ကဗျာဆရာနှင့် ဘဝ ယုံကြည်ချက် / ဖြတ်သန်းမှုများ

 

 

သကြားလုံးကို သင်ကြားဖူးပါသလား။ အချိုဆိုသော ဝေါဟာရကို သင်ကြားဖူးပါသလား။ ဒီနှစ်ခုလုံးကို သင်မကြားဖူးပါက သင့်ကို ကျွန်တော် သကြားလုံး ကျွေးမည်။ သင် ထိုအရသာကို ကျွန်တော့်ကို ပြန်ပြောပြပါ။

ကျွန်တော်တို့အားလုံး ကဗျာတွေ၊ စာတွေ ရေးကြသည်။ LP ကို ဘယ်သူ တင်သွင်းသည်။ Neo ကို ဘယ်သူ တီထွင်သည်။ တစ်ချို့က Digital Poetry စသဖြင့် ကဗျာတွေ ပုံစံစုံသလို အက်ဆေးပိုင်း၊ ဝတ္ထုပိုင်းတွင်လည်း ပုံစံအသစ်၊ အကြောင်းအရာ သစ်တွေကို တင်သွင်းသူ တင်သွင်းလာကြသလို၊ မြန်မာမှု မြန်မာ့ဟန်များနှင့် ပေါင်းစပ် ဖန်တီးလာကြသည်။ ကျွန်တော်ကတော့ သကြားလုံးနှင့် အချိုအကြောင်း မသိသူလိုသာ သူတို့ ပြောသမျှ ဘာမှန်းလည်း သေချာမသိ။ ကျွန်တော်ပြန်ပြောပြလျှင်လည်း အချိုဆိုသော ဝေါဟာရ တစ်ခု မပါသ၍ အချိုကို မည်သို့ ခံစားရကြောင်း ရှင်းရခက်သလို တဝဲလည်လည်ကြီး ဖြစ်နေတော့သည်။

ယနေ့ မြန်မာ ကဗျာလောကတွင် ဟု ကျွန်တော်က အစချီလိုက်ရုံနှင့် ကဗျာလောကကြီးမှ လူတစ်စုက ကျွန်တော် ဘာလဲ၊ ဘယ်အဆင့်လဲဟု ကြိုတွေးနေရော့မည်။ ထို့ကြောင့် ထိုစကားလုံးကို ကျွန်တော် ရှောင်ပါမည်။

 

ယဉ်ကျေးမှုနှင့် ကဗျာဆရာ

 

ကဗျာဆရာသည် ကဗျာ ရေးသည်။ ဖန်တီးသည်။ လောကကမာ္ဘကို သူခံစားသည်။ ပုံရိပ်များကို နိမိတ်ပုံအဖြစ် (အချို့) ပြောင်းသည်။ အချို့က စကားလုံးတွေ အဖြစ်ပြောင်းသည်။ ပါဒတွေ အဖြစ် သီကုံးသည်။ ယဉ်ကျေးမှုသည် လူ့ယဉ်ကျေးမှုကို ဆိုလိုသည်။ ထိုအခါ ကဗျာဆရာသည် လူဖြစ်နေသဖြင့် လူ့ယဉ်ကျေးမှုနှင့် ပတ်သက်မှု ရှိသည်။ သို့သော် ကျွန်တော်တို့ ပြောနေကျ လူ့ယဉ်ကျေးမှုဟူသော ဝေါဟာရ အနက်ကို ပြည့်စုံသည် မဟုတ်ရင်တောင် အနည်းငယ်တော့ ရှင်းလင်းစွာ မြင်တတ်ဖို့လိုလာသည်။

ယနေ့ခေတ်သည် အပွင့် ခေတ် ဖြစ်သည်။ အပွင့်ဆိုသည်မှာ ပွင့်လင်းမှုကို ဆိုလိုလေသည်။ ကမာ္ဘကြီးသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုတွေ စီးဆင်းလာသည်။ စီးဆင်းနေသည်။ ထိုအခါ မူလက ရှိရင်း ယဉ်ကျေးမှု အဟောင်းနှင့် တခြားတစ်ခုဆီက စီးဆင်းလာသော ယဉ်ကျေးမှုအသစ်တို့ ဓါတ်ပြုကြသည်။ ပေါင်းစပ်ကြသည်။

