၅။

နောက်တစ်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာနက ဖွင့်လှစ်သော ပြင်သစ်စာသင်တန်းအချိန်က စောစောဆင်းပြီး ညနေစောင်းသာသာ သာရှိသေးသောကြောင့် ကျွန်မလမ်းလျှောက်ပြန်ခဲ့သည်။ ထိုစဉ်သူက ကျွန်မကိုမြင်တော့ မကြီးကြီးလမ်းကထွက်လာပြီး ကျွန်မရှေ့ကကော့ကော့၊ ကော့ကော့နှင့် ထွက်သွားသည်။ ကျွန်မကလည်းထူးထူးခြားခြား ဂရုစိုက်မနေခဲ့ပါ။ ကိုယ့်ဖာသာခပ်အေးအေးလျှောက်လာခဲ့သည်။

လမ်းတစ်ဝက်ရောက်တော့သူကနောက်ပြန်လှည့်ကြည့်ပြီးကျွန်မကလမ်းလျှောက်အတော်နှေးသည်ဟု ဆိုသည်။ အို……။ ကျွန်မကသူနဲ့

လမ်းလျှောက်ပြိုင်နေတာမှမဟုတ်တာ။ကိုယ့်လမ်းကိုယ်သွားနေတာပဲ။ကျွန်မမျက်စောင်းထိုးပြလိုက်သည်။

နောက်နေ့များတွင်သင်တန်းကအပြန်ကျွန်မ၏နောက်ကဖြစ်စေ၊ကျွန်မ၏ဘေးနားကဖြစ်စေ၊ ရှေ့နားကဖြစ်စေ သူပါပါလာတတ်သည်။ သူနှင့်ကျွန်မစကားတွေပြောရင်းညနေပိုင်းအချိန်လေးကို ကုန်ဆုံးခဲ့ကြသည်။

တစ်နေ့တွင် သူကကျွန်မကို ရည်းစားစာပေးပြီး စာပြန်ပါဟုပြောသည်။ ထိုနေ့မှစ၍ သူ ကျွန်မဆီသို့ တစ်ပတ်တိတိ မလာခဲ့ပါ။ တစ်ပတ်ကြာသောအခါ

ကျွန်မကစာမပြန်ရသေးသောကြောင့် သူကျွန်မဆီက အဖြေတောင်းသည်။  `ကိုယ့်ကိုချစ်နေတဲ့လူတစ်ယောက်အတွက်အကောင်းဆုံးလုပ်ပေးနိုင်ခြင်းကတော့ သူ့ကိုပြန်ချစ်လိုက်ဖို့ပဲတဲ့။ ပြန်ပြီးမချစ်နိုင်ဘူးဆိုရင်တောင်

ကြိုးရှည်ရှည်နဲ့ဆွဲထားဖို့တော့မကောင်းပါဘူး`ဆိုတဲ့စကားကို ကျွန်မသိသော်လည်း သူ့အားချစ်မချစ်စဉ်းစားရသည်မှာ အတော်ခက်ခဲသော ပြဿနာတစ်ခုဖြစ်သည်။ အချစ်ဆိုတာ ဘာမှန်းမသိတတ်သေးသောကြောင့် ကျွန်မပြန်မဖြေခဲ့ပါ။

ကျွန်မနှင့်သူဘာတွေလဲဟု မရေရာ၊မသေချာနေရင်းကနေ

ကျွန်မတို့တစ်ခါချိန်းတွေ့ခဲ့ဖူးသည်။ တည်ငြိမ်လှတဲ့ကန်ရေပြင်မရှိ၊ တီးတိုးစကားပြောလျှင် ကာရန်ထီးမရှိ၊အနည်းငယ် ခြောက်ခြောက်ကပ်ကပ်နိုင်လှသော ပန်းခြံတစ်ခု၏ ခုံတန်းရှည်လေးတစ်ခုပေါ်မှာ ကျွန်မတို့နှစ်ယောက်ခပ်ခွာခွာထိုင်ကာ ရိုးသားစွာ အချိန်ကုန်ဆုံးခဲ့သည်။

