အလိမ်ဇယား

naywoon niMay 1, 20131min35213

လိမ်တယ် …. လိမ်တယ် ….. လိမ်တယ်
တစ်ဦးတစ်ယောက်ချင်းလည်းလိမ်တယ်
အုပ်စုဖွဲ့လို့လည်းလိမ်တယ်
လိုင်စင်ဆောင်ပြီးတော့လည်း လိမ်တယ်
လိုင်စင် မဆောင်ရသေးဘဲနဲ့လည်း လိမ်တယ်…..။
တရားဝင်လည်း လိမ်တယ် ….။
ဇယားမဝင်ဘဲလည်း လိမ်တယ် …..။
တစ်ချို့ ဝမ်းရေးအတွက် လိမ်တယ်…။
တစ်ချို့ လွမ်းရေးခက်လို့ လိမ်တယ် …..။
တစ်ချို့ အသပြာအတွက် လိမ်တယ် …..။
တစ်ချို့ ဘလချာနဲ့ လိမ်တယ်…..။
တစ်ချို့ မလိမ်မိုး မလိမ်မာမို့ လိမ်တယ်….။
တစ်ချို့ ဆန်ဘိုးဆီဘိုး အိမ်ပါဖို့ လိမ်တယ်….။
တစ်ချို့က ဝါသနာ ပါလို့လိမ်တယ် ……။
တစ်ချို့က လိမ်တာကို
အကျင့်လို စွဲနေလို့ကို လိမ်တယ်….။
တစ်ချို့က ချစ်လို့ လိမ်တယ်….။
တစ်ချို့က မုန်းလို့ကို လိမ်လိုက်တယ် ဆိုပဲ….။
တစ်ယောက်ကို တစ်ယောက်က
လူတစ်စုကို တစ်စုက
လိမ်ရင်း လိမ်ရင်းနဲ့
တို့ရဲ့ ကမ္ဘာကြီးဟာလည်း
မုန်းကြိုးလိမ်ကြီး ကိုဖြစ်လို့
တစ်ချို့က မသိမသာ လိမ်တယ်….။
တစ်ချို့က သိသိကြီးနဲ့ လိမ်တယ်….။
တစ်ချို့က မသိလို့ အလိမ်ခံရတယ်….။
တစ်ချို့က သိသိကြီးနဲ့ပဲ
လိမ်နေမှန်းသိလျှက်နဲ့ အလိမ်ခံကြတယ်….။
လိမ်တာကို စွဲလမ်းနေကြသလိုမျိုး အလိမ်ခံရတာကိုကျတော့လည်း
သဘောကျနေကြပုံပဲ….။
“ ငါ့ကိုမသိဘူးထင်ပြီး
ဟိုလူ ကျိုးစားပမ်းစားလာလိမ်နေတာ
သူ့အစားပင်ပမ်းလိုက်တာ” တဲ့လေ…..။
ကွယ်ရာမှာ ဟားစရာလုပ်လို့ ……….
တစ်ချို့ အကျင့်သိက္ခာ အတွက်လိမ်တယ်….။
တစ်ချို့ အာဏာ ပါဝါအတွက်လိမ်တယ်….။
တစ်ချို့က ထင်ယောင်ထင်မှား ဖြစ်စေဖို့
တစ်မင်သက်သက် လိမ်တယ်….။
တစ်ချို့ လိမ်တာ ပေါ်မှာစိုးလို့ ထပ်လိမ်တယ်….။
သူဌေးက လူလတ်တန်းစားကို လိမ်တယ်….။
လူလပ်တန်းစားက သူ့အောက်လွှာကို လိမ်တယ်…။
ဆင်းရဲသားက သူတောင်းစားကိုလိမ်တယ်…..။
မြို့ကြီးတွေက တောမြို့လေးတွေကို လိမ်တယ်…။
တောမြို့လေးတွေက ကျေးရွာတွေကို လိမ်တယ်…။
ကျေးရွာတွေက ကမ္ဘာကို လိမ်တယ်
အဲဒိလိုနဲ့ အလိမ်ဇယားပေါ်မှာ
နှစ်ဆင်လိမ် သုံးဆင့်လိမ်
အလိမ် အလိမ် အလိမ်တွေက
ဘယ်တော့များမှ ပြေ (ပြည်) ပျောက်ပါ့မလဲလေ…………။

