ပညာရေး မညာကြေး (ဒုတိယပိုင်း)

အခု ကျမရေးတဲ့ခေါင်းစဉ်က ပညာရေးဆိုပေမယ့် အင်္ဂလိပ်စာတတ်မြောက်ရေးကို ဇောင်းပေးပြီးရေးထားတာဟာ နောင်အဆင့်မြင့်ပညာရပ်တွေ အကုန်လုံးကို အင်္ဂလိပ်စာကနေ သွားရမှာမို့ သင်ယူခြင်းဘားတန်းကျော်လွန်နိုင်ရေး အတွက် ရည်ရွယ်ပါတယ်။ ဒီခေတ်ကလေးတွေအများစု အင်္ဂလိပ်စာကို ပုံမှန်တတ်ရိုးတတ်စဉ်မတတ်ကြပါဘူး။ ဒါဟာ သင်ယူမှု လွဲမှားခြင်းကြောင့်ပါပဲ။ ပညာရေးအကြောင်း ဖတ်ရတဲ့စာဟူသမျှ ဆရာတွေ နာသုံးနာမရှိကြောင်း၊ ငွေကြေးကိစ္စ၊ ဘဝရဲ့အကြပ်အတည်းတွေ အဲဒါတွေများပါတယ်။ တကယ့်အဓိကအကြောင်းအရာကြီးကို တမင် လွှဲဖယ်ပြီးရေးနေကြသလားတောင် အောက်မေ့ရတယ်။

——-
မြန်မာပြည်မှာမွေးတဲ့ကလေးတစ်ယောက်ကို အဂ်လန်ပို့လိုက်ရင် အဲဒီကလေး လေးငါးနှစ်သားဆိုရင်ပဲ နားရည်ဝပြီး အင်္ဂလိပ်လို ပြောနိုင်ပါပြီ။ ဒီတော့ ဘာသာစကားသင်ယူဖို့ ဉာဏ်ရည်ဉာဏ်သွေး အများကြီး မလိုအပ်တာရှင်းလင်းပါတယ်။ မြန်မာပြည်မှာပဲနေမယ့် ကလေးကိုတော့  အင်္ဂလိပ်စကားပြောပတ်ဝန်းကျင် ဖန်တီးမပေးနိုင်ဘူး။ သာမန် လူတန်းစားတွေ ဘိုကျောင်းထားမပေးနိုင်ဘူး။ ဒီတော့ အပြင်းအထန်သင်ကြားကြရတယ်။ အဲဒီမှာ အစမကောင်းရင် အကုန်ခက်ခဲကုန်ပါတယ်။  letter တို့ essey  တို့ အလွတ်ကျက်ဖြေနေ ရတဲ့ ကိုးတန်းဆယ်တန်းကျောင်းသားကို အပြစ်မတင်ပါနဲ့။
မူလအစကောင်းဖို့ မူလတန်းသင်ရိုးကနေ စရပါမယ်။ သူငယ်တန်းကလေးတစ်ယောက်ကို အင်္ဂလိပ်ဝေါဟာရပေါင်း ရာချီပြီး သင်ပေးနိုင်ပါတယ်။ စာကျက်ခိုင်းတာ မဟုတ်ပါဘူး။ ကလေးတစ်ယောက်စိတ်ဝင်စားမယ့် အရာကို သာလျှင် သင်ပေးတာပါ။ ကလေးရဲ့စိတ်ဝင်စားမှုကို လှုပ်နှိုးလိုက်ခြင်းက  နည်းစနစ်အမှန်ဖြစ်ပါတယ်။

——

အဲဒီအရွယ်ကလေးတွေ စိတ်အဝင်စားဆုံးက အစားအသောက်၊ ကစားစရာနဲ့ လက်တွေ့မပါတဲ့ ပုံပြင်လေးတွေပါ။ ဥပမာ ကလေးအကြိုက်  ice-cream  နဲ့   jelly ကိုသင်ရင် နှစ်ခါပြောစရာမလိုပါဘူး။ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာကို စိုက်ပြီးကြည့်နေတတ်ကြတယ်။ ကလေးဆိုတဲ့သဘာဝကိုက လောကရဲ့ အရှိတရားကို လက်မခံ နိုင်ဘူး။ သေခြင်းတရားတွေ၊ အနိဌာရုံတွေ သူတို့ မခံစားနိုင်ဘူး။ လုံးဝအဓိပ္ပါယ်မဲ့လေ သူတို့ကြိုက်လေပါပဲ။ ကြောင်ကလေးကဘာ၊ ကြွက်ကလေးကဘာ ဆိုတာမျိုးပဲ သူတို့စိတ်ဝင်စားနိုင်ပါတယ်။ ဒါပေမယ့် ထူးခြားတာက သူတို့ဦးနှောက်ဟာ ဝေါဟာရပေါင်းမြောက်များစွာကို မှတ်မိနိုင်တာပါပဲ။ အသက်ကြီးတဲ့သူတွေက ဝေါဟာရ မှတ်မိ နိုင်စွမ်းနိမ့်ပါတယ်။
Tom and Jerry  ကာတွန်းကားတွေကို လူတိုင်းကြည့်ဖူးကြမှာပါ။ အဲဒီကာတွန်းကားထဲမှာ လူပုံထည့်ဖို့လိုရင် ဦးခေါင်းမပါအောင် ဖြတ်ပြီးထည့်ကြတယ်။ လူမျက်နှာမပေါ်စေရပါဘူး။ ဒါ ကလေးစိတ်ပညာပါ။ အသက် သုံးနှစ် ရွယ်ကလေးကိုမေးကြည့်၊ အဲဒီလူမျက်နှာကို မမြင်ချင်ဘူးလားလို့၊ ကလေးက မမြင်ချင်ဘူးဆိုပြီး တူးတူးခါးခါးကို ငြင်းပါလိမ့်မယ်။ ကလေးသူငယ်တွေရဲ့ လောကအရှိတရားကနေ ရှောင်ခွာပုံရယ်၊ သူတို့လူမျိုး တော်ပုံရယ်ကို ပြောပြချင်တာပါ။

——–
မြန်မာပြည်မှာကတော့ အခုလက်ရှိသင်နေတဲ့ မူလတန်းအင်္ဂလိပ်စာပြဠာန်းစာအုပ်ဟာ ရှက်စရာကောင်းလောက် အောင် ညံ့ဖျင်းပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃ဝ လောက်ကတည်းကသင်နေတဲ့စာအုပ်ပါ။ ပညာရေးမြှင့်တင်ဖို့ဆိုပြီး ဒီစာအုပ်တွေကိုပဲ အခမဲ့ဝေနိုင်အောင်လုပ်ခဲ့ကြပါတယ်။ မူလတန်းမြန်မာစာသင်ရိုး သိပ်ကောင်းပြီး ပြီးပြည့်စုံတယ် လို့ ကျမထင်ပါတယ်။ ဆရာကြီးဦးဖေမောင်တင် ရေးခဲ့တယ်လို့လည်း မှတ်သားဖူးပါတယ်။ သချင်္ာပြဠာန်းစာအုပ် တွေလည်း သိပ်ကောင်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ အင်္ဂလိပ်စာအုပ်ကတော့ ကမာ္ဘ့အညံ့ဖျင်းဆုံးပြဌာန်းစာအုပ် စာရင်းဝင်နိုင်ပါတယ်။
အတိအကျပြောရရင်  အင်္ဂလိပ်စာပြဌာန်းစာအုပ်တွေဟာ ကလေးတွေရဲ့ စိတ်ဝင်စားမှုအာရုံကို လှုပ်မနှိုးနိုင်တဲ့ စာအုပ်အသေတွေ ဖြစ်နေပါတယ်။
အသေးငယ်ဆုံးဥပမာလေးတစ်ခုပဲ ပေးပါရစေ။ သူငယ်တန်းသင်ရိုးမှာ P အတွက် pipe ဆေးတံကိုသင်ပါတယ်။ ဆေးတံဆိုတာ ဒီခေတ်မှာမရှိတော့ပါဘူး။ သုံးစွဲနေဆဲစကားလုံးဖြစ်ပေမယ့် တခြားသင်စရာတွေ အများကြီးပါ။ ပိုဆိုးတာကX  အတွက် xylophone  နဲ့  Y အတွက်  Yoke ထမ်းပိုးတို့ပါ။ အဲဒီလိုစကားလုံးမျိုးတွေ ဒီအရွယ်မှာ လုံးဝမသင်သင့်ပါဘူး။ သူတို့မြင်လည်း မမြင်ဖူးဘူး။ အနီးပတ်ဝန်းကျင်မှာလည်း ရှာမပြနိုင်ဘူး။
ပထမတန်းပြဌာန်းစာအုပ်ထဲမှာဆိုရင် သာဆိုးပါတယ်။ အင်္ဂလိပ်စာကို မဟုတ်ပါဘူး။
ကလေးသူငယ်ကို စာသင်မယ်ဆိုရင် သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကို ရုပ်ပုံလှလှ ရောင်စုံကာလာ၊ စာအုပ် အကောင်းစားနဲ့ သင်ပေးရမှာပါ။ ကြွေစက္ကူအကောင်းစားနဲ့ အဆင့်မြင့်စာအုပ်တွေကို အခုလို အခမဲ့မဝေဘဲ ကျောင်း မှာပဲ လုံလောက်အောင်ထားပြီး ကလေးတွေ ကျောင်းလာမှ အတန်းထဲမှာ တစ်ယောက်တစ်အုပ်ဝေတာမျိုးဟာ ဆင်းရဲတဲ့တိုင်းပြည်မှာ ဖြစ်သင့်ပါတယ်။ အခမဲ့ဝေသင့်တာကတော့   workbook   ပါ။

