လူငယ်နှင့် လိင်မှတဆင့် ကူးစက်သောရောဂါများ (Sexually Transmitted Diseases)

Zaw WonnaJuly 26, 20101min930

လိင်မှတဆင့် ကူးစက်သော ရောဂါများတွင် ကာလသားရောဂါများနှင့် အေအိုင်ဒီအက်စ်ရောဂါတို့ ပါဝင်ပါသည်။ ထိုအထဲမှ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံမှ လူငယ်အများစုကို အကြီးမားဆုံး  ခြိမ်းခြောက်နေသော ရောဂါမှာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပါသည်။ ထိုရောဂါမှာ ယခုအချိန်အထိ လုံးဝသက်သာ ပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်သည်ကို ခေတ်ပညာတတ် များသာမက ဗဟုသုတ အတန်အသင့် ရှိသူတိုင်း သိပြီးဖြစ်ပါသည်။ မည်သို့ ကာကွယ်ရမည်ကိုလည်း သိကြသည်သာ ဖြစ်၏။ သို့သော် ရောဂါဖြစ်ပွားသူများတွင် ခေတ်ပညာတတ် လူငယ်များလည်း ပါဝင်နေသည်ကို  တွေ့ရှိနေရသောကြောင့် ဤစာကို ရေးမိခြင်း ဖြစ်ပါသည်။
တကယ်တမ်းတွင်မူ AIDS ရောဂါ ဖြစ်ပွားရသည့် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း စသော အခြား အကြောင်းရင်းများ ရှိသော်လည်း  လိင်မှတဆင့် ကူးစက်ခြင်း ခံရသူ များပြားသောကြောင့် ထိုအကြောင်းကိုသာ အဓိက တင်ပြလိုပါသည်။

၁။ မိမိ၏ ဆက်ဆံဘက်အပေါ် ယုံကြည်၍ အကာအကွယ်မသုံးပဲ ဆက်ဆံမိခြင်း။
ကျနော်တို့သည် (ဆရာအောင်သင်း ပြောဖူးသကဲ့သို့) သူများ ထီပေါက်တာမြင်လျှင် မိမိလည်း ထီပေါက်နိုင်သည်ဟု တွေးကြသော်လည်း သူများ ကားတိုက်သေသည်ကို မြင်ပါလျှက် မိမိလည်း ကားတိုက်သေနိုင်သည်ဟု မစဉ်းစားမိသူ များပါသည်။ ထို့ကြောင့် ကံကိုယုံ၍ ဆူးပုံနင်းမိခြင်းမျိုးမှာ အဖြစ်အများဆုံး ဖြစ်ပါသည်။
များသောအားဖြင့်မှာ အတူနေ (living together) သမီးရည်းစားများ၊ လင်မယားများတွင် တစ်ယောက်မှ အခြားတစ်ယောက်ထံသို့ ကူးစက်ခြင်း ဖြစ်သည်။ ပြည့်တန်ဆာမှန်းသိ၍ အခကြေးငွေပေးပြီး ဆက်ဆံသူများမှာ အကာအကွယ်သုံးရန် လိုအပ်ကြောင်းကို များသောအားဖြင့် သတိရကြမည်ဖြစ်သည်။ (ရာနှုန်းပြည့် ကာကွယ်နိုင်သည်ဟု မဆိုလိုပါ)။  မိမိချစ်နှစ်သက်၍ ပေါင်းသင်းမည့်သူနှင့် တွေ့သောအခါတွင်မူ အပြစ်မမြင်နိုင်ကြခြင်းကြောင့် ပေါ့ပေါ့ဆဆ နေတတ်ကြပါသည်။ မိမိကိုယ်မိမိ လိပ်ပြာမသန့်ပဲ မိ်မိချစ်သူနှင့် အတူနေချင်သည့်စိတ်ကြောင့် နောင်ခါမှ ဖြစ်ချင်ရာဖြစ်ဟူသော အတ္တကြီးလွန်းသူများလည်း ရှိကြပါသည်။ အထူးသဖြင့် လက်ထပ်ရန် သို့မဟုတ် အတူနေရန် ရည်ရွယ်ပြီးသည်နှင့် တပြိုင်နက် မဖြစ်မနေ လုပ်ဆောင်သင့်သည့် ဆေးစစ်မှု ခံယူခြင်းကို ပျက်ကွက်သောကြောင့် ရင်နာဖွယ် နောက်ဆက်တွဲ ဖြစ်ရပ်များ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကျနော့် အမြင်အရ တရားရုံးမှ အကြင်လင်မယားအဖြစ် အသိအမှတ်ပြုခြင်းကို သက်ဆိုင်ရာ ဆေးစစ်ချက်မှတ်တမ်းပါမှ ပြုလုပ်ပေးမည်ဆိုပါက ၎င်းအဖြစ်မျိုးများ နည်းပါးသွားနိုင်သည်ဟု ထင်ပါသည်။ သို့သော်  HIV ရှိသူများ လက်မထပ်ရ ဟူသောဥပဒေမှာလည်း လူ့အခွင့်အရေးအရ တရားမျှတမှု ရှိမည်မထင်ပါ။ ထို့ကြောင့် ဆေးစစ်ချက်အရ မည်သည့် အခြေအနေတွင်ဖြစ်စေ နှစ်ဦးသဘောတူ ကြေနပ်လျှင် လက်ထပ်ပေးသင့်သည်ဟု ယူဆသည်။
အထူးသဖြင့် မြန်မာများသည် အရှက်ကြီးခြင်း၊ အားနာတတ်ခြင်းတို့ကြောင့် မဖြစ်သင့်သောကိစ္စများ ဖြစ်ခဲ့ရလေသည်။ ဥပမာ မိန်းမလိုက်စားမိ၍ မိမိကိုယ်မိမိ ကာလသားရောဂါ ဖြစ်ပြီဟုထင်ပါက သက်ဆိုင်ရာ ဆရာဝန်အား ပြသရန် ရှက်ကြောက်ကြ၍ လမ်းဘေးဆေးဆိုင်မှ ဆေးဝယ်သောက်ခြင်း၊ ဆေးမြီးတိုဖြင့် ကုသခြင်းမျိုးတို့ ဖြစ်သည်။

