++++++++++++++++++++++++++++++

တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ စာအုပ် အဟောင်းဆိုင် တစ်ဆိုင်မှ ဝယ်ယူလာခဲ့သော စာအုပ်ထူကြီး တစ်အုပ်အား ဦးမိုးညို ကုန်စုံဆိုင်မှ ဝယ်ယူထားသည့် “ဂျိုးသိန်း” ဆေးပေါ့လိပ်ဟူသည့် အမြည်းနှင့် ဇိမ်ပြေနပြေ ဖတ်ရှုလျှက် ရှိနေပေသည်။ အဆိုပါ စာအုပ်ထူကြီးမှာ သားရေဖုံးဖြင့် သေချာစွာ အကျအန ထုပ်ပိုးထားသည်ကို ထောက်ရှုသဖြင့် စာအုပ်ပိုင်ရှင်မှာ လွန်စွာမှ သေသပ်စွာ နေတတ်သူ တစ်ဦး၏ စာအုပ်ဖြစ်ကြောင်းကို ငြင်းဖွယ် မရှိပါပေ။

စာအုပ်ကြီး၏ ပထမဆုံး စာမျက်နှာတွင် “မောင်ဘဖြူ၏ မှတ်တမ်း” ဟူသော စာလုံးကြီးကို ရေးထိုးထားလေသည်။ အတွင်း စာမျက်နှာ များတွင်မူ လွန်စွာ ထိတ်လန့်ဖွယ်ရာ ကောင်းသော၊ လွန်စွာ အံ့သြဖွယ်ရာ ကောင်းသော၊ လွန်စွာ ဆန်းကြယ်သော ကိုယ်တွေ့ အကြောင်းအရာများကို မှတ်တမ်းပြု ရေးသားထားသည်ကိုလည်း တွေ့ရလေ၏။

အဆိုပါ “မောင်ဘဖြူ၏ မှတ်တမ်း” စာအုပ်ကြီး၏ ဒုတိယ စာမျက်နှာတွင်မူ လှပဝိုင်းစက်သော လက်ရေးမူဖြင့် ဤသို့ ရေးထားသည်ကိုလည်း တွေ့ရလေသည်။ ထိုသော လက်ရေးများမှာ ကျွန်ုပ် သက်တမ်းတစ်လျှောက် တွေ့ဖူးသမျှထဲတွင် အလှပ၊ အဝိုင်းစက်ဆုံး ဟူ၍ပင် ဆိုနိုင်လေသည်။ ရေးထားပုံမှာကား ဤသို့ ဖြစ်လေ၏။

“………….
ကျွန်ုပ် မောင်ဘဖြူသည် ငယ်စဉ်အရွယ်မှ စ၍ ဆရာပေါင်း များစွာဖြင့် တွေ့ခဲ့ရဖူးလေ၏။ ထိုထိုသော ဆရာများအနက်မှ ဆရာဝါ သည် ကျွန်ုပ်အတွက် ဖခင်ကြီး တစ်ဦးသဖွယ် လည်းကောင်း၊ ဆရာသဖွယ် လည်ကောင်း၊ မိတ်ဆွေကောင်းသဖွယ် လည်းကောင်း လွန်စွာမှ မှီခို အားထားခဲ့ရသူ ဟူ၍ မှတ်ယူရပေမည်။ ကျွန်ုပ်သည် ဆရာဝါနှင့် ခရီးပေါင်းများစွာကို လိုက်ပါသွားခဲ့ရဖူးပါသည်။

ကျွန်ုပ် လူပျိုပေါက် အရွယ်ခန့်တွင် ကျွန်ုပ်၏ အားထားရာ ဆရာဝါမှာ ဆန်းကြယ်သော ရောဂါတစ်မျိုးဖြင့် အနိစ္စ ရောက်ခဲ့ရပါ၏။ ထိုအချိန်ခန့်မှ စ၍ပင် ကျွန်ုပ်သည် မြန်မာပြည်အနှံ့အပြား ဒေသများစွာသို့ လှည့်လည်ကာ တရားရှုမှတ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပေ၏။ ယင်းသို့သော အချိန်များအတွင်း ကျွန်ုပ် မျက်မြင်ကိုယ်တွေ့ ကြုံကြိုက်ခဲ့ရသည့် ထူးခြား ဆန်းကြယ်သည့် အဖြစ်အပျက်များစွာ ရှိခဲ့လေသည်။ ဆရာဝါနှင့် အတူ လိုက်ပါခဲ့စဉ်ကလည်း ယင်းသို့ ဆန်းကြယ်သော အဖြစ်များကို ကြုံတွေ့ခဲ့ရဖူးပါ၏။

ထိုထိုသော အကြောင်းအရာများအား နောက်လာနောက်သားများ ဗဟုသုတ ရစိမ့်သောငှာ “မောင်ဘဖြူ၏ မှတ်တမ်း” ဟူ၍ ဤစာအုပ်ကြီးအတွင်း ကျွန်ုပ် ရေးမှတ်ခဲ့လေပြီ။

မောင်ဘဖြူ
……………..”

ထိုသူ မောင်ဘဖြူ ၏ ဒုတိယ စာမျက်နှာတွင် ရေးသားထားသည့် အတိုင်းပင် အတွင်းမှ စာမျက်နှာများပေါ်တွင် လွန်စွာ ကြက်သီးထဖွယ်ရာ၊ ထိတ်လန့် အံ့သြဖွယ်ရာ ကောင်းသည့် အကြောင်းအရာများကို ဖတ်ရှုရပါလေ၏။ အချို့သော အကြောင်းအရာများမှာမူ ယုံရခက်ခက် ဟူသကဲ့သို့ ယုံကြည်ရန် လွန်စွာ ခက်ခဲလှပေ၏။ သို့တစေ ထိုသော အကြောင်းအရာများကို စာရှုသူတို့လည်း ဖတ်ရှုစိမ့်သောငှာ ကျွန်ုပ်မှ မောင်ဘဖြူ (ဦးဘဖြူ) ၏ မှတ်တမ်းကြီးအား တစ်စုံတစ်ရာ ထိခိုက်စေခြင်း မရှိပါပဲ ဝတ္ထုသွားဆန်ဆန် ပြန်လည် ရေးသား ဖော်ပြပါပေအံ့။ ယခု ပထမဆုံး အနေဖြင့် “ဦးဃာသိ” ဟူသည့် ထူးဆန်းလှသော လူတစ်ဦး အကြောင်းကို ဖော်ပြပါပေအံ့ …..။

++++++++++++++++++++++++++++++++++++

By – မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။