—–
ကလေးကို စာသင်တဲ့နေရာမှာ ဦးနှောက်ပင်ပန်းအောင် လုံးဝမလုပ်သင့်ပါဘူး။ ကလေးက စာသင်တော့မယ်ဆိုရင် ပျော်နေရမယ်။ အဲဒါမှ မှန်တယ်။ သူတို့စိတ်သိပ်ဝင်စားတဲ့အကြောင်းအရာလေးတွေကို သင်ပေးမယ်ဆိုရင် တုတ် မလိုအပ်ပါဘူး။ သူငယ်တန်းမှာ ဝေါဟာရပေါင်း ရာချီမှတ်မိနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် စာမကျက်ခိုင်းရပါဘူး။ အထူးသဖြင့် စာလုံးပေါင်း လုံးဝမကျက်ခိုင်းသင့်ပါဘူး။ မလိုအပ်လို့ပါ။
လေးငါးတန်းလောက်မှာဆိုရင် သူတို့စိတ်အာရုံထဲ ယုတ္တိဗေဒအားစမ်းနေပြီဖြစ်တဲ့အတွက် ခြင်္သေ့ကြီးနဲ့ ကြွက်ကလေး စကားပြောတာကို လက်မခံချင်ကြတော့ပါဘူး။ စွန့်စားခန်းလေးတွေ ပတ်ဝန်းကျင်ဗဟုသုတလေးတွေ အားဖြည့် ထားတဲ့ အင်္ဂလိပ်စာဖြစ်သင့်ပါတယ်။  ကောင်းကင်ကြီးဘာကြောင့်ပြာနေသလဲ၊ သံလိုက် အိမ်မြှောင်ဟာ ဘာဖြစ်လို့ တောင်နဲ့မြောက်ကို ညွှန်ပြရသလဲ။ သွေးအမျိုးအစားတွေအကြောင်း၊ ကမာ္ဘကျော်ပုဂ္ဂိုလ်တွေအကြောင်း စသဖြင့် ဗဟုသုတပိုင်းရော အင်္ဂလိပ်စာပိုင်းရော နှစ်မျိုးစလုံးပါအောင် ဖြည့်သင့်ပါတယ်။ သဒါ လုံးဝမသင်သင့်ပါဘူး။ သဒါသင်လို့ စာမတတ်ပါဘူး။ စာတတ်ပြီးသားဖြစ်မှ သဒါသင်ရမှာပါ။

——
နောက်တစ်ခါ အရေးကြီးဆုံးက ပြဌာန်းစာအုပ်ဟာ တရုတ်တွေရေးတဲ့အင်္ဂလိပ်စာ၊ မြန်မာတွေရေးတဲ့အင်္ဂလိပ်စာ လုံးဝမဖြစ်သင့်ပါဘူး။ အင်္ဂလိပ်လူမျိုးစစ်စစ်ရေးတဲ့ အင်္ဂလိပ်စာစစ်စစ်သာ ဖြစ်သင့်ပါတယ်။
ပြဌာန်းစာအုပ်ကို ပြုစုမယ့် အဖွဲ့ဟာ ကလေးသူငယ် စိတ်ပညာကိုနားလည်တဲ့ ပညာရှင်ရဲ့ အကူအညီကို အပြည့်အဝ ရယူရပါမယ်။ ကလေးရဲ့စိတ်ကို နားလည်မှ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကို သင်၊ စိတ်အာရုံကိုနှိုးဆွနိုင်ပြီး လွယ်လင့်တကူ တတ်မြောက်လာမှာဖြစ်ပါတယ်။
အခုဆိုရင် အွန်လိုင်းမှာ ကလေးစာသင်တဲ့ ဝက်ဆိုက်တွေ အများကြီးမှ အများကြီးပါ။ ဒါတွေကို နမူနာယူသင့်ပါ တယ်။ ကျောင်းမှာ အွန်လိုင်းကြည့်ရမယ်လို့ မဆိုလိုပါဘူး။ ဒီလောက်အမြင့်ကြီး လျှောက်မတွေးဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်သင့်တာကိုပဲ ဖြစ်အောင်လုပ်ရမှာပါ။ အဲဒါကတော့ ပြဌာန်းစာအုပ် အဆင့်မြှင့်တင်ရေး ဖြစ် ပါတယ်။ ဆရာဆရာမတွေ ကျူရှင်ပြချင်လည်း ပြကြ၊ ကြိုက်တာလုပ်ကြ၊ ပိုသင်လေ ပိုတတ်လေဖြစ်ပါတယ်။ ဒါပေမယ့် သင်ရင် တကယ်တတ်မယ့် ပြဌာန်းစာအုပ်ကို အဟုတ်တကယ်လုပ်သင့်ပါပြီ။
ပြဌာန်းစာအုပ်ပြုစုတဲ့အဖွဲ့ဟာ သူတို့ပြဌာန်းထားတဲ့စာအုပ်ကို သင်ပြီး ၁ဝတန်းအောင်ရင် အင်္ဂလိပ်စာ ဘယ်အဆင့် ကို ဖတ်နိုင်စေရမယ် လို့ အာမခံနဲ့ လုပ်ရဲရပါမယ်။
ပြဌာန်းစာအုပ်ကို နှစ်၃ဝ လောက်ကြာအောင် မပြုပြင်ဘဲထားတော့ တခြား လုပ်ရပ်ဟူသမျှ (ဝိဇာ၊ သိပ္ပံ ခွဲလိုက် တွဲလိုက်လုပ်တာ၊ ခလေးတွေစိတ်ဓာတ်မကျအောင် အတန်းမှန်မှန်တင်ပေးတာ၊ စာအုပ်အခမဲ့ဝေတာ၊ အပြင်ကျောင်း ဖွင့်ခွင့်ပေးတာ) ဘာနဲ့တူသလဲဆိုတော့ ဧရာမဟင်းပွဲကြီးကို ဆားမပါဘဲ ချက်နိုင်အောင် ကြိုးစားနေကြသလိုပါပဲ။
ကလေးတွေ အင်္ဂလိပ်စာကို ပုံမှန်တတ်ရိုးတတ်စဉ်အတိုင်း တတ်လာဖို့ ဒီတိုင်းပြည်မှာ ခုလောလောဆယ် သေရေးရှင်ရေးတမျှ လိုအပ်နေတာက အဆင့်မီပြဌာန်းစာအုပ်သာဖြစ်ပါတယ်။

——-
အခုကျမရေးပြတဲ့ကိစ္စဟာ ကျောင်းသူကျောင်းသားတွေ အင်္ဂလိပ်စာ တော်တတ်ပြီးချွန်ထွက်လာစေရေး မဟုတ်ပါ ဘူး။ ဝါသနာပါပြီး သိပ်တတ်ချင်တဲ့လူက သူ့ဖာသာသူဆက်သင်ပါလိမ့်မယ်။ ကျမပြောတာက ကလေးအများစု ကိုယ်သန်ရာသန်ရာ ဘာသာရပ်တွေကို လိုက်စားတဲ့အခါမှာ ဘာသာစကားအခက်အခဲမရှိဘဲ ချောမောစေဖို့ ဖြစ်ပါတယ်။

——
ပညာရေးကပြန်ကောက်ရရင် ဘုန်းတော်ကြီးပညာရေး အားမပေးသင့်ပါဘူး။ ယံမင်္ဂလံ အစချီတဲ့ ဘာသာရေးစာပေ ကို ဗုဒ်ဓသာသနာသက်ဝင်တဲ့ ကိုရင်တွေသင်ကြပါလိမ့်မယ်။ ဒါလူနည်းစုအတွက်ပါ။ ဘုန်းကြီးကျောင်း ပညာရေးဆိုပြီး အပြင်ဆရာခေါ်၊ ကျောင်းစာကိုသင်တာ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် သင့်ကလေး ဆိုရင်ကော အဲဒီပညာရေးမှာသင်ခိုင်းမလား။ မှန်မှန်ဖြေပါ။ (ပညာရေး မညာကြေး) ကိုယ့်ကလေးကျတော့မသင်၊ သူများကတော့ အားနည်းချက်တွေရှိလို့ပါဆိုပြီး ဒုတိယတန်းစားပညာရေးရတာကိုပဲ ကျေးဇူးတင်ရမယ်ဆိုတာ ပညာရေးမှာ မဖြစ်စကောင်းပါဘူး။ ကလေးတိုင်း အဆင့်မြင့်ပညာသင်ခွင့်ရှိပါတယ်။ ပညာရေးစစ်စစ်ကို ကလေးတိုင်း ရသင့်ပါတယ်။ ဘုန်းကြီးကျောင်းကခိုကိုးရာမဲ့ကလေးတွေကို စာသင်ရင် ကျောင်းသင်ရိုးအတိုင်း ပညာရေးစစ်စစ် ဖြစ်သင့်ပါတယ်။ ဘုန်းကြီးကျောင်းပညာရေးကို ပြည်သူတွေက အားပေးမှုသိပ်ရှိသွားရင် တကယ့်ပညာရေးမှာ အစိုးရက နေသာသရွေ့ နေသာသလိုပိုနေခွင့်ရှိသွားမှာပါ။

