သူ့ကိုချစ်သော စာသားများ (ရသစာစု)

ကိုယ့်မျက်ရည်တွေကြွေနေပြန်ပြီ။ ဒါကို……သူသိပါ့မလား…။ သူနဲ့ စတွေ့တွေ့ချင်းပဲ ကိုယ်ငိုခဲ့ရတာတွေ သူ့ကိုသိပ်ချစ်မိသွားတာတွေဟာအပေါစားဆန်နေမလားလို့ ကိုယ့်ကိုယ်ကိုတွေးမိပါရဲ့။ အင်းလျားကန်ဘက်က လေပြင်းတွေက တိုက်ခတ်နေလိုက်တာ။ကိုယ်တောင်လွင့်ထွက်သွားမတတ်ဘဲ။ သူကတော့ အားနာတဲ့ဟန်ပန် တွေနဲ့ပေါ့။ ကိုယ့်မျက်ရည်တွေကိုသူအားနာနေတာလား။ ကိုယ့်ကိုယ်သနားစရာ သတ္တဝါတစ်ကောင်လို သူသနားနေတာလား။ ကိုယ်တွေးရင်းပိုဝမ်းနည်းလာမိပါရဲ့။ ကိုယ့်ကိုယ် သူသနားအောင် အားနာအောင် ဘာတစ်ခုမှ မလုပ်ခဲ့ရိုးအမှန်ပါ။ အဲသည်နေ့က သူဟာ ကိုယ့်ဘဝမှာ ဘယ်တော့မှ မမေ့တော့မယ့်လူသားတစ်ယောက်ပေါ့။

 

သူရေ……..ကိုယ်ဟာ သူ့ကိုစောင့်ကြည့်နေသူတစ်ယောက်ပါ။ သူ့အကြောင်းတွေကို အမြဲတမ်းစောင့်ကြည့် နေသူတစ်ယောက်ပေါ့။သူအချစ်တစ်ခုကြောင့် ခံစားနေရမှန်းကိုယ်သိနေတယ်။ ကိုယ်ကိုယ်ချင်စာပါတယ်။ ကိုယ်က သူ့ကိုတစ်ဖက်သတ်ဆိုပေမယ့်သူကတော့ အချစ်ဒဏ်ခံရဖူးသား လူတစ်ယောက်ဆိုတာကိုလေ။ ကိုယ်ဟာ တစ်ဖက်သတ်ပါသူ။ အချစ်နဲ့ပတ်သတ်လို့သုံးပြီးသားစကားလုံးပြန်သုံးမယ်ဆိုရင်တောင် တစ်ဖက်သတ်ဆိုတာဟာ ဘယ်တော့မှ ရိုးမသွားမယ့်တစ်ယောက်တည်းချစ်နေရတဲ့ စကားလုံးဆိုတာတော့ သူသိမှာပါ။ တစ်ဖက်သေအောင်သတ် ပစ်သလို ခံစားရတယ်ဆိုတဲ့အကြောင်းအရာတွေကို သူသိမှာပါ။ သူမသိချင်ယောင်ဆောင်နေတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့အရာတိုင်းသူပိုစိတ်မကောင်းဖြစ်ရတဲ့ဆိုတဲ့ တစ်ချက်တည်းနဲ့တင် ဥပေက္ခာဆိုတဲ့ အရာတစ်ခုကို သူအသုံးပြုခဲ့တာကိုယ်သိနေတယ်။ဥပေက္ခာဆိုတာ အချစ်နဲ့ပတ်သက်ရင်တော့ သိပ်ကိုအထီးကျန်ပြီး ခါးသက်တဲ့အရာတစ်ခုဆိုတာ သူမခံစားမိဘူးလားလို့မိုက်မိုက်မဲမဲ ကိုယ်တွေးမိပါရဲ့။  ဒါပေါ့ ကိုယ်ကတစ်ဖက်သတ်ကိုးးးးးးး။

 

 

**********************************************************************

 

 

