တရားဦး

Yin Nyine NwayJuly 26, 20101min1303

..မြန်မာသက္ကရာဇ် (၁၃၇၂) ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့၊ တနင်္လာနေ့ (၂၆.၇.၂၀၁၀)ရက်နေ့သည် ကျွန်မတို့ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့ရက်ကြီးတစ်ရက်ဖြစ်ပါသည်။ ဤသို့သော ဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီးတွင် ကျွန်မ၏သူငယ်ချင်းများအတွက် ကြည်ညိုသဒ္ဓါပွားများစေမည့် ဗုဒ္ဓနှင့်ဆိုင်ရာ အကြောင်းအရာတစ်ခုခုအား တင်ပြပေးလိုသောဆန္ဒ ဖြစ်ပေါ်မိပါသည်။ ကျွန်မနှစ်သက်သောစာအုပ်များစုထားရာ ဘီဒိုအားပြန်၍ မွှေနှောက်ကြည့်ရာမှ ငယ်စဉ်ကတည်းက အလွန်ကြိုက်နှစ်သက်ခဲ့သော ဘဘဦးကြီးမောင်၏ `ဗုဒ္ဓစာပန်းချီ´ဆိုသော စာအုပ်လေးအား ပြန်ဖတ်ကြည့်ရာမှ ဗုဒ္ဓအပေါ်ကြည်ညိုသဒ္ဓါစိတ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ စာပေဝါသနာတူသူငယ်ချင်းများအားလည်း ထပ်တူခံစားစေလိုသောစိတ်ဖြစ်ခဲ့မိပါသည်။ …ထိုကြောင့် ဘဘဦးကြီးမောင်၏ ဗုဒ္ဓစာပေဆိုင်ရာကျမ်းဂန်များကို အခြေခံ၍ ကိုယ်ပိုင်စိတ်ကူး ခံစားချက်ဖြင့် ရေးဖွဲ့ခဲ့သည်ဆိုသော `ဗုဒ္ဓစာပန်းချီ´စာစုများစွာမှ `တရားဦး´ အမည်ရ ပန်းချီကားတစ်ချပ်အား ကမ္ဘာသစ်မှ သူငယ်ချင်းများအားလုံး ဖတ်ရှုခံစားနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်ရှင်… …မိုးရာသီပင်ဖြစ်သော်လည်း ကောင်းကင်တွင် မြူတိမ်ကင်းစင်လျက်ရှိ၏။ မိုးရာသီပန်းတို့ကလည်း အစွမ်းကုန်လန်းပွင့်နေကြဟန်ရှိသည်။ လေမိုးကင်းကွာ ဥတုသာယာလျက်ရှိသောကြောင့် သမင်ကလေးတို့လည်း ပြေးခုန်မြူးတူးလျက်ရှိကြသည်။ …မိဂဒါဝုန်တောသည် ယနေ့အဖို့ အခါတိုင်းနေ့များထက် သာယောင့်သာယာရှိလှပါဘိသည်။ …ရသေ့တို့သည် ကမ္မဋ္ဌာန်းကျောင်းမှ ထွက်ကြသည့်အချိန်အခါတိုင်း