——–
အခုလက်ရှိ ပြဌာန်းစာအုပ်ကိစ္စမှာလည်း အင်္ဂလိပ်စာတတ်ပုဂိ္ဂုလ်တွေ သင့်ကလေးကို အခုပြဌာန်းစာအုပ်နဲ့ပဲ ပြီးလိုက် မှာသေချာပါသလား။ အထူးသဖြင့် ပညာရေးနယ်ပယ်က တာဝန်ရှိသူတွေကို မေးချင်ပါတယ်။ ပညာရေး မညာကြေး ပါ။ ကိုယ့်ကလေးကျတော့ ဘိုကျောင်းထား၊ တစ်ပြည်လုံးက ကလေးတွေအတွက်တော့ မတတ်မယ့်စာအုပ်တွေ ပြဌာန်းထား၊ ဒါမှန်ကန်တဲ့ လုပ်ရပ်လို့ ပြောရဲပါသလား။

——-
ကလေးသူငယ်ဆိုတာ တကယ့်အဖြူသက်သက်လေးတွေပါ။ ဘယ်လောက်တောင်ဖြူစင်ရိုးသားသလဲဆိုရင် အင်္ဂုလိ မာလမထေရ်ကြီးလိုကို ဖြူစင်ရိုးသားပါတယ်။ အင်္ဂုလိမာလဟာ သူ့ဆရာကသူ့ကို ပညာသင်မပေးချင်လို့ ပရိယာယ် နဲ့ လူအယောက်တစ်ထောင်သတ်ပြီး လက်ညှိုးပေါင်းတစ်ထောင်ရအောင်ဖြတ်ခိုင်းလိုက်တယ်။ အင်္ဂုလိမာလဟာ သူ့ဆရာပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ တကယ်ဆို လူတစ်ယောက်သတ်ပြီး လက်ညှိုးဖြတ်၊ အဲဒီလက်ညှိုးကို လည် ပင်းမှာဆွဲထားတဲ့အခါ ဒီလက်ညှိုးက သုံးလေးရက်နေရင်ပုပ်ရိပြီး အရိုးကလေးပဲကျန်မှာလေ။ ဒီတော့ လူတစ် ယောက်သတ်ပြီး လက်ချောင်းအားလုံးကိုဖြတ်ပြီး ဆွဲထားလည်း သူ့ဆရာက ဒါလက်ညှိုးမဟုတ်ဘူး။ လက်ခလယ်ပါ၊ လက်သူကြွယ်ပါ စသဖြင့် ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါကို အင်္ဂုလိမာလကြီးက သူ့ဆရာကို ပတ်တီးချရကောင်း မှန်းမသိဘူး။ ကလေးသူငယ်ဆိုတာ အဲဒီလိုကိုရိုးသားတယ်။ အဲဒီလိုရိုးသားတဲ့ကလေးတွေကို ပညာသင်မပေးဘူးဆိုရင် တနည်း ပညာကို မတတ်အောင်သင်ပေးမယ်ဆိုရင် အင်္ဂုလိမာလလက်သစ်လေးတွေ  မွေးထုတ်နေတာနဲ့ အတူူတူပါပဲ။

——
ကမာ္ဘနဲ့ယှဉ်ပြီးသင်ရတော့မယ့် ပညာရေးမှာ ဒုတိယတန်းစားပညာရေးဆိုတာ ထည့်မစဉ်းစားသင့်တော့ပါ။ တကယ် တတ်မြောက်ဖို့ ရေရှည်သွားရမယ့်ခရီးမှာ နည်းဗျူဟာနည်းစနစ် အရေးကြီးပါတယ်။ နည်းစနစ်မမှန်ရင်တော့ ပိုးသာကုန်မောင်ပုံစောင်းမတတ် ဖြစ်နေမှာပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ပညာရေးမှာ အခြေခံအကျဆုံး  ပြဌာန်း စာအုပ်ကို ကလေးစိတ်ပညာနားလည်သူတွေ တကယ့်ပရိုစစ်စစ်တွေနဲ့ ပြုပြင်ပါစေကြောင်း မျှော်လင့်ရင်းရေးသား ခြင်းဖြစ်ပါတယ်။

 

28 comments

  • kai

    April 11, 2013 at 5:43 am

    ဒီပို့စ်လေးအတွက်..ကျေးဇူးအထူးတင်ပါတယ်..။
    =
    ဆိုတော့.. ရီစရာပြောရရင်..။
    ကျုပ်သမီးက.. အင်္ဂလိပ်စာနဲ့..ဗမာစာတွဲသင်တာ.. မူကြိုနဲ့တင်..
    ၃၁ ကိုဖတ်တာ..
    သာတီတစ်… တဲ့..
    အဲ..
    သုံးဆယ့်ဝမ်းလည်း.. သိပါတယ်.. :kwi:
    ကကြီးခခွေးကိုလည်း.. အ,ကနေ.. ပြောင်းပြန်ကြိုးစားရွတ်ကြည့်နေလေရဲ့…

  • weiwei

    April 11, 2013 at 9:10 am

    ကျွန်မအိမ်မှာ မူလတန်းကလေးတွေရှိနေလို့ ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ သင်ယူမှုပုံစံတွေကို သတိထားမိပါတယ် … မပြုံးပြောတာမှန်ပါတယ် .. ကလေးတွေက စိတ်ကူးယဉ်ဆန်တာသိပ်ကြိုက်တယ် … ကာတွန်းကားတွေကို သဘောကျတယ် … အိမ်မှာ တူတူမလေးတွေက ကာတွန်းကားထဲက ဒိုင်ယာလော့တွေကို အလွတ်ရကြတယ် … အစားအသောက်နဲ့ အကောင်လေးတွေရဲ့ အခေါ်အဝေါ်တွေကို တစ်ခါပြောပြထားရုံနဲ့ မှတ်မိတတ်တယ် … စပ်စုချင်စိတ်လဲရှိတယ် … ၁ တန်းကလေးက dictionary ကို ကြည့်တတ်နေပါပြီ .. သူသိချင်တာရှိရင် တစ်ခါထဲ ဖွင့်ကြည့်ပြီး မှတ်ထားတယ် … အင်္ဂလိပ်ပုံပြင်စာအုပ်တွေဖတ်တတ်တယ် .. library ကနေ စာအုပ်ငှားပြီး စာဖတ်ဖို့ စိတ်ဝင်စားတယ်။
    သူတို့တွေကို စာအတင်းအကြပ်သင်ပေးလို့မရဘူး … စာသင်တဲ့စနစ်ကို ဆန့်ကျင်ကြတယ် … ဒါပေမယ့် ကျောင်းသွားရမှာ အရမ်းပျော်တယ် … ကျောင်းက ဆရာမသင်တာကို စိတ်ဝင်စားကြတယ် … ဆရာမကလဲ အိမ်မှာ ထပ်သင်ရလောက်အောင် မလိုအပ်ပါဘူးလို့ပြောတယ် …
    ဒါပေမယ့် သူတို့တွေတက်ရောက်နေတဲ့ကျောင်းက ဘိုကျောင်းလို့ခေါ်တဲ့ ILBC ပါ …
    လူတိုင်းထားနိုင်တဲ့ကျောင်းမဟုတ်ပါဘူး … သင်ကြားပုံစနစ် ကောင်းတယ် ..
    အဲဒီလို စနစ်မျိုး အစိုးရကျောင်းတွေမှာ သင်ကြားပေးလို့ မရနိုင်ဘူးလား … ရနိုင်တာပေါ့ …
    နည်းစနစ်နဲ့ သင်ရိုးညွှန်းတမ်း ပြင်လိုက်ရင် ကောင်းသွားမှာပေါ့ ..
    ကလေးတွေကို စာအလွတ်ကျက်နေတာထက် အတွေးအခေါ်ကောင်းကောင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးဘဝကို ဖြတ်သန်းစေချင်ပါတယ် …

    • Mလုလင်

      April 12, 2013 at 1:50 am

      အန်တီဝေ ရေ . . ILBC ပါလာလို့ . . မန့်ဦးမယ်ဗျ။ ကျုပ်က အဲ့ဒီ့ ILBC ကို တော်တော် စိတ်နာနေတဲ့သူပါ။ ဒီလိုဗျို ့ . . . . တခြား မဟုတ်ဘူး . . တစ်နေ့ ၂ ကြိမ် ကားလမ်းပိတ်တဲ့ ကိစ္စပါ။ ILBC က သင်ရိုးတော့ မသိဘူး။ အဲ့ကျောင်းသား/သူ တွေကိုလာကြို/ပို့ တဲ့ ကား(အကောင်းစားများ)တွေကတော့ တော်တော် စည်းကမ်းမဲ့ပါတယ်။ နှစ်ထပ်ရပ်တယ်၊ Yello Box ပိတ်ရပ်တယ်။ ဖြစ်သလိုရပ်တယ်။ လမ်းထဲက ထွက်မယ့်ကား ထွက်မရအောင်ရပ်တယ်။ စိတ်လေ လောက်အောင် စည်းကမ်းမဲ့တယ်။ ကြုံလို့ထပ်ပြောရရင် . အဲ့ ကျောင်း အုပ်ချုပ်ရေးပိုင်းပေါ့လေ . . စမ်းသပ်ယာဉ် ဆိုပြီး. . . . လိုင်စင်မဲ့ Battery ကား လိုဟာတွေကို personal usage သုံးတယ်။ ဆိုတော့ . . . . . သင်ရိုးကိုတော့ ရိုးသားစွာပြောရရင် မသိပါဘူး၊ ဒါပေသိ . . အဲ့ကျောင်းနားမှာ နေတဲ့သူအတွက်ကတော့ . . . . တစ်ရက် နှစ်ကြိမ် ကားပိတ်တာနဲ့တင် . . . . စိတ်အလွန် ရှုပ်ရပါတယ်။ ဒါပေသိ . . . . . . ပညာရေး မို့ . . ကျုပ်တို့ တွေ သည်းခံပါတယ်။ စိတ်ကူး ပေါက်လို့ တရားထစွဲ မယ့်သူ ပေါ်လာရင်တော့ သိဘူးပေါ့လေ . . . .။

