လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)

 

လူမျိုးစုရေးရာ ပဋိပက္ခများအား ဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ

() Consociational Democracy

Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး လူ့အဖွဲ့အစည်း တရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ နိုင်ငံရေးအစီအမံ (political arrangement) တခုပါ။

ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းထားပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို၊ ဒီမိုကရက်တစ် အုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံမှာလဲ flexibility ရှိရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတာကတော့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဒီဂရီမြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ရေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းစည်းမှာ အခြေခံအားဖြင့် integration ရှိလာပါတယ်။

တကယ်တော့ ဒီသဘောတရားဟာ ကွဲပြားခြားနားမှု (diversity) ရှိနေတဲ့ နိုင်ငံတွေမှာ political arrangements တွေ တည်ဆောက်ခဲ့စဉ်က အောင်မြင်ခဲ့တဲ့ သာဓကတွေ အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဥပမာအားဖြင့်ဘယ်လဂျီယံနိုင်ငံမှာဆိုရင် Flemings နဲ့ Walloonsတို့အကြားက ကွဲပြားခြားနားမှုတွေ၊ ဟော်လန်မှာဆိုရင် အမြစ်တွယ်နေတဲ့ religious cleverages တွေ၊ ဩတတြီးယားမှာဆိုရင် anti-clerical socialistsနဲ့ catholic bourgeoisie တို့အကြားက ပြင်းထန်တဲ့ antagonism တွေစတဲ့ ကွဲပြားခြားနားမှုတွေဖြစ်ပါတယ်။

ဒီလိုကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်နေတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအတွက် အသင့်လျော်ဆုံးဖြစ်တဲ့ consociational democracy သဘောတရားမှာ အခြေခံစည်းမျဉ်းနှစ်ချက် ရှိပါတယ်။ ပထမဆုံးလိုအပ်တဲ့ အခြေခံစည်းမျဉ်းကတော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအမြင်နဲ့ အတွေးအခေါ်အများစုကို ခြုံငုံဖွဲ့စည်းထားတဲ့ ပါဝါရှယ်ယာ အဖွဲ့အစည်း (executive power-sharing institutions) (သို့မဟုတ်) ညွှန့်ပေါင်း အဖွဲ့အစည်း (grand coalition institutions) တွေဖြစ်ပါတယ်။ ဒုတိယလိုအပ်တဲ့ စည်းမျဉ်းကတော့ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ လူဦးရေအပေါ်မှာ မူတည် တွက်ချက်ပြီး public offices တွေကို ခွဲဝေဖို့ လိုအပ်ပါတယ်။ proportionality အပေါ် အခြေခံရမှာဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင်များက ဒီလိုအခြေခံစည်းမျဉ်းတွေအပြင် multi-ethnic political system တွေအတွက် အသုံးဝင်လှတဲ့ preconditions တွေကို ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့ အချက်ကတော့ လူမျိုးကြီးဝါဒ ကျင့်သုံးနေတဲ့ လူမျိုးစုတခု မရှိဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတရပ်မှာ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ လူမျိုးစုတခု ရှိနေရင်၊ ဒါမှမဟုတ် ဒီဝါဒကို အားပေးနေတဲ့ နိုင်ငံအုပ်ချုပ်ရေးစနစ်တရပ် ရှိနေရင် ဒီနိုင်ငံက ပြည်သူတွေဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ဖြစ်ရတတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးစနစ်တခုကတော့ စစ်မှန်သော ပြည်ထောင်စုစနစ်ပါပဲ။ ဒီစနစ် မပေါ်ပေါက်နိုင်သရွေ့ ပဋ္ဋိပက္ခတွေဟာ မပြေလည်နိုင်ပါဘူး။ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ချိန်ခွှင်လျှာမညီချိန်မှာ ခေတ္တငုပ်လျှိုးနေခဲ့ရင်တောင် မီးပွားတွေဟာ မငြိမ်းတာကြောင့် မီးတောက်တွေ အဖြစ် အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ လူမှုစီးပွားကွာဟမှု (socio-economic inequality) တွေဖြစ်ပါတယ်။ လူမျိုးစုတွေအကြားမှာ ဒီလိုကွာဟမှုတွေ သိပ်ကြီးနေရင် နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေတော့တာပါပဲ။ ဒါကြောင့် ဒေသတခုချင်းစီအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပရောဂျက်တွေ ချမှတ်ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေအတွက် အထူးပဲ အရေးကြီးလှတဲ့ explanatory factors တွေဖြစ်တာကြောင့် အထူးအာရုံစိုက်ပြီး စနစ်တကျ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

