နှစ်သစ်ကူး အခါသမယ သမ္မတကြီး၏ နှစ်ကူးမိန် ့ခွန်း

ဦး ဂ်စ္April 14, 20131min720
 နှစ်သစ်ကူး အခါသမယ သမ္မတကြီး၏ နှစ်ကူးမိန် ့ခွန်း

နှစ်သစ်ကူး အခါသမယ သမ္မတကြီး၏ နှစ်ကူးမိန် ့ခွန်း
မိဘပြည်သူများခင်ဗျားယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ် ဝှမ်းရှိ နေ ရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။
ယခုလို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။
ယခုလို နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်သစ်မင်္ဂလာမှာ ကျွန်တော့် အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အဓိက ပြောကြားလိုတာကတော့ ယခင်နှစ်က ဒီမိုကရေစီအရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့်အတူ လူမှုရေး အထင်အမြင်လွဲမှားမှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဆိုတဲ့ အမည်းစက်တွေကို အတာသင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုခြင်းပဲ ဖြစ်ပါတယ်။
ယခုလို အလေးအနက် တိုက်တွန်းပြောကြားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမှုရေး သဟဇာတရှိရှိ အတူယှဉ်တွဲ နေခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ အမျိုးသားရေး အစဉ်အလာကို အခြေခံပြီး ပြောကြားရခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့ လူ့အဖွဲ့အစည်းဟာ အခက်အခဲ အကျပ်အတည်းများနဲ့ စိန်ခေါ်မှု များစွာကို အတူလက်တွဲ ကျော်လွှားခဲ့ကြတာဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အယူအဆ ပေါင်းစုံ သဟဇာတ ဖြစ်ဖြစ် နေထိုင်နိုင်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် တက်လှမ်း နိုင်ခဲ့ တာဖြစ်ပါတယ်။
ယနေ့ မိမိတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ် ဆိုရင်လည်း ပိုမိုပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက် နေတာဖြစ်တဲ့အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲအကျပ်အတည်းနဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ကျော်လွှားတဲ့အခါမှာ အမျိုးသားစည်းလုံးမှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီမိုကရေစီတည်ဆောက်ရေးကို လက်တွဲချီတက်ခဲ့ကြတာ နှစ်နှစ်ကျော် ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ မျှော်မှန်းမထားနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို တက်လှမ်းနိုင်ခဲ့ သလို မျှော်လင့်မထားခဲ့တဲ့ ဝမ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်တွေလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒီရေရှည်တည်ဆောက်ရမယ့် ဒီမိုကရေစီ ခရီးရှည်ကြီးမှာ အခုရရှိထားတဲ့ အောင်မြင်မှုတွေကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူကာ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား
ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပြင်ဆင်တယ်ဆိုရာမှာလည်း မိမိတို့လူ့ အဖွဲ့အစည်း တရပ်လုံးအနေနဲ့ စိတ်ရှည်မှု၊ သည်းခံမှု၊ ဇွဲရှိမှုတွေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
မိမိတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့အတွက် မြန်မာ့ရိုးရာသင်္ကြန်ရက် အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်းတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်သွားကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ အတာရေသဘင် ပက်ဖျန်းတဲ့ နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ မိဘပြည်သူများ စိတ်နှစ်လုံး အေးချမ်းသာယာစွာ ရှိကြစေဖို့ ကျွန်တော့်အနေနဲ့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက် အဖျက်လုပ်ရပ်များကိုလည်း ဤသင်္ကြန်ကာလမှာ သတိထား ကာကွယ်သွား ကြပါရန်တိုက်တွန်းအပ် ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။
မြဝတီ