နေဝန်းနီ

13 comments

  • TNA

    May 1, 2013 at 10:45 pm

    လိမ်နည်းပေါင်းစုံကို စုဆောင်းတင်ပြထားတာ။ ပြည့်စုံပါအိ။ အသိတယောက်ဆိုလဲအလိမ်ခံလိုက်ရ တာ တော်တော်ကိုပါသွားတယ်။ ဒါပေမဲ့လဲ သင်ခန်းစာတခုရတာက လိမ်တဲ့လူက လူတိုင်းကိုလိမ်လို့မရပါ ဘူး။ လောဘသားတွေကိုပဲလိမ်လို့ရတာပါ။ လောဘကြီးလွန်းအားကြီးတော့ သူများပြောတာကို ချင့်ချိန် ယုံနိုင် စွမ်းအားကျသွားပြီး သားကောင်ဖြစ်သွားရတာလို့သုံးသပ်မိပါတယ်။ အသိတယောက်တုန်းကလဲ ရွှန်းရွှန်းဝေပြောနေတာ။ ကျွန်မကတော့လိမ်တာပဲလို့ထင်လိုက်တယ်။ သူကတော့အရမ်းယုံနေတော့ ရှင်းပြ လဲတိုးမှာမဟုတ်လို့ အသာပဲစောင့်ကြည့်နေလိုက်တာ။ နောက်မကြာပါဘူး။ လိမ်ခံလိုက်ရတယ်ဆိုတဲ့သ တင်း ရောက်လာတာပဲ။

  • uncle gyi

    May 1, 2013 at 10:57 pm

    ကို်ယ်နဲ့မသိသူကကိုယ့်ကိုလိမ်တယ်ဆိုတာနည်းပါတယ်
    နဲနဲသိများများသိတွေကလိမ်ကြတာများပါတယ်
    လိမ်မယ့်သူကမျက်နှာပြောင်ဖို့တော့လိုတာပေါ့

  • Mလုလင်

    May 2, 2013 at 12:42 am

    ကဗျာရေး နေတုန်း ဖြစ်နေတဲ့ အတွေးလေး ကြိုက်လို့ . . facebook မှာ Share ချင်လို့ပါဗျ . .။

  • ဦးကြောင်ကြီး

    May 2, 2013 at 9:36 am

    အလိမ်ဇယား
    ပန်းထိမ်သွား
    မငြိမ်အစား
    ငပိန်နွား..

  • kyeemite

    May 2, 2013 at 2:40 pm

    တစ်လိမ်နှစ်လိမ်ပွေလိမ်ရှုပ်တယ်
    လူညာကြီးပေါ့ကွယ်..
    မလိမ်ပြန်ရင်မနေတတ်လွန်းလို့ လိမ်ညာပြောရတယ်။ :hee:

  • လူကလေး

    May 2, 2013 at 3:01 pm

    အိုး.. ဖတ်လိုက်ရတာ .. လျှာလည်း လိမ်သွားတော့တာပါပဲ

  • တိမ်မည်း

    May 2, 2013 at 3:27 pm

    အခုဆို လိမ်ပါပီခင်ဗျာ….
    နေဝန်းနီ ဘောလုံးကြီးကို အားရပါးရဆွဲယူလာပါတယ်ခင်ဗျ……
    အလယ်တန်းလူတယောက် နှစ်ယောက် လိမ်တယ် ခင်ဗျာ….
    နေဝန်းနီ ခင်ဗျာ… လိမ်ပါတယ်……
    အခုဆိုရင်…..
    တိမ်မည်းကို လိမ်တယ်… ကြောင်ဂျီးကိုထပ်လိမ်တယ်….
    ကြောင်ဝတုတ်ကို ပတ်လိမ်တယ်….. KZ ကို ပတ်လိမ်တယ်…
    အရီးကို ဝှိက်လိမ်တယ် အဘဖောကို ထောက်လိမ်တယ်…..
    လိမ်ပါတယ် ခင်ဗျာ…. လိမ်ပါတယ်…….
    အံစာတုံးကိုလိမ်တယ်….. ကိုဂီကို လိမ်တယ်….
    မကြည်ပြာကို လိမ်တယ်… အီတုံကို လိမ်တယ်….
    နောက်ဆုံး သဂျီးကို လိမ်ပီး ဂိုးထဲကို အားရပါးရ ပြေးဝင်သွားပါတယ် ခင်ဗျ……
    :byae: :kwi:

  • နေဝန်းနီ

    May 2, 2013 at 8:40 pm

    @TNA လိမ်နည်းတွေမကုန်သေးပါဘူး
    @uncle gyi လိမ်တဲ့သူတိုင်းက မျက်နှာသိပ်မပြောကြပါဘူးဗျ….။
    @M လုလင် ရေ ကြိုက်တဲ့နေရာမှာ ရှယ်ပါကွယ်………။
    @ကိုကြောင်ကြီးရေ…။ သူကြီးက တော့ နွားဆိုရင်ဖီးဖီးတောင့်တောင့်မှ ကင်စားချင်သတဲ့ ပိန်တာရီုးနွားလေးပို့လို့ မကြိုက်ဖူးတဲ့လေ……….။
    @kyeemite လိမ်တာလေးတွေက မရိုးဖူးဗျ….။ မဆလ ဖခတ်ကတည်းကလိမ်လာတာ ခုထိ …..။
    @ လူကလေးရေ…..။ တို့လည်း MRTV ကြည့်ရင်း တစ်ကိုယ်လုံးကိုလိမ်သွားလို့ ဒီကဗျာလေးကောက်ရေးမိတာ ………..။
    @တိမ်မည်း ကလည်း လိမ်တယ်ခင်ဗျ….။ တိမ်မည်းမည်းတွေတက်လာပြီ……… မြောက်ဘက်ရွှေ့သွားပြီ… အဲ အရှေ့ဘက်ပါသွားပြန်ပြီဗျ….။ အဲဒိလိုနဲ့ပဲ မိုးမျှော်တောင်သူတွေ မောလှပေါ့ ……..။ ခုထိပဲတီစိမ်းမစိုက်ရသေးဘူးရယ်………..။

  • ရဲစည်

    May 3, 2013 at 11:58 am

    အွန်း …. နောက်ကျမှ ဖတ်မိတယ်
    ဘရာဗိုပါ ဆြာနီ … ကူးသွားတယ်ဗျ …။
    …………………………………
    နောက်ကျမှ ဖတ်မိတယ်ဆိုတာ လိမ်တာ
    ဘရာဗိုပါက မလိမ်ဘူး
    ကူးသွားတယ် ဆိုတာက လိမ်တာ …..။
    ———————————-
    အဲ့ ၃ကြောင်းကဘဲ တနည်းနည်းနဲ့ လိမ်နေတာ
    :harr: :kwi:

  • cobra

    May 3, 2013 at 4:09 pm

    မုန့်ကြိုးလိမ်တောင်စားချင်လာပီ။

  • ဘုရားကတော့ ဟောခဲ့တာပဲ …
    မုသား ဆို ရယ်ရွှင်ဖွယ် အနေနဲ့တောင် မပြောနဲ့ … တဲ့ …
    ဟောဗျာ … ခုများ ကြည့်ပါဦး …
    လိမ်တာချင်းကို ထပ်လို့ ….
    ဒီလူတွေ .. ဒီလူတွေ …
    ငါက လွဲပြီး ဘူမှ ကောင်းဝူးးး
    ဟုတ်ဘူးလား ဘဘနီရာ … ဟီးဟီး … :mrgreen:

  • မောင် ပေ

    May 4, 2013 at 11:59 am

    တောင်သူတွေ ဗလောင်ဆူပေမယ့်
    ယောင်ထူနဲ ့ကဗျာဆရာကတော့ ကေတွေ ့သွားရှာသတဲ့ကွယ်

  • အလင်းဆက်

    August 5, 2013 at 9:10 pm

    လိမ်..ဆို..
    မုန့်ကြိုးလိမ်တောင်…မကြိုက်လို ့..
    မစားဘူး ။

    ဒါပေမယ့်… ဒီတိုင်းပြည်ထဲမှာ..
    အလိမ်ခံနေရတာ…
    နည်းနည်း ကြာပြီ။

Leave a Reply