ဒီနေရာတွင် သချင်္ာသဘောတရား တစ်ခုကို ရှင်းရဖွယ် ရှိပါသည်။

သချင်္ာပညာရပ်တွင် The Fallacy, Mistake ဆိုတာ ရှိသည်။ မြန်မာမှုပြုရရင်တော့ အမှားကို အမှန်ထင်အောင် အထင်မှား အမြင်မှားဖြစ်အောင် သက်သေပြခြင်း လို့ ဆိုရမည်။ Fallacy ကို ဥပမာပေးတဲ့ အထဲက အထင်ရှားဆုံးတစ်ခု ရှိပါသည်။ တစ်ဟာ နှစ်နှင့် ညီတယ်လို့ သက်သေပြထားတာပါ။

Proof of 1 = 2

x = y

x2 = xy

x2y2 = xy – y2

(x + y)(x – y) = y(x – y)

x + y = y

1 + 1 = 1

2 = 1

Fallacy အရ တစ်နဲ့ နှစ်ဟာ ညီမျှ သွားပါပြီ။ ဒါပေမယ့် သူသက်သေပြသွားတာ လိမ်ညာပြီး သက်သေပြသွားတာ မဟုတ်ဘူး။ တစ်ဆင့်ချင်းမှာ အမှန်တရားရှိနေတယ်ဆိုတာ တွေ့ရလိမ့်မည်။

တကယ်တမ်းတော့ တစ်နှင့် နှစ် မညီကြသလို နိုင်ငံတစ်နိုင်ငံမှ ယဉ်ကျေးမှုနှင့် တခြားနိုင်ငံမှ ယဉ်ကျေးမှုဆိုတာလည်း မတူညီနိုင်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ ညီအောင် သက်သေပြကြပါသည်။ ကဗျာဆရာဟာ ယဉ်ကျေးမှုကို သူကိုယ်တိုင် ကျင့်သုံးပိုင်ခွင့် ရှိပေမယ့် ကဗျာအပေါ်မှာတော့ ထိုယဉ်ကျေးမှုကို ထည့်သုံးပိုင်ခွင့် ရှိပါသလား။ ကဗျာဆရာသည် လူချင်းတွေ့ ပါးချင်းအပ်လို့ နှုတ်ဆက်သည့် ယဉ်ကျေးမှုကို ကဗျာထဲမှာ ထည့်သုံးခွင့် ရှိပါသလား။ တကယ်တမ်းတော့ ထိုအချက်သည် ကဗျာဆရာရဲ့ လွတ်လပ်ပိုင်ခွင့်သာ ဖြစ်လေသည်။

ပါးချင်းအပ်သည်မှ မဟုတ် Living Together အထိ ကဗျာ ဖြစ်ခွင့် ရှိနေနိုင်သည်။ သို့သော် ပါးချင်းအပ်သည့် ယဉ်ကျေးမှုသည် ကျွန်တော်တို့အတွက် ညီမျှသည်ဟု ကဗျာဆရာသည် Fallcy ကို သုံးနိုင်သည်။ သက်သေပြချက်နှင့် ကျိုးကြောင်းခိုင်လုံမှု ရှိရမည်။ သို့မဟုတ်ပါက ကဗျာဆရာသည် အချိုဝေါဟာရကို မသိဘဲ ချိုသည်ဟု ပြောနေသလို (သို့မဟုတ်) ချိုသည်ဟူသော အရသာကို မသိပါဘဲ အချိုဟူသော ဝေါဟာရကိုသာ သိသူလို ဖြစ်နေမည် ထင်သည်။