() Federalism

ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း ပညာရှင်အများစုက လက်ခံထားကြပါတယ်။ သုတေသီပညာရှင်တယောက်က ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် (၂၆၇) မျိုးရှိကြောင်း ဆိုထားခဲ့ပါတယ်။ ဒီစာတမ်းမှာ ဖယ်ဒရယ်ဝါဒ ဆိုတာကို နိုင်ငံရေးအစုအဖွဲ့တခုမှ နိုင်ငံရေးအရ ပေါင်းစပ်မှုနဲ့ နိုင်ငံရေးအရ လွတ်လပ်ခွင့်များကို အသုံးပြုပြီး၊ အချို့ပြည်သူ့ရေးရာများမှာ စုပေါင်းအုပ်ချုပ်ခြင်း၊ အချို့ပြည်သူ့ ရေးရာများမှာ သီးခြားခွဲဝေအုပ်ချုပ်ခြင်းများ ပြုလုပ်မှုဆိုင်ရာ ဒဿနိကအတွေးအမြင် တခုအဖြစ် ရှုမြင် ရေးသားထားပါတယ်။

ဖယ်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာက သီးခြားနိုင်ငံရေးစနစ်တခုဖြစ်ြပီး၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုမှာ ဖယ်ဒရယ်အစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရဆိုပြီး အနည်းဆုံး အစိုးရနှစ်ခု ရှိနေတဲ့ စနစ်တခုဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။ ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိနိ္ဒယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုစနစ်မှာ multinational/multi-ethnic သဘောသဘာဝနဲ့ mono-national သဘောသဘာဝ ဆိုပြီး အမျိုးအစား နှစ်မျိုးကို ကျင့်သုံးလေ့ရှိကြပါတယ်။ multinational/multi-ethnic အမျိုးအစားကို ကျင့်သုံးရာမှာ တိုင်းပြည်တွင်းမှာ လူမျိုးစုအခြေစိုက် ပြည်နယ်များကို ခွဲခြားသတ်မှတ်ပြီး၊ ဒီပြည်နယ်များမှာ လူမျိုးစုအခြေပြု ဒေသဆိုင်ရာ အစိုးရများ ထားရှိပါတယ်။

mono-national သဘောသဘာဝရှိတဲ့ ဖယ်ဒရေးရှင်းအမျိုးအစားကို ကျင့်သုံးရာမှာတော့ ဒေသများကို ခွဲခြားသတ်မှတ် ထားပေမယ့် လူမျိုးစုများကို အခြေပြု ခွဲခြားသတ်မှတ်ထားခြင်း မရှိပါဘူး။ တိုင်းပြည် တည်ဆောက်ရေးကိုသာ ဦးစားပေးပြီး၊ တိုင်းပြည်တွင်းက လူမျိုးစုရေးရာ ကွဲပြားခြားနားမှုတွေကို အလေးပေးခြင်း မရှိတော့ပဲ နိုင်ငံသူ၊ နိုင်ငံသားများ စုပေါင်းနေထိုင်ခြင်း အသွင်ကို ဆောင်ပါတယ်။ လူမျိုးစုရေးရာထက် နိုင်ငံသားရေးရာကို ပိုပြီး အလေးထားပါတယ်။ ဒီလို နိုင်ငံတော်ဖယ်ဒရေးရှင်း သဏ္ဍာန်ရဲ့ ဥပမာကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး၊ အမေရိကန်ဘွဲ့ရ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံသားပညာရှင်အချို့က ဒီဥပမာအတိုင်း သူတို့ရဲ့ နိုင်ငံမှာ ပြန်လည်ကျင့်သုံးဖို့ အဆိုပြုလေ့ရှိကြပါတယ်။

အချို့ပညာရှင်များကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တိုင်းပြည်တည်ထောင်ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြောင်းဟာ အခြားနို်င်ငံများနဲ့ မတူညီတာကြောင့် အမေရိကန်ပြည်ထောင်စု ကျင့်သုံးတဲ့ mono-national model အတိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး၊ လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ကျင့်သုံးလို့ မရနိုင်ကြောင်း ထောက်ပြပြောဆိုထားကြပြီး၊ လူမျိုးစုရေးရာ ပဋိပက္ခများရဲ့ နယ်မြေပိုင်နက်ဆိုင်ရာ ပြဿနာကို လူမျိုးစုရေးရာ ဖယ်ဒရယ်ဝါဒ (ethnic federalism) ကသာ ဖြေရှင်းပေးနိုင်ကြောင်း အဆိုပြုထားကြပါတယ်။

