တမာတန်းက စောင့် နေသူ

Aung Myat LinMay 2, 20131min1097

တမာတန်းက စောင့်နေသူ

ဒီနေ့ နေလင်းတို့ ရတနာပုံတက္ကသိုလ်ကြီးကို စတက်ရတော့မည်။ ပြီးခဲ့တဲ့အပတ်က ကျောင်းသွားပြီးအပ်ခဲ့ပြီးပြီ။ နာမည်အပြည့်အစုံကတော့ နေလင်းအောင်ပါ။ သူငယ်ချင်းတွေက နေလင်းဟုသာ ခေါ်ကြသည်။

နေလင်းတယောက် (၁၀)တန်းစာမေးပွဲ ဖြေပြီးကတည်းက ဂလေရိုက်နေခဲ့သည်။ အင်တာနက်ဆိုင်လိုလို ဂိမ်းဆိုင်လိုလို နဲ့ သူငယ်ချင်းတွေနဲ့ လမ်းသလားနေခဲ့သည်။ တခါတလေ ဘီယာဆိုင်လေး ထိုင်တတ်သေးသည်။ တကယ်တမ်းတော့ နေလင်းမိဘတွေက ချမ်းသာသည်ဟု ဆိုရလောက်သည်။ သူတို့နေထိုင်သည့် မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်မှာ သူတို့အိမ်က အချမ်းသာဆုံးဟု ဆိုနိုင်သည်။ RC တိုက်နဲ့ ကားနဲ့ ဆိုင်ကယ်နဲ့ပြည့်စုံသည်။ မိဘတွေက ရပ်ကွက်တွင် ကုန်စုံဆိုင်ကြီးဖွင့်ထားသည့်အတွက် ငွေရွှင်သည်။ ၎င်းတို့ဆိုင်မှာလည်း ပစ္စည်းစုံသောကြောင့် ဈေးဝယ်သူ ပေါများလှသည်။ သူတို့မိသားစု စားဝတ်နေရေးအတွက် ထိုဝင်ငွေနှင့်ပင်လုံလောက်သည်။ နေလင်းအဖေမှာအခြားစီးပွားရေး လုပ်ငန်းက ရှိသေးသည်။ ထို့ကြောင့်နေလင်းတစ်ယောက် ကဲချင်တိုင်း ကဲနိုင်သည်။ ဖြုန်းချင်တိုင်း ဖြုန်းနိုင်သည်။ အိမ်အလုပ်ဟူ၍ ဝိုင်းလုပ်ပေးစရာမလို သူ့နေရာနှင့်သူ အလုပ်သမားတွေ ရှိသည်။ မနက်လင်းလာလျှင် မုန့်ဖိုးကို ကောင်တာထဲမှ လိုသလောက် ထုတ်ယူသုံးစွဲနိုင်သည်။ ထို့ကြောင့် နေလင်း တယောက် အောက်ခြေလွတ်ချင်တိုင်း လွတ်နေသည်။

နေလင်းမှာ အကျင့်ကောင်းတာလေး တစ်ခုရှိသည်။ လမ်းသွားရင်းဖြစ်စေ တနေရာရာမှာ ဖြစ်စေ ဒုက္ခရောက်နေသူကို ကူညီတတ်သည်။ လမ်းမှာအမြင်မတော်တာ တွေ့လျှင် ဝင်ကူညီတတ်သည်။ နေလင်းမှာ အကျင့်ဆိုးလေးတွေလဲရှိသည်။ အကျင့်ကမကောင်းတာက ဆိုင်ကယ်ကို အမြန်စီးတတ်သည်။ လေယာဉ်ကပင် အရှုံးပေးရလောက်သည်။ ယနေ့အချိန်အထိ နေလင်းဆိုင်ကယ်စီးနေတာ ဘာမှမဖြစ်သေး သူ့ကိုယ်သူ ဆိုင်ကယ်မင်းသားဟု မှတ်ယူထားသည်။ ယခုလဲ ကျောင်းတက်ရမည်ဆိုတော့ အိမ်ကို ဆိုင်ကယ် အသစ်တစ်စီး ဝယ်ခိုင်းသည်။ အိမ်ကလဲ အလိုလိုက်ပြီးသားဆိုတော့ဝယ်ပေးရသည်။ မဝယ်ပေးလို့မဖြစ် သားတစ်ယောက်ထဲရှိသည်ကိုး။ နေလင်းအတွက်တော့ ဘဝမှာ ဘာမှ ပူပင်စရာမရှိ၊ လိုလေသေးမရှိ။