ကျွန်တော်က သချာင်္ သဘောတရား နောက်တစ်ခုနှင့် ထိုအချက်ကို ရှင်းပြပါမည်။

တစ်ဟာ နှစ်နဲ့ မညီပါဘူး။ ဒါပေမယ့် အထက်ကနည်း ကို မသုံးဘဲ ညီအောင် သက်သေပြပါမည်။

2 x 0 = 0

1 x 0 = 0

2 x 0 = 1 x 0

2 = 1

ကဗျာဆရာသည် သုညကို စစ်ကူခေါ်ပါသည်။ တနည်းအားဖြင့် သူ့ခံစားမှု ဝါဒီနှင့် သူတတ်ကျွမ်းသည့် စကားလုံး အတတ်ပညာ၊ ဘာသာစကား သို့မဟုတ် ဖြစ်တည်မှုဝါဒီများကို ကဗျာဆရာသည် သုညနှင့် မြှောက်သကဲ့သို့ စစ်ကူခေါ်၍ သက်သေပြခြင်း ဖြစ်နိုင်သည်။

 

သို့သော် တစ်ချို့သော ရယ်စရာ အဖြစ်အပျက်များလည်း ရှိသေးသည်။ အောက်ပါအတိုင်း ဖြေရှင်းကြသော သူများ သင်တွေ့ဖူးလိမ့်မည်။

 

ငင

 

အချုပ်အားဖြင့် ကဗျာဆရာသည် လူ့ယဉ်ကျေးမှုနှင့် ဆက်နွယ်မှု ရှိနေသည့်တိုင် ကဗျာအပေါ်မှာ ယဉ်ကျေးရမည်။ ကဗျာဆရာသည် လူ့ယဉ်ကျေးမှု မရှိဘဲ နေခြင်းက ကဗျာ ဖြစ်တည်မှုနှင့် တိုက်ရိုက်မဆိုင်၊ ကဗျာဆရာနှင့် သူ့ကဗျာအပေါ်မှာ ပရိတ်သတ်မှ သက်ရောက်မည့် လေးစားမှုများနှင့်သာ ဆိုင်နိုင်သည်။ ကဗျာဆရာအပေါ် မလေးစားဘဲ ကဗျာအပေါ်မှာသာ လေးစားကြသော ပရိတ်သတ်နှင့် ကဗျာဆရာနှင့် ကဗျာ ရောထွေး ဆက်ဆံကြသော ပရိတ်သတ် နှစ်မျိုးအပေါ် ကဗျာဆရာသည် အသိရှိရမည်ဟု ထင်မိသည်။

 

ဘာသာတရားနှင့် ကဗျာဆရာ

 

ရှေးအခါကမှစ၍ စာဆိုတော် ဘုန်းကြီးများ ကဗျာရေးခဲ့ကြသည်။ ခရစ်တော် ဘုန်းကြီးများ ကဗျာရေးခဲ့ကြသည်။ သိပ္ပံပညာရှင်များလည်း ကဗျာရေးကြသည်။ မယ်သီလများလည်း ကဗျာရေးခဲ့ကြသည်။ နိုင်ငံရေး ခေါင်းဆောင်များလည်း ကဗျာရေးခဲ့ကြသည်။ နေကို ကိုးကွယ်သူများလည်း ကဗျာရေးခဲ့ကြသည်။ နတ်ဘုရားကို ကိုးကွယ်သူများလည်း ကဗျာရေးခဲ့ကြသည်။ ဘာသာတရားတစ်ခုမျှ မကိုးကွယ်သူများလည်း ကဗျာရေးခဲ့ကြသည်။

မည်သူသည် မည်သို့ပဲ ရေးရေး ကဗျာက ကဗျာသာ ဖြစ်သည်။

သူကိုးကွယ် ယုံကြည်ထားသော အချက်ကို လူအများ လိုက်ယုံအောင်ရေးမှ ကဗျာ ဖြစ်တာမဟုတ်။ သူ့ယုံကြည်ချက်အပေါ် သံဝေဂ ရလျှင်လည်း ကဗျာဖြစ်သည်။ သို့မဟုတ် သူ့ယုံကြည်ချက်ကို သူ ချပြရုံလည်း ကဗျာ ဖြစ်သေးသည်။

သို့သော် ကဗျာဆရာသည် တပါးသူ၏ ယုံကြည်ချက်ကို နှောင့်ယှက်ဖျက်စီးရန် ကဗျာရေးလျှင်မှု ကဗျာကတော့ ကဗျာပဲ ဖြစ်သည်။ သို့သော် ကဗျာဆရာသည် အထက်က ပြောခဲ့သည် လူ့ယဉ်ကျေးမှုကို Fallacy အရ မရမက သက်သေပြဖို့ ကြိုးစားတာပဲဟု ထင်မိသည်။