လူမျိုးစုရေးရာ ဖယ်ဒရယ်ဝါဒဟာ လူမျိုးစုများကို ဒေသဆိုင်ရာ အစိုးရယူနစ်များအဖြစ် သတ်မှတ် အသိအမှတ်ပြုပေးနိုင်တာကြောင့် တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ထိခိုက်ခြင်းမရှိပဲ၊ တိုင်းရင်းသားလူမျိုးစုများရဲ့ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ အဖြေတရပ်ဖြစ်ကြောင်း ပညာရှင်အချို့က ရေးသားဖော်ပြခဲ့ပါတယ်။ လူမျိုးစုများကို သက်ဆိုင်ရာ လူမျိုးစုအလိုက်အသိအမှတ်ပြုပြီး၊ တိုင်းပြည်ရဲ့ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုထားခြင်းကြောင့် လူမျိုးစုရေးရာ ဖယ်ဒရယ်ဝါဒမှာ dual identity လက္ခဏာဆောင်ပြီး၊ လူမျိုးစုများအကြားက ညီညွတ်ရေး ကို တည်ဆောက်နိုင်ကြောင်း ဒီဝါဒကို ထောက်ခံသူများက အဆိုပြုကြပါတယ်။

သို့ပေမယ့် ကန့်ကွက်သူအချို့ကလဲ လူမျိုးစုရေးရာ ဖယ်ဒရယ်ဝါဒရဲ့ အားနည်းချက်အချို့ကို မီးမောင်းထိုးပြထားကြပါတယ်။ ပထမအချက်ကတော့ လူမျိုးစု အမျိုးအစားများ အလွန်အမင်း များပြားနေပါက သက်ဆိုင်ရာ လူမျိုးစုငယ်လေးများရဲ့ နယ်မြေဒေသကို ခွဲခြားသတ်မှတ်ဖို့ ခဲယဉ်းမှု ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ လူမျိုးစုတခုထဲမှာတင် လူနည်းစု လူမျိုးများ ထပ်မံ ကွဲပြားနေပြီး၊ နယ်မြေတခုအပေါ်မှာ အခြေခံပြီး လူမျိုးစုတခုကို အုပ်ချုပ်ခွင့်ပေးလိုက်မယ်ဆိုရင် လူနည်းစု လူမျိုးများရဲ့ အခွင့်အရေးများ ဆုံးရှုံးနိုင်မှု ဖြစ်ပါတယ်။

တတိယတချက်ကတော့ လူမျိုးစုများကို ဒေသများ ခွဲဝေသတ်မှတ်ရာမှာ သက်ဆိုင်ရာ နယ်မြေအလိုက် သယံဇာတအရင်းအမြစ်များ၊ ထွန်ယက်စိုက်ပျိုးနိုင်မှု အခြေအနေများ၊ ကူးသန်းရောင်းဝယ်နိုင်မှု အခြေအနေများ ကွဲပြားခြားနားမှုရှိနေပြီး၊ လူမျိုးစုများအကြား တန်းတူညီမျှမှု မရှိခြင်း (ethnic-based inequality) ဖြစ်ပွားသွားစေမှု ဖြစ်ပါတယ်။ ဒီအခါမှာ ဖယ်ဒရယ်စနစ်ရဲ့ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တဲ့ fiscal federalism ကို ထိခိုက်လာစေပြီး၊ စနစ်တခုလုံး ပျက်ပြားသွားစေနိုင်ပါတယ်။ ဒီလို အားသာချက်နဲ့ အားနည်းချက်တွေရှိတာကြောင့် ဖယ်ဒရယ်ဝါဒကို လူမျိုးရေးရာ ပဋိပက္ခများကို စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံရေးအစီအမံ တခုအဖြစ် အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး၊ ပညာရှင်များအကြားမှာ အငြင်းပွားမှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ခင်မမမျိုး (၂၁၊ ၄၊ ၂၀၁၃)

About kai

Kai has written 1017 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.