      ကျိက္ကဆံ SuperOne နားက ILBC ရှေ ့ရပ်ကွက်ထဲက Taxi သမား
      Mလုလင်

  • ဦးကြောင်ကြီး

    April 11, 2013 at 9:19 am

    “အင်္ဂလိပ်လူမျိုးစစ်စစ်ရေးတဲ့ အင်္ဂလိပ်စာစစ်စစ်သာ ဖြစ်သင့်ပါတယ်” အဲဒီအဆို ထောက်ခံပါတယ်။ ကျနော့်သဘောကတော့ အပြောကို ဇောင်းပေးစေလိုတယ်။ ဒါမှ အင်္ဂလိပ်စကားပြော ယဉ်ကျေးမှု ထွန်းကားလာမယ်။ အရေးအဖတ်က အမြဲပုံမှန် လက်ရည်သွေးနေရမှာ။ အတန်းပညာ ပြီးသွားရင် ဆက်လုပ်မယ် မလုပ်ဘူး မသေချာဘူး၊ တဦးခြင်းစီ ဝါသနာ၊ အနေအထားနဲ့ဆိုင်တယ်။ အပြောကတော့ တိုင်းပြည်ထူထောင်ရေးမှာ အသုံးဝင်တယ်။ အပြောအများစုထဲက လူစစ်ပြီးတော့ အရေးအဖတ်လိုင်း ဆက်သွားကြပါလိမ့်မယ်။ ဘယ်လိုစကားပြော တည်ဆောက်မလဲ.. လူဂျီးဗိုင်း (၁၆နှစ်အထက်) ကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါ၊ အတတ်နိုင်ဆုံး အင်္ဂလိပ်ဇာတ်လမ်း မူဗွီများများကြည့်၊ စာအုပ်ထဲ တိပ်ခွေထဲမှာမဟုတ် အပြင်မှာ တကယ်ပြောတဲ့ အင်္ဂလိပ်စကားတွေကို နားထောင်မှတ်သား ပြန်လည်အသုံးချပါ။ ကျနော်တို့တတွေ အဲဒီအစားထဲပါတယ်။
    ခလေးတွေအတွက် တီဗွီမှာ အင်္ဂလိပ်စကားပြော ကာတွန်းကား၊ ခလေးမူဗွီ အခမဲ့ချန်နယ် လွှင့်ပေးသင့်တယ်။ တကဲ့အင်္ဂလိပ်စကားပြောနိုင်ငံအစစ်က ဖြစ်ပါစေ၊ (ယူကေ၊ ယူအက်စ်၊ ဩဇီ၊ ကနေဒါ…) စင်ကာပူ အင်္ဂလိပ်စာ မကောင်းမဟုတ် ကောင်းပါရဲ့ သို့သော် ဆရာဆီကပညာတဝက် တပည့်ရဖို့ ခဲယဉ်းလေတော့ ပုံပျက်ပန်းပျက် နှစ်ဆဖြစ်သွားနိုင်တယ်။ ဒီတော့ ပျက်ခြင်းပျက်မည့်အတူ မူရင်းအော်ရီဂျင်နယ်ကနေ ပျက်တာ ခံသာတယ်။

  • mobile

    April 11, 2013 at 10:32 am

    အထူးကို နှစ်သက်လွန်းလှတဲ့ ပို့စ်လို့ ပြောချင်ပါတယ်….
    ဖြစ်သင့်နေပါပြီ……………….
    ဘာမှတော့ အထွေအထူးမပြောတတ်ပေမယ့် အဲ့သလိုလေးတွေ ဖြစ်စေချင်စိတ်ရှိပါတယ်…
    အမှန်အကန် တန်ဖိုးရှိတဲ့ ပညာတွေကို အဆင်ပြေချောမွတ်စွာ သင်ယူလာနိုင်မယ်လို့ ထင်ပါတယ်…..

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 11, 2013 at 11:19 am

    ဒီဆရာမ ဘုန်းကြီးကျောင်းမှာ စာအလကားသင်ပေးတာကိုတော်တော်မျက်မုန်းကျိုးပုံရတယ်
    ဒါကတော့ဆရာမရယ်
    ကိုယ်တတ်နိုင်သလောက်လေးသင်ယူရရှာတဲ့ဘဝတွေကိုတော့ နားလည်ပေးသင့်တာပေါ့
    ပြောတမ်းဆိုရင်ဗျာ
    ပြောတော့ပါဘူး

    • ရာမည

      April 11, 2013 at 1:19 pm

      ပညာရေးပိုင်းဆိုင်ရာ သုံးသပ်ချက်ကို လက်ခံပါတယ်
      သင်ကြားမှုဆိုင်ရာအားနည်းချက်ကိုလည်း မြင်ပါတယ်
      ဘုန်းကြီးကျောင်း စာသင်ကြားမှုကိုတော ့နဲနဲပြောပြချင်ပါတယ်
      ဖြစ်နိုင်ရင်ပို ့စ်တစ်ပုတ်တင်ပါမယ်။ လာရောက်ဆွေးနွေး ကွဲလွဲနိုင်ပါတယ် ဆရာမ ဝင့်ပြုံးမြင့်ခင်ဗျာ

    • ဝင့်ပြုံးမြင့်

      April 11, 2013 at 11:55 pm

      အောက်စဖုတ်ကျောင်းမှာ အပြစ်ရှိတယ်။ မြန်မာပြည်လာမဆောက်လို့ … ဟီးဟီး

  • လူကလေး

    April 11, 2013 at 11:45 am

    တင်ပြရေးသားတဲ့ရည်ရွယ်ချက် အထူးကောင်းမွန်လှပါတယ် ..

    အဓိက ပြောချင်တဲ့ပြဌာန်းစာအုပ် ပြောင်းသင့်ကြောင်းကို လည်း လက်ခံပါတယ်.

    ငယ်ငယ်က စာကျက်ရင် ဖတ်စာအုပ်ကို ပဲ မီငြမ်းပြီး ကျက်ခဲ့ပါတယ်. . ဝေဝါး စရာ များရှိခဲ့ရင် ဖတ်စာအုပ် ထဲက အတိုင်း အတည်ဆိုတဲ့အထိ .. ဖတ်စာအုပ်ကို အားကိုးခဲ့ပါတယ်.. ဒါကြောင့် ကျောင်းသူကျောင်းသားတွေရဲ့ ဆရာတပါးလို ဖြစ်နေတဲ့ ပြဌာန်းစာအုပ်ဟာ တကယ်တတ်ရမယ့် အချိန် သိရမယ့် အချိန်မှာ အသိပေးအတတ်ပေး နိုင်တဲ့ ပြဌာန်း စာအုပ်ဖြစ်သင့်နေပါပြီ.. ကိုယ်သင်ခဲ့ရတဲ့ စာအုပ်ကို စော်ကားတာမဟုတ်ပါဘူး .. တူမလေးအင်္ဂလိပ် စကား တစ်လုံးပြောတိုင်.. “ဟန်. . သူက ဒါတောင် သိနေပါလား..” ဆိုပြီး အံ့ဩလွန်းလို့ပါ.. ကိုယ်တောင် မနေ့တနေ့ကမှ ကြားဖူးတာကို သူကတော့ အသုံးပါချနေပါပြီ.. ဒါကိ ုဆိုလိုခြင်းဖြစ်ပါတယ်..

  • kolumbus

    April 11, 2013 at 1:44 pm

    ဂဇက်ကိုကြိုက်တာ ဒီလိုပို့စ်မျိုးတွေ ဖတ်ခွင့်ရလို့ပါ။ ဆရာမ ရေးတဲ့ ပို့စ်တွေ ကွန်းမန့်တွေ အကုန်လုံး (အားလုံး) ကိုသဘောကျပါတယ်… ကျနော်လည်း ပညာရေးပိုင်းက လူကြီးလူတော်တွေကို တော်တော်အံဩမိတယ်… ဘာကြောင့် ပြောင်းလဲမှုတွေမလုပ်နိုင်ကြတာလည်းလို့… သမားဂုဏ်နဲ့ မညီတဲ့ ဆရာတွေလည်း တော်တော်များတာတွေ့ရတယ်… ဆရာ/ဆရာမတွေ နဲ့စကားပြောမိတဲ့ အခါမှာ… သူတို့တွေရဲ့ အတွေးအခေါ် အပေါ်စိတ်ပျက်မိရတာလည်း မနည်းတော့ပါဘူး။

    “သဒ္ဒါသင်လို့ စာမတတ်ပါဘူး။ စာတတ်ပြီးသားဖြစ်မှ သဒ္ဒါသင်ရမှာပါ။”

    အဲဒါ လုံးဝမှန်ပါတယ်… ကလေးတွေကို သဒ္ဒါသင်လိုက်တာ သင်ယူနိုင်စွမ်း ကျသွားတာတွေ့ဖူးတယ်… စကားပြီးမှ စာ… စာပြီးမှ သဒ္ဒါဖြစ်လာတာပါ… အခုတစ်လောကြားနေရတာ တစ်ခုရှိတယ်… ကလေးဗဟိုပြု သင်ကြားရေးစနစ်တဲ့… ရှိသင့်ဖြစ်သင့်တဲ့ စနစ်ပါ… ဒါပေမယ့် ဒီစနစ်ကို သုံးမယ့်သူအများစုက ဆရာမလို အမြင်မျိုးမရှိကြတော့လည်း… ထုံးစံအတိုင်းပဲဖြစ်လာမှာပါ… ဒီစကားပြောရတာ ရှက်ပါတယ်…
    ဆရာမ ငယ်ငယ်က ဆရာကောင်းတွေနဲ့ကြုံခဲ့တယ် ဆိုတာသိသာတယ်… ဆရာဆိုတဲ့ နေရာမှာ မိဘ၊ အုပ်ထိန်းသူပါ အပါပေါ့… ကိုယ့်သားသမီး အလှည့်ကြရင်လည်း ဆရာကောင်းနဲ့ တွေ့စေချင်ပါတယ်…

    “ဒီဆရာမ ဘုန်းကြီးကျောင်းမှာ စာအလကားသင်ပေးတာကိုတော်တော်မျက်မုန်းကျိုးပုံရတယ်”

    ကျနော်က အဲလိုမမြင်ပါဘူး… ဆရာမရေးထားတဲ့ အထဲမှာပါ ပါတယ်..

