေကြရင်း သူအတန်းထဲသို့ဝင်လာသည်။

ထိုနေ့ကျမှကျွန်မသူ့ကိုလှမ်းကြည့်မိလိုက်သည်။ သူက နေပုံထိုင်ပုံကအစ စမတ်ကျရုံသာမက သွားပုံလာပုံကလည်း စမတ်ကျလှသည်။ အချို့သောကျောင်းသားများပုဆိုးဝတ်လျှင် ချက်အောက်မှာထားပြီးဝတ်လေ့ရှိသော်လည်း သူကတော့ပုဆိုးကို ဗိုက်အထက်ချက်နား၌ သာဝတ်ထားသည်။ ဆံပင်မှာလည်း ဖြီးသိမ်၍မရအောင်ပင်ကတုံးဆံပင်ပေါက်ကေပင်ထားထားသည်။ ကော်ရစ်ဒါတစ်လျှောက်သူဖြတ်သွားစဉ် လက်ဝဲ၊လက်ယာ မည်သည့်ဘက်မျှစောင်းငဲ့၍

မကြည့်တတ်ပုံလေးများကကျွန်မကို စွဲလမ်းသွားစေသည်လား မပြောတတ်ပါ။

ထို့နောက်စာမေးပွဲနှင့်ကျွန်မရောထွေးပြီးသူသည်ကျွန်မအာရုံမှပျောက်ခြင်းမလှပျောက်သွားခဲ့သည်။

၄။

ကျွန်မ၏အာရုံထဲသို့သူပြန်ဝင်ရောက်လာခဲ့သည်မှာ ကျောင်းကဒသမတန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်သူများအတွက်ပညာရည်ချွန်ဆုပေးပွဲနေ့က ဖြစ်သည်။ သူကသုံးဘာသာဖြင့်ဆေးတက္ကသိုလ်တက်နေသည်ဟု ကြားသည်။ အတော်လေးဘဝင်မြင့်နေမည်ဟု ကျွန်မသုံးသပ်မိသည်။

ကျွန်မတို့ဆုများယူပြီး ကျောင်းဝန်းထဲ၌အမှတ်တရဓါတ်ပုံများရိုက်ကြသည်။ သူကတော့ဓါတ်ပုံမရိုက်ပါ။ ထူးထူးဆန်းဆန်းသူက ကျွန်မကိုစကားစပြောပါသည်။

`အစ်မ…….၊ဘာတက်နေတာလဲ`

`အီကို…၊နင်က……ဆေးကျောင်း၊ဟုတ်တယ်မှတ်လား`

`အင်း`

သူနှင့်ကျွန်မထိုမျှသာ စကားပြောဖြစ်ခဲ့ကြသည်။

ကျွန်မတို့ယောက်ျားလေးသူငယ်ချင်းများအနက်မှဘာသာစုံ ဂုဏ်ထူးထွက်သူက ကျွန်မတို့ကိုမုန့်လိုက်ကျွေးမည်ဟုဆိုပြီးသူ့ကိုပါခေါ်ကာကျွန်မတို့သွားခဲ့ကြသည်။ ဘတ်စ်ကားစောင့်နေကြရင်းကျွန်မတို့သူငယ်ချင်းတစ်သိုက်စကားတွေဖောင်ဖွဲ့နေခဲ့ကြသည်။ သူကဘတ်စ်ကားကိုမျှော်ကြည့်နေသလိုနှင့်ကြည့်ရင်းကျွန်မကလည်းသူ့ကိုလှမ်းအကြည့်၊ ကျွန်မတို့အကြည့်ချင်းခေတ္တမျှဆုံခဲ့ကြသည်။ထိုအကြည့်ကကျွန်မဘက်မှရိုးသားသော်လည်းသူ့ဘက်မှမရိုးသားချေဟု ကျွန်မခံစားမိပါသည်။ သို့သော်မသေချာပါ။

ကားလာတော့ကားပေါ်ကိုကျွန်မတို့ပြေးတက်ကြသည်။ဆင်းရမည့်မှတ်တိုင်ကတစ်မှတ်တိုင်အကျော်ဆိုတော့ အထဲသို့တိုးဝင်မနေတော့ဘဲ အပေါက်နား၌သာရပ်ခဲ့ကြသည်။

ရုတ်တရက်ကားကရှေ့ကားလေးကို ကျော်တက်လိုက်တော့ အရှိန်နှင့် ဟိုယိမ်းဒီယိမ်းဖြစ်သွားသည်။ ကျွန်မလည်း

လက်တန်းကိုအသေအချာကိုင်ထားသော်လည်းဘယ်လိုမှထိန်းမရဘဲ နောက်သို့လန်ကျမည့်အချိန် သူက ဘယ်အချိန်ကတည်းကနောက်မှာ ရပ်နေမှန်းမသိ၊ကျွန်မရဲ့ကျောသည် သူ၏ရင်ခွင်ထဲသို့တစိုက်မတ်မတ်လေးရောက်သွားသည်။ နောက်တစ်ခါကားကထပ်စောင်းပြန်တော့ သူ့ရင်ခွင်ထဲရောက်နေသည့် အခြေအနေကပိုဆိုးလာပြီး

ကျွန်မ၏ပုခုံးသားပေါ်မှာ သူ၏မေးစေ့လာထောက်မိနေတော့သည်။

ကားကနေသားတကျပြန်ဖြစ်သွားတော့ ကျွန်မကပုခုံးကို တွန့်ခါလိုက်ပြီး သူနှင့် ခပ်ဝေးဝေး နေရာသို့သွားရပ်လိုက်သည်။ ဒါဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ခုဖြစ်သောကြောင့် ကျွန်မအနေနှင့်

တစ်စုံတစ်ရာခံစားရခြင်းမရှိသော်လည်းသူကကျွန်မကို ငွေ့ငွေ့လေးပြုံးပြပါသည်။

သူနှင့် ပြန်တွေ့တော့

`အစ်မက..သိပ်ရှက်တတ်တာပဲ။ ကျွန်တော်သာ…အစ်မအပေါ်မရိုးသားခဲ့ဘူးဆိုရင်၊ဒါမှမဟုတ်.အသားယူခဲ့မယ်ဆိုရင်..၊အဲဒီအချိန်မှာ..ကျွန်တော်အစ်မရဲ့ခါးလေးကို၊ ဖက်ပြီးသွားလောက်ပြီ`

`ဖက်ရဲဖက်ကြည့်ပါလား။ ငါက..တံတောင်စာကျွေးလိုက်မှာပေါ့`ဟုကျွန်မပြန်ဖြေခဲ့သည်။

 

 

About Mon Lay

Mon Lay has written 465 post in this Website..