ညနေ ၆ နာရီမထိုးခင်မှာ ဘားအံတစ်ဖက်ကမ်း မြိုင်ကလေးကို ရောက်လာခဲ့ပါတယ်။ မြိုင်ကလေး ရောက်လို့ ဘိလပ်မြေစက်ရုံကြီးကို မြင်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်ကို ကျွန်တော်ရဲ့စိတ်တွေပြန် ရောက်သွားပြီး ငယ်စဉ်က ဒီနေရာမှာ နေထိုင်ခဲ့ရတာတွေကို ပြန်လည်လွမ်းဆွတ်တမ်းတမိပါတယ်။ အေလာ (ပျဉ်းမနား)ဓာတ်သတ္တုသန့်စင်စက်ရုံတည်ဆောက်ရေးစီမံကိန်းပြီးဆုံးချိန် ၁၉၈ဝ ခုနှစ်မှာ ဘားအံ(မြိုင်ကလေး) ဘိလပ်မြေစက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင် ကို ပြောင်းရွှေ့ဖို့ အမိန့်စာထွက်လာတဲ့အတွက် ကျွန်တော်ရဲ့ မိဘများတာဝန်ထမ်းဆောင်နေတဲ့ ဆောက်လုပ်ရေးအထူးအဖွဲ့(၄)ဟာ အေလာကနေ ဘားအံကိုပြောင်းရွှေ့ ခဲ့ရပါတယ်။ ပထမဦးဆုံးရှေ့ပြေး ပြောင်းရွှေ့တဲ့အဖွဲ့မှာ ကျွန်တော်မိဘများပါတာမို့ စက်ရုံတည်ဆောက်ရေး လုပ်ငန်းခွင်မှာ အိမ်တွေမဆောက်ရသေးတဲ့အတွက် ဘားအံမြို့ပေါ်က ဆောက်လုပ်ရေးဘိုတဲကို ယာယီပြောင်း ရွှေ့ရပါတယ်။

DSC00986

မြိုင်ကလေးဘိလပ်မြေစက်ရုံ

DSC00993

ထုံးကျောက်တောင်

DSC00988

ငယ်ငယ်ကနေခဲ့တဲ့ အိမ်နေရာ

                                 စက်ရုံလုပ်ငန်းခွင်မှာ ယာယီအိမ်တွေဆောက်လုပ်ပြီးတော့မှ တစ်ဖက်ကမ်းမြိုင်ကလေးကို ပြန်ပြီး ပြောင်းရွှေ့ခဲ့ကြပါတယ်။ မြိုင်ကလေးဖက်ကမ်း ကို ပြောင်းရွှေ့ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ ကျောင်းသား လူငယ်ကလေးတွေအတွက် အတော်ကို အခက်အခဲဖြစ်ရပါတယ်။ စာသင်ကျောင်းတွေက တစ်ဖက်ကမ်း ဘားအံမြို့မှာသာရှိတဲ့အတွက် နံနက်စောစော ၆ နာရီမှာ စက်ရုံကကားတွေနဲ့ မြိုင်ကလေးဇက်ဆိပ်ကိုသွားရ ပါတယ်။ စက်ရုံကနေ ဇက်ဆိပ်ကို ၄၅ မိနစ်လောက်မောင်း ရပြီး ရှေ့မှာလုံခြုံရေးကားတစ်စီးစစ်သားတွေ အပြည့်နဲ့၊ ပြီးရင် ကျောင်းကား ၃ စီး၊ ပြီးရင်နောက်က လုံခြုံရေးကားတစ်စီး အဲဒီလိုသွားရတယ်။ မြိုင်ကလေး ကနေ ဘားအံကို “နော်ကူးမ” ဆိုတဲ့ ကားတင်တဲ့ဇက်နဲ့ ကူးရပါတယ်။ ဇက်ကူးခကတစ်လကို ၅ ကျပ်ပေးရပြီး ကဒ်ပြားလေးထုတ် ပေးထားပြီး ဇက်စီးရင် ပြရပါတယ်။ ဇက်ဆိပ်က ဘားအံရွှေရင်မျှော်ဘုရားနားမှာ ဆိုက်ကပ် ပါတယ်။ မိုးတွင်းဆိုရင်ဇက်က သံလွင်မြစ်ကို တစ်နာရီနဲ့ ဖြတ်ကူးနိုင်ပြီး မိုးကာလလွန်ရင် သောင်တွေရှောင် ပြီး ကွေ့ပတ်မောင်းရတဲ့အတွက် တစ်နာရီခွဲလောက်ကြာတတ်ပါတယ်။ အဲဒီကနေ ဘားမဲ(ဖားမဲ)တောင်ခြေမှာရှိတဲ့ အထက(၂)ကျောင်းကို နာရီဝက်လောက် လမ်းလျှောက်ပြီး သွားရပါတယ်။