သူက မူလတန်းလောက်တုန်းကရည်းစားအပြိုင်ထားခဲ့ဖူးသည့်အကြောင်း၊ အခုသူကြိုက်နေသည့် ကောင်မလေးက မြုံစိစိနှင့်ဘာမှန်းမသိဖြစ်နေကြောင်း၊ သူတို့တက္ကသိုလ်မှာ ချောတဲ့ကောင်မလေးတွေပေါရဲ့သားနဲ့ ဘာဖြစ်လို့အေးတိအေးစက် ကောင်မလေးမျိုးကိုကြိုက်သွားရတာပါလိမ့်ဟု ကျွန်မကိုငေါ့သလိုမျိုးပြောတော့ ကျွန်မကသိတာပေါ့။ ကျွန်မကလည်း သေချာမှလုပ်ချင်သည် ဆိုသောကြောင့် သူ့ကိုသာငေးမောကြည့်နေခဲ့သည်။

ကျွန်မကလည်း တဖန် ကျွန်မရေးနေသော ဝတ္ထူများအကြောင်း၊ ဘယ်သူ့စာအုပ်ကဘယ်လိုဗဟုသုတတိုးကြောင်း၊ ဘယ်လိုအူကြောင်ကြောင်တစ်ယောက်က ကျွန်မနောက်ကိုုလိုက်နေမှန်းမသိဘူးဟု ဆိုတော့ သူ၏မျက်နှာညှိုးကျသွားသည်။ ပြီးတော့ ကျွန်မကို တွေတွေလေးငေးကြည့်ရင်း

`အစ်မရယ်`ဟုညည်းလေသည်။

ထိုအချိန်ခဏလေးများသည် ယခုအခါမည်သည့်အရာနှင့်မျှလဲနိုင်စွမ်းမရှိသည်ကို

တစ်ချိန်ကမသိခဲ့ပါ။

၆။

ကျွန်မတို့နှစ်ဦးမသိမသာ စိမ်းကားသွားသည်မှာ

မည်သည့်အချက်ကြောင့်ဖြစ်သည်ဟု နှစ်ယောက်သားမရိ်ပ်မိခဲ့ကြပါ။ ကျွန်မကလည်းဘွဲ့ရ၊ ကျောင်းတွေဆက်တက်၊ သူကလည်ုးအလုပ်သင်ဆရာဝန်ဖြစ်၊ နယ်ထွက်ရသည်ဆိုတော့ အဆက်အသွယ်ပြတ်သွားခဲ့သည်။ ကျွန်မကလည်း နောက်ပို်င်းမှာ နိုင်ငံခြားထွက်သွားသည်ဆိုတော့ကျွန်မနှင့်သူတော်တော်အလှမ်းဝေးသွားခဲ့သည်။

သံယောဇဉ်ဆိုသည်မှာ ကိုယ်မသိခင်ကတည်းက ရစ်ပတ်နေပြီး ကိုယ်သိလိုက်ချိန်မှာ အမြစ်တွယ်နေပြီးသား ဖြစ်နေတတ်ပါသည်။ အချစ်ကိုလက်တွေ့ကျကျသိချင်လိုသော ကျွန်မသည်သူနှင့်မြေနီကုန်းကို ကားမစီးဘဲ လမ်းလျှောက်ခဲ့ကြသည့်လမ်းလေးကိုမှန်းဆမိတိုင်း သူ့ကို သတိရမိသည်။ စင်ကာပူည၏ လှပသည်ဆိုသော ရှုခင်းတွေသည် ကျွန်မတို့နှစ်ဥိီးသားပုခုံးချင်းထိလုနီးနီးလျှောက်ခဲ့ကြသည့် ညနေခင်းရှုခင်းကို ဘယ်နည်းနှင့်မျှုလိုက်မမီပါ။ ရေပြင်မြင်တိုင်း သူနှင့် ကျွန်မကိုယ်တစ်ခြမ်းစောင်းပြီး ကျောက်ခဲတုံးလေးတွေရေပေါ်မှာရှပ်ပစ်တိုင်းကစားခဲ့ကြသည်ကို မြင်ယောင်နေမိသည။် မုန့်လင်မယားကြိုက်သော သူ့ကို မုန့်ဝိုင်းဝိုင်းချပ်ချပ်လေးတွေမြင်တိုင်း သတိမရဘဲမနေနိုင်အောင် သူ…….ကျွန်မကိုမည်သည့်နည်းများဖြင့် ညှို့ငင်ထားခဲ့ပါသနည်း။ ယခုအချိန်တွင် သူ့ရင်ခွင်နှင့် ကျွန်မကျောတို့ထိလျှင်သူ့ကို ပြန်ပြီးရင်ချင်းကပ်အောင် ဖက်ထားမိမည်ထင်ပါသည။်

