ကမ်းလှမ်းမယ့်လက်များ (ပရဟိတ အကျိုးပြု)

CourageApril 23, 20131min1175

ကမ်းလှမ်းမယ့်လက်များ

          ဇွန်လဆန်း ကျောင်းများပြန်ဖွင့်ချိန်ဖြစ်၍ ရွက်ကွက်လေးတစ်ခုရှိ မူလတန်းကျောင်းလေးပြန်လည်အသက်ဝင်လာသည်။ အပေါ်အဖြူအောက် အစိမ်း နှင့် ကလေးငယ်များ၊ ပြုံးပျော် ရယ်ရွှင်နေသောကလေးငယ်တို့ကြောင့် သုံးလတာ ခြောက်ကပ်ကပ်ဖြစ်နေသည့် ကျောင်းကြီးမှာ စို်ပြေနေ၏။ မျက်နှာဟောင်းကျောင်းသားများမှာ အတန်းသစ်ကိုတက်လို့၊မျက်နှာသစ်ကျောင်းသားများကလည်း အတန်းသစ်ကိုတက်လို့။မျှော်လင့်ချက်အသစ် စိန် ခေါ်မှုအသစ် အတွေ့အကြုံအသစ် ပညာအသစ်များကို သူတို့လေးတွေ အမိအရဖမ်းယူကျတော့မည်။

          မောင်မောင်လည်း ထိုအရာများကို ဖမ်းယူချင်သည်။ ဆန္ဒရှိသည်။ ကျောင်းတက်ရတာကိုသူပျော်သည်။ အဖြူနှင့်အစိမ်းကို တွဲဖက်ဝတ်ဆင်ရ ခြင်းအား သူဂုဏ်ယူသည်။ သူ့မျက်စိရှေ့တွင်တွေ့နေရသော အပြုံးပန်းများနှင့်ရွယ်တူကျောင်းသားလေးများကို ကြည့်ရင်း သူ ကြည်နူးစွာပြုံးလိုက်သည်။ပျော်စရာကောင်းလိုက်တာ။ ဒီလို တူညီဝတ်စုံဝတ်ရင်း၊ ဘဝ တိုက်ပွဲကို ဘယ်လိုနွဲရာမယ်လို့ သင်ကြားပေးနေတဲ့နေရာ၊ တိုက်ခိုက်နေချိန် အသုံးပြုရမယ့် အသိပညာလက်နက်တွေ ဝေမျှပေးနေတဲ့ ဒီနေရာက သူတို့သူတို့တွေရဲ့ ရွှင်လန်းမျှက သူ့ကို လန်းဆန်းသွားစေသည်။ သို့ရာတွင်ချက်ချင်ပင် သူ့နှုတ်ခမ်းများတင်းတင်းစေ့သွားသည်။မေးကျောများအနည်းငယ် ထောင်လာသည်။ မျက်ရည်များ မသိမသာဝဲလာသည်။သူဒီနေရာ တွင်ကြာကြာမနေလိုတော့ပါ။ သူတစ်ခြားနေရာကိုသွားသင့်နေပြီ။ သူဝေးရာကိုသွားတော့မည်။ ဆုံးဖြတ်ချက်တစ်ခုကိုသူခိုင်မာစွာချလိုက်သည်။

          ထို့နောက်တွင်တော့…

မြေပေါ်တွင်ချထားသော သူ၏ရေခဲချောင်းပုံးလေးကို လွယ်ကာ ဤကျောင်းကြီးနှင့်အဝေးဆုံးကို မောင်မောင်ထွက်သွားလေပြီ။

 

ယနေ့မြန်မာနိုင်ငံတွင် လူမှုရေး ပရဟိတအဖွဲ့များ များစွာပေါ်ပေါက်လာကြောင်းကိုတွေ့ရသည်။ အဖွဲ့အများစုတွင်လည်း လူငယ်များတက် ကြွစွာ ပါဝင်လုပ်ကိုင်နေကြောင်းကိုတွေ့ရသည်။ကြည်နူးစရာပေ။ လူငယ်များ၏ပရဟိတစိတ်ဓါတ်ကို တွေ့ရတော့ နိုင်ငံအတွက်လည်း ကိုယ်ကျိုးချည် သာမဟုတ်ပဲ အများအကြိုးကိုပါကြည့်တက် ဆောင်ရွက်တက်သော အနာဂါတ်၏ခေါင်းဆောင်များပေါ်ပေါက်လာတော့မည့်အရေးမှာ လွန်စွာ အားရဖွယ် ကောင်းလှသည်။ သို့သော်… … … … …