ကဗျာဆရာသည် ဘာသာတရားနှင့် မကင်းလွတ်သည့်တိုင် ကဗျာသည် ဘာသာတရားနှင့် ကင်းလွတ်ကောင်း ကင်းလွတ်နိုင်သည်။ ကင်းလွတ်သည် ဆိုခြင်းထက် လွတ်လပ်သည်ဟု ဆိုခြင်း ဖြစ်သည်။ လွတ်လပ်သည် ဆိုခြင်းထက် မှီခိုခြင်း ကင်းသည်ဟု ထပ်၍ ဆိုနိုင်ပါသည်။ ဒီနေရာတွင် Freedom မဟုတ်ဘဲ Independence ဟု ထင်မြင်စေလိုသည်။ လူ့ယဉ်ကျေးမှုနှင့်လည်း ထိုအတိုင်း independence ရှိနိုင်သည်။

ကဗျာဆရာသည် လွတ်လပ်ရမည်။ လွတ်လပ်မှုသည် ဒီအတိုင်း လွတ်လပ်ပစ်လိုက်လို့ မရပါ။ မှီခိုခြင်း ကင်းရမည် ဖြစ်သည်။ မှီခိုခြင်း ကင်းရန် ကဗျာဆရာသည် သူကိုယ်တိုင် ရပ်တည်မှု ရှိရမည်။ သူကိုယ်တိုင် စည်းချရမည်။ သူကိုယ်တိုင် အဆောက်အဦကို တည်ဆောက်၍ သူကိုယ်တိုင် အပင်စိုက်ရမည်။ ကဗျာဆရာသည် ကဗျာအပေါ်တွင် တခြားသူများ ပြဌာန်းချက်များအပေါ် ကိုးကားနိုင်သော်လည်း သူကိုယ်တိုင် လွတ်လပ်ရန်အတွက်ငှာ ကိုးကားချက်များအပေါ် အလိုက်သင့် အလွယ်လေး ယုံကြည်၍ မသေချာသော အချက်များကို ပြဌာန်းရန်ကား မသင့်ဟု ထင်သည်။

 

ကဗျာဆရာတွေ နှင့် လည်ပတ်လျက် ထုံတမ်းစဉ်လာများ

 

တစ်ချိန်က ကျွန်တော်တို့ ဆံပင်ရှည်ထား၍ ယောင်ထုံးကြမှ ယောက်ျားပီသသည်။ နောက်တော့ ဆံရှည်ထားလျှင် လမ်းသရဲ ဖြစ်သွားသည်။ တစ်ချိန်က ကျွန်တော်တို့ ဘောင်းဘီဝတ်ကြသည်။ နောက်တော့ အိန္ဒိယမှဆင်းသက်လာသော ပုဆိုး ၊ လုံချည်ဝတ်မှ ယဉ်ကျေးမှု ရှိသည်ဟု ဆိုလာသည်။ တစ်ချိန်က ဒါပေမဲ့ ဟု သုံးသည်။ နောက်တော့ ဒါပေမယ့် ပြန်သည်။ အားလုံးပြောင်းလဲ နေသော ယဉ်ကျေးမှုနှင့် ဆိုရိုးများသည် လှည်းဝင်ရိုးလို လည်လျက်သာ ရှိသည်။ ရှေ့မျိုးစက်က လူအများလက်ခံသော ယဉ်ကျေးမှုသည် ယခုကျွန်တော်တို့အတွက် ထုံးတမ်းစဉ်လာ ဖြစ်လာသည်။

ပြဌာန်းစာအုပ်တွင် ပြဌာန်းလိုက်ရုံမျှဖြင့် ကဗျာဆရာများသည် အမှန်တရားဟု မယုံကြည်ကြပါ။ ဒါသည်ပင် ကဗျာဆရာတို့၏ မှီခိုခြင်း ကင်းခြင်းထဲက တစ်ခု ဖြစ်သည်။

