သူသာ သူမဖြစ်ခဲ့လျှင်

CourageApril 26, 20131min23116

သူသာ သူမဖြစ်ခဲ့လျှင်

            ကျွန်တော်သူ့ကို စတွေ့ခဲ့ဖူးတာ အပြင်မှာမဟုတ်။ လှုပ်ရှားမှုကင်းမဲ့နေသော ရုပ်သေ ဓာတ်ပုံထဲမှာ။ ထိုနေ့က ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း စုံတွဲတစ်တွဲရယ် အပြင်မှာ မုန့်ထွက်စားဖြစ်ခဲ့တဲ့ အချိန်မှာ ကျွန်တော့သူငယ်ချင်းလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက်လဲဖြစ်တဲ့ ညီလင်းရဲ့ ချစ်သူ မေသင်းရဲ့ ဓာတ်ပုံ အယ်လ်ဘန်က  စခဲ့တဲ့ ဇာတ်လမ်းလို့ပဲပြောမည်။

“ဟဲ့ ရှိုင်းမောင် ဒီမှာကြည့်စမ်း ငါ့ပုံလေးတွေမလှဘူးလား”

ဆိုင်ထဲကို အရင်ရောက်နှင့်နေပြီးဖြစ်တဲ့ ကျွန်တော့ကို မေသင်းက သူ့လက်ထဲ တစ်ပွေ့တစ်ပိုက်ဖြင့်ပါလာသည့် ဓာတ်ပုံ အယ်လ်ဘန်များကို လှမ်းပေးရင်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ညီလင်းကတော့ မုန့်ကောင်တာတွင် စားစရာများကို မှာယူပြီးမှာ ခုံတွင်လာထိုင် သည်။

“ဘာပုံတွေတုန်းဟ။ နင်နဲ့ ညီလင်းရဲ့ မတော်တရော်ပုံတွေဆိုရင်တော့ မကြည့်ဘူး နော်။ ငါရှက်တက်တယ်”

“ကောင်စုတ်။ ညစ်တီးညစ်စုတ်နဲ့။ ဟဲ့ မတော်တရော်ပုံတွေဆိုလဲ နင့်လို ဂတုံးပြောင်နဲ့ ဇရပ်ချောင်ကို ဝင်မယ့် လူသူတော်ကို မပြဘူး။ ငါ့ပါငါပဲ အွန်လိုင်းပေါ်တင်လိုက်မယ်”

ပြောမနာဆိုမနာသူငယ်ချင်းများ ပီပီ အားမနာတမ်းပြောလိုက်သောစကားကြောင့် ကျွန်တော် ရယ်ကျဲကျဲလုပ်နေရင်းနဲ့ပဲ အယ်လ်ဘန်ကို ဖွင့်ကာ ကြည့်မိလိုက်သည်။

“နင်တို့ ဘယ်သွားတုန်က ပုံတွေလဲ”

“အော် ငါတို့ကျောင်းကသူငယ်ချင်းတွေပေါင်းပြီး လှည်းကူးဘက်က မရမ်းချောင်းရွာ မှာရှိတဲ့ အနာကြီးရောဂါသည် ဂေဟာကို သွားလှူတုန်းက ရိုက်ထားတဲ့ပုံတွေလေ”

ခပ်နွမ်းနွမ်း အဝတ်များနဲ့ ကလေးငယ်ငယ်တွေ၊ အရယ်အိုအိုတွေ၊ လူလတ်ပိုင်းတွေများစွာသော ရောဂါသည်များဟုထင်ရသည့် သူတို့ကို အစားအသောက်ဟု ထင်ရသော အထုပ်များ အဝတ်အစားများကို ဝေငှနေသည့် မေသင်းနဲ့သူ၏ သူငယ်ချင်းများက ပီတိအပြုံးများကို ကြည့်ရင်းနှင့် သူတို့အပျော်တွေကျွန်တော့ရင်ထဲ ကူးစက်လာသလို။

“ နင်တို့အဖွဲ့က မိန်းကလေးတွေချည်ပါပဲလား”

“အင်း။ ယောက်ျားလေးတွေလဲ ပါတော့ပါတယ် နည်းတယ်”

“နင်တော်တော် ညစ်ပတ်တယ်နော်။ အလှူလုပ်တာ ငါ့ကိုတောင်မခေါ်ဘူး။ ငါလဲ လိုက်ချင်တာပေါ့“

“ဟဲ့ နင့်ကိုမပြောနဲ့ ငါ့ဘဲငါတောင်မှ မခေါ်တာ”

“ဟုတ်တယ် ရှိုင်းမောင်ရ။ အဲ့ဒီ့အချိန်တုန်းက မင်းရယ်ငါရယ် မန္တလေးကုန်စည်ပြပွဲကို သွားဖို့အလုပ်ရှုပ်နေတဲ့အချိန်လေ”

တစ်ချိန်လုံး အစားကိုသာမဲစားနေသည့် ညီလင်းက သူ့ကြင်သူသက်ထားလေးဘက်က စစ်ကူလိုက်သည်။

ဖြစ်တော့ဖြစ်နိုင်သည် လွန်ခဲ့တဲ့တစ်လလုံးလုံး ကျွန်တော်နှင့် ညီလင်း မန္တလေးမှာရှိတဲ့ ကုန်စည်ပြပွဲတစ်ခုမှာ ကုန်စည်အသစ်တစ်ခုကို မိတ်ဆက်ဖို့လုပ်နေရတာ တစ်ချို့ရက်များဆို ညတောင်မအိပ်ဖြစ်ခဲ့ကျ။