ကိုယ်ဟာလည်းလူသားတစ်ဦးမို့ တစ်ခါတစ်ရံတော့ လိုချင်တာလေးရအောင်ယူချင်တာပေါ့။ သူကိုယ့်ကို ပြန်မချစ်နီုင်ပေမယ့်သူ့ကိုမြင်ရရုံတင်ကျေနပ်သူဆိုတာ ကိုယ်ချစ်ဖူးမှပဲ သိခဲ့ရတယ်။ သူရယ်…….ကိုယ်က သူ့ကိုမြင်ရုံ ကျေနပ်သူပါ  သူ…။ ကိုယ်တွေ့ချင်တိုင်းသူဟာမအားမလပ်တဲ့အလုပ်တွေကို ချပြတတ်သူပေါ့။ ကြာလာတော့လည်း သူအလိုလိုက်ပြီး ကိုယ့်ကိုတွေ့ပေးပြန်တယ်။သူနဲ့တွေ့တိုင်း ကိုယ်ငိုမိတာ ဘာကြောင့်လဲဆိုတာတော့ ကိုယ့်ကိုယ်ကို ခုထက်ထိကို မသိရသေးဘူး။နောက်ဆုံးတော့ ကိုယ်ဆုံးဖြတ်ချက်တစ်ခုချမိပါရဲ့ ကိုယ်နောက်ထပ်သူနဲ့ မတွေ့ဖြစ်အောင်နေတော့မယ်ဆိုတဲ့စိတ်။ စိတ်ကသာ တင်းထားတဲ့မာန်နဲ့ နောက်တစ်ဖက်စိတ်က ကိုယ့်ကိုယ် သူဆွဲခေါ်နေတာကိုကိုယ်ကိုယ့်ကိုလိမ်နေမိတယ် သူ……။ အချစ်နဲ့စစ်မှာ မတရားတာမရှိလို့ စာနာတရားမရှိပြောတတ်သူတော့ကိုယ်မဖြစ်ရပါဘူးသူရယ်။ ဒါပေမယ့် ကိုယ်နဲ့သူရဲ့ တွေ့ဆုံခြင်းမှာ ကိုယ်ဟာမဆုံခင်ကတည်းကအရှုံးပေးထားသူပေါ့။

 

သူဟာရယ်လိုက်ရင်သိပ်ချစ်စရာကောင်းသူပေါ့။ သူ့အပြုံးဟာ ဘယ်သူနဲ့မှမတူတာ ကိုယ်သတိထားမိတာ ကြာပြီလေ။ ဒါဟာသူ့ကိုကိုယ်ချစ်တဲ့ စိတ်ကြောင့်လားဆိုတာ ကိုယ်တိုင်သိနေတယ်။ ကိုယ့်မိတ်ဆွေတစ်ယောက်ကိုကိုယ်ပြောဖူးတယ်။ “မင်းချစ်သူက ချောလည်းမချောဘူး” လို့။ အဲသည်တော့ ကိုယ့်မိတ်ဆွေက ပြန်ချေပတယ်။“မင်းငါ့မျက်လုံးကို တပ်ပြီးကြည့်ပါလား”တဲ့။ အဲသည်ကတည်းက နားလည်သွားတယ်။ ကိုယ်ဟာ သူ့ကိုလှလို့ ချစ်ခဲ့တာမှမဟုတ်ဘဲ ချစ်လို့ လှခဲ့တယ်ဆိုတာ။ သူနဲ့ကိုယ်ကြားမှာ ကိုယ်ဟာ သိပ်ကိုပွင့်လင်းခဲ့သူဆိုရင်သူဟာ သိပ်ကိုသိုဝှက်ခဲ့သူတစ်ယောက်ပေါ့။ ကိုယ်ကပဲအတ္တကြီးခဲ့တာလား…..  ကိုယ်ကပဲသိပ်ချစ်မိသွားတာလား ဘယ်လိုပဲဖြစ်ဖြစ် သူ့အပေါ်မှာကိုယ်ကအဖြူရောင်။ အဲ့သည်အဖြူရောင်မှာ အရောင်စွန်းမယ်ဆိုရင်တောင် သူ့ကိုမွှေးစေမယ့် နံ့သာရောင်သာဖြစ်လိမ့်မယ်…သူ။ သူနဲ့ကိုယ်ဟာ ဘာကြောင့်များ ဆုံခဲ့ရသလဲလို့ ကိုယ့်ကိုယ်ကို နောင်တတွေရနေမိတယ်။ကိုယ် သူ့ကို ဘာလို့မမေ့နိုင်ဖြစ်နေတာလဲဆိုတာလည်း စဉ်းစားမရဖြစ်နေတယ်။ သူ ကိုယ့်အပေါ်ထားတဲ့ခံစားချက်ကို ကိုယ်သိသိချင်းပဲ ကိုယ်သူ့ကိုအဝေးကနေပဲ ကြည့်တော့မယ်လို့ဆုံးဖြတ်ချက်ချ  လိုက်တယ်။ ကိုယ်ဟာ အဖြူရောင်ပါ သူ။

 

 

********************************************************************

 

 

ကိုယ်ကျေနပ်ပါတယ်။ကိုယ်ပျော်ပါတယ်။ ကိုယ် သူ့ဆီက အမှတ်တရတစ်ခု ရအောင်ယူနိုင်ခဲ့လို့ပေါ့။ ကိုယ့်ဆီမှာသူ့အငွေ့အသက်တွေ စွဲထင်ကျန်ရစ်တုန်းဆိုတော့ ကိုယ်သိပ်ဝမ်းသာတယ်။ ကိုယ့်ကို မွေးနေ့လက်ဆောင်အဖြစ်သူ့အနမ်းတစ်ပွင့်ပေးခဲ့တဲ့အတွက် ကိုယ်ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အငွေ့အသက် သူ့ရဲ့ နွေးထွေးမှုတွေကိုကိုယ်အပိုင်ရလိုက်တာပေါ့။ ဒါပေမယ့် အဲသည်အရာဟာ တဒင်္ဂ တစ်ခဏ စက္ကန့်ပိုင်းလောက်သာ ကိုယ်ပိုင်ဆိုင်ခဲ့ရတာပါ။ဒါကိုပဲ ကိုယ်အမှတ်တရအဖြစ်သိမ်းထားတယ် သူ။ သူ အံ့ဩလောက်မှာ မဟုတ်ပါဘူး။ ကိုယ်ဟာ သိပ်ကိုခံစားလွယ်တဲ့အကြောင်း သူသိပြီးသားဖြစ်မယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ် သူ့ဆီကဘာမှ တောင်းဆိုမနေတော့ဘူး။သူ့ အပေါ်ထားတဲ့ ကိုယ့်အချစ်တွေဟာ အေးခဲတာမဟုတ်ဘဲ ငြိမ်းချမ်းသွားတာပါ။ ကိုယ်သူ့ကိုငြိမ်းချမ်းစွာချစ်တယ်။

