…မိတ်ဆွေတု ၊ မိတ်ဆွေယောင်များ အတွက်

Yin Nyine NwayJuly 26, 20101min892

” လူယုံသတ်လျှင် သေတတ် ” ဟုဆိုသော ဆိုရိုးစကားသည် ချစ်ဟန်ဆောင်တတ်သော
မိတ်ဆွေတု ၊ မိတ်ဆွေယောင်များ အတွက် သတိပေးထားသော စကားပုံဖြစ်ပါသည် ၊

မြတ်စွာဘုရားရှင်က ဓမ္မပဒ ၊ နာဂဝဂ် ၊ မာရဝတ္ထုမှာ —

ချမ်းသာစစ် ချမ်းသာမှန်ကို အမှန်တကယ်လိုလားသောအမျိုးကောင်း

သားသမီးတို့အတွက် ချမ်းသာစစ်မှန် နည်းလမ်း
မှန်ကို လမ်းညွှန်ဟောကြားထားခဲ့ပါတယ် ။

၁ ။ အဆွေခင်ပွန်းကောင်းရှိခြင်းသည် အရေးကိစ္စပေါ်ပေါက်လာသောအခါ ချမ်းသာ၏ ။
၂ ။ ရသမျှ ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏ ။
၃ ။ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏ ။
၄ ။ အလုံးစုံသော ဆင်းရဲဒုက္ခကို ပယ်ခြင်းသည် ချမ်းသာ၏ ။
၅ ။ လောက၌ အမိကိုလုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၆ ။ လောက၌ အဖကို လုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
ရ ။ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၈ ။ မကောင်းမှုမှအပ ပြုပြီးသောဘုရား ၊ ပစ္စေကဗုဒ္ဓါ ၊ ရဟနာ္တ တို့ကို
ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏ ။
၉ ။ သီလတရား ရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏ ။
၁ဝ ။ ပညာကို ရခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏ ။
၁၁ ။ သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာ၏ ။
၁၂ ။ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏ ။

ဤချမ်းသာခြင်း ( ၁၂ ) ချက်တွင် မိတ်ဆွေကောင်းရှိခြင်းသည်ချမ်းသာခြင်း၏အကြောင်းကို ( ၁ ) နံပါတ်က ဖော်ပြ
ဟောကြားထားတာကို တွေ့ရပါမယ် ။

အလားတူပဲ ၊ လောကီ ၊ လောကုတ္တရာ ကြီးပွားအောင် သမ္ပဒါတရားလေးပါးကိုဟောကြားထားရာမှာ —

၁ ။ လုံ့လဝိရိယ နှင့် ပြည့်စုံခြင်း ( ဥဠာနသမ္ပဒါန )
၂ ။ စောင့်ရှောက်ထိန်းသိမ်းမှုနှင့် ပြည့်စုံခြင်း ( အာရက္ခ သမ္ပဒါန )
၃ ။ အဝင်အထွက်မျှတအောင် သုံးစွဲခြင်း ( သမဇီဝိတသမ္ပဒါန )
၄ ။ မိတ်ကောင်းဆွေကောင်းရှိခြင်း ( ကလျာဏမိတ္တသမ္ပဒါန )
လို့ ( ၄ ) မျိုးဟောထားရာမှာလည်း မိတ်ကောင်းဆွေကောင်းဆိုသောအချက်ပါဝင်နေတာကို တွေ့ရပါတယ် ။

သုတ်ပါထေယျ ၊ သိင်္ဂါလောဝါဒသုတ်မှာလည်း မိတ်ဆွေကျင့်ဝတ် ( ၅ ) မျိုးကိုဖော်ပြထားတာကိုတွေ့ရပါတယ် ။
လောက၌မိတ်ကောင်းဆွေကောင်းသည် ဤကျင့်ဝတ် ( ၅ ) မျိုးကိုကျင့်သုံးလိုက်နာဆောင်ရွက်ရမည်လို့ ဆိုပါတယ် ။