ညနေခင်းများမှာဆိုလျှင် သတ်မှတ်ထားသောနေရာ၌ တွေ့ဆုံကြမြဲ၊ မိမိတို့အားထုတ်ခဲ့သော တရားဓမ္မကို ဆွေးနွေးကြမြဲ၊ ကိုယ်ရေးကိုယ်တာ သာကြောင်း နာကြောင်း ကျန်းမာရေးအခြေအနေကို မေးမြန်းကြမြဲဖြစ်သည်။ …လွန်ခဲ့သောတစ်ရက် နှစ်ရက်ခန့်ကမူ မိုးမစဲသောကြောင့် မတွေ့ဆုံ မဆွေးနွေးနိုင်ခဲ့ကြ။ ကိုယ့်သင်္ခမ်းနှင့်ကိုယ်သာ တရားအာရုံတွင် ထုံ၍နေကြရသည်။ ဤသည်မှာ မိုးရာသီတွင် ဖြစ်မြဲဓမ္မတာတည်း။ …ယနေ့ကား ရာသီဥတု အထူးသာယာလှ၏။ မိဂဒါဝုန် ရဂုံမြိုင်တွင်း တောလုံးလင်းလျက်ပင်ရှိပေရာ တစ်နေ့လုံး အားထုတ်ခဲ့သော ကမ္မဋ္ဌာန်းအာရုံမှ ထတော်မူကြသည့် ညနေစောင်းအချိန်တွင် သတ်မှတ်ထားသော တွေ့ဆုံဆွေးနွေးရာ ညောင်ပင်ရင်းသို့ တစ်ပါးပြီးတစ်ပါး ကြွလာကြကုန်၏။ …`ငါ့ရှင်တို့…ယနေ့ ငါတို့၏ မိဂဒါဝုန်သည် ခါတိုင်းနှင့်မတူ သာယာလှပေသည်´ ဟု ကောဏ္ဍည ရသေ့ကြီးက ပဋိသန္ဓာရစကား စတင်မိန့်ကြားသည်။ …`မှန်ပါသည်အရှင်… ဥတုသာယာသဖြင့် သိဒ္ဓတ္ထကုမာရကို သတိရတော့သည်။´ ဟု ရသေ့တစ်ပါးက ပြန်လည်လျှောက်ထားသည်။ သတိရတန်ပေသည်ပင်။ ရာသီဥတုသာယာသောအခါများ၌ မေတ္တာရှေးရှုသူတို့အား သတိရတတ်ခြင်းသည် လူသတ္တဝါတို့၏ ဓလေ့ထုံးစံမဟုတ်ပါလော။ ဥတုသည် လူနှင့်လူ၏စိတ်ဓါတ်ကို ပြုပြင်အပ်သောအကြောင်းတစ်ရပ် မဟုတ်ပါလော။ သိဒ္ဓတ္ထကုမာရတည်းဟူသော ဦးတည်ချက်ဖြင့်ပင် သူတို့သည် မိဂဒါဝုန်သို့ တောထွက်ခဲ့ကြခြင်း မဟုတ်ပါလော။ ထိုမျှသာမဟုတ် သိဒ္ဓတ္ထကုမာရသည် ထိုအရှင်တို့နှင့် ၆ နှစ်တိုင်တိုင် အေးအတူ ပူအမျှ အရိုးကျေကျေ အရေခန်းခန်း တရားအားထုတ်ဖော် အားထုတ်ဖက်လည်း မဟုတ်ပါလော။ …`သတိရသည်ကား ဟုတ်ပါ၏။ သို့ရာတွင် သိဒ္ဓတ္ထကုမာရသည် သေနနိဂုံးဖြင့် ယစ်မူးလျက်ရှိသည်ကား ခက်လှတော့သည်´ ဟု အခြားရသေ့တစ်ပါးက အမိန့်ရှိလိုက်သည်။