ညနေကျောင်းဆင်းလို့ အိမ်ပြန်ရင်လည်း အိမ်ကို ၆ နာရီလောက်မှရောက်တော့ ပင်ပန်းလို့ စာမကျက် ချင်လောက်အောင်ပါပဲ။ (ကံကောင်းတာက အဲဒီအချိန်က တရုတ်/ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေ မပေါ် သေးတာပါပဲ)။ ကျွန်တော်တို့အတွက်က စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ၂ ရက်ဟာ အပျော်ဆုံး အချိန်တွေ ပါပဲ။ ကျွန်တော်တို့ အိမ်ယာဝင်းကိုပတ်ပြီး ကားလမ်းရှိပါတယ်။ ကားလမ်းနံဘေးမှာစမ်းချောင်းကလေးတစ်ခုရှိ ပါတယ်။ စမ်းချောင်းကလေးနံဘေးမှာ ကျွန်တော်တို့ ကစားလိုက် ပြီးရင် ရေချိုးကြနဲ့ အရမ်းပျော်ဖို့ကောင်းပါ တယ်။ ညနေစောင်းဆိုရင် ကားလမ်းအတိုင်း အုပ်စုလိုက်စက်ဘီးစီးကြတာပေါ့။ မိကျောင်း စက်ဘီးတွေကပေါ် ခါစအချိန်လေ ရန်ကုန်တောင်မရောက်သေးဘူး။ ရန်ကုန်မှာက အိန္ဒိယကလာတဲ့ ရာလေးတို့၊ ဟီးရိုးတို့ပေါ်တဲ့ အချိန်ပေါ့။ ည ၁ဝ နာရီဆို မီးပိတ်အိပ်ကြရပြီး၊ ညနေကကျွန်တော်တို့စက်ဘီးစီးတဲ့ ကားလမ်းအတိုင်း သံချပ်ကာ ကားတွေ၊ ကယ်ရီယာကားတွေနဲ့ စစ်သားတွေက ကင်းလှည့်နေတာ တစ်ညလုံးပဲ။ အဲဒီအချိန်ဘယ်သူမှ ထွက် လို့မရဘူး။ အခုတော့ စက်ရုံကြီးတောင် နှစ်ပေါင်း ၂၅ နှစ်ကျော်သက်တမ်းဖြစ်လာပြီး၊ ကျွန်တော်တို့ နေခဲ့တဲ့ အိမ်တွေက စက်ရုံကြီးပြီး ကတည်းက ဖျက်ပစ်လိုက်တာ အခုတော့ တောတွေ၊ ခြုံတွေပဲရှိပါတော့တယ်။

