နွေနေပူတဲ့ သင်္ကြန်ရက်ထဲမှာ အမေ့ရဲ့ စုဘူးလေးကွဲခဲ့
အဲဒီနေ့
အတာဆေးမိုးများ ရွာသွန်းခဲ့ပါရဲ့လား
ခြေချခဲ့
ရှူရှိုက်ခဲ့
ရင်ငွေ့လှူံပြီး ဂျီကျခဲ့တာတွေလည်း ရှိခဲ့
ခြေလှမ်းသင်ကာစ  ပစ်ထားတုန်းက
အမေ့ရဲ့ ဒုက္ခအိုးလေးဟာ
ခြေလှမ်းတွေလည်း ကျဲလာတတ်
အဖေကတော့ အဖေပီသစွာပဲ
သူ့ချစ်ခြင်းကို ပါးပါးလေး အုံဖွဲ့ပြတယ်
ဆက်ရန်တွေ တောထလွန်းတဲ့ အထဲ
မှာတမ်းတွေ ခြွေပါရစေ
ဒီလိုနေ့ရဲ့ အဆုံးသတ် တစ်နေ့မှာတော့
ကိုယ့်သားသမီးကို ယုံကြည်နေကျအတိုင်း
ကောင်းရာပဲ ရောက်လိမ့်မယ်လို့ ဖော့ပြီးတွေးပေးပေါ့
ရေတွင်းကြီးကြီးတစ်ခု မတူးပေးနိုင်ပေမယ့်
ရေအေးအေးလေးတစ်ခွက် ခပ်တိုက်ဖို့ ကြိုးစားခဲ့တယ်လေ
ဟိုးးဝေးဝေးက  သူငယ်ချင်းရေ
နင် ကြွေးကြော်တာကို ငါ အရင်သွားဖြစ်ခဲ့ရင်
စိတ်တော့ မဆိုးနဲ့
ငါ့ နှလုံးသားလေးကတော့
တော်ရာမှာ ပျော်အောင် နေ နေတတ်ပါလိမ့်မယ်
မျက်ရည်တွေ ကျနေပေမယ့်လည်း
ဘာကြိုးမှ  ချည်နှောင်မထားတဲ့
စိတ်လေး တစ်ခုပဲ သယ်ဆောင်သွားချင်တော့တယ်..။ ။

( ၁၆.၄.၂၀၁၃ မွေးနေ့ အမှတ်တရ )

 

အရိပ်စစ်

About အရိပ်စစ်

hninnu zin has written 23 post in this Website..