..ထီးနန်းစည်းစိမ်ကိုစွန့်ခဲ့သော သိဒ္ဓတ္ထကုမာရသည် ပဌမသော် အနော်မာကိုဖြတ်၍ နောင်သော် မိဂဒါဝုန်သို့
ဝင်ခဲ့သည်။ မိဂဒါဝုန်တွင် ရသေ့တို့ထံဝင်၍ တရားနည်းနာယူသည်။ ထို့နောက်
ရသေ့တို့ ဓမ္မလမ်းစဉ်အတိုင်း အရိုးပေါ် အရေကျန်မျှ ၊ ဝမ်းရေသည်
ကျောရိုးနှင့်ထိမျှ၊ ပြည့်ဖြိုးလှပသောဦးခေါင်းသည်
နေလှန်းအပ်သောဗူးသီးနှယ်မျှ၊ ကြည်ဝင်းသော မျက်လုံးတို့သည်
ရေတွင်းတွင် မြင်ရသောကြယ်များတစ်မျှ၊
ပြေပြစ်သောအရိုးတို့သည် တောင်သူတို့စွန့်ပစ်အပ်သော တဲပျက်မျှ ဖြစ်ကျန်ထိ
မလျော့သော လုံ့လဖြင့် အားသစ်ခဲ့သည်။
…သို့ရာတွင် ခြောက်နှစ်တိုင်မျှ အားထုတ်လျက် လိုအပ်သော နိဗ္ဗူတဓမ္မသည်
ရေးရေးမျှ မထင်လာသောအခါ ရသေ့တို့လမ်းစဉ်ကို စွန့်ခွာလျက် သေနနိဂုံးတွင်
ဆွမ်းခံ၍ ခန္ဓာကိုယ်ကို မျှစေကာ ကိုယ်ပိုင်လမ်းစဉ်ကို တီထွင်ခြင်းဖြင့်
နိဗ္ဗူတဓမ္မကိုရှာသည်။ ဤသည်ကို ရသေ့တို့သိ၍ အပြင်းအထန် ခြိုးခြံစွာကျင့်လျက်
တရားမရပါသည်ကို အာဟာရတွင် ယစ်မူးလျက် တရားရှာခြင်းဖြင့် အဘယ်ပုံရနိုင်ပါအံ့နည်းဟု
ရသေ့တို့ ရှုတ်ချပြောဆိုခြင်းဖြစ်သည်။
…သို့ရာတွင် အကြီးအကဲဖြစ်သော ကောဏ္ဍည ရသေ့ကြီးကမူ `
ငါ့ရှင်တို့…သိဒ္ဓတ္ထကုမာရသည် သေနနိဂုံးမှ အစာအာဟာရတို့ဖြင့်
ယစ်မူးသည်ပင်ဖြစ်စေ၊ ဘုရားဖြစ်ရမည့်သူကား အမှန်ပင်ဖြစ်ပေသည်။
ငါတို့သည် အချိန်အခါကိုသာ စောင့်ကြရဖို့ ရှိသည်´ …ဟု နှိုင်းနှိုင်းဆဆ မိန့်တော်မူသည်။
ထိုအခိုက်ရသေ့တစ်ပါးက …
` အရှင်ဘုရားတို့… သိဒ္ဓတ္ထကုမာရသည် ပြောတွင်းဆိုတွင်း၌ပင် ငါတို့ထံသို့ လာနေချေပြန်ချေပြီ။
ရှုကြကုန်လော့´…
ဟုဆိုကာ ရှေ့တူရှုသို့ လက်ဆန့်တန်း၍ ပြသည်။
…ရသေ့တို့သည် အံ့အားသင့်ဟန်ဖြင့် ညွှန်ပြရာသို့ တစ်ပြိုက်နက် ရှုကြည့်ကြ၏။
ဇရာထောင်းလျက်ရှိပြီဖြစ်သော
ကောဏ္ဍည ရသေ့ကြီးကမူ မျက်စိကိုမှုန်၍ မျက်လုံးတို့တွင် လက်ဖြင့်ကာ၍ ကြည့်သည်။
…မှန်၏။ ဗုဒ္ဓသည် ကျေးဇူးရှင် ရသေ့ငါးဦးတို့ စုဝေးရာသို့ ရှေးရှုလာလျက် ရှိနေချေပြီ။
…အရှင်ဘုရားတို့…သိဒ္ဓတ္ထကုမာရသည် ငါတို့ထံသို့ နှောက်ယှက်ရန် လာပြန်ချေပြီ။ အရိုးကျေကျေ အရေခန်းခန်း
ခြောက်နှစ်တို့ပတ်လုံး အားထုတ်လျက်နှင့်ပင် တရားမရပါဘဲလျက် ဆွမ်းခံစားမှုလောလုပ္ပတဏှာနောက်သို့
လိုက်ခြင်းဖြင့် အဘယ်ပုံတရားထူး ရနိုင်စကောင်းအံ့နည်း။
“ ရှု့လော့ အရှင်တို့။ ။ သိဒ္ဓတ္ထကုမာရသည် ခန္ဓာကိုယ်၏အလိုသို့ လိုက်သောကြောင့်