စစ်မှန်သော ကဗျာဆရာသည် သူလက်ခံသော လူ့ယဉ်ကျေးမှုကို ကာကွယ်လို့ရသည်။ သို့သော် သူမဟုတ်သည့် တစ်ပါးသူ လက်ခံသော ယဉ်ကျေးမှုကိုတော့ မစော်ကားကြပါ။ စစ်မှန်သော ကဗျာဆရာသည် သူလက်ခံသော ဘာသာတရားကို ကာကွယ်လို့ရသည်။ သို့သော် တစ်ပါးသူ လက်ခံသည့် ဘာသာတရားကို မစော်ကားကြ။

ကဗျာဆရာသည် သူ့ဓါးကို သူသွေးသည်။ သူ့ဒိုင်းကို လုံအောင်လုပ်သည်။ ဓါးတစ်ချက်ဝေ့တိုင်း ကဗျာတွေ ထွက်လာသည်။ ဒိုင်းတစ်ချက်ကာတိုင်း ကဗျာတွေ ထွက်လာသည်။ ကဗျာဆရာသည် ကဗျာဆန်စရာမလို။ ကဗျာဆရာသည် နာမည်ကြီးဖို့ လုပ်စရာမလို။ ကဗျာဆရာသည် သီအိုရီအသစ် ထုတ်ဖို့ပဲ ကြိုးစားသူမဟုတ်။ ကဗျာဆရာသည် လူ့သမိုင်းကို သိသည်။ အနာဂတ်ကို ကောင်းစေချင်သည်။ သို့သော် လက်တွေ့ကျကျ ခေတ်ကိုပဲ ဖေါ်သည်။ သရော်သည်။ ဖွင့်သည်။

ကဗျာဆရာသည် ပုဆိုးဝတ်ချင် ဝတ်မည်။ ဘောင်းဘီ ဝတ်ချင် ဝတ်မည်။ နှုတ်ခမ်းမွေး ထားချင် ထားမည်။ ဆံပင်ရှည်ထားချင်ထားမည်။ လွယ်အိတ်လွယ်ချင် လွယ်မည်။ တီရှပ် ဝတ်ချင် ဝတ်မည်။ တက်တူး ထိုးချင်ထိုးမည်။ သို့သော် ကဗျာအပေါ် သစ္စာရှိကြသည်။ ကဗျာဆရာသည် ပြာယာခတ်ချင်လည်း ခတ်နေမည်။ သတိမမူတာတွေ ရှိကောင်းရှိမည်။ သို့သော် ကဗျာအပေါ်မှာတော့ အလေးအနက်ထားကြသည်။

ကဗျာဆရာတွေ အရက်သောက်ကြသည်။ ကဗျာဆရာတွေ အရက်မသောက်ကြ။ ကဗျာဆရာတွေ ရမ်းကားသည်။ ကဗျာဆရာတွေ မရမ်းကားကြ။ ကောင်းမှုနှင့် မကောင်းမှုသည် ကဗျာဆရာတို့ ခွဲခြား သိနှင့် နေပြီးသားဖြစ်သည်။

 

ကဗျာဆရာတွေနဲ့ ဘဝယုံကြည်ချက် ဖြတ်သန်းမှု

 

ကဗျာဆရာတစ်ချို့ လူ့သံဝေဂကို တေးဖေါ်ကြသည်။ ကဗျာဆရာတစ်ချို့က လူ့ယဉ်ကျေးမှုကို သရုပ်ဖေါ်ကြသည်။ အရက်သောက်သော ကဗျာဆရာက အရက်ထဲက အတွေးကို ချပြကြသည်။ တေးရေး ကဗျာဆရာက ဂီတထဲက တေးသံတစ်ချို့နှင့် ကဗျာဖွဲ့ကြသည်။ ပန်းချီသမား ကဗျာဆရာက ပန်းချီထဲက အရောင်တွေဖြင့် ကဗျာကို ပုံဖေါ်သည်။ ဘာပဲ ဖြစ်ဖြစ် ကဗျာဆရာများသည် ကဗျာတစ်ပုဒ်ကို ခေါင်းစဉ်တပ်ကြသလို ကဗျာများကိုလည်း တူရာ တူရာ လိုက်စု / တု ကြသည်လည်း ရှိသည်။