ဒီနေ့ကျောင်းဖွင့်ရက်ဆိုတော့ နေလင်းတစ်ယောက် ဆိုင်ကယ်စီးပြီး စောစောထွက်လာခဲ့သည်။ ၎င်းတို့ရပ်ကွက်မှ ၆၂လမ်းပေါ်ထွက်ပြီး မြဝတီမင်းကြီးလမ်းအတိုင်း မောင်းလာသည်။ ရန်ကုန်-မန္တလေးလမ်းမှ တမာတန်းအတွင်းဝင်လိုက်သည်။ တကယ်တော့ ရတနာပုံလမ်းခွဲက သွားလျှင်ရသည်။ တောင်သမန်အင်းဘေး လမ်းခွဲမှာ သူငယ်ချင်းတွေစောင့်နေကြမည်။ ဒါကြောင့် တမာတန်းလမ်းမှလာခဲ့သည်။

နေလင်းတစ်ယောက် ဘာကိုလောနေမှန်းမသိ စိတ်က သူငယ်ချင်းတွေဆီရောက်နေသည်။ ဆိုင်ကယ်ကို အမြန်မောင်းမိစဉ် ရှေ့မှ လမ်းလျှောက်နေသော လွယ်အိပ်နှင့် ကျောင်းသူလေးတစ်ယောက်ကို ပွတ်မိမလို ဖြစ်သွားသည်။

“ကျွိ”

“အမလေး…”

ဟူး…. တော်သေးသည်။ တိုက်မိလျှင်မလွယ် ကပ်သီလေး ထိမိပြီး ကောင်မလေး လဲသွားသည်။ ဆိုင်ကယ်က အရှိန်ပါတော့ မနည်းထိန်းလိုက်ရသည်။

“ညီမ ဘာဖြစ်သွားသေးလဲ”

“ဟုတ်ကဲ့ ရပါတယ်”

“ရပါတယ် မလုပ်ပါနဲ့ ထကြည့်ပါဦး”

နေလင်းတယောက် တကယ်တမ်းဖြစ်လာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ထူပေးချင်ပေမယ့် ကောင်မလေးလက်ကို ကိုင်ပြီးမထူရဲ။ ကောင်မလေး ထကြည့်သည် ဒါပေမယ့် ထလို့မရ ခြေထောက်ခေါက်သွားသည်။

“အကို့လက်ကို ကိုင်ပြီး ထပါညီမရယ်”

ဆိုပြီး ထူပေးရသည်။ ဒီအတိုင်းနေလို့တော့မဖြစ် ဆေးခန်းလိုက်ပို့မှ ရတော့မည်။

“ညီမ ဆေးခန်းလိုက်ပို့မယ်လေ သွားရအောင်”

“ရပါတယ်အကို ဒဏ်ကြေလိမ်းဆေးလိမ်းလိုက်ရင် ပျောက်သွားမှာပါ”

“ဟာ ဘယ်ဖြစ်ပါ့မလဲ အကိုတာဝန်ယူပါရစေ လိုက်ပို့ပေးမယ် ဆိုင်ကယ်ပေါ်တက်ပါ”

နေလင်းတစ်ယောက် အလုပ်ရှုတ်သွားပြီပေါ့။ တမာတန်းထိပ်မှာ စဖွင့်ခါစ ဆေးခန်းလေး တခန်းတွေ့လို့ တော်သေးသည်။ ဆရာဝန်က စမ်းကြည့်ပြီး

“ခြေခေါက်သွားတာပါ ဘာမှ မဖြစ်ပါဘူး။ လောလောဆယ် ဆေးတစ်လုံးထိုးပြီး စားဆေးပေးလိုက်မယ် အိမ်ကျမှ ဒဏ်ကြေလိမ်းဆေး လိမ်းပေါ့”

“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ဆရာ”

နေလင်းတစ်ယောက် ဘာလုပ်ရမှန်းမသိ ခုအချိန်ထိ ကောင်မလေး နာမည်တောင် မသိသေး။

“ညီမ ဘယ်မှာနေတာလဲဟင်”

“ညီမတို့က ကျွဲဆည်ကန်ထဲမှာပါ”

“အကို အိမ်ပြန်လိုက်ပို့ပေးမယ်နော် ဒါနဲ့ ညီမနာမည်က”

“မြတ်သူဇာ ပါအကို”

“အခု ညီမ ဘယ်သွားမလို့လဲ”

“ကျောင်းသွားတက်မှာလေ ရတနာပုံ တက္ကသိုလ်မှာ”

“အော်”

နေလင်း တစ်ယောက် အံ့ဩသွားရသည်။ ကျွဲဆည်ကန်နဲ့ ရတနာပုံတက္ကသိုလ်က အဝေးကြီး ခြေလျင်ကျောင်းတက်နေရသည်။

“အကိုလဲ ကျောင်းသွားမှာပဲ ဒီနေ့ကျောင်းမတက်ပါနဲ့လား အိမ်ပြန်ပို့ပေးမယ်လေ”

“ကျောင်းမတက်လို့မရဘူး အကို ကျောင်းအပ်တုန်းက ငွေသွင်းဖို့လဲ ကျန်သေးတယ် နောက်ပြီး ဒီပုံစံအတိုင်း ပြန်သွားရင် အိမ်က စိတ်ပူနေလိမ့်မယ် အိမ်မှာ အမေတစ်ယောက်ထဲရှိတာ”

“အဲဒါဆိုလဲ ညီမ သဘောပဲလေ အကို့ဆိုင်ကယ်နဲ့ ကျောင်းကို လိုက်ခဲ့ပေါ့ အပြန်ကျရင်တော့ အကို ပြန်ပို့ပေးမယ်နော်”

“ဟုတ် သွားရအောင် အကို နောက်ကျနေလိမ့်မယ်”

“အော် အင်း”

နေလင်းလက်မှ နာရီကို ကြည့်မီတော့ (၈)နာရီ ခွဲနေပြီ။ ဒီအတိုင်းဆို သူငယ်ချင်းတွေသူ့ကို စောင့်နေတော့မှာ မဟုတ်။ နှစ်ယောက်သား ဆိုင်ကယ်စီးပြီး တမာတန်းလမ်းအတိုင်း ကျောင်းဘက်ထွက်ခဲ့သည်။ နောက်က ခြေထောက်နာထားတာဆိုတော့ ဖြည်းဖြည်းစီးရသည်။ ကျောင်းရောက်တော့ နံနက်(၉)နာရီ ထိုးပြီ။ ရုံးခန်းသွား ငွေသွင်းပြီး (၂)ယောက်သား ကန်တင်းမှာထိုင်ဖြစ်ကြသည်။ ဒီနေ့တော့ ကျောင်းတက်ဖြစ်တော့မှာ မဟုတ်။ ခြေထောက်က ပြန်နာလာသည်ဟု ပြောသည်။ ကျောင်းအနီးရှိ စတိုးဆိုင်မှ ဒဏ်ကြေလိမ်းဆေးတစ်ဗူးဝယ်ပြီး မယ်ဇယ်ပင်တန်းအောက်က ခုံပေါ်မှာ ထိုင်ကာ ဆေးလိမ်းပေးရသည်။ ကောင်မလေးက အားနာပြီး ရတယ်ဟု ပြောသော်လည်း နေလင်းတယောက် မနေသာတော့ မိမိက မှားခဲ့သည်မဟုတ်လား။ အဲဒီနေ့က ကျောင်းမတက်ပဲ ခုံတန်းလေးပေါ်မှာပဲ  အချိန်ကုန်ခဲ့သည်။ စကားတွေအများကြီးပြောဖြစ်သည်။

ခုမှပဲ သေချာကြည့်မိသည်။ မြတ်သူဇာ ဆိုသည့် မိန်းကလေးမှာ အသားက မဖြူမညို မျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ် မျက်နှာဝိုင်းလေးနှင့် သူ့မျက်စေ့ထဲမှာ ကြည်လို့လှနေသည်။ အဝတ်အစားဝတ်တာကလည်း ရိုးရိုးယဉ်ယဉ်လေး မြန်မာဆန်လှသည်။ ဆံပင်လည်း ဒီခေတ်မိန်းကလေးတွေနှင့် ယှဉ်လျှင် ရှည်သည်ဟု ပြောကြလောက်သည် ကျောလည်သာသာ လောက်ရှိသည်။ သိပ်အရှည်ကြီးတော့မဟုတ်။ အဲဒီနေ့က တောင်မြို့ထည် အပြာရောင်ဝမ်းဆက်လေး ဝတ်ထားသည်။ သူ့စိတ်ထဲမှာ ညိုချောလေးဟု မှတ်ချက်ချမိသည်။ ဒီပုံစံအတိုင်း သူငယ်ချင်းတွေနှင့်တွေ့ရင်တော့မလွယ်။ သူ့တို့နှစ်ယောက်ကို သမီးရည်းစားဟု စကြနောက်ကြတော့မည်။ ညနေ(၃)နာရီထိုးတော့ ကျောင်းဆင်းသည်နှင့် ကျောင်းမှနှစ်ယောက်သား ပြန်ထွက်လာခဲ့သည်။

မြတ်သူဇာက သူ့အိမ်အထိ လိုက်မပို့ခိုင်းတော့ ကျွဲဆည်ကန် (၈)လမ်းထိပ်မှာ ပဲနေရစ်သည်။ အမေက ယောက်ျားလေး သူငယ်ချင်းတွေနှင့်တွဲတာ မကြိုက်ဟု ပြောသည်။ မနက်ကျလျှင် တမာတန်းလမ်းထိပ်က စောင့်နေမည်ဟု မှာလိုက်သည်။ ခြေထောက်က လမ်းကောင်းကောင်းမလျှောက်နိုင်သေး ဖြည်းဖြည်းသာလျှောက်ရသည်။ နေလင်းတစ်ယောက် မျက်စေ့တဆုံး ကြည့်နေမိသည်။ မြတ်သူဇာကို ကြည့်ပြီး သူစိတ်မကောင်းဖြစ်မိသည်။ တကယ်တော့ ဒါတွေအားလုံး သူ့ကြောင့် ဖြစ်ခဲ့ရသည်မဟုတ်ပါလား။ ခဏနေတော့ ဆိုင်ကယ်မောင်းထွက်ပြီး ရင်ထဲမှာ အတွေးပေါင်းများစွာနှင့် ပြန်လာခဲ့သည်။

x  x  x  x  x

          ဒီနေ့မနက် သူအစောကြီးနိုးနေသည်။ တမာတန်းမှာ သွားစောင့်ရဦးမည် မဟုတ်ပါလား။ မျက်နှာသစ်၊ ရေမိုးချိုးပြီး ပြင်ဆင်ပြီး ထွက်လာခဲ့မိသည်။ သူထွက်လာတော့ မနက်(၆)နာရီခွဲရှိပြီ။ တမာတန်းမှာ သူအစောကြီးရောက်နေသည်။ မြတ်သူဇာတစ်ယောက် ဒီအချိန်ကျောင်းမသွားလောက်သေး။ ပျင်းပျင်းနဲ့ စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်း အတွေးတွေခြာခြာလည်နေသည်။ မြတ်သူဇာထံ စိတ်က ရောက်နေသည်။ (၇)နာရီခွဲတော့ မြတ်သူဇာ စက်မှုဘတ်(စ်)ကားပေါ်မှ ဆင်းလာသည်။ သူအပြေးအလွှားသွားကြိုမိသည်။

“နောက်ကျတယ်နော် ညီမ”

“ဟုတ်တယ် ခြေထောက်ကနဲနဲနာလို့ အမေက လိုင်းကားနဲ့သွားဆိုပြီး ကားပေါ်တင်ပေးလိုက်တာ အကိုစောင့်နေမှာပဲဆိုပြီး ဒီမှာဆင်းတာ”

“ဟုတ်တယ် အကို(၇)နာရီ ကတည်းက ဒီနေရာမှာရောက်နေတာ လာညီမ”

လက်လေးကို ဆွဲ၍ ခေါ်လိုက်မိသည် မြတ်သူဇာ ရှက်နေပေမယ့် ဆိုင်ကယ်နောက်မှ ထိုင်လိုက်ကာ ကျောင်းသို့ နှစ်ယောက်သားထွက်လာမိသည်။ တောင်သမန်အင်းဘေး ရတနာပုံလမ်းခွဲအရောက်

“ဟေ့ နေလင်း မင်းက ငါတို့ကိုတောင်မမြင့်တော့ဘူးပေါ့ ဒီလိုပေါ့လေ မင်းက ကောင်မလေးရသွားတော့ မိုးမမြင်လေမမြင်ဖြစ်နေတာလား”

“ဟာ မဟုတ်ပါဘူး သူငယ်ချင်းရာ လာသွားမယ် နောက်မှ မင်းတို့ကို ပြောပြာမယ်”

ဒီကောင်တွေနဲ့ လေကြောရှည်လို့မဖြစ် နို့မို့ဆို မြတ်သူဇာ မျက်နှာပူစရာတွေဖြစ်ကုန်တော့မည်။ စကားဖြတ်ကာ ဆိုင်ကယ်ကို ရှေ့ဆုံးမှမောင်းကာ ထွက်လာမိသည်။

ကျောင်းရောက်တော့ မြတ်သူဇာ ကို စာသင်ခန်းထဲလိုက်ပို့ပြီး သူငယ်ချင်းတွေဆီပြန်လာကာ ရှင်းပြရသည်။

“မင်းနှယ် ကွာ ဖြစ်မှ ဖြစ်ရလေ ဒါပေမယ့် မင်းတို့နှစ်ယောက်က လိုက်တယ်ကွ ဘယ်အခြေအနေရောက်နေကြပြီလဲ”

“သူငယ်ချင်းရာ မလုပ်ပါနဲ့ ငါ အပူမရှာချင်သေးပါဘူး”

“မင်းကလဲ အပူမရှာချင်ဘူးသာဆိုတာ နောက်က ကောင်မလေးလဲပါရော မျက်နှာကြီးကို ဖြီးနေတာပဲ”

သူငယ်ချင်းတွေ ဝိုင်းနောက်ကြသည်။ မတတ်နိုင်တော့ ဖြီးသာနေလိုက်ရတော့သည်။ ညနေကျောင်းဆင်းရင် အတူတူပြန်ရဦးမှာလားဟု တွေးပြီး ရင်ခုန်မိသည်။

x  x  x  x  x

အချိန်သည် ကုန်လွယ်လွန်းသည် စက္ကန့်မှ မိနစ်၊ မိနစ်မှနာရီ၊ နာရီမှ နေ့ရက်၊ နေ့ရက်မှ လ တရွေ့ရွေ့ ကူးပြောင်းနေသည်။ မြတ်သူဇာလည်း နေ့တိုင်း တမာတန်းမှာ စောင့်နေသည်။ သူတို့နှစ်ယောက် ပုံမှန်တော့မရှိကြ။ တခါတခါ မြတ်သူဇာက စောရောက်တတ်သလို တခါတခါ နေလင်း က စောရောက်တတ်သည်။ အချိန်ကြာလာတာနဲ့အမျှ အခေါ်အဝေါ်တွေပါ ပြောင်းလဲလာကြသည်။ မြတ်သူဇာက နေလင်းကို ကိုလင်း ဟုခေါ်သလို နေလင်းကလဲ မြတ်သူဇာကို မသူ ဟု အဖျားဆွတ်ခါ ခေါ်လာကြသည်။

“ကိုလင်း ဒီနေ့လာတာ နောက်ကျတယ်နော်”

“ဟုတ်တယ် မသူ သူငယ်ချင်းတွေနဲ့ မနေ့ညက လက်ဖက်ရည်ဆိုင်မှာ မိုးချုပ်သွားလို့”

“နောက်တစ်ခါ ညမိုးချုပ်အောင် မနေနဲ့နော်ကိုလင်း ခေတ်ကြီးကလဲ ကောင်းတာ မဟုတ်ဘူး မသူ ကိုလင်းကို စိတ်မချဘူး”

“စိတ်ချပါ မသူရာ နောက်ဆိုမသွားတော့ပါဘူး”

နှစ်ယောက်သား ရယ်မိကြသည်။ ဘာရယ်မဟုတ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် ဂရုတစိုက် ရှိလှသည်။

အချိန်သည်လည်း ကုန်လွယ်လွန်းလှသလို ရင်းနှီးမှုသည်လည်း အချိန်နှင့် အမျှ ပြောင်းလဲ တိုးတက်လာခဲ့သည်။ နေလင်းတယောက် မြတ်သူဇာ ကို ချစ်နေမိသည်ဟုခံစားရသည်။ တခါမှလည်း ရည်းစားမထားဘူးတော့ အချစ်ဆိုတာကိုမသိ။ ဒါပေမယ့် သံယောဇဉ်ဆိုတာ အချစ်ပဲထင်သည်။ ဘာမှ သွေးသားမတော်စပ်တဲ့ အရွယ်တူလူနှစ်ဦးဟာ နေ့စဉ် အတူသွားလာနေထိုင်လာမှတော့ သံယောဇဉ် ဖြစ်မိတာမဆန်းသလို ချစ်မိတာလဲ ဆန်းမည်မဟုတ်ပေ။ နေလင်းကတော့ အကျင့် မပျောက်သေးပေ။ လူပေါင်းစုံသလို တခါတလေ ဘီယာဆိုင်မှာ ဘီယာသောက်ဖြစ်ကြသည်။

တနေ့ နေလင်း သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ ညပိုင်းဘီယာအမုန်းဆွဲကြသည်။ ဘီယာတင်မကတော့ ဝီစကီလေးပါ ပါလာသည်။ KTV သွားကြနဲ့ တော်တော်မူးနေကြသည်။ အိမ်ပြန်ရောက်တော့ ည(၁)နာရီထိုးပြီ။

“တီတီတီတီ …… တီတီတီတီ …… တီတီတီတီ …… တီတီတီတီ …… တီတီတီတီ ……”

“ဟိုက် သွားပြီ”

နာရီနှိုးစက်မည်တော့မှ နေလင်းတစ်ယောက် အိပ်ယာနိုးတော့ မနက်(၇)နာရီခွဲပြီ။ ဒီနေ့ကျောင်းသွားရဦးမှာပါလား။ မသူတစ်ယောက် စောင့်နေတော့မည်။ ကပြာကယာ မျက်နှာသစ်သွားတိုက်ပြီး အဝတ်လဲခါ ဆိုင်ကယ်စီးပြီး ထွက်လာမိုက်သည်။ ခေါင်းထဲမှာလဲ မကြည်လင် ညက များသွားခဲ့သည် မဟုတ်လား။ စိတ်ကလောနေသည်။ ဆိုကယ်ကို အမြန်စီး မြဝတီမင်းကြီးလမ်းမှ ရန်ကုန်-မန္တလေးလမ်းပေါ်အတက် လောနေသောကြောင့် ဘေးကိုပင်မကြီးဖြစ်ပဲ လီဗာတင်လိုက်သည်။

“ကျွိ… ဒုန်း”

အသံသာ ကြားလိုက်ရသည် နေလင်း ဘာမှ မသိတော့။ တဖက်မှလာသည့် ကုန်တင်ကားကြီးအောက်သို့ ဆိုင်ကယ်ရော လူရော ရောက်သွားသည်။

“ဟာ ဒီကောင် ဆိုင်ကယ်စီးကြမ်းတယ်ကွ”

“သနားပါတယ် ရတနာပုံကျောင်း က ကျောင်းသားလေး”

“သူက လမ်းမှာ ဒုက္ခရောက်တဲ့သူကို တွေ့ရင် ကူညီတတ်တယ်”

အမျိုးမျိုးဝေဖန်နေကြသည်။ နေလင်းတစ်ယောက် လူ့လောကကြီးက အပြီးအပိုင် ထွက်ခွာသွားခဲ့သည် မဟုတ်ပါလား။ သူချစ်တဲ့ သူ့ကောင်မလေး မသူကိုပင် ချင့်ခွင့်မပန်ခဲ့ရ။ ပန်းတစ်ပွင့် အကြွေစောခဲ့ရသည်။ တကယ်တော့ ယာဉ်ဆိုတာ လူတွေသက်သာစေဖို့ တီထွင်ထားတာဖြစ်သလို ဆိုးကျိုးက အသုံးမပြုတတ်ရင် အန္တရာယ်ဖြစ်စေနိုင်တယ်လေ။ ဒါတွေကို နေလင်း နားလည်မသွားနိုင်တော့။ နေလင်းရဲ့ ဝိညဉ်ဟာ မြတ်သူဇာဆီကိုများ သွားနေမှာလား? ဒါမှမဟုတ် သူချစ်တဲ့ မသူ ကို ချစ်ခွင့်ပန်နေမှာလား? တမာတန်းကစောင့်နေမှာလား? မြတ်သူဇာတစ်ယောက်ကတော့ ဘာမှသိလိမ့်မည် မဟုတ်ပေ။

 

x  x  x  x  x

မြတ်သူဇာ တယောက် ဒီနေ့အစောကြီး ရောက်နေမိသည် နေလင်းကလဲ မလာသေးဘူး (၈)နာရီခွဲနေပြီ ကျောင်းတက်နေပြီ။ ကြာတော့ မစောင့်နိုင်တော့ ကျောင်းသို့ထွက်ခဲ့သည်။ မြတ်သူဇာတစ်ယောက်ကတော့ နောက်နေ့တွေမှာလည်း နေလင်းကို တမာတန်းက စောင့်နေဦးမည်သာ…………………။         ။

 

ကိုလင်း(စစ်ကိုင်း)

7 comments

  • kyeemite

    May 2, 2013 at 9:38 am

    တမာတန်းကိုလွမ်းသဗျာ….
    ခံစားမှုဝတ္ထုတိုလေးက အရေးအဖွဲ့ကောင်းလို့
    ချီးကျူးပါတယ်ဗျာ… :hee:

  • Lutt Latt Thu

    May 2, 2013 at 11:05 am

    ကိုယ်တိုင်ရေး တဲ့ Post ထဲမှာ တရဲများ ရှိလား မသိဘူး။ ဟဲဟဲ စတပါဗျာ။ 😛 ဝတ္ထုလေး က ကောင်းပါတယ်။ ပညာပေးရော အချစ်ရော …..

  • Aung Myat Lin

    May 2, 2013 at 11:29 am

    ဝေဖန်ပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ

    နောက်ကိုလဲ ဆက်လက်ရေးသား သွားမှာပါ

  • သူကလေး

    May 2, 2013 at 12:00 pm

    ဇာတ်လမ်းအရေးအဖွဲ့လေးရော ခံစားမှုလေးရော သဘောကျပါတယ် ကိုအောင်မြတ်လင်းရေ
    နောက်လည်း ဒါမျိုးလေးတွေ များများရေးပါအုံးနော်
    ဒါလေးကိုဖတ်ပြီး ကောင်လေးတွေကိုပြောချင်ဒါ ….
    အာ့ကြောင့် ဘီယာတွေ အရက်တွေ … များရီး များရီး မသောက်ပါနဲ့လို့ :kwi:

  • အိုး သနားစရာကောင်းလိုက်တာ… ဗျာ…..
    မသူ တော့ နေ.တိုင်း တမာတန်းမှာစောင့်နေမှာပဲနော်… ဆိုင်ကယ်စီးရင်လဲ ဦးထုတ်ဆောင်းပြီး ဖြေးဖြေးမှန်မှန် ဂရုစိုက်မောင်းရင် အဲလို အဖြစ်ဆိုးမျိုးမကြုံရပဲ ချစ်နေရသူနှစ်ဦး ပျော်ရွှင်ရမှာဗျာ…………
    အခုဆိုရင်တော့
    အဲဒီကောင်လေးသာရှိရင် သူကောင်မလေးကို ၁၅၀ဝ တန်ဖုန်းလေးတစ်လုံးဝယ်ပေးပြီး နောက်ကျမယ် စောင့်နေနော်ဆိုပြီး ပြောမှာသေချာတယ်… အခုတော့ သူနောက်ကျလို. ပြာယီးပြာယာ ဆိုင်ကယ်စီးမိတော့ …………….
    အလွမ်းဇာတ်လမ်းတွေ ဖြစ်ကုန်ရောဗျာ…….

    အရေးအသားလေး ကို ခံစားသွားပါတယ်ဗျာ….. မန်းလေးသားမို.လားမသိဘူး မန်းလေးနောက်ခံဇာတ်လမ်းတွေ ကို ဖတ်ရရင် နဂိုကတည်းက အလွမ်းဓာတ်ခံရှိတော့…. အရမ်းခံစားရတယ်ဗျ………..

  • surmi

    May 2, 2013 at 2:30 pm

    အင်း
    အကြောက်ဆုံးကတော ့ ဆိုင်ကယ်ပဲ
    ကိုယ်ကလည်းမစီးတတ်
    သူများနောက်ကလည်းမလိုက်ရဲ
    ဆိုင်ကယ်အဖြစ်ဆိုးတွေမြင်ရပါများတော ့ …….

  • Mလုလင်

    May 3, 2013 at 1:23 am

    လမ်းစွယ်က ထွက် တဲ့ဆိုင်ကယ် က အမှားပေါ့ . .ဒါပေသိ . . ကုန်ကား သမားခမျာ မှာတော့ . . အဲ့ကုန်ကား မှာ ပါတဲ့ကုန်ပေါ် မူတည် ပြီး . . ရှင်းလိုက် ရမယ့် အမှု . . . . ဆိုတော့ . . .

    နှစ် ၁၀၀ဝ ကျိန်စာ ရယ်လို့သာ . . :harr:

Leave a Reply