    “ဘုန်းကြီးကျောင်းကခိုကိုးရာမဲ့ကလေးတွေကို စာသင်ရင် ကျောင်းသင်ရိုးအတိုင်း ပညာရေးစစ်စစ် ဖြစ်သင့်ပါတယ်။ ဘုန်းကြီးကျောင်းပညာရေးကို ပြည်သူတွေက အားပေးမှုသိပ်ရှိသွားရင် တကယ့်ပညာရေးမှာ အစိုးရက နေသာသရွေ့ နေသာသလိုပိုနေခွင့်ရှိသွားမှာပါ။”

    ဒီအချက်ဟာ ဟုတ်ပါတယ်… အစိုးရက လုပ်နိုင်ရဲ့သားနဲ့ မလုပ်တော့ ဘုန်းကြီးတွေက ဝင်လုပ်နေရတယ်… ဘုန်းကြီးတွေရဲ့ အဓိကအလုပ်မဟုတ်တော့ သေသေချာချာ မကြီးကြပ်နိုင်ဘူး… ဒီတော့ ပေါ့လျှော့မှုတွေဖြစ်လာတယ်… အဲဒီလိုမျိုးနေရာတွေက မွေးထုတ်ပေးလိုက်တဲ့ ကလေးတွေများလာရင်… မြောင်းထဲရောက်နေတဲ့ တိုင်းပြည်ကို ချောက်ထဲတွန်းချနေသလိုဖြစ်လိမ့်မယ်…

    • ဝင့်ပြုံးမြင့်

      April 11, 2013 at 11:53 pm

      မြောင်းထဲရောက်နေတဲ့ တိုင်းပြည်ကို ချောက်ထဲတွန်းချနေသလိုဖြစ်လိမ့်မယ်…
      မှန်လိုက်လေ ကိုလံဘတ်စ်ရယ်။
      မျှစ်ကြော်ပြုံး ငယ်ငယ်က ဆရာကောင်းနဲ့တွေ့ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကဆိုးတော့ ဘာမှသိပ်ဖြစ် မလာတာ။

    • kai

      April 12, 2013 at 1:35 am

      အစွန်းရောက် ကွန်ဆာဗေးတစ်ဖြစ်မယ့်အတွေးအခေါ်တွေ.. ကလေးတွေကို ရိုက်သွင်းသင်ကြားနေကြတာထက်စာရင်.. ဘာမှမသင်ပဲထားတာက.. အနာဂတ်တိုင်းပြည်.. လူမျိုးအတွက်ပိုအကျိုးရှိမယ်လို့.. တပ်အပ်ပြောရဲတယ်..

      ဆိုတော့..
      ပုံပြင်လေးတပုဒ်ရှိတယ်မလား..
      စောင်းတီးသင်တဲ့ပုံပြင်လေ…။
      ဒီသာပါမောက္ခကြီးက.. တပည့်ရွေးတော့.. ဘာမှမတတ်.. အသစ်စက်စက်တပည့့်ကိုရွေးတယ်.
      ရေကူးသင်လည်းဒီအတု်ိင်းပဲ..
      အရိုင်းကူးတတ်နေသူက.. စနစ်တကျတတ်သူဖြစ်လာဖို့..အရမ်းကိုပိုခက်ခဲတယ်..

      ကလေးသူငယ်.. အမြင်အတွေးအခေါ်တွေအမြုတေဖြစ်စေတဲ့..အခြေခံပညာရေးဆို.. သာ..သာ့…သား..ဆိုးသေး… :kwi:

  • MaMa

    April 11, 2013 at 2:30 pm

    X အတွက် xylophone နဲ့ Y အတွက် Yoke ထမ်းပိုးတို့ ဆိုတဲ့ ဥပမာတွေနဲ့ ပြောပြလိုက်တာကြောင့် သင်ရိုးညွှန်းတမ်းကိုက မှားနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။

    ယနေ့လူငယ် နောင်ဝယ်လူကြီး အနာဂတ်ရဲ့ မျှော်လင့်ချက် အသီးအပွင့်တွေ အစွမ်းကုန်ပွင့်လန်းနိုင်အောင် ပြုစုပျိုးထောင်မှသာလျှင်…..

    သဂျီးပြောတဲ့ နှစ်၁၀၀ဝ ကျိန်စာက လွတ်မြောက်နိုင်မှာပါ။

  • MaMa

    April 11, 2013 at 3:15 pm

    X အတွက် xylophone နဲ့ Y အတွက် Yoke ထမ်းပိုးတို့ ဆိုတဲ့ ဥပမာတွေနဲ့ ပြောပြလိုက်တာကြောင့် သင်ရိုးညွှန်းတမ်းကိုက မှားနေတယ်ဆိုတာ ပေါ်လွင်သွားတယ်။

    ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမယ့် ကလေးတွေ၊
    တနည်းအားဖြင့် အနာဂတ်ရဲ့ မျှော်လင့်ချက် အသီးအပွင့်တွေကို….
    အစွမ်းကုန်ပွင့်လန်းအောင် ပြုစုပျိုးထောင်နိုင်မှသာလျှင်…..

    သဂျီးပြောတဲ့ နှစ်၁၀၀ဝ ကျိန်စာက လွတ်မြောက်နိုင်မှာပါ။

  • TNA

    April 11, 2013 at 3:43 pm

    တကယ့်ကိုတန်ဖိုးရှိတဲ့ ပိုစ့်ကလေးပါ။ ကူးထားလိုက်ပါတယ်။ ဟုတ်ပါတယ် ဆရာမပြောသလို ပါပဲ မြန်မာနို်င်ငံရဲ့ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းဟာ အတော်လေးကို နောက်ကျနေပါတယ်။ သင်္ချာ ကတော့ အဆင့်မှီ နေပါသေးတယ်။ နိုင်ငံတကာမှာ သူငယ်တန်းမှာ သူ့စဉ်းစားညဏ်နဲ့ကိုက်ညီတဲ့ essey letter ရေးနေ ချိန်မှာ မြန်မာနိုင်ငံမှာတော့ ဆယ်တန်းထိ အလွတ်ကျက်နေတုန်းပါပဲ။ ကျွန်မတို့ ပညာရေး ဟာ အလွတ် ကျက်ပညာရေးအပြင် အတင်းပုံစံခွက်ထဲထည့်နေသလိုပဲ။ နာမည်ကြီး အစိုးရကျောင်း တကျောင်းကဆိုရင် ကဆိုရင် မြန်မာနိုင်ငံ ထွက်ကုန်များဖေါ်ပြပါ ဆိုတဲ့မေးခွန်းမှာ ဆရာမက စပါး၊ ဆန်၊ ပဲ၊ ပြောင်း လို့ပေးတာကို ကျောင်းသားက ဆန်၊ စပါး၊ ပဲ၊ ပြောင်း လို့ ရေးမိလို့ တမှတ်မှမရပါ ဘူးတဲ့။ ရှေ့နောက်လွဲနေလို့ပါတဲ့။ ဒါတွေကိုပြင်သင့်ပါတယ်။ မင်းတို့သိတာရေး ဆိုပြီး ကလေးတွေကို စဉ်းစားခိုင်းရမယ်လို့ထင်ပါတယ်။ ကျွန်မတို့ ပညာရေးဟာအဘက်ဘက်က နောက်ကျကျန်နေခဲ့တာအမှန် ပါပဲ။ လက်တွေ့ပိုင်း စဉ်းစားတွေးခေါ်မှု့အပိုင်း နောက်ဆုံးကျောင်းသားရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု့ အပိုင်းတွေပါပျောက်ဆုံးနေခဲ့ပါတယ်။ ကျွန်မ နိုင်ငံတကာကျောင်းတကျောင်းမှာ လုပ်တုန်းက ကျောင်း သားတွေဟာမိဘ ဆရာတွေရဲ့ကန့်ကွက်တားမြစ်မှု့တွေကို အလွယ်တကူမလိုက်နာပါဘူး။ ဘာကြောင့်လဲ လို့အမြဲမေးလေ့ရှိပါတယ်။ အကျိုးအကြောင်းပြပြောလိုက်ရင်သူတို့က အိုကေဆိုပြီးနာခံသွားပါတယ်။ သူတို့လုပ်ချင်ပေမဲ့မလုပ်သင့်တာကိုကြေကြေနပ်နပ်လက်ခံပြီးနောက်ဆုတ်သွားပါတယ်။ မြန်မာကျောင်းကကလေးတွေက အဲလိုဆွေးနွေးလို့မရပါဘူး။ ကျွန်မတူတူမတွေဆိုရင် ကျိုးကြောင်းပြတားဆီးလို့လုံးဝမရပါ ဘူး။ ဘာကြောင့်လဲဆိုတာလဲမမေးသလို ပြန်ကွန်ပလိန်းလဲမတက်တတ်ပါဘူး။ အဲတော့ မလုပ်နဲ့ဆို မကြေမနပ်နဲ့မလုပ်ပေမဲ့ ကွယ်ရာလဲကျရောခိုးလုပ်ရောပဲ။ ပြုပြင်ရမဲ့ပညာရေးထဲမှာလဲ ဒီလို ပြန် လှန်ဆွေး နွေးရဲအောင် ကိုယ့်ကိုကိုယ်ယုံကြည်မှု့တက်လာအောင် ထည့်သွင်းရေးဆွဲ သင့်တယ်လို့ထင် ပါတယ်။