သူ့အရည်အဆင်းသည်

ကြည်လင်လျက်ပင် ရှိနေပေပြီ။ ယခင်ကကဲ့သို့ပင် ငါတို့က ဖက်လှဲတကင်း အရေးတယူပြုနေလျှင်

သိဒ္ဓတ္ထကုမာရသည် မိမိအလုပ်ကို အဟုတ်ကြီးထင်၍ ယစ်မူးမြဲ ယစ်မူးနေချေတော့အံ့။”

“ထို့ကြောင့် သိဒ္ဓတ္ထကုမာရသတိသံဝေဂရစိမ့်သောငှါ၊ ငါတို့က အရေးတယူ မလုပ်ကြစတမ်း၊

ခပ်တည်တည် ခပ်တန်းတန်းနေကြစတမ်း၊ဧည့်ဝတ်ထုံးတမ်း သင်္ကန်းသပိတ်ကိုမျှ မလှမ်းမယူကြစတမ်း” ဟု

ရသေ့တစ်ပါးက အဆိုပြုလိုက်ရာ ထိုအဆိုမှာ သိဒ္ဓတ္ထကုမာရအကျိုးအတွက်

နည်းလမ်းကျလှသည်ဟု ယူဆသောကြောင့် သဘောတူလိုက်ကြသည်။

…ကောဏ္ဍည ရသေ့ကြီးအဖို့မူ
နန်းတော်၌ကပင်သံယောဇဉ် မကင်းခဲ့သူဖြစ်သောကြောင့် သဘောပင် မတူလှစေကာမူ
အများဆန္ဒဖြစ်၍ ခပ်မဆိပ်နေတော်မူလိုက်ရချေသည်။

…ပြောတွင်းဆိုတွင်း၌ပင် ဗုဒ္ဓသည်
ပဉ္စဝဝ္ဂီတို့ အနီးသို့ ချဉ်းကပ်ခဲ့မိပေပြီ။

…ရှု့လော့။ ။ သိဒ္ဓတ္ထကုမာရ၏ အဆင်းသည် ယခင်နှင့်လုံးဝမတူ။

ကြည်ဝင်းသန့်စင်လှ၏။ ကာယိန္ဒြေသည် ရင့်ကျက် နက်ရှိုင်းလှ၏။

…ဗုဒ္ဓ၏ အတုမရှိသော မဟာဂရုဏာတော်နှင့်

မေတ္တာဓါတ်သည် ပဉ္စဝဂ္ဂီတို့အား လွှမ်းခြုံရစ်ပတ်မိချေပြီတကား။

…ထို့ကြောင့် ယခုကလေးတွင်ပင် မိမိတို့ထားခဲ့သော ကတိကဝတ်ကို အားလုံးပင်

မေ့လျော့သွားကြကာ သပိတ်ကိုလှမ်းယူသူကယူသည်။

သင်္ကန်းကို လက်ကမ်းသူကကမ်းသည်။

ကျန်းမာရေးမေးသူကမေးသည်။

..ဗုဒ္ဓသည် ရသေ့တို့၏ ပြုမူချက်ကို ရင့်ကျက်သော အိန္ဒြေဖြင့် ခံယူတော်မူ၍
အနီးရှိညောင်ပင်ခြေရင်းမှ သဘာဝ၏ ခင်းကျင်းအပ်သောနေရာတွင်

ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက်

“ ငါ၏ချစ်သား ရဟန်းများတို့…” ဟု အာလုပ်စကားစတင်မိန့်ကြားတော်မူသည်။

ဗုဒ္ဓ၏ ထိုအာလုပ်သံသည် ထူးခြားလှပေ၏။ သိဒ္ဓတ္ထကုမာရ၏ ပင်ကိုယ်သံ မဟုတ်ပေ။

ထိုအသံ၏ ထူးခြားချက်၊ အဓိပ္ပါယ်ပြည့်ဝချက်ကို ရှေးဦးစွာ သိသူကား

ကောဏ္ဍည ရသေ့ကြီးပင်ဖြစ်ပေ၏။ သူကား သိဒ္ဓတ္ထကုမာရအား “ ဘုရားစင်စစ် ဧကန်ဖြစ်အံ့”