အခုသူကအရိုးအထူးကုဆရာဝန်အဖြစ်ဆေးရုံမှာတာဝန်ကျနေပြီလို့ ကျွန်မသူငယ်ချင်းကပြောတော့ ကျွန်မအတိုင်းမသိဝမ်းသာမိသည်။ ပြီးတော့ သူငယ်ချင်းကဆက်ပြီး

`ဟဲ့..၊သူ့ဆီမှာ..မိန်းမရှိနေပြီလားလို့၊ နင်မသိချင်ဘူးလား`တဲ့။

ကျွန်မထိုကိစ္စကိုလုံးလုံးပင်မစဉ်းစားခဲ့မိပါ။ ဟုတ်ပါသည်။ ယခုဆိုလျှင် သူ့မှာသားနှင့်မယားနှင့် ဘဝခရီးလမ်းကို ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနေပေလိမ့်မည်။

၇။

မည်မျှပင်အချိန်များကြာညောင်းခဲ့ပါစေ။ အဝေးမှာလှမ်းမြင်နေရသည့် လူကတော့ သူပဲဖြစ်ပါလိမ့်မည်။ သူ့ပုံစံကတော့ အရင်အတိုင်းပုဆိုးကို ခပ်တိုတို ဝတ်ထားတုန်းပင်ဖြစ်သည်။

ဟော..ဆရာမထွက်လာပြီ။

`သားနဲ့သမီး…၊လာကြလေ..၊ဆရာမတွေကိုကန်တော့ကြတော့မယ်`

သည်နေ့သူနှင့် ကျွန်မပြန်ဆုံဖြစ်ခဲ့သည်က ကျွန်မတို့ အမှတ်(၁)၊အခြေခံပညာ အထက်တန်းကျောင်း၏ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲရှိသောကြောင့်ပင်။ ဆရာမ၏ လှမ်းခေါ်မှုကြောင့် ကျွန်မလည်း သူ့ရှေ့ကခပ်သုတ်သုတ်ဖြတ်သွားပြီး ကျောင်းထဲဝင်လိုက်သည်။ သူကျွန်မကို ခေါ်မှခေါ်ပါလေစ။

`အစ်မ….`

ဟော..သူနှင့် ကျွန်မ စိတ်ချင်းဆက်နေကြတာလားဟင်။ မည်သည့်အချိန်ကတည်းက သူ့ခေါ်သံကို တမ်းတနေမိသည်ဆိုသည်ကို သူခေါ်လိုက်တော့မှပဲ သိသွားရပါတော့သည်။ ကျွန်မခြေလှမ်းများကို တန့်လိုက်တော့ သူကျွန်မအနားကို ရောက်လာပြီး

`အစ်မ…၊ကျွန်တော်အစ်မကို..မျှော်လင့်နေတုန်းပဲနော်`လို့ တိုးတိုးညင်ညင်လေးပြောလိုက်တော့ ကျွန်မခေါင်းငုံ့ထားရာမှသူ့ကို မော့ကြည့်လိုက်သည်။ သူကလည်း ကျွန်မကိုကြည့်ရင်း အရောင်အသွေးမတူညီသောမျက်ဝန်းလေးတွေ ကြာရှည်စွာ ဆုံစည်းသွားကြသည်။ ပြီးတော့ကျွန်မသူ့ကို ပြုံးပြလိုက်တယ်။ ကျွန်မမျက်ဝန်းကမျက်ရည်စတွေကို သူမြင်မှာပါနော်။

(၂.၅.၀၉)

 

About Mon Lay

Mon Lay has written 441 post in this Website..