  • uncle gyi

    April 11, 2013 at 10:43 pm

    ဘုန်တော်ကြီးပညာရေးကိုအားမပေးပဲကျောင်းတွေကိုအားပေခိုင်းတာကောင်းပါတယ်
    ဒါပေမဲ့လိုအပ်ချက်တခုဖြစ်နေသ၍ဘုန်းတော်ကြီးပညာရေးကတော့ရှိနေအုန်းမယ်ထင်ပါတယ်ဗျာ
    အခမဲ့ပညာရေးဆိုပြီးအစိုးရကလုပ်နေတဲ့ပညာရေးကိုတောင်မသင်နိုင်တဲ့သူတွေ
    မရှိတော့တဲ့တနေပေါ့မပြုံးရယ်

  • ဝင့်ပြုံးမြင့်

    April 12, 2013 at 12:05 am

    ကလေးဘဝဟာ လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံးအချိန်လေးပါ။ တစ်နှစ် တစ်နှစ် ကုန်သွားတဲ့ အချိန်တွေ၊ အဲဒီ တစ်နှစ်အတွက် ပညာရေး (သို့မဟုတ်) ဘဝတန်ဖိုး စတေးလိုက်ရတဲ့ကလေးပေါင်းများစွာ၊ ဒါတွေကြောင့် တာဝန်အရှိဆုံး ပညာရေးဝန်ထမ်း ၊ အတိအကျပြောရရင် အင်္ဂလိပ်စာဌာနက ပါမောက္ခတွေ၊ ပြဌာန်းစာအုပ် အဆင့်မြှင့်တင်ရေး မလုပ်နိုင်ရင် ရာထူးက …

  • နေဝန်းနီ

    April 12, 2013 at 9:42 pm

    အင်္ဂလိပ် ပြဌာစာအုပ်ဆိုလို့ပါ……။ ကျနော် သာစည် မှာ အလုပ်လုပ်နေတုန်းက ဆေးရုံက ဝန်ထမ်းတစ်ဦး သူ့ကလေးတွေကို နွေရာသီ အင်္ဂလိပ်စာသင်ပေးနေတာ သွားသတိရတယ်….။ သူ သင်ပေးနေတဲ့စာအုပ်က အိန္ဒိယ ဘက်ကလို့ထင်ပါတယ်…။ ပြန်ရိုက်ထားတဲ့စာအုပ်တွေပဲ…။ အင်္ဂလန်က ထုတ်တဲ့စာအုပ်တွေကို တစ်ဆင့်ပြန်ရိုက်ထားတာပါ….။ စာအုပ်လေးတွေက ပါးပါးလေးတွေပါ….။ ပုံပြင်စာအုပ်လေးတွေလည်းပါတယ်….။ ဝတ္ထုတိုလို ဟာမျိုးလည်းပါတယ်…။ ရီဒါ ဝမ်း တူး စသည်ဖြင့်ပေါ့လေ……….။ ထူးခြားတာက စာအုပ်တစ်အုပ်လုံးကို စာလုံး ငါးဆယ်လောက်နဲ့ ပြီးအောင်ရေးထားတာပါ….။ နောက်တစ်အုပ်က စာလုံး တစ်ရာ နဲ့ရေးထားတာပေါ့….။ သင်ပေးနေတဲ့သူက သူ့ကလေးတွေ စာလုံးတွေ အများကြီး သိနေဖို့ မလိုဘူး…။ သိသလောက်နဲ့ အသုံးဝင်အောင် အသုံးချတတ်ဖို့လိုတယ်လို့ပြောပါတယ်…။ ကျနော်က အဲဒိအချိန်တုန်းက အရက်သောက်ဖို့ပဲ စိတ်ဝင်စားတာဆိုတော့ သိပ်ပြီးမလေ့လာမိဘူး …။ အဲဒိလူဆီသွားတာလည်း အရက်သောက်ဖို့ သွားတာလေ………။ နောက်တော်တော်ကြာ သတိရလို့ အဲဒိလိုစာအုပ်လေးတွေ မန္တလေး အဟောင်းတန်းမှာ ပြန်ရှာမိသေးတယ်…။ ခရမ်းရောင်လွင်ပြင်က နှစ်အုပ်ရလိုက်သေးတယ်…။ အဲဒါလည်း အင်္ဂလိပ်စာ ညံ့တဲ့ကလေးတွေ တွေ့လိုက်တော့ ပေးလိုက်မိတယ် ကျနော်ဆီမှာမကျန်တော့ဘူး ….။ အဲဒိလို စာအုပ်မျိုးလေးတွေနဲ့ ကလေးတွေကို သင်မယ်ဆိုရင် ကလေးတွေ စိတ်ဝင်စားမဲ့ အကြောင်းအရာတော့ရွေးရမှာပေါ့လေ…………။ ခုလိုမျိုး ဖျောက်သောက်သင်နေတာထက်စာရင်ပိုတတ်မလားလို့ပါ………။
    နောက်ပိုင်း အဲဒိလိုစာအုပ်မျိုးကိ်ု ဆုကလား တူဒေးကလား မသိဘူး အနှစ်ချုပ် ဘာသာပြန် စာအုပ်လေးတွေ ထွက်လာသေးတယ်…။ ဥပမာ စာလုံး ငါးရာသိရင် ဖတ်လို့ရတယ် ဒါဘယ်နှစ်တန်းအဆင့်ပေါ့ ….။ ဒါကတော့ စာလုံးရေ တစ်ထောင်သိမှ ဆိုတာမျိုးလေးတွေပါ……….။

  • ဝင့်ပြုံးမြင့်

    April 13, 2013 at 1:21 am

    စာလုံးရေနည်းနည်းနဲ့ အသုံးဝင်အောင် အသုံးချတတ်သွားတာ အသက်ပဲ အဘနီရေ၊ အင်္ဂလိပ်စာမှာ မီးနင်း ဘယ်တော့မှ မကျက်ရဘူး။ မီးနင်းကျက်တာ မှားယွင်းပါတယ်။ အဘိဓာန်ကိုတောင် မသိတိုင်း မကြည့်ရဘူး။ စာအုပ်ဖတ်ရင်းနဲ့ တဖြည်းဖြည်း သိသွားပါတယ်။ အဲဒီအသိက ပိုနက်ရှိုင်းပါတယ်။
    ပြုံးတို့တုန်းက reader တွေ၊ ladybird series တွေ၊ knipper တွေ အကုန်ဖတ်ခဲ့ရတာပါ။
    ပြဌာန်းစာအုပ်အတွက် ပရို လိုတယ်။ ပရို မရှာနိုင်ရင် တခြားနိုင်ငံက စာအုပ်ကို ပုံတူကူးချလိုက်တာပဲ ကောင်းပါတယ်။ မြန်မာပြည်က ကလေးတွေ ဉာဏ်ကောင်းတာ သေချာလို့ စာလိုက်နိုင် မှာပါ။

    • အရီးခင်လတ်

      April 13, 2013 at 8:42 pm

      ဒီမှာလဲ ကလေးတွေ Second Language သင်တာမှာ meaning တွေကျက်ရတယ် ဆိုတော့ Meaning ကျက်တာ မမှားလောက်ဘူးလို့ ထင်တာပါဘဲ။
      အထင်နော်။ 😉

  • kai

    April 13, 2013 at 3:05 am

    ယူအက်စ်က.. မြန်မာကလေးတွေရဲ့.. အငယ်တန်းစာအုပ်ဟောင်း.. အသစ်တွေ မြန်မာပြည်က ကျောင်းတွေကိုလှူချင်တာ..
    အင်မတန်ကောင်းတာတွေပါတယ်..
    ကလေးတန်းဆိုပေမယ့်.. အင်္ဂလိပ်စာတခုထဲ သင်ကြားနေတဲ့စာအုပ်တွေမဟုတ်ပါဘူး..
    ဘဝတလျှောက်လုံးအတွက်အခြေခံ သင်ကြားမှုတွေ.. အတွေးအခေါ်သစ်တွေ. အကုန်သိပ်ထည့်ထားတာလေ..
    စိတ်ပညာရှင်တွေ.. ပရောဖက်ဆာတွေ. အတွေ့အကြုံ..မှတ်တမ်း.. ဆာဗေးတွေကနေ.. စိစစ်ထုတ်ထားတဲ့အနှစ်စာအုပ်တွေပါ…။
    အမေရိကားကိုတည်ဆောက်ထားတဲ့..စာအုပ်တွေပေါ့…။

    အဲဒါတွေ.. တနိုင်ငံလုံးဆီကကောက်ပြီး.. အယ်လ်အေအထိ စုဆောင်းပေးလို့တော့ရပါတယ်..
    မြန်မာပြည်အထိ သယ်ပို..ကက်စတန်ထုတ်.. လုပ်နိုင်တဲ့.. နန်းပရော့ဖစ်တခုလောက် သိရင်ကောင်းမှာ..