ဟူသော ဧကန်ဧက စကားဖြင့် ပြောကြားခဲ့သော ပညာအစွမ်းထက်လှသူ မဟုတ်ပါလော။

…ဘုရားရှင်တို့၏ အသံတော်ဟူသည် လူသာမန်တို့ကဲ့သို့ ဖြစ်ဆန်းကာမျှ မဟုတ်။

ပီသခြင်း၊ နက်ရှိုင်းခြင်း၊ ကြည်လင်ခြင်း၊ သိလွယ်ခြင်း၊ ပဲ့တင်ခြင်း စသော
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံရသည်။
သိဒ္ဓတ္ထကုမာရသည်ကား ဧကန္တ တရားထူးရလာချေပြီတမုံ့ဟု

ကောဏ္ဍည၏ နှလုံး၌ သိမ်းပိုက်လိုက်မိသည်။

..ထို့ကြောင့် သူ၏ဒူးသည် အလိုလိုညွှတ်ကွေး၍ ဗုဒ္ဓ၏ ရှေ့တော်တွင် အရိုအသေပြုရင်း

ထိုင်မိလျက်သားဖြစ်သွားရသည်။ ကောဏ္ဍည ဦးညွှတ်သော် ကျန်ရသေ့လေးပါးတို့အဖို့

အရင်းလဲ၍ အဖျားထင်းဖြစ်ကြရတော့သည်။ ထိုအချိန်တွင် အနောက်လောကဓာတ်တွင်

နေလုံးသည် တစ်ဝက်ဝင်ဆဲဖြစ်၏။ အရှေ့လောကဓာတ်မှ လဝန်းသည်

တစ်ဝက်ထွက်ဆဲဖြစ်၏။ မိဂဒါဝုန်တောသည် နေရောင်နှင့်လရောင်တို့ ပေါင်းစပ်၍

ပတ္တမြားရည် တစ်ဖိတ်ဖိတ် ဖြန်းပက်ထားဘိသို့ ရှိသည်။ သဘာဝသည် ဗုဒ္ဓ၏အလိုတော်ကို

သိသကဲ့သို့ ဆိတ်ငြိမ်လျက်ရှိ၏။

…ထိုအချိန်တွင်
ဗုဒ္ဓသည် လက်တော်နှစ်ချောင်းကိုထောင်ကာ ပဉ္စဝဂ္ဂီတို့အား
ဆက်လက်မိန့်ကြားတော်မူလေသည်။ “

ရဟန်းတို့…အယုတ်တရား၊ အလွန်တရား နှစ်ပါးကို မမှီဝဲအပ်၊ မပြုလုပ်အပ်ပေ။

ထိုအယုတ်တရား၊ အလွန်တရားနှစ်ပါးဟူသည်ကား ကာမဂုဏ်၌သာ ကပ်ငြိတွယ်တာ
လိုက်စားခြင်းတစ်ပါး။ မိမိခန္ဓာကိုယ်နှင့် စိတ်ကိုပင်ပန်း

ဆင်းရဲအောင် ပြုလုပ်ခြင်းတစ်ပါး၊

ယင်းနှစ်ပါးသည် ပညာမျက်စိမရှိသော လူသာမန်တို့၏ အကျင့်ဖြစ်သည်။ စင်ကြယ်သန့်ရှင်းမြင့်မြတ်သော