၁ ။ ပေးကမ်းချီးမြှင့်ရမယ် ။
၂ ။ ကိုယ်ချင်းစာစိတ် ထားရှိရမည် ။
၃ ။ စီးပွားရေးကို ကူညီဆောင်ရွက်ပေးရမည် ။
၄ ။ စကားပြောဆိုရာ၌ ချိုသာမှု ရှိရမည် ။
၅ ။ သစ္စာစောင့်သိမှု ရှိရမည် ။
သတ္တင်္ဂုတ္တရ ပါဠိတော်မှာလည်း မိတ်ဆွေကောင်းတို့၌ ရှိထားရမည့်ကိုယ်ကျင့်တရား ( ရ ) ပါးကို ဖော်ပြထားတာကို
တွေ့ရပါတယ် ။

၁ ။ ပေးနိုင်ခက်သော ပစ္စည်းဝတ္ထုကို ပေး၏ ။
၂ ။ ပြုနိုင်ခက်သော ဝတ္တရားကို ပြုပေး၏ ။
၃ ။ အလွန်အမင်း သည်းခံပေး၏ ။
၄ ။ လျှို့ဝှက်အပ်သော အမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏ ။
၅ ။ လျှို့ဝှက်ထားသောအမှုကို မပေါ်အောင် လျှို့ဝှက်ထားပေး၏ ။
၆ ။ ဘေးရန်ကြုံသောအခါတို့၌ စွန့်ပစ်မထားခဲ့ ။
ရ ။ ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင် မပြု ။

ယနေ့ခေတ်ကာလဝေါဟာရမှာ ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မိတ်ဆွေ အဆွေဟူသော စကားဟာပါဠိဝေါဟာရ ” မိတ္တ ”
ဟူသောစကားမှ ဆင်းသက်လာသောစကားဖြစ်ပါတယ် ။ မိတ္တရဲ့အဓိပ္ပာယ်ကတော့တကယ်စစ်မှန်သော အချစ်စိတ်
ဖြင့် ပေါင်းသင်းဆက်ဆံပြောဆိုသူလို့ အဓိပ္ပာယ်ရပါတယ် ။ ဤမိတ္တရဲ့အနက်အဓိပ္ပာယ်အရ မိတ်ဆွေဆိုရာမှာ ချစ်ယောင်
ဆောင်သူ ၊ အကျိုးလိုလားဟန်ဆောင်သူ ၊ ကိုယ်ကျိုးရှိမှုကိုသာ ပဓာနထားပြီးဆောင်ရွက်သူ ၊ ပေါင်းသင်းသူများကို
မိတ်ဆွေဟူ၍ မုချမဆိုနိုင်ပါဘူး ။ထိုသူများသည် ဟန်ဆောင်မိတ်ဆွေတုများလို့သာ ခေါ်ဆိုရပါမယ် ။ မြန်မာစကားပုံ
ဆိုရိုးစကားမှာ ” ဟန်ဆောင်သောမိတ်ဆွေသည် ရန်သူထက်ဆိုးရွားသည် ” လို့ ဆိုထားသည့်အတိုင်း
ဟန်ဆောင်ချစ်ခင် ပေါင်းသင်းဆက်ဆံ ပြောဆိုတတ်သောသူသည် ရန်သူထက်ပင် ဆိုးရွားလှပါတယ် ။

2 comments

  • Alinsett @ Maung Thura

    May 7, 2015 at 1:57 pm

    မိတ်ဆွေ ကောင်းချည်းပဲတော့ လိုချင်လို့…မရ…
    ရလည်း မရတတ်…
    ဆိုတော့… ကိုယ်က မိတ်ဆွေကောင်းလိုချင်တယ်ဆိုရင်…
    ကိုယ်ကလည်း သူတပါးအတွက် မိတိ်ဆွေကောင်း ဖြစ် မဖြစ်….
    ဒါလည်း …ကြည့်ရမယ်ထင့်…

    :k:

  • အောင် မိုးသူ

    May 7, 2015 at 3:19 pm

    မိတ်ဆွေကောင်းလိုချင်ရင်တော့ ကိုယ်လည်းကောင်းမှ ရမယ်ထင်။ တစ်ခါတစ်ရံ အကောင်းဆုံးနေထိုင်လည်း ကောက်ကျစ်ယုတ်မာတဲ့သူက ကောက်ကျစ်တာပါပဲ။

Leave a Reply