ကဗျာဆရာ လှသန်းက အောက်ပါကဗျာကို ရေးခဲ့သည်။

 

ဝန်ခံခြင်း
“ဘယ်သူဟာ
သွားကြားထိုးနေရင်း
ပဲခူးရိုးမထဲက ဝါးရုံတောကြီးကို သတိရကြမှာလဲ
အတွေးတွေကို ဆန့်မထုတ်နိုင်သေးသ၍
ကျွန်ုပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်” ဟု။

 

 

သူ့ကဗျာ ခေါင်းစဉ်သည် ဝန်ခံခြင်း ဖြစ်သည်။ ကဗျာခေါင်းစဉ်က စ၍ ရိုးသားမှု ကို မြင်ရ၊ ခံစားရသည်။ ကဗျာဆရာသည် သူဘာကို ဝန်ခံချင်ပါသနည်း။ သို့မဟုတ် တခြားသူတွေကို ဝန်ခံစေချင်သည်လား။ ကျွန်တော်တို့ကကော သွားကြားထိုးရင်း ပဲခူးရိုးမထဲမှ ဝါးရုံတောကို သတိရကြသူတွေလား။ မေ့ထားကြသူတွေလား။ ကျွန်တော်တို့ ညံ့ခဲ့ကြတာ သေချာတယ် ဟု ကဗျာကို သိမ်းသည်။

 

ဘာပဲဖြစ်ဖြစ် ကဗျာသည် ခေတ်ကို ပြသည်။ ကဗျာကို ဖတ်၍ ခေတ်ကို မြင်သည်။ ပုဂံခေတ်၊ အင်းဝခေတ်မှသည် စစ်အပြီးခေတ်၊ တော်လှန်ရေးခေတ်၊ ရှစ်လေးလုံးခေတ်အထိ။ အာဏာရှင်ကို တော်လှန်သည့် ကဗျာ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ထောက်ခဲ့ကြသော ကဗျာ၊ နိုင်ငံရေးကို မီးမောင်းထိုးသည့် ကဗျာ၊ လူငယ်တွေဘဝကို ထင်ဟပ်ပေးသော ကဗျာများ၊ ကဗျာများ။ မောင်ချောနွယ်က ဆတ်သွား ကို ရေးခဲ့သည်။ ခရမ်းပြာထက်လူက ငါတို့ လူငယ်ဘဝ ကို ပြခဲ့သည်။ တာရာမင်းဝေက မီးတောက်ရစ်သမ်ကို တီးခဲ့သည်။ ကျောင်းဖွင့်ချိန်ကို ခေါင်းလောင်းထိုးခဲ့သည်။

ကျွန်တော်တို့ ကဗျာဆရာတွေ ဘယ်ဆီကိုလဲ။

ကျွန်တော်တို့ ကဗျာဆရာတွေ ဘာအကြောင်း ကဗျာရေးကြမလဲ။

ကျွန်တော်တို့ ကဗျာဆရာတွေ ကဗျာအပေါ် မည်၍ မည်မျှ သစ္စာထားကြမလဲ။

ကျွန်တော်တို့ ကဗျာဆရာတွေ ခေတ်ထဲ .. မြို့ပြထဲ .. နိုင်ငံထဲ .. ဘာတွေကို တွေးနေကြသလဲ။

ကျွန်တော်တို့ ကဗျာဆရာတွေ ခေတ်ကို သရော်ခဲ့ကြ၊ ဆဲခဲ့ကြ။

ထိုမှ တဖန် ကျွန်တော်တို့ ကဗျာဆရာတွေ တစ်ပါးသူ ယုံကြည်ချက်ထဲသို့ ဝင်ရောက် စွက်ဖက် ထိုင်ဆဲနေကြ။

