ပြီးခဲ့တဲ့ ရုံးပိတ်ရက် တစ်ညနေ ၊

တစ်နေကုန် ဈေးသွား ချက်ပြုတ် လျှော်ဖွတ်ခဲ့ပြီးပြီမို့ အနားယူညနေခင်းအဖြစ် ရပ်ကွက်ထဲက ဆိုင်တစ်ခုမှာ ထိုင်ရင်း ဟိုတွေး ဒီတွေး ဟိုကြည့် ဒီကြည့်ပေါ့ ၊

အပေါင်းအဖော်တွေ ရောက်မလာသေးတော့ နားအေး ပါးအေးနဲ့ တစ်ကျိုက်မော့လိုက် ဆတ်သားခြောက်ကြော်တစ်ဖတ် ဝါးလိုက် ဇိမ်ကျနေတယ်ပဲ ဆိုပါတော့ ၊

အဲဒီအချိန်မှာ ဟိုး ပြည်လမ်းပေါ်ကချိုးဝင်လာတဲ့ လူ ၂ ယောက်ကို အကြည့်က အမှတ်တမဲ့ရောက်သွားခဲ့တယ် ၊

သြော် ငါ့သားပါလား လို့ တွေးမိချိန်မှာ သူ့ ဘေးက အမျိုးသမီးဟာ ဘယ်သူဆိုတာ သိလိုက်ပါပြီ ၊

ရေခြားမြေခြား တိုင်းတစ်ပါးက ပြန်ရောက်နေတဲ့ သားရဲ့ အမေပါ ၊ သားက အဖေလုပ်သူ ဒီမှာထိုင်တတ်မှန်းသိလို့ တန်းကနဲ ဝင်လာပါတယ် ၊

အဖေကြီး မုန့်ဘိုးပေး တဲ့ ၊ ဒါ သူ့ရဲ့ မပျက်မကွက်သော ထုံးစံ ညနေမုန့်ဘိုးပါ ၊ အများကြီးလည်း မဟုတ်ပါဘူး ၊ ပုံမှန် ၃၀၀ ၊

ကျနော် ထုတ်ပေးလိုက်တော့  အမေနဲ့ ခဏလိုက်သွားဦးမယ်ဆိုပြီး သူ့အမေဆီ ပြန်ထွက်သွားပါတယ် ၊

အဲဒီ အချိန်မှာ သူ့အမေနဲ့  ဖျတ်ကနဲ အကြည့်ချင်းဆုံမိပါတယ် ၊ တစ်ခဏလေးပါ ၊

လွန်ခဲ့တဲ့ ၃ – ၄ နှစ်က ပုံစံအတိုင်း သူ မပြောင်းလဲ သလို ကျနော်ကလည်း ဒီအတိုင်း ၊

သူ့ စိတ်ထဲ ဘာရှိမလဲ မသိပေမယ့် ကျနော့်စိတ်ထဲမှာတော့ ဘာမှကို မရှိတော့တာပါ ၊

ဘာကြောင့်လဲ ?  ပြီးခဲ့ပြီပဲလေ ၊ တစ်ချိန်က မောင်ရေ လှိုင်ရေ ဆိုတဲ့ စကားလုံးတွေဟာ ကွာရှင်းစာချုပ်နဲ့အတူ ကျန်ရစ်ခဲ့ပြီပဲ ၊

အခုအချိန်မှာ သူလည်း လွတ်လပ်သူ ကိုယ်လည်း လွတ်လပ်သူပဲ ၊

ကိုယ့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်စီနဲ့ ကိုယ့်လမ်း ကိုယ်လျှောက်နေကြသူတွေပဲ ၊

ဘယ်သူကမှ ရိုက်နှက်ပေးစားတာမဟုတ်ခဲ့တဲ့ ဒီဇာတ်လမ်းကို ကျနော်တို့ကပဲ ကျေနပ်စွာနဲ့ The End ဆိုတဲ့ ပြီးပါပြီ ပြည်ဖုံးကားကို ကိုယ်စီချခဲ့ကြတာပဲလေ ၊

သားနဲ့ပတ်သက်ရင် သူတို့ချင်း အွန်လိုင်းမှာ အဆက်အသွယ် ရှိသလို အခုလို ပြန်လာရင်လည်း လွတ်လပ်စွာ တွေ့ဆုံခွင့် ပေးထားတာပဲ ၊

သူနဲ့ကျနော်ကတော့ အခုအချိန်မှာ သူစိမ်းပြင်ပြင်ပါ ၊

တစ်ခါက ပတ်သက်ခဲ့ဖူးတာပဲဆိုရင် အဲဒီ အဓိပ္ပါယ်ဟာ အခု မပတ်သက်တော့ဘူးလို့ ညွှန်းဆိုနေတာ မဟုတ်ဘူးလား ? ၊

ရင်ခုန်ခြင်း စိတ်လှုပ်ရှားခြင်း ခံစားရခြင်း ကင်းလှခဲ့ပြီမို့   တစ်ခါက ဆိုတာ တစ်ခါက ပါပဲလေ ၊

 

6