အကျင့်မဟုတ်။ သူတော်စင်တို့ လိုက်နာပြုလုပ်အပ်သော အကျင့်မဟုတ်။

“ ကာမချမ်းသာ ခံစားမှုနောက်သို့လည်းမလိုက်၊ ခန္ဓာကိုယ်ကို အလွန်ညှင်းဆဲသော

လမ်းစဉ်နောက်သို့လည်းမလိုက်ဘဲ

အလယ်အလတ်ကျကျ ကျင့်ကြံလိုက်နာရသော လမ်းစဉ်သည်သာ

ဘုရားရှင်တို့ လမ်းစဉ်ဖြစ်သည်။

…“ ထိုလမ်းစဉ်၏ လုပ်ငန်းများသည်ကား …

(၁) ကောင်းစွာ မြင်ခြင်း၊ (၂) ကောင်းစွာ ကြံခြင်း (၃) ကောင်းစွာ ပြောဆိုခြင်း

(၄) ကောင်းစွာ ပြုလုပ်ခြင်း (၅) ကောင်းစွာ အသက်မွေးခြင်း (၆) ကောင်းစွာ အားထုတ်ခြင်း

(၇) ကောင်းစွာ အောက်မေ့ခြင်း (၈) ကောင်းစွာ တည်ကြည်ခြင်းဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါးတည်း…”

စသည်ဖြင့် ဟောတော်မူသည်။

…ထိုဒေသနာတော်သည်ကား ဗုဒ္ဓ၏ ဦးစွာ ပဌမ ပရိသတ်အား မြွက်ဖော် ဟောကြားတော်မူသော

ဓမ္မစကြာ ဒေသနာတော်ဖြစ်သတည်း။….

…ဗုဒ္ဓ၏ နေ့မြတ် (၇)နေ့ လင်္ကာလေးကိုလည်း ကမ္ဘာသစ်သူငယ်ချင်းများ

ကြည်ညိုပူဇော်လို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်…

*** သန္ဓေယူသောနေ့…

…သုံးလူရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊
ကြွက်မင်းနေ့ဝယ်၊

ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိ်မ်းဖို့၊ ကိန်းပါကို။

*** ဖွားတော်မူသောနေ့…

..သန္ဓေယူကာ၊
ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊

ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊

လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊

နတ်လူအောင်မြို့ လမ်းပါကို။

*** တောထွက်တော်မူသောနေ့…

…ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊

ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊

လေးမျိုးနမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊

ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်၊ ခန်းမှာကို။

*** ဘုရားဖြစ်တော်မူသောနေ့…

…တောင်ရပ်မြိုင်ပေါ်၊
ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံက၊

ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊

မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို အရှင်းပယ်ဖျောက်၊

အလင်းပေါက်က ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ငြိမ်းဖွယ်ကို။

*** ဓမ္မစကြာတရားဟောသောနေ့…

…ဘုရားဖြစ်ကာ၊
မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ စုံအညီနှင့်၊

မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊

ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊
ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

*** ပရိနိဗ္ဗာန် စံတော်မူသောနေ့…

…တရားနတ်စည်၊
ဆော်ရွမ်းလည်ကာ၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊

ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊

ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊

ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊

ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စုံနှိုင်းမယုတ်၊

ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊

ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူ သောင်းလုံး ကျော်တယ်ကို။

*** တေဇောဓာတ် လောင်သောနေ့…

…နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊

လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊

ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက် ကော်ရော်၊ မီးပူဇော်သည်၊ မွေတော် ရှစ်စိတ်၊ ကြွင်းတယ်ကို။

*** ရှစ်ခိုးဆုတောင်း…

…ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊

သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ အထွတ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊

သုံးပါးမွန်စွာ၊ ဝန္ဒာနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှစ်ခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်…

…ဗုဒ္ဓသာသနာတော်ကြီး တည့်တန့်ပြန့်ပွားပါစေ…

3 comments

  • fatty

    July 26, 2010 at 7:00 am

    ……သာဓု သာဓု သာဓု။

  • Yin Nyine Nway

    July 26, 2010 at 8:41 am

    သာဓုက နောက်မှ လိုက်ကျင့်ကြံ ပါအုန်း

  • sususan

    July 26, 2010 at 9:17 am

    လာရောက်ဖတ်ပါတယ်ဒီလိုနေ့မှာဒီလိုစာဖတ်ရတာကျေးဇူးတင်ပါတယ်ရှင်

Leave a Reply