တစ်ချို့ ကဗျာဆရာသည် ခေတ်ကိုသာ ရှေ့တန်းတင်သည်။

တစ်ချို့ ကဗျာဆရာသည် ကဗျာဆရာနာမည်ကို ရှေ့တန်းတင်သည်။

တစ်ချို့ ကဗျာဆရာသည် သူ့စေတနာနှင့် အတတ်ပညာကို ရှေ့တန်းတင်သည်။

တစ်ချို့ ကဗျာဆရာသည် သူ့ယုံကြည်ရာ လူ့ယဉ်ကျေးမှုနှင့် သူ့ဘာသာတရားကို ရှေ့တန်းတင်သည်။

တစ်ချို့ ကဗျာဆရာသည် တစ်ပါးသူတို့၏ ယုံကြည်ချက်ကို လိုက်လံ တိုက်ခိုက်သည်။

တစ်ချို့က ခေါင်းစဉ်နှင့် တစ်ချို့က အုပ်စုနှင့် တစ်ချို့က အရပ်ဒေသ စွဲနှင့်။

တစ်ချို့ကတော့ ကဗျာသာ ရှိသည်။ ဘာမျှ မရှိ ကြ။

 

လေးစားစွာဖြင့်

ရင်နင့်အောင်

 

 

 

 

 

One comment

  • အလင်းဆက်

    April 15, 2013 at 6:12 pm

    ဒီလို…ကဗျာ / စာ သဘောတရားတွေ
    တင်ပြ ဆွေးနွေးမယ့်သူတွေ အများကြီးလိုနေပါတယ် ။
    ဒါမျိုး.ပြောကြ ဆိုကြတာဟာ.. မြန်မာကဗျာလေးက တိုးတက်ရာတိုးတက်ကြောင်း တစ်ခုပါပဲ ။
    တင်ပြ ကြ / ဆွေးနွေးြကြတဲ ့ သဘောတရားတွေ မှားတယ် မှန်တယ်ဆိုတာက…
    အချိန်တစ်ချိန်မှာ.. မှားတာတွေ..ဝေးလွင့်ကွယ်ပျောက်သွားပြီး.မှန်တာတွေ ကျန်နေခဲ့မှာ အသေအချာပါပဲ ။
    ဒီတော့..
    ပြောကြပါဗျာ ။
    —————
    ကျွန်တော်တော့..
    ကဗျာအယူအဆတွေ / ကဗျာသဘောတရားတွေ နဲ ့
    ကဗျာအကြောင်း ပြောကြဆိုကြတာတွေ တွေ ့ရင်…
    စိတ်လည်း..ဝင်စားတယ် ။
    ဖတ်ခွင့်ရတာ..ပြောခွင့်ရနေကြတာလေး တွေ ့ပြီး.ဝမ်းလည်းသာတယ် ။
    နောက်ထပ်လည်း…ကဗျာအကြောင်းတွေ.. ပြောကြပါဦးလို ့သာ. လိုက်ပြောချင်တယ် ။
    သိချင်သေးလို ့။
    ကဗျာအကြောင်းတွေ ဖတ်နေချင်သေးလို ့။

    ကဗျာ သဘောတရားနဲ ့ စာပေ သဘောတရားတွေကို စိတ်ဝင်စားပြီး. မြတ်နိုးလေးစားမိတာက တစ်ပိုင်း
    ကဗျာ အမျိုးမျိုးကို.. ခံစားမှု စွမ်းရည် အမျိုးမျိုး.မြှင့်ပြီး…ခံစား / လေ့လာနေချင်တာက တစ်ပိုင်း

    အဲ..
    ..ကဗျာကို ချစ် / ကဗျာ့ သဘောတရားတွေကို ချစ်လွန်းပေမယ့်..
    ကိုယ်တိုင် ကဗျာတွေ ရေးဖို ့….ဆိုတာကတော့…..
    ကျွန်တော့်အတွက် ဝေးနေသေးတယ် ဗျာ ။
    ကဗျာမှာ…
    ကျွန်တော်..တော်တော် ညံ့သေးတယ် ။
    ဒါကြောင့်…
    သိချင်သေးတယ် ။
    ဒါကြောင့်….

    ကဗျာ့အကြောင်းတွေ ပြောကြပါဦး

    လေးစားစွာဖြင့်
    အလက်ဆင်း

Leave a Reply