ကျွန်တော်လဲ အစားဘက်သို့ ပြန်လှည့်သွားသော ညီလင်းနှင့် ဒိုမီနိုခွက်ကို တဂွတ်ဂွတ်မည်အောင် မွှေနေတဲ့ မေသင်းတို့ဘက်မှ အာရုံကို ဓာတ်ပုံတွေဘက်သို့ ပြန်လှည့်လိုက်သည်။ ပုံများကို တစ်ရွှမ်းရွှမ်းလှမ်ကာကြည့်နေရင်းမှ ဓါတ်ပုံတစ်ပုံသို့အရောက် တွင် ကျွန်တော်၏လက်များ တုံ့ကနဲ့ ရပ်သွားသလို မျက်လုံးများကလဲ ထိုပုံမှ ခွာမရတော့။

ရောဂါသည် ကလေးငယ်များကို အအေးခွက်များ ဝေငှနေသော မိုးပြာရောင် ဂျင်းဘောင်းဘီ မကျပ်တစ်ကျပ်၊ ပန်းနုရောင် လက်စကအင်္ကျီနှင့် မိန်းကလေးတစ်ယောက်။ မြင်းမှီးပုံစံစုချည်ထားသော ရွှေအိုရောင်း ဆံသားများက သူ၏ပခုံးထက်တွင် ဝဲကျလျက်။မိန်းမ ပီသလှသည်ဟုမဆိုသာသော်လဲ ကျော့ရှင်းသော လည်တိုင်နှင့်သွယ်လျသော မျက်နှာကျတို့က အလွန်ပင်ကြည့်ကောင်းလှသည်။ ဂရုအပြုမိဆုံးကတော့ ဝါစိုသော သူ၏အသားအရေ။

“ဟဲ့ မေသင်း ဒါနင့်သူငယ်ချင်းလား။ တော်တော်ချောတာပဲ”

ကျွန်တော် ပြလိုက်သောပုံကိုကြည့်ကာ မေသင်း ပြုံးစစဖြင့်

“ဟုတ်ပါ့ ငါတို့တွေထက်တောင် ချောသေး။ သူ့အကြောင်းမသိတဲ့ သူတွေကဆို ကျောင်းမှာ ကွင်းပေးဖို့တောင် လုပ်ကျသေးတာရယ်”

မေသင်း၏ စကားမဆုံးမှီ သူ၏ လက်ကိုင်ဖုံးမှာ တဂွမ်ဂွမ်မြည်လာသဖြင့်စကားစပျက်သွားသည်။ မေသင်းဖုန်းစကား ပြောလို့ပြီးပြီးချင်းတွင်

“ဟဲ့ဟဲ့ ရှိုင်းမောင်။ ဓာတ်ပုံပေး ဓာတ်ပုံပေး။ ငါသွားတော့မယ်”

“ဟ ဘယ်လိုဖြစ်တာတုံးဟ”

“ငါသူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိတယ်။ နာရီမကြည့်မိလို့။ တော်တော်တောင် နောက်ကျနေပြီ။ သွားတော့မယ် သွားတော့မယ်”

ဒိုမီနိုခွက်ကို ကွပ်ကနဲမော့ချလိုက်ပြီး ဓာတ်ပုံများကို အိပ်အတွင်း ကပြာကယာထည့်နေသော မေသင်းကို ညီလင်း စေ့စေ့ကြည့်ကာ

“မောင် လိုက်ပို့ရဦးမလား”

“နေခဲ့လေ။ ရတယ်။ မောင်နဲ့ ရှိုင်းမောင်နဲ့က ပြီးရင်အလုပ်သွားရဦးမှာမို့လား။ ကိုယ့်ပါကိုယ်ပဲကားငှားသွားလိုက်တော့မယ် နေခဲ့နေခဲ့”

ပြာရာပြာရာဖြင့် ဆိုင်အတွင်းမှထွက်သွားသော မေသင်းကို ညီလင်းမျက်စိတစ်ဆုံးငေးကြည့်ရင်း မှ

“ကဲသာကြီး။ ငါတို့လဲ အလုပ်ဒိုးရအောင်”

မေသင်းလဲ သူ့သူငယ်ချင်းတွေရှိရှာသို့ အငှားကားဖြင့်ထွက်သွားခဲ့လေပြီ။ ကျွန်တော်နှင့်ညီလင်း လဲ ဆိုင်မှ ငွေရှင်းကာ အလုပ်သို့ထွက်လာခဲ့လေပြီ။ သို့ပေမယ့် ကျွန်တော်၏ အာရုံအတွင်းမှာ တော့ ဝါရွှေဝင်းသည့်အသားရေပိုင်ရှင် သူက ထွက်မသွားခဲ့ပါလေ။