 

သူဟာသစ်ပင်တစ်ပင်ဆို ကိုယ်ဟာသူ့ရဲ့ဥယျာဉ်မှူးလည်းမဟုတ် သူ့ကိုအလှဆင်ပေးတဲ့ သစ်သီး ၊ ပန်းပွင့်တွေလည်းမဟုတ်။ကိုယ်ဟာ သူအားမာန်အပြည့်နဲ့ ရှင်သန်နိုင်အောင် ပံ့ပိုးပေးတဲ့ မြေဆီမြေနှစ်သာ ဖြစ်ချင်တာ။သူ့မျက်နှာပေါ်က မှဲ့လေးတစ်စက်နဲ့ သူ့အပြုံးတွေဟာ ကိုယ့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်သညာတွေပေါ့။ သူအမြဲတမ်းပြုံးနိုင်ပါစေ ကိုယ်ဆုတောင်းတယ်။ သူ့ချစ်သူနဲ့ အဆင်ပြေပါစေကိုယ်ဆုတောင်းတယ်။ သည်ဆုတောင်းတွေ သူမသိလည်း သူ့အပေါ်အကျိုးသက်ရောက်ပါစေ။

 

 

********************************************************************

 

 

သူရေ…….အပြင်မှာမဆုံနိုင်တော့ပေမယ့် အိပ်မက်ထဲမှာတော့ ဆုံခွင့်ပေးပါ။ ကိုယ် သူ့ကိုအိပ်မက်ထဲမှာအမြဲတွေ့ချင်သူပါ။ တကယ်တော့ အချစ်ဆိုတာ အတ္တတွေနဲ့ရောနှောထားတာ သူ……….။ တစ်ခါတစ်ရံ မာနတွေသိက္ခာတွေ လိုချင်တပ်မက်မှုတွေ အတ္တတွေက အချစ်ကို အရောင်ဆိုးတတ်ကြသေးတယ်။ ကိုယ်ဟာ သူ့အပေါ်ထားတဲ့အတ္တက အတ္တဖြူပါ သူ…………။ ခု သူ့အပေါ်ထားတဲ့ ကိုယ့်အတ္တကို မဖယ်ရှားနိုင်သေးဘူး။ အခွင့်သာရင်သူ့လက်ကလေးကို ခပ်ဖွဖွလေးနမ်းရှိုက်ချင်သေးတယ်။ ကိုယ့်ဆုတောင်းတွေပြည့်ခဲ့ရင်ပေါ့။ ကိုယ့်စာသားတွေဟာမှန်ကန်ခဲ့ရင်တော့ ကိုယ်နဲ့သူ တစ်ချိန်ချိန်မှာ တွေ့ရပါစေလို့……….။ နီးရက်နဲ့ဝေးနေတဲ့အတ္တဖြူတွေပြည့်နှက်နေတဲ့ တစ်ဖက်သတ်ဆိုတဲ့အရာကို ပိုင်ဆိုင်ထားသူကိုယ့်ရဲ့ သူ့ရဲ့ ဥပေက္ခာခါးခါးသက်သက်နဲ့ကိုယ်ဟာသူ့ကိုချစ်တဲ့ အကြောင်းတွေကို စာသားအဖြစ်အသွင်ပြောင်းလိုက်မိတယ်………။ သူသိပါစေ………။

 

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဧပြီလ ၃ဝရက် ၂၀၁၃ခုနှစ်

ညနေ ၅နာရီ ၃၅မိနစ်

2 comments

  • အရိပ်စစ်

    May 1, 2013 at 11:48 am

    မင်း ငါ့မျက်လုံးကို တပ်ပြီး ကြည့်ပါလား တဲ့
    ဟုတ်သားပဲနော်
    အကြိုက်ခြင်းတူရင် ရန်သူတွေ ဖြစ်နေကြတော့ခက်ရချည်သေးရဲ့….

  • မောင် ပေ

    May 5, 2013 at 8:52 pm

    သူ ့ကို ချစ်သော
    ခုလိုသစ်တော
    ဆုပိုကျစ်ထော
    ပုချိုယစ်ဖော

Leave a Reply