အဘယ်ကြောင့် ပရဟိတ အဖွဲ့များစွာပေါ်ပေါက်လာရသနည်း။ အဘယ်ကြောင့် လူမှုရေးအသင်းအဖွဲ့များစွာ ပေါ်ပေါက်လာရသည်နည်း။ စဉ်း စားကြည့်ရအောင်။ ပရဟိတအဖွဲ့များ၏လုပ်ဆောင်ချက်များမှာ လိုအပ်နေသည့် နေရာဒေသ(သို့)လူပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကိုဖြည့်စည်းပေးခြင်း ဖြစ်သည်။ ပညာရေးဘက်တွင်လည်းကောင်း၊ စီးပွားရေဘက်တွင်လည်းကောင်း၊ကျန်းမာရေးဘက်တွင်လည်းကောင်း အဘက်ဘက်၏လိုအပ်ချက်များ ကိုတက်စွမ်းသမျှ ဖြည့်စည်းပေးရန်ဖြစ်သည်။ ဒါဆိုဒီအဖွဲ့တွေရဲ့ ဖြည့်စွမ်းပေးမှုကိုဘာကြောင့် ဘယ်သူတွေကလိုအပ်နေပါသနည်း။

နိုင်ငံတိုင်းတွင် သဘာဝစွမ်းအားအရင်းအမြစ်များ ဥပမာအားဖြင့် ရေနံ၊ ဘဘာဝဓါတ်ငွေ့၊ တွင်းထွက်ပစ္စည်းများရှိကျသည်။ ထိုအရာ များကို တူးဖေါ်ခြင်း၊ရောင်းချခြင်းဖြင့် ထိုနိုင်ငံများ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်နိုင်သည်။ သို့သော် ထို သဘာဝသယံဇာတများမှာအချိန် နှင့်အမျှ ခန်းချောက်သွားနိုင်သလို ကုန်ခန်းသွားနိုင်ပေသည်။

သို့ရာတွင် ဘယ်တော့မှမကုန်ခန်း၊ ဘယ်တော့မှ ပျက်သုံးမသွားနိုင်သော အရင်းအမြစ်တစ်ခုရှိသည်။ ထိုအရာမှာ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည်။လူတို့၏ကာယ၊ညာဏစွမ်းအားကို သုံးချကာ နိုင်ငံအားဖွံ့ဖြိုးတိုးစေနိုင်သည်။ လူတို့၏ထိုစွမ်းအားကိုအသုံးချနိုင်ရန်လည်း နိုင်ငံတွင်းပညာတက် များမှဖြစ်မည်။ မျိုးဆက်တစ်ခုထက်သာသည့် နောက်မျိုးဆက်များ ဆက်ကာဆက်ကာရှိမှဖြစ်လိမ့်မည်။ အလုပ်အကိုင်အခွင့်အလမ်းများရှိရမည်။ သို့မှ သာ အလုပ်လက်မဲ့လူဦးရေနည်းပါးပြီး စီးပွားရေးပြေလည်ပေမည်။သို့မှသာ မိသားစုတွင်းရှိ ကလေးသူငယ်များပညာသင်ကြားရန်ဖြစ် နိုင်မည်ဖြစ်သည်။

ယခုနောက်ပိုင်းတွင် ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း(ဘ/က ကျောင်း)များ များစွာလည်းပေါ်ပေါက်နေပြီဖြစ်သဖြင့် ပညာသင်ကြား ရန် စရိတ်မတက်နိုင်သူများအတွက် အဆင်ပြေခဲ့လေပြီ။တစ်ခုကိုတော့ မေ့မထားပါနှင့်။ ဒီလိုအခမဲ့ကျောင်းများတွင်ကျောင်းသားများ ရာနှင့်ထောင်နှင့်ချီ ကာရှိနေခြင်းမှာ ဂုဏ်ယူဖွယ်ရာတော့မဖြစ်တန်ရာ။တစ်အိမ်ထောင်တွင် ကျောင်းနေအရွယ်သုံးဦးရှိသည်၊ထိုကလေးများသည် အခမဲ့ကျောင်းတွင်တက် ရောက်နေသည်ဆိုပါစို့။ ထိုအခမဲ့ကျောင်းတွင် ကျောင်းသားသုံးရာရှိမည်ဆိုပါက မိတ်ဆွေ သင်စဉ်းစားကြည့်ပါ မိသားစုတစ်ရာသည်…။

ကျန်းမာရေးနှင့်ပတ်သက်၍လည်း နေရာတိုင်းလိုလိုတွင်လိုအပ်ချက်များရှိနေသေးသည်။ ဆေးမီးတိုကိုအားကိုးလွန်းသဖြင့် နှစ်စဉ်ကွယ်လွန် ဆုံးပါးသွားသော လူဦးရေမှာ များစွာရှိသည်။ကျန်းမာရေး အသိပညာနှင့် ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းကိုလည်း အချိန်နှင့်တစ်ပြေးညီတိုးတက်အောင် ဆောင်ရွက်ရဦးမည်။

ထားဦးစို့။ ပရဟိတ လုပ်ငန်းစဉ်များဘက်ကိုပြန်လှည့်မည်။ များစွာသောပရဟိတအဖွဲ့များသည် များစွာသောဦးတည်ချက်များနှင့် လိုအပ်သည် ဟုထင်ရမည့်နေရာတိုင်းတွင် ဝင်ရောက်လှူဒါန်းမှုများကိုပြုလုပ်နေပြီဖြစ်သည်။ သို့သော်လည်း ဒီလောက်များသည့် အဖွဲ့တွေက ဒီလိုဒီလိုတွေ လှူနေ တန်းနေရက်နှင့် လိုအပ်ချက်များမှာ ဆက်ကာရှိနေမြဲ၊ မပြည့်စုံမြဲပေ။

‘လဲနေသူကိုထူပေးပါ အားငယ်သူကိုအားပေးပါ’ဆိုသည့် စာကို မူလတန်းအဆင့်တွင် ကျွန်ုပ်တို့အားလုံး သင်ခဲ့ရဖူးသည်။ ထိုစကားစု နှစ်ခု၏အဓိပ္ပါယ်ကို ပရဟိတနှင့်လူမှုရေးအသင်းအဖွဲ့များက စွမ်းစွမ်းတမံဖေါ်ဆောင်လျက်ရှိကျသည်။သာဓုခေါ်ထိုက်သည်။

“လဲကျနေသူများ၏ လှမ်းပေးသောလက်များကို တွဲကူထူပေးဖို့ သူတို့၏လက်များကိုကမ်းပေးနေကြသည်”

မိတ်ဆွေ သင်စဉ်းစားကြည့်ပါ။ အလှူရှင်များကို ကိုယ်စားပြုသည့်ပရဟိတနှင့်လူမှုရေးအဖွဲ့တွေများစွာပေါ်လာပေပြီ။ ထိုအသင်းအဖွဲ့များစွာမှ နေရာဒေသမရွေးတွင် အချိန်မရွေးလှူဒါန်းမှုများကို ပြုနေကျပြီ။ သို့သော် နေရာဒေသတိုင်းတွင် ပြောမကုန်သော လိုအပ်ချက်များရှိသေးသည်။(ဒါတောင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကိစ္စများအတွက်မပါသေး)

လိုနေသူသည် အလှူခံပုဂ္ဂိုလ်၊ ပိုနေသူသည်အလှူရှင်ဟု သတ်မှတ်ကြည့်မည်။ အလှူရှင်များအတွက် အလှူခံများရှိနေသည်။ သို့ပေမယ့် အလှူခံများစွာအတွက် အလှူရှင်အနည်းငယ်သာရှိသည်။ ဒါဆို ပိုနေသူသည်နည်း၍ လိုနေသူသည်များနေသည်ဟု သတ်မှတ်နိုင်ပေမည်။

ပရဟိတနှင့်လူမှုရေးအသင်းအဖွဲ့များပေါ်လာတာအလွန်ကောင်းသည်။ သို့သော် ထိုအဖွဲ့များ၏တက်စွမ်းသမျှဖြည့်စည်းပေးနိုင်သမျှထက်ပိုများ သော အားနည်းသူများရှိနေသည်။ အားနည်းသူများနေ၍လည်း ကူညီသူများ များကိုလိုအပ်ခြင်းဖြစ်သည်။

ထို့ကြောင့် ပရဟိတနှင့်လူမှုရေးအသင်းအဖွဲ့များ များစွာပေါ်ပေါက်လာခြင်းသည် လွန်စွာမှအားရကျေနပ်ဖွယ် သာဓုခေါ်စရာဖြစ်သည်။ သို့သော်လည်း ထိုအဖွဲ့များ များစွာပေါ်ပေါက်လာရခြင်း၏ အခြေခံအကြောင်းအရင်းကိုစစ်ကြည့်လိုက်တော့ … မိတ်ဆွေ သင်ဂုဏ်ယူနိုင်မည်လား။            ။

 

Courage

5 comments

  • kyeemite

    April 23, 2013 at 11:17 am

    ဂုဏ်ယူစရာတော့မဟုတ်တာသေခြာပါတယ်…
    လိုနေသူသည်များနေသည်ကို…ယာယီလျော့ကျရန်ဆေးမီးတိုနှင့်ကုနေခြင်းသာ..

  • ခင်ခ

    April 23, 2013 at 2:21 pm

    အလှုရှင်တွေ စေတနာထက်သန်သူတွေ များလာခြင်းအတွက်တော့ ဝမ်းမြောက်ကြည်နူးစရာပါ။
    အဲ မိဘမယ့်ဂေဟာ/ကျောင်းတွေ များလာတာကတော့ တွေးပူစရာပါဘဲ Courage ရေ။
    ဒါပေမယ့်လည်း အစိုးရထောက်ပံမှု့စီမံကိန်းတွေ ပညာပေးတွေနည်းနေသေးသရွှေ့တော့ အလှုရှင်တွေ မျှော်ရင်းနဲ့ဘဲ သူတို့ဂေဟာ/ကျောင်းလေးတွေလည်း ရှင်သန်နေကြရတာပါဗျာ။

  • မယ်ဘုတ်

    April 23, 2013 at 3:39 pm

    ဂုဏ်မယူနိုင်ပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် သဒ္ဓါတရားလေးနဲ့ ..
    ဖေးမ ကူညီခွင့်ရတာပဲ ပီတိဖြစ်ရတာပေါ့ ဗျာ …

  • Mr. MarGa

    April 23, 2013 at 7:08 pm

    လက်ရှိမှာတော့ သူတို့ကို လိုအပ်နေဆဲ ပါပဲလေ
    ရေရှည်အနေနဲ့ စီမံကိန်း တစ်ခုလောက်တော့ ချပြီး လုပ်သင့်သပေါ့

  • ပရဟိတ အဖွဲ့တွေ အများကြီး ပေါ်ပေါက်လာတာ
    တကယ့်ကို ကြည်နူး ဝမ်းသာစရာပါပဲ …
    ဒီအဖွဲ့တွေထဲ တက်ကြွစွာ လှုပ်ရှားနေကြတဲ့ လူတွေကိုလည်း
    သာဓု ခေါ်မိပါတယ် …
    နောက်ထပ် ဒီအဖွဲ့မျိုးတွေ များစွာ ပေါ်ပေါက်စေချင်တယ် …
    ဒါ့ထက် …
    နိမ့်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး စတာ စတာတွေကို
    ပိုပြီး ပိုပြီး ကောင်းမွန် လာအောင် အဓိက လုပ်ဆောင်ပေးသင့်တယ် …
    ဒီလိုမှ မလုပ်ရင်တော့ ပရဟိတ အဖွဲ့တွေရဲ့ အကျိုးပြုမှုဟာ
    ရသင့်သလောက် မရဖြစ်နေမှာ အမှန်ပါပဲ …။

Leave a Reply