DSC00994

                                     မြိုင်ကလေးကနေ ထွက်ခဲ့လို့ မကြာခင်မှာပဲ သံလွင်တံတား(ဘားအံ)ကို ရောက်ရှိဖြတ်သန်းခဲ့ပါတယ်။ ဘားအံမြို့တွင်းကို ဝင်လာတဲ့အခါမှာတော့ မိုးချုပ်စပြုနေပြီဖြစ်ပေမဲ့ ရေကစားသူများ စည်ကားလို့နေတုန်းပဲ ဖြစ်ပါတယ်။ ဘားအံပြည်ထောင်စုကျောက်တိုင်နံဘေးက အသိအိမ်မှာ တည်းခိုကြပြီး ရေချိုးပြီးနောက် ပင်ပန်းတာနဲ့ အိပ်ပျော်သွားလိုက်တာ ဘယ်မှမထွက်ဖြစ်တော့ဘူး၊ ည ၁၁ နာရီလောက် မိုးတွေဝုန်းဒိုင်းနဲ့ရွာချလိုက် တော့မှပဲ လန့်နိုးသွားတော့တယ်။ နံနက် ၆ နာရီလောက် အိပ်ယာထတော့ အလှူလာဖိတ်တာနဲ့ ပထမတော့ သွားစရာတွေကလည်းရှိတော့ ငြင်းလိုက်တယ်။ သူတို့ကအတင်းခေါ်တာနဲ့ ပြီးတော့ သင်္ကြန်ထမင်းကျွး ချင်လို့ ပါဆိုတော့ မငြင်းတော့ဘူး လိုက်သွားလိုက်တယ်။ သင်္ကြန်ထမင်းကို မှတ်မှတ်ရရ ဘားအံမှာနောက်ဆုံးစားခဲ့ တာပဲ။ နောက်ပိုင်းလုံးဝမကြုံတာ နှစ် ၃ဝ တိုင်ပဲ။ သင်္ကြန်ထမင်းကို ရေဆမ်းဖို့ ရေခဲရေတစ်ခွက်ရယ်၊ ပဲနှပ်ရယ် ငါးခြောက်ကြော်ကိုသရက်သီးနဲ့ရောနှပ်ထားတာ အရမ်းစားလို့ကောင်းတယ်။ ငရုတ်သီးကြော်လေးနဲ့ရော စားလိုက်တော့ သင်္ကြန်ထမင်းအေးအေးမွှေးမွှေးလေးနဲ့ ငရုတ်သီးစပ်စပ်နဲ့ ထူးခြားတဲ့အရသာပါပဲ။

DSC01009DSC01011

DSC01012

              နံနက် ၈ နာရီလောက်မှာ သူငယ်ချင်းတွေနဲ့ဆုံလို့ မြို့ထဲက ရွှေထုံမောင်ဆိုတဲ့ဆိုင်မှာ လီမွန်တီး တစ်ခွက်နဲ့ ကွတ်တီယိုသုတ်တစ်ပွဲစားခဲ့ပါသေးတယ်။ အဲဒီကနေ မြို့ အထွက်က ကော့ကသောင်ဂူကို အရင်သွားခဲ့ပါတယ်။ အရင်ကျွန်တော်တို့ နေစဉ်ကအဲဒီနေရာတွေသွားဖို့ သိပ် မလွယ်လှပါဘူး။ ကျွန်တော်အခု မှ ပထမဆုံးရောက်ဖူး တာပါ။ ( နွယ်ပင်ရဲ့ ပို့စ် http://myanmargazette.net / 165707/creative-writing ) နောက်ထူးဆန်းတာတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃ဝ လောက်က ဘားအံ(မြိုင် ကလေး)မှာ ၆ နှစ်လောက်နေခဲ့ ပေမဲ့ ဇွဲကပင်တောင်ကိုလုံးဝမရောက်ခဲ့ပါဘူး။ အခုလည်း အဆင်မပြေဖြစ်ပြီး ဇွဲကပင်တောင်မတက်ဖြစ်ခဲ့ပါဘူး။

DSC01019

လီမွန်တီးနဲ့ ကွတ်တီယိုသုတ်

DSC01027

ကော့ကသောင်က ဆွမ်းတော်ကြွဟန်ပုံတော်များ

DSC01033aDSC01036

DSC01038 DSC01041

ကော့ကသောင်ဂူအတွင်းမှပုံရိပ်များ

About Ko chogyi

Ko chogyi has written 32 post in this Website..