၂။ ယောက်ျားလေးများအနေဖြင့် ကျောင်းနေစဉ် အရွယ်တွင် မိမိ၏ ဆရာ (သို့) သူငယ်ချင်း၏ ဖြားယောင်းမှုကြောင့် လိင်တူဆက်ဆံမိခြင်း သို့မဟုတ် မိန်းမရှာစိတ် ပေါက်သွားခြင်း။
များသောအားဖြင့် မိမိအား စာသင်သောဆရာ သို့မဟုတ် အလွန်ရင်းနှီးသော သူငယ်ချင်းမှာ မိန်းမရှာ (Gay) ဖြစ်နေ၍ မိမိအား လိင်တူဆက်ဆံလိုစိတ် ဖြစ်ပေါ်လာစေရန် သွေးဆောင်ခံရခြင်း ဖြစ်သည်။ ယခုအခါ အင်တာနက်ကို အသုံးချကာ ဖြားယောင်းမှုများကိုပင် တွေ့မြင်နေရသည်။ အထူးသဖြင့် အရာရာကို စူးစမ်းချင်တတ်သော လူပျိုပေါက်အရွယ်တွင် ထိုသို့သွေးဆောင်ခြင်း ခံရပါက လိင်တူဆက်ဆံဖြစ်ရန် အခွင့်အလမ်း ပိုများပါသည်။ ထို့အပြင် မိမိအထင်ကြီး လေးစားသောသူ၏ မိန်းမရှာဘဝကို အားကျရာမှ မိန်းမရှာ ဖြစ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။ အလွန်အန္တရာယ်များသော အခြေအနေ ဖြစ်သဖြင့် မိဘများအနေဖြင့် ထိုအရွယ် သားသမီးများအား အထူး ဂရုစိုက်သင့်ပါသည်။

၃။ လိင်တူအချင်းချင်း အတင်းအဓမ္မ လိင်ဆက်ဆံမှု ခံရခြင်း။
အချို့ယောက်ျားလေးများမှာ မိမိထက် အသက်ကြီးသူ၊ မိမိ မဆန့်ကျင်ရဲသူ၏ အနိုင်ကျင့် လိင်ဆက်ဆံမှုကို ခံရတတ်သည်။ ၎င်းကိစ္စမှာ အထူးသဖြင့် လူငယ် စာရိတ္တပြုပြင်ရေးကျောင်းများ၊ အကျဉ်းထောင်များ၊ စစ်တပ်များတွင် အများဆုံး ဖြစ်ပျက်တတ်သည်။ သင်္ဘောသား လောကတွင်လည်း ရှိသည်ဟု ကြားဖူးပါသည်။  အပြင်လောကတွင်လည်း လိင်တူဆက်ဆံလိုစိတ် ရှိသူများမှ အတင်းအဓမ္မ ပြုကျင့်ခြင်း ခံရမှုများ ရှိပါသည်။ မြန်မာနိုင်ငံတွင် ဤကိစ္စမျိုးကို တိုင်ကြားသင့်သော ကိစ္စဟူ၍ သိရှိသူ နည်းပါးသည့်အပြင် အဓမ္မပြုကျင့်ခြင်းခံရသော ယောက်ျားလေး ကိုယ်တိုင်ကလည်းး မိဘသို့မဟုတ် အုပ်ထိန်းသူကို တိုင်ကြားရန် ရှက်ကြောက်ကြခြင်းကြောင့် လူသိမများခြင်းသာ ဖြစ်သည်။
မြန်မာ့အိမ်နီးချင်း နိုင်ငံအချို့တွင် အရွယ်မရောက်သေးသည့် ယောက်ျားလေး၊ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် အသုံးချသော လုပ်ငန်းများ ပေါ်ပေါက်လျှက်ရှိသည်မှာ အထက်ပါကဲ့သို့ ပုံမှန်မဟုတ်သော လိင်စိတ်ရှိသူများကြောင့် ဖြစ်မည်ဟု တွေးမိပါသည်။

မည်သို့ပင်ရှိစေ လူတိုင်း သတိထား၍ ဆင်ဆင်ခြင်ခြင် နေထိုင်ခြင်းဖြင့် AIDS ဟူသော ရောဂါဆိုးကြီး၏ သားကောင်အဖြစ်မှ လွတ်မြောက်နိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။     ။