    မြန်မာကလေးတွေအတွက်ပါ..။

    • ဝင့်ပြုံးမြင့်

      April 13, 2013 at 11:24 pm

      အမေရိကားကိုတည်ဆောက်ထားတဲ့..စာအုပ်တွေတဲ့လား။ ပြောတတ်လိုက်တာ သကြီးရယ်။ အဲဒီ စကားလုံးလေး တော့ စွဲသွားပြီ။
      အမေရိက ကစာအုပ်တွေကို သယ်ပြီး ရန်ကုန်မှာ ရောင်းတာရှိပါတယ်။ အလကားရတဲ့စာအုပ်တွေထင်တယ်။ ဒါပေမယ့် ပြန်ရောင်းတော့ ဈေးအင်မတန်ကြီး၊ ကလေးစာအုပ် တစ်အုပ်ကို ခြောက်ထောင်နှုန်းပါ။ မဝယ်နိုင်လို့ ချထားခဲ့ရတယ်။ ကိုယ့်ဖာသာကိုယ်ပဲ အွန်လိုင်းမှာ ရှာ၊ screen shot ရိုက်ပြီး ဖိုတိုရှော့ပေါ်တင်၊ ပြီးမှ page maker ပေါ်ပြန်တင်ပြီး ပရင့်ထုတ်၊ စာအုပ်ချုပ်ပါတယ်။ လက်ဖြစ်စာအုပ်လေးတွေပေါ့။ အဲဒါလေးတွေနဲ့ သမီးကိုသင် သွားတာပါ။
      သမီးကိုသင်ပေးနေတာက starfall ရယ်၊ british council ရယ်၊ oxford owl ရယ်ပါ။
      မူလတန်းကလေးရှိသူများ အထက်ပါ ဆိုက်သုံးခုကို သုံးစေချင်ပါတယ်။

      • kai

        April 17, 2013 at 1:54 pm

        အခုဂိုဂယ်App မြန်မာပြည်ကရပြီဆို.. iStoryBooks ဆိုတာတွေဒေါင်းပြီးဖတ်လို့ရပါတယ်..
        ကလေးတွေအင်မတန်အကျိုးရှိမယ်လို့ထင်မိတယ်…။
        https://play.google.com/store/apps/details?id=com.infomarvel.istorybooks&hl=en
        ကလေးနဲ့ပါတ်သက်တဲ့.. စိတ်ပညာ..ရီဆပ်ချ် စတာတွေမလုပ်နိုင်ရင်တောင်… သူတို့ရဲ့အဲဒီစာအုပ်တွေကို.. မြန်မာလိုဘာသာပြန်.. လုပ်ပေးနိုင်သူတွေရိရင်.. များရင်..ကလေးတွေကိုဂရုစိုက်ရင်..တိုင်းပြည်အနာဂတ်အတွက်..မျှော်လင့်ချက်တွေရှိလာမှာ..

        …. ကလေးတွေကို.. ဦးစားပေး..
        ..ဘာသာပြန်မြန်မာမှုလုပ်ပေးခဲ့တဲ့.. ဆရာကြီးဦးတင်မိုးလို.. လူတွေ.. အမှတ်ရမိသား…

  • အရီးခင်လတ်

    April 13, 2013 at 8:39 pm

    မပြုံးရေ

    မပြုံးရေးတဲ့ စာတိုင်းမှာ တိုင်းပြည် အတွက် စေတနာစကားတွေကြားရမြဲပါ။
    ဒီစာလေးမှာလဲ ထုံးစံအတိုင်းပေါ့။
    ကျွန်မကတော့ အခုထိကို Second Language မှာ ညံ့နေဆဲမို့ အင်္ဂလိပ် စာသင်ရိုးတွေဘယ်လိုပြင်သင့်တယ် ဆိုတဲ့အပိုင်းကိုတော့ မဝင်တော့ပါဘူး။

    မပြုံးရဲ့ အပိုင်း(၁) ထဲမှာ မပြုံးသမီးလေး အသက်ငယ်ငယ်နဲ့ အင်္ဂလိပ်စာ ကောင်းကောင်းဖတ်နိုင်တာ ကို သိရတော့ သမီးလေးကိုချီးကျူး ဂုဏ်ယူမိပါတယ်။
    အဲဒီအကြောင်းကိုတော့ စိတ်ဝင်စားပြီး ဆွေးနွေးချင်ပါတယ်။

    တကယ်တော့ ကလေးတိုင်းဟာ ဘယ်သူမှမညံ့ပါဘူး။
    သူတို့မှာ ကိုယ်ပိုင်စွမ်းရည် လေးတွေပါလာစမြဲပါဘဲ။
    အခု မပြုံးသမီးလေးလို စာဖတ်အားသန်ပြီး စာလုံးတွေကို မှတ်မိတာဟာ သူ့မှာပါလာတဲ့ ပင်ကိုယ်စွမ်းရည်ကို ပျိုးထောင်ပေးနိုင်တဲ့ မိဘ ကိုရသွားလို့ပါဘဲ။
    အဲဒီလို ငယ်ငယ်လေးနဲ့ စာလုံးတွေမှတ်မိတာ၊ ဘာသာစကားတွေကို စိတ်ဝင်စားတာ ကလေးတိုင်းမဟုတ်ပါဘူး။
    ပင်ကိုယ်စွမ်းရည်ပါလာလို့လဲ ဖြစ်နိုင်ချေရှိပါတယ်။ Gifted/Talented လို့ ခေါ်မလားဘဲ။
    တစ်ချို့ကလေးတွေက သချာင်္ကိန်းဂဏန်း တွေမှာ တော်တယ်။ တစ်ချို့က ရုပ်ပုံလေးတွေ ကောင်းကောင်းဆွဲနိုင်တယ်။ တစ်ချို့က ဂီတမှာ ထူးချွန်တယ်။ တစ်ချို့ အားကစားမှာ ထိပ်ဘဲ။
    တစ်ချို့ ပုံမှန်မဟုတ် ဉာဏ်ရည်မမှီဘဲ မွေးလာတဲ့ ကလေးတွေမှာတောင် တစ်ခြားသူတွေ ထက် တော်တဲ့ အရည်အချင်းရှိနိုင်တာပါ။
    ဒီလိုကလေးတွေ ကို သူတို့ အားသန်ရာမှာ ပြုစု ပျိုးထောင်ပေးနိုင်ဖို့
    မပြုံးပြောခဲ့သလို ကလေးတွေရဲ့ စိတ်ပညာကို နားလည်သူတွေ၊ သူတို့အရည်အချင်းကို အကဲဖြတ်ပေးနိုင်သူတွေ ရှိဖို့လိုပါတယ်။
    တိုင်းပြည်ပညာရေး ကောင်းမွန်ဖို့ ဒီလို လူမျိုးတွေ မရှိမဖြစ်လိုအပ်တာ အမှန်ပါ။
    လောလောဆယ်မရှိလဲ ရှိအောင်လုပ်ဖို့လိုပါတယ်။
    အနည်းဆုံးတော့ ဆရာ/ဆရာမတွေကို နိုင်ငံခြားပညာသင်လွှတ် တာနဲ့ စလို့ရပါတယ်။
    သူတို့ဖက်ကလဲ ကလေးတွေ အတွက် တကယ်စေတနာထားလုပ်ရင် မဖြစ်လာနိုင်စရာ မရှိပါဘူး။
    တစ်ခုတော့ရှိတယ်။
    ကလေးတွေပညာရေးတိုးတက်ဖို့ လုပ်ပေးမဲ့ ဆရာ/ဆရာမတွေ ကိုယ်တိုင်ကလဲ ကိုယ့်ကိုယ်ကို ပညာနဲ့မပြတ်အောင် ကိုယ့်အရည်အချင်းကို သွေးနေနိုင်ရမှာပါ။

    ပညာရေးပိုင်းကောင်းအောင် စမ်းတဝါးဝါးတတ်ယောင်ကားသမား တွေ နဲ့ မသွားဘဲ တကဲ့ ပညာရှင်/ ပညာတတ်တွေ ရဲ့ အကူအညီ တွေလိုတယ်။ သင်ရိုးတွေကို ခေတ်နဲ့အမှီပြင်ဖို့ လိုတယ်။ ဆိုတာတွေဟာ အမှန်တွေပါဘဲ။
    အဲဒါတွေကို အသိမှန်မှန် စိတ်ဓာတ်မှန်မှန် နဲ့ တာဝန်ရှိသူတွေက တာဝန်ယူပြီး ပြင်ကိုပြင် ရမှာပါ။
    မဟုတ်ရင်တော့ ပညာမဲ့၊ တာဝန်မဲ့ တိုင်းသူပြည်သားတွေ ရဲ့ တိုင်းပြည် အဖြစ်ကနေ အဖတ်ဆယ်လို့ရမှာ မဟုတ်တော့ပါဘူး။

    နောက်တစ်ချက် ဝင်ဆွေးနွေးချင်တာကတော့ ဘုန်းတော်ကြီးကျောင်းပညာရေးစနစ် အကြောင်းပါ၊
    ဒါကတော့ အနောက်တိုင်းနိုင်ငံတွေမှာလဲ Church တွေက ဖွင့်တဲ့ လောကဓာတ်ပညာတွေကို ဘာသာရေးနဲ့ တွဲသင်တဲ့ ကျောင်းတွေလဲရှိပါတယ်။
    ကလေးတွေကို အဲဒီကျောင်းတွေကိုမှ ရွေးပြီးပို့တဲ့ မိဘတွေလဲ ရှိပါတယ်။
    မြန်မာပြည်မှာကတော့ လက်ရှိအခြေအနေမှာ ပိုက်ဆံမတတ်နိုင်လို့ စာမသင်ဘဲနေရမဲ့ အခြေအနေမှာ ဘုန်းကြီးကျောင်းတွေက ဖွင့်တဲ့ ကျောင်းတွေမှာတက်ပြီး သေစာရှင်စာဖတ်တတ်တာကဘဲ အင်မတန် ကျေးဇူးတင်စရာပါ။
    တကယ်တော့ အဲဒီကျောင်းတွေကြောင့် ကလေးတွေပညာရေးထိခိုက်တာမဟုတ်ပါဘူး။
    အသုံးမကျတဲ့ အစိုးရ တွေကြောင့် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အားလုံးမှာ နိမ့်ကျနေရတာပါ။
    မသိမတတ်ရုံမက ကိုယ့်အိတ်ပြည့်ဖို့ဘဲ ကြိုးစား နေရာယူနေတဲ့ အတ္တကြီးပြီး ဦးနှောက်မရှိ စဉ်းစားဉာဏ်မဲ့ လူတန်းစားတစ်ရပ်အောက် မှာ တိုင်းပြည်နစ်နာ နေရတာပါ။
    အဲဒီကနေ ရတဲ့ ရလာဒ်တွေကတော့ လူအများစုမှာ အကျိုးအကြောင်းဆက်စပ်ပြီး မဆင်ခြင်နိုင်တော့တာ၊ ကိုယ့်ဖို့ကလွဲလို့ တစ်ခြားသူအတွက် မစဉ်းစားတတ်ကြတော့တာပါဘဲ။
    အချင်းချင်းဖေးမရမဲ့ ယဉ်ကျေးမှုနဲလာပါတယ်။
    ပြောရရင် မြန်မာပြည်မှာ တဆိတ်ခွင့်ပြုပါနော် တို့ ၊ ကျေးဇူးတင်ပါတယ်တို့၊ ဝမ်းနည်းပါတယ် တို့၊ စိတ်မရှိပါနဲ့ တို့ ပြောလေ့မရှိတော့ပါဘူး။
    မြန်မာပြည်ရဲ့ ထိပ်တန်းကျောင်းတွေမှာ တက်နေတဲ့ ကလေးတွေ နဲ့ ဘုန်းကြီးကျောင်းပညာရေးမှာ စာသင်ရတဲ့ကလေးတွေ ဘယ်သူတွေမှာ ပိုပြီး ဒီစကားတွေပြောတတ်သလဲ။
    Research လုပ်ကြည့်ချင်ပါတယ်။
    သိသူရှိရင်လဲ ဝင်ဖြည့်ပေးစေလိုပါရဲ့။
    ဆိုလိုချင်တာကတော့ ကလေးတွေမှာ လောကဓာတ်ပညာရပ်တွေ၊ ဘာသာစကားတွေ ကောင်းကောင်းတတ်မြောက်ဖို့ အရေးကြီးသလိုဘဲ လူကိုလူလိုမြင်ပြီး အချင်ချင်းစာနာထောက်ထားတတ်တဲ့ စိတ်ဓာတ်တွေရှိဖို့လဲ ကျောင်းတွေမှာ သင်ကြားပေးဖို့လိုပါတယ်။
    အဲဒီ စိတ်ဓာတ်တွေကတော့ ကလေးတွေရဲ့ ပင်ကိုယ်ဗီဇစိတ်တွေထဲ မှာ မပါလာဘူးလို့ ဆိုပါတယ်။
    ဒါကြောင့် ဒါတွေက မဖြစ်မနေသင်ကိုသင်ပေးမှ အတ္တမကြီးဘဲ ကိုယ်ဖို့သာမကြည့်ဘဲ အများကိုလဲကြည့်တတ်တဲ့ စိတ်တွေ ကလေးတွေ မှာ ဝင်သွားမှာပါ။
    မြန်မာပြည်မှာက မိဘတွေမှာရော၊ ဆရာတွေမှာပါ စားဝတ်နေရေးအတွက် မဖူလုံတာကို ဖြည့်နေရလို့ ဒါတွေလွတ်နေတာ မှန်ပေမဲ့ ဒီအတိုင်း ဒီစိတ်ဓာတ်တွေ နဲ့ အနာဂါတ်ကလေးတွေကို ပဲ့ကိုင်မပေးနိုင်တာမို့ လူကြီးတွေကစပြီး ပြင်ဖို့လိုတာလဲ သိသင့်ပါတယ်။
    ဒါကတောင်ပိုပြီး အရေးကြီးနေသလားပါဘဲ။

    အင်္ဂလိပ်စာကောင်းမွန်ရေးကနေ တစ်ခြားလမ်းချော်သွားရင်လဲ စောဒီးပါ မပြုံးရေ။
    ကြုံတုန်းလေး စိတ်ထဲရှိတာ ပြောချလိုက်ရမို့ လမ်းစပေးလိုက်တဲ့ မပြုံးကို ကျေးဇူးတင်ပါတယ်။
    အမှန်က တစ်ခြားပြောချင်တာတွေလဲ အများကြီးဘဲ။
    သမီးလေးကိုလဲ ဂရုစိုက်ပါ။ သူကြည့်ရတာ အတော်လေးထက်မြက်မဲ့ပုံရှိတာ။

    ခင်မင်စွာဖြင့်
    :hee:

  • ဝင့်ပြုံးမြင့်

    April 13, 2013 at 11:34 pm

    (အချင်ချင်းစာနာထောက်ထားတတ်တဲ့ စိတ်ဓာတ်တွေရှိဖို့လဲ ကျောင်းတွေမှာ သင်ကြားပေးဖို့လိုပါတယ်။
    အဲဒီ စိတ်ဓာတ်တွေကတော့ ကလေးတွေရဲ့ ပင်ကိုယ်ဗီဇစိတ်တွေထဲ မှာ မပါလာဘူးလို့ ဆိုပါတယ်။)
    အဲဒီအချက် ပြုံးမတွေးမိဘူး။ ခုမှ ပြန်စဉ်းစားနေရပြီ။ အဟုတ်ပဲ အရီးရေ။
    ကလေး ၂တန်းလောက်ကစပြီး morals and manners သင်ပေးရင်ကောင်းမှာပဲနော်။ စာမေးပွဲမှာ မေးဖို့ မဟုတ်ဘဲ အလွတ်သဘော သင်ပေးရင် သူတို့ခေါင်းထဲ ပိုဝင်တယ်။ ငယ်တုန်းမှာ safety ကိစ္စအတွက်၊ အလယ်တန်းလောက်မှာ ယဉ်ကျေးမှု၊ စာနာထောက်ထားမှု၊ စတာတွေ ထည့်သင်ပေးပြီး အထက်တန်းမှာ လိင်ပညာပေးကို morals and manners ထဲ တပေါင်းတည်း ထည့်သင်လိုက်ရင် လိင်ကိစ္စကို စိတ်ဝင်စားစရာအဖြစ်ကလည် လျော့နည်းအောင်၊ မှန်မှန်ကန်ကန်လည်း သိသွားအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်နိုင်မယ် ထင်ပါတယ်။

  • lady mobile

    April 14, 2013 at 2:37 pm

    လေဒီလည်း ကို်ယ်မသိတဲ့ခေါင်းစဉ်နဲ့ essay တစ်ပုဒ်ရေးပါဆိုရင်
    တောင်ရောက်မြောက်ရောက်ရေးထားတဲ့ essay တစ်ပုဒ်ပဲဖြစ်မှာပါ။
    ဘာလို့လဲဆိုတော့ ကျက်ပြီးဖြေခဲ့ရတာကြီးပဲရှိတာကို။
    အခုလိုဗဟုသုတတွေ ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • အလင်းဆက်

    April 15, 2013 at 8:29 am

    ဒီပို့စ်လေးအတွက်..
    (သဂျီးမင်းလိုဘဲ )
    ကျေးဇူးတင်ပါဒယ် ။
    ဖတ်တဲ့သူတိုင်းအတွက် အကျိုး ရှိစေလို့ပါ ။

  • padonmar

    May 12, 2013 at 7:41 pm

    အမေရိကပြင်ပက အင်္ဂလိပ်စာ သင်တဲ့ဆရာတွေတွက် ရည်ရွယ်ထုတ်တဲ့ English Teaching Forum စာစောင်ကို တစ်နှစ်စာ
    ၄စောင် တွက် 2000 ကျပ် နဲ့ American Center အမှတ် ၁၄ တော်ဝင်လမ်း ဒဂုံမြို့နယ်မှာ မေ ၁၃ ကနေ ဇွန် ၃ဝ ကြားမှာ စာရင်းပေးမှာလို့ရပါတယ်တဲ့။
    ငွေပို့လွှာနဲ့မှာချင်ရင်
    ဒေါ်သိမ့်ရည်
    အမေရိကန်သံရုံး
    အမှတ် ၁၁ဝ တက္ကသိုလ်ရိပ်သာလမ်း
    ကမာရွတ်မြို့နယ်
    ရန်ကုန်မြို့ သို့ အမည် နေရပ်လိပ်စာအပြည့်အစုံကို မြန်မာလိုရေးပြီးမှာနိုင်ပါတယ်တဲ့။
    English Teaching Forum စစာစောင်တွက် အမှာ လို့ ရေးပေးပါ တဲ့။

    သူကြီးပြောတဲ့ ကလေးတွေတွက်စာအုပ်တွေလည်း မြန်မာပြည်က ကလေးတွေတွက်လိုချင်ပါတယ်။
    သယ်ပို့ပေးနိုင်မယ့် နည်းလမ်းရှာကြည့်ပါအုံးမယ်။
    လူကြုံနဲ့ နည်းနည်းစီသယ်ဖို့တော့ စီစဉ်ကြည့်လို့ရနိုင်ပါတယ်။

Leave a Reply