Xxx

ညီလင်းနဲ့ကတော့ လုပ်ဖေါ်ကိုင်ဖက်ချင်းဆိုတော့ နေ့တိုင်းတွေ့ဖြစ်နေပေမယ့် မေလင်းနဲ့ကျတော့ သိပ်မတွေ့ဖြစ်။ သူ့ကျောင်းမှာ စာမေးပွဲရှိလို့ဆိုကာ ညီလင်းနဲ့လဲ ခဏလောက်သာတွေ့ဖြစ်ကြောင်း သိရသည်။ ကျွန်တော်လဲ ဝိုးတဝါးပုံရိပ်အတွင်းမှာ ရှင်သန်နေ တော့သော ပိုင်စိုးမှုဧကရီလေးကို တစ်ခါတစ်ရံ အိမ်မက်အတွင်းမှာ ပုံဖေါ်ကြည့်မိသည်မှအပ မေ့မေ့ပျောက်ပျောက်ဖြစ်လုပြီ။

သို့ပေမယ့် တစ်ခုသော နေလယ်ခင်းလေးက ထိုအိမ်မက်များကို ဆက်လက် တည်တန့်စေအောင် အကြောင်းဖန်ပေးခဲ့၏။ ထိုနေ့က မိုးလဲမရွာ၊ နေလဲမပူ၊ လေလဲမတိုက် ခြောက်ကပ်ကပ် ဥတုရာသီက ကျွန်တော့ရင်တွင်းမှာ ခံစားချက်နှင့်ဘာမှမဆိုင်။

ထိုနေ့က ကျွန်တော့ မိခင်၏ခိုင်းစေချက်ကြောင့် ဗိုလ်ချုပ်ဈေး(စကော့ဈေး) အတွင်းရှိ ရတနာဆိုင် တစ်ခုသို့သွားခဲ့ရသည်။ ပြုဖွယ်ရာကိစ္စများကို လုပ်ပြီးသည့်နောက် ထိုဆိုင်အတွင်းမှ ပြန်အထွက်တွင် တစ်ဖက်နှစ်ဆိုင်ကျော်တွင်ရှိသည့် အလှပြင်ဆိုင်ထဲ ဝင်သွားသော မိန်ကလေး အုပ်၏အတွင်းတွင် ကျွန်တော်သူ့ကို ရုတ်တရပ်လှမ်းတွေ့လိုက်ရသည်။မျက်စိနှင့်အတူစိတ်ကပါ တပါထဲလိုက်သွားခြင်းကြောင့် ကျွန်တော့ခြေလှမ်းများကလဲ ရတနာဆိုင်အပေါက်ဝမှာပင် ရပ်တန့်နေစဲ။ အလှပြင်ဆိုင်အတွင်းမှ အလှဖန်တီးရှင် မာမီကြီးနှင့်အတူ ပြုံးရွှင်ရယ်မောလျက် စကားပြောနေသည့် သူ့အပြုံးကိုငေးကြည့်နေမိသည်လား၊ အနွဲ့ကလျရပ်နေသည့် သူ့၏ ပြေပြစ်သည့် ခန္ဓာကိုယ်အား ငေးကြည့်နေမိသည်လား ကျွန်တော်မသိ။ ထိုနေရာတွင် ကျွန်တော် အချိန်တော်တော်ကြာအောင် ရပ်နေမိသည်ကိုသာ သတိပြုမိသည်။

အချိန်ကာလသိပ်မကြာလိုက် အလှပြင်မှန်တင်ခုံရှေ့တွင်ထိုင်နေသော မိန်းကလေး တစ်ဦး၏ ဆံပင်များကိုကိုင်ကာ မာမီကြီးနှင့် စကားများပြောနေရင်းမှ ထိုသူငယ်ချင်းနှင့် အခြား မိန်းကလေးတစ်ဦးအား လက်ပြရင်း ဆိုင်အပြင်သို့ သူပြန်ထွက်လာသည်။

ကျွန်တော့ရှေ့က ဖြတ်လျှောက်သွားတဲ့ သူ့ကို ငေးကြည့်နေတဲ့ကျွန်တော့ရဲ့ပုံစံဟာ အဘယ်သို့ ဘယ်ပုံမျိုးဖြစ်သွားလဲတော့မသိ သူ့ဘေးက သူငယ်ချင်းတွေ၏ ခပ်ကျိတ်ကျိတ် ရယ်သံကို ကြားမှ ကျွန်တော်လဲ ကိုယ့်ကိုယ်ကို သတိပြုမိခဲ့သည်။ သို့ပေမယ့် သူတို့၏ရယ်သံကို ကျွန်တော်မရှက်အား။ လည်ပြန်လေးလှည့်ကာ မျက်လုံးလေး ဝင့်ကာ ကျွန်တော့ကိုကြည့်လိုက် သော သူ၏အကြည့်က ကျွန်တော့အတွက် လောကကြီးကို ယာယီမေ့သွားစေလေပြီ။

Xxx

ည ည တွေတိုင်း ကျွန်တော့အိမ်မက်ထဲ ရောက်ရောက်လာခဲ့တဲ့သူဟာ ကျွန်တော်ရဲ့ အိမ်မက်နတ်သမီးလို့ ဆိုရမလား။ မပြည့်စုံသေး။ အိမ်မက်နတ်သမီးလို့ဆိုလိုက်ရင် သူဟာ ကျွန်တော့ရဲ့ အိမ်မက်ကိုသာ စိုးပိုင်သူဖြစ်သွားလိမ့်မည်။ တစ်ကယ်တော့ သူဟာ အိမ်မက်ကို သာမဟုတ် ကျွန်တော့ရဲ့ ရင်ခုန်နှုန်းတိုင်းကို ချယ်လှယ်ထားလေသူ။ ဒီလိုဆို ရင်ခုန်သံရဲ့ ဂီတမှုး လို့ဆိုရမလား။ မလုံလောက်သေး။ ဘဝရဲ့မီးအိမ်ရှင်ဆိုရင်ရော။ မကောင်းပါ။ တော်ကြာ တေးသံ ရှင် ဆိုတေးက မူပိုင်ခွင့်နဲ့လာတရားစွဲနေမှ ဒုက္ခ။ ဒီလိုဆိုသူက ဘာလဲ။ ဦးနှောက်လဲခြောက်လာ ပြီ၊ အသက်ရှုလဲကျပ်လာပြီ၊ ဘယ်လိုမှလဲ သူကိုတင်စားလို့မရ။ နောက်ဆုံးတော့ လွယ်လွယ်ပဲ သူ့ကို ကင်ပွန်းတပ်လိုက်သည်။ “ခေါင်းစဉ်မဲ့စွာချစ်ရသူ”။

ဓာတ်ပုံတစ်ပုံထဲမှာ ဖျက်ကနဲ့တွေ့လိုက်ရပြီး ဇာတ်ကနဲ့ ပြန်ပျောက်သွားသူ၊ အမှတ် တမဲ့ မြင်လိုက်ရပြီး အမှတ်မထင်လွင့်ထွက်လေသူ။ သူ့ကိုကျွန်တော်ဘယ်အချိန်မှာ ဘယ်လို ပုံစံ မျိုးနဲ့ ထပ်တွေ့ခွင့်ရနိုင်မလဲ။

တစ်ကယ်တော့ ကျွန်တော်က အတွေးကြောင်လွန်းတာပါ။ မေသင်းကို ပွင့်ပွင့် လင်းလင်းပြောပြီး အကူအညီတောင်းလိုက်ရင် အလွယ်လေး။ ဒီလိုမှမဟုတ် မေသင်းကို တိုက်ရိုက်မပြောချင်ရင်တောင်မှ ညီလင်းကတစ်ဆင့် ကြိုးစားလို့လဲအရသား။ ကျွန်တော်ကသာ ဝတ္ထုတွေဖတ် ကဗျာတွေရေးပြီး အချစ်စစ်မှန်က ဘာ၏၊ ညာ၏ဆိုပြီး အထင်တွေရောက်၊ ရွာလယ်လာမယ့် နှဖူးစာကို မျှော်၊ ဘယ်နှပေါက်ရှိမယ်မှန်းမသိတဲ့ ရေစက်ကို စောင့်ကာ သူနဲ့ အရင်တစ်ခါကလို ပြန်ဆုံမယ့်တစ်နေ့ကို စောင့်မျှော်နေစဲ။

သိပ်တော့လဲ မမျှော်လိုက်ရ။ ကျွန်တော် စောင့်စားနေတဲ့နေ့လေးဟာ ဆိုင်းမဆင့်၊ ဗုံမတီးပဲ ရောက်ချလာပြန်ပြီ။ ထိုနေ့က မနက်ခင်းနေပူကာ၊ နေ့လယ်ကျ မိုးရွာပြီး၊ အေးစိမ့်စိမ့် တိုက်ခတ်နေတဲ့ ညလေပြေညင်းကြောင့် ရာသီဥတုက အေးစိ အေးစိ။

ညနေစောင်း ရုံးဆင်းချိန်မို့ ကန်တော်လေးဘက်က ပလပ်ဖောင်းညဈေးမှာ မျက်စိ နောက်ဖွယ်ပင်။ကျွန်တော်လဲ ဘာရယ်တော့မဟုတ် သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကိုအလုပ်က အပြန်ဝင်လည်ကာ ထိုသူငယ်ချင်းနှင့် လက်ဘက်ရည်ဆိုင်သို့ ယွန်းခဲ့ချိန်။ ဆိုင်ရဲ့ အပြင်ဘက် အစွန်းဆုံးကျကျ စားပွဲမှာထိုုင်ရင်း ခြေလှမ်းပေါင်းများစွာပိုင်ရှင် အသွေးစုံ ဣိတ္ထိယတို့ကို ငေးကာ လေထဲတိုက်အိမ်ဆောက်နေချိန်။ မလှမ်းမကမ်းမှာရှိတဲ့ ကြက်သားကင်ဆိုင်ကို အကြည့်ရောက် သွားမိချိန်…

ရွှင်မြူးစွာနဲ့ ဆိုင်ပိုင်ရှင်ကုလားကြီးကိုစကားပြောနေတဲ့သူ၊ သူ့ကိုကျွန်တော်တွေ့ လို်က်ရတဲ့ခဏ၊ ကျွန်တော်အကြည့်က ဗို့အားဘယ်လောက်ပြင်းသွားလဲမသိ။ သူကျွန်တော့ ဘက်ကို တစ်ချက်ဝင့်ကာကြည့်လို့။ လေးညှို့နှုတ်ခမ်းမှ အပြုံးရိပ်လေးက ကျွန်တော့ကို ပြုံး ပြလိုက်တာလား။ မြင်လိုက်ရတာ တစ်ခဏပါ။ မြင်ခွင့်ရခဲ့တာ စက္ကန့်ပိုင်းလေးပါ။ သို့ပေမယ့် ကျွန်တော့အတွက်တော့ ရက်ပေါင်းများစွာ စိတ်ကူးရင်လို့ကောင်းသွားပြီပေါ့။

Xxx

ကျွန်တော်ကံကောင်းတယ်လို့ပဲဆိုရမလား။ ညီလင်းနဲ့သူနဲ့ကလဲ သိနေတာပဲ။ တစ်နေ့ ညီလင်းရဲ့ဖုန်းကို ကျွန်တော်ဝင်မွှေမိချိန်၊ ဖုန်းလစ်တွေထဲက သူ့ရဲ့ဖုန်းနံပါတ်ကို သိခွင့်ရ လိုက်သည်။ တစ်ကယ်တော့ ဒီအရေးမှာ ကျေးဇူးတင်စရာအကောင်းဆုံးက ဖုန်းနံပါတ်ကို မှတ်တဲ့အခါ လူပုံနဲ့ပါမှတ်တပ်တဲ့ ညီလင်းရဲ့အကျင့်ပဲပေါ့။ အမှတ်မထင်ပါပဲ။ ညီလင်းရဲ့ ဖုန်းနံပါတ်တွေထဲမှာ သူ့ရဲ့ပုံကို ကျွန်တော်တွေ့လိုက်ရတယ်။ဒီလိုနဲ့ပဲသူ့ရဲ့နာမည်ရီရီဆိုတာရယ်၊ သူ့ရဲ့ ဖုန်း နံပါတ်ကိုပါ သိလိုက်ရတယ်ဆိုပါတော့။

အဲ့ဒီ့နေ့ကစပြီး သူနဲ့ကျွန်တော် မက်ဆေ့ခြင်းအဆက်အသွယ်ရခဲ့သည်။ အဆင်ပြေ တာလား မပြေတာလားတော့ မသိ။ သူနဲ့ကျွန်တော် မက်ဆေ့ချင်ပဲစကားပြောလို့ရသည်။ အပြင် မှာ လူချင်းတွေ့ခွင့်ရဖို့မပြောနဲ့ ဖုန်းနဲ့စကားပြောခွင့်တောင်မရခဲ့။ အချိန်တွေကတော့ ကြာသွားခဲ့ပါပြီ။ ကျွန်တော်ကသာ သူ့ပုံရိပ်တွေကို အတွေးထဲမှာ အချိန်တိုင်း နေရာပေးနေခဲ့ရ တာ။ သူကတော့ ကျွန်တော့ကို ဖြူသလား မဲသလားတောင်အခုထိသိမှာမဟုတ်သေး။

မကောင်းပါဘူးလေ… သို့ပေမယ့်… ဆိုးတော့ မဆိုးပါဘူး…

Xxx

ဒီနေ့ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် လူစုံတက်စုံ မဆုံဖြစ်တာကြာပြီဆိုကာ ဘုရားအတူသွားပြီး မုန့်ထွက်စားဖို့စီစဉ်ခဲ့ကြသည်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ ပြန်ဆုံတဲ့အချိန်ဆိုတော့ ပြောစရာစကားတွေကလဲ မကုန်နိုင်။ ရယ်စရာတွေပြောလိုက်၊ ဟာသ တွေပြောလိုက်၊ အရွှတ်အနောက်တွေပြောလိုက်မို့ ရီသံတွေကလဲ ဘုရားဖူးတွေကိုတောင် အနှောက်အယှက်ဖြစ်မှာတောင်စိုးရိမ်ရသည်ဖြစ်၍ ကျွန်တော်တို့တွေလဲ ဘုရားဝတ်ပြုသူတွေနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဇရပ်တစ်ခုမှာ စုကာဝေးကာ စကားပြောနေမိသည်။

“မင်းတို့တွေ ရှိုင်းမောင်ကို အထင်မသေးကျနဲ့။ အခုရှိုင်းမောင်က အရင်ရှိုင်းမောင်း မဟုတ်တော့ဘူး”

“ဘာလဲ ခွက်လက်စွဲဘဝကိုရောက်သွားပြီလား”

ညီလင်းရဲ့စကားကို သူငယ်ချင်းတစ်ဦးက ဝင်ဖေါက်သည်။

“နေစမ်းပါကွာ။ ငါ့စကားဆက်ပါ့ရစေ။ ရှို်င်းမောင်ကအခု မဂ္ဂဇင်းကဗျာဆရာတောင် ဖြစ်နေပြီ”

“ဟုတ်လား။ ဘယ်မဂ္ဂဇင်းမှာရေးနေတာတုန်း”

“နေဦး။ ငါမဂ္ဂဇင်းနာမည်မပြောသေးဘူး။ သူ့ရဲ့ ပထမဆုံးဖေါ်ပြခံရတဲ့ကဗျာလေးပဲ ရွတ်ပြမယ်။ မဂ္ဂဇင်းနာမည်ကိုတော့ မင်းတို့ဘာသာ စဉ်းစားပေါ့”

ညီလင်းက ဘေးကလူတွေကို တစ်ချက်အကဲခတ်ရင်း

“ငါရွတ်ပြမယ် သေချာနားထောင်။ တစ်ခြားနေရာတွေတော့ မမှတ်မိတော့ဘူးကွာ။ ငါမှတ်မိတဲ့နေရာကပဲစလိုက်မယ်။ `သူမကိုမေ့ပြစ်ဖို့ ကြိုးစားပေမယ့်၊ ဘယ်လိုမှ မေ့လို့မရပါ။ စိတ်ထဲက ဘယ်လောက်ပဲ အားစိုက်ပြီး ထုတ်ထုတ်၊ ထွက်မသွားနိုင်ခဲ့တာ၊ ငါ… ဝမ်းများချုပ်  နေလို့လား…´တဲ့”

ညီလင်းရဲ့စကား အဆုံးမှာ ကျန်တဲ့သူတွေ ကြောင်တောင်တောင်ဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေကျသည်။ ပြီးမှ ဝါးကနဲ့ရယ်သံထွက်လာပြီး တစ်ယောက်က

“ဟားဟား။ ဒါဆိုရင်တော့ သေချာပြီ။ ဒီကောင်ရေးနေတာ ပေါင်တက်ကရမဂ္ဂဇင်း မှာပဲဖြစ်ရမယ်”

ညီလင်းဆိုတဲ့ကောင် တော်တော်လဲဟုတ်တဲ့ကောင်။ ကျွန်တော့အကြောင်း လူလယ် ခေါင်မှဖေါက်သည်ချဖို့ သူစိတ်မဝင်စားတဲ့ ကျွန်တော့ကဗျာကို အလွတ်ရအောင်တောင် ကျက်ထားလိုက်သေးရဲ့။

“ဟယ် ရီရီ”

မေသင်းရဲ့ ရုတ်တရက်လှမ်းအော်လိုက်တဲ့အသံကြောင့် ကျွန်တော့တစ်ကိုယ်လုံး တောင့်များ သွားသလား။ထိုနာမည်ဟာ ကျွန်တော့နှလုံးခုန်သံကိုမြန်သွားစေသလို ရပ်တန့်သွားအောင်လဲ လုပ်နိုင်ပေစွတကား။

“ဟဲ့ ရီရီ။ ဘုရားလာဖူးတာလား”

အော်ကလဲအော် ထိုင်ရာမှလဲထကာပြေးသွားသော မေသင်းရဲ့နောက်ကို ကျွန်တော်လိုက် ကြည့်မိချိန်တွင် ကျွန်တော်ပိုပြီးတော့တောင် အေးခဲသွားရပြီ။

သူ…ဟုတ်တယ်။သူ။ အဝါရောင် အဆင်တွင် ဗေဒါရောင်ပွင့်ရိုက်ထမီနှင့် လိုက်ဖက်စွာ အပြာရောင်လိုင်းစင်းများပါသည့် တီရှပ်အဖြူကို ဝတ်ဆင်ထားတဲ့သူ။ ဘေးနားက ဆံပင်ဖြူကဲကဲ နဲ့ အမယ်အိုကို လက်တွဲကာ လျှောက်လာတဲ့သူ။ သူ့ကိုလာ နှုတ်ဆက်သည့် မေသင်းကို ရယ်ကာမောကာ စကာပြန်ပြောနေတဲ့သူ။ ပတ်ဝန်းကျင်ကို သတိမေ့လောက်အောင်ကျွန်တော် ငေးကြည့်နေမိတဲ့သူ…

ကျွန်တော်တို့ စကားဝိုင်းလေးလဲ ခေတ္တတိတ်ဆိတ်သွားသည်။ အတန်ကြာသော အချိန်ရောက်မှ သူငယ်ချင်းတစ်ယောက်က ညီလင်းဘက်လှည့်ကာ

“ဟေ့ကောင် ညီလင်း။ အဲ့ဒါ မေသင်းသူငယ်ချင်းလား”

“အင်း အဝေးသင်က ကျောင်းနေဘက်တွေလေ”

“တော်တော် လှတာပဲကွ။ မေသင်းမနဲ့။ ဒီလောက်လှတဲ့သူငယ်ချင်းရှိတာတောင် ငါတို့ ကိုမိတ်ဆက်မပေးဘူး”

“ဘာလဲ။ မင်းက သူနဲ့ခင်ချင်လို့လား”

ညီလင်းက ပြုံးစစဖြင့် ထိုသူငယ်ချင်းကိုမေးသည်။

“အေးပေါ့ဟ။ ခင်ချင်တာပေါ့။ ဒိလို လှတပတလေးနဲ့ သူငယ်ချင်းဖြစ်ရလို့ ငါတို့ဘက် က ဘာများအရှုံးရှိမှာမို့လဲ”

“အေး အရှုံးရှိမရှိတော့ ငါလဲမပြောတက်ဘူး။ လှတာကတော့ တော်တော်လှလို့ ဟိုတစ်လောက ပြိုင်ပွဲတစ်ခုမှာတောင် ဆုရထားသေးတယ်”

“ဟင် ဟုတ်လား။ ဘယ်… ဘယ်… ဘယ် ပြိုင်ပွဲမှာလဲ”

ဒီတစ်ခါတော့ အားတက်သရောမေးလိုက်တာက ကျွန်တော်။ကျွန်တော့်ရဲ့ ခေါင်းစဉ်မဲ့စွာချစ်ရသူ လေးကို ခေါင်းစဉ်တစ်ခုရဲ့ အောက်မှာဆုရဖူးတယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းသာသွားတယ် လေ။ ညီလင်းကလဲ အားတက်သရော ပြန်ဖြေပါတယ်

“အလှမယ်ရွေးပွဲလေ”

“အေးလေ ဘယ်ပွဲလဲ”

“ဟိုတစ်လောက လုပ်သွားတဲ့ပွဲလေ”

“ဟုတ်ပါတယ် ဘယ်ပွဲလဲလို့”

“အရင်လက ဆီဒိုးနား မှာလုပ်သွားတဲ့ပွဲလေကွာ”

“တောက် ငါ ဘာ ညာ သာရကာရယ်။ ဘာပွဲလဲလို့ဆို”

စပ်ဖြဲဖြဲလုပ်နေတဲ့ ညီလင်းကိုကျွန်တော်စိတ်မရှည်တော့။ ကျွန်တော်စိတ်မရှည်တာကို ကြည့်ပြီး ညီလင်းက ပိုပြီးစပ်ဖြဲတဲ့ မျက်နှာနဲ့

“အလှဖန်တီးရှင် မယ်ရွေးပွဲလေ”

“ဘယ် ဘယ်လို။ အလှဖန်တီးရှင်ရွေးပွဲ ဟုတ်လား”

“အေး ဟုတ်တယ်လေ”

“ဒါ… ဒါ… ဆို။ သူ… သူ… သူက”

“အလှဖန်တီးရှင်လေ”

“ဘာ…”

အံ့ဩစိတ်ကြောင့် ဟသွားမိသော ကျွန်တော့ရဲ့ပါးစပ် ဘယ်အချိန်ရောက်မှ ပြန်ပိတ် သွားသလဲဆိုတာကို ကျွန်တော် လုံးဝသတိမထားမိတော့ပါ။    ။

 

COURAGE

16 comments

  • lady mobile

    April 26, 2013 at 8:46 am

    ဖတ်ရတာအပျင်းတော့ပြေသား
    အားပေးသွားတယ်နော်…..

  • ဟိုနံမယ် .. ဟိုနံမယ် ..
    ရှိုင်းမောင် ဆိုဒါ ..
    အိုက်ဒါ ကျုပ်ညီရဲ့ နံမယ် ဘဲ …
    ခွက်ဒစ်ပေးဘာ .. :mrgreen:
    နောက်ဒါဘာ ခညာ ..

    ဟိုနေရာမှာ ဒီစကားလုံးလေး သုံးထားတာ အရမ်းခိုက်တွားဒယ် ..
    “ဂတုံးပြောင်နဲ့ ဇရပ်ချောင်ကို ဝင်မယ့် လူသူတော်”
    ဒီစကားလုံးနဲ့ ပို့စ်တစ်ပုဒ်လောက် ရေးဖြစ်ခဲ့ရင် …
    တစ်ခါထဲ ဒီဟာအတွက် ခွက်ဒစ် တောင်းဘာဒယ်ဗျား ….

    • ခင်ခ

      April 26, 2013 at 9:58 am

      အင်း မူပိုင်တွေ မူပိုင်တွေ ကလည်း မလွယ်ပါလားနော်။
      နောင် စာရေးရင် ဒီလို ခရက်တစ်ပေးမယ် ( အရပ်ရှစ်မျက်နှာနဲ့ ခုနှစ်ရက်သားသမီး အားလုံး ခရက်တစ်ပါလို့)

    • Courage

      April 26, 2013 at 8:54 pm

      မဟာရာဇာကြီးကသာ တစ်ကယ်ရေးမယ်ဆို ကျွန်တော်ကတောင် ပြန်ပြီးကျေးဇူးတင်ရမှာပါ ဗျာ…

  • မင်းမင်း

    April 26, 2013 at 9:36 am

    ဟီး။

  • သူကလေး

    April 26, 2013 at 10:01 am

    တိန် !~!
    သေတာပဲနော် .. ဟဟ
    အားမငယ်ပါနဲ့ .. ဒီခေတ်မှာ ဒီလိုတွေများလာပြီပဲဟာ .. အဟိအဟိ
    အံ့ဩစိတ်ကြောင့် ဟသွားတဲ့ပါးစပ်ကဘယ်ချိန်မှပိတ်သွားလဲဟင် ..
    ပီးတော့ ဘာတွေဆက်ဖြစ်ကြသေးလဲ … မီးအိမ်ရှင်လေးကိုချစ်ရေးဆိုလိုက်ရောလား 😛 😀 ~
    fancy ဆန်ဆန်ဖတ်လို့ကောင်းပါတယ်ရှင့်

  • KZ

    April 26, 2013 at 10:02 am

    ဟမ်။
    မ။
    လေး::::

    ဘာပြောရပါ့။
    မျှော်လင့်ချက် ဆပ်ပြာပူဖောင်းကြီး ပေါက်သွားတာပေါ့။
    🙁

  • ဗုံ ဗုံ

    April 26, 2013 at 12:17 pm

    ဟိုက်စ်.. ဖစ်မှ ဖစ်ရလေဟယ်.. လွဲပါပေါ့လားးး သနားပါဒယ် :mrgreen:

  • မယ်ဘုတ်

    April 26, 2013 at 2:37 pm

    များ တို့ ဘာသာ များ နေတာကို လာ နည်း ခိုင်းနေဒယ် ဇွတ် … :kwi:
    အားပေးသွား ပါတယ် ဗျာ .. အဲ ရှင်

  • ရွှေတိုက်စိုး

    April 26, 2013 at 4:20 pm

    ဟဟဟဟ ဇာတ်လမ်းကို စိတ်ထဲ ကောင်မလေးအဖြစ် အချောအလှနဲ. ပုံဖော်လာပီးမှာ ကွာ..တောက်စ်စ်စ်စ် (ခရက်ဒစ်တူ အာဂ)… နောက်ဆုံးမှ အချော်တကောက်ဖစ်ရဒယ်လို……..
    စိတ်နာဒယ် စိတ်နာဒယ်…….. ဒီက စိတ်ကူးယဉ်ပီးဖတ်နေဒဲ့ဟာကိုဟာပဲ ဟာပဲ……..
    အဲဒီ အချော်တကောက်ဖစ်တဲ့အခန်းကို ပယ်ပြီး အရမ်းဖတ်ကောင်းဒယ် ဒါပဲ..ဟွန်…

    နောက်တစ်ခါရေးရင် အလန်းလေးအစစ်ကလေးနဲ. ပေးတွေ.စမ်းပါဗျာ……….နော်နော်…

  • လူကလေး

    April 26, 2013 at 4:57 pm

    အိမ်း.. သူက သူမမဖြစ်ခဲ့လေတော့ .. ဘာများလုပ်လိုက်မိသတုန်း.. ကိုယ့်ကို်ကိုယ်များ သတ်သေလိုက်ပလား . ဟိုက်ရား.. :kwi:

  • သျှားသက်မာန်

    April 26, 2013 at 5:13 pm

    တချို့ရေးထားတဲ့ စာသားတွေဆိုတော်တော်လေးကောင်းတာတွေ့ရပါတယ်…ဆက်ရေးပါ…ဒါပေမဲ့..ဒီဇာတ်လမ်းကစိတ်ကူး
    ယဉ်သက်သက်သာဖြစ်ကောင်းဖြစ်နို်င်ပါတယ်..ဘာလို့လဲဆိုတော့..တကယ့်အပြင်မှာဆို…ယောက်ျားတွေက
    မိန်းမစစ်မစစ်ကိုသေသေချာချာခွဲခြားနိုင်လို့ပါပဲ…ဒီလိုကြိုက်မိမယ်လို့မထင်မိပါ…

  • Mr. MarGa

    April 26, 2013 at 7:42 pm

    စ ကတည်းက တွေးတော့ တွေးမိလိုက်တယ်
    မသိတဲ့သူတွေကဆို ကျောင်းမှာ ကွင်းပေးဖို့တောင် လုပ်ကြတယ်လို့ ပါလာတာကိုး
    နောက် ခေါင်စဉ်လေးနဲ့လဲ တွဲမိလိုက်တာလေ
    ထူးတဲ့ ဖူးစာလို့ပဲ ပြောချင်မိတယ်
    နောက် ဘာဆက်ဖြစ်သလဲ လုပ်ပါဦးဗျ

  • Courage

    April 26, 2013 at 9:00 pm

    အစက ဇာတ်လမ်းကို ဒီမှာအဆုံးမသတ်ဘဲ ဆက်ရေးဦးမလို့ပါ။ သို့ပေမယ့် ဆက်ရေးလိုက်မယ်ဆို xဆက်စံတာကို အားပေးသလိုဖြစ်သွားရင်သွား၊ ဒါမှမဟုတ် သူတို့တွေကို လူတန်းစားခွဲတယ်လို့ ဖြစ်ရင်ဖြစ် ဒီအထုပ်ကြီးက ကျွန်တော့ခေါင်းပေါ်ရောက်လာမှမို့ ဒီမှာပဲ ရပ်လိုက်ရတာပါ။ ဘာဆက်ဖြစ်သွားသလဲဆိုတာကိုတော့ လိုသလိုသာ ဆက်တွေးကျပါတော့ ရောင်းရင်းတို့ရယ်…

  • kai

    April 27, 2013 at 4:31 pm

    အာရှမှာ.. လိင်တူချင်းလက်ထပ်ခွင့်ပေးတာ.. နယူးဇီလန်ပထမဆုံးရသွားတယ်..
    မြန်မာပြည်မှာ.. အဲဒီဥပဒေပြဌာန်းဖို့..အဆိုတင်.. စည်းရုံး.. ဆန္ဒတွေပြပေါ့..
    ဒုတိယဖြစ်လည်း.. မနည်းပါဘူး..

    ဆိုတော့…
    ကမ္ဘာ့ပထမဖြစ်ရအောင်…. ၃စုံတွဲပါတ်လည်ဆို.. ဘယ်လိုလည်း.. :kwi:

  • rain pricess

    April 28, 2013 at 2:32 pm

    သနားစရာ….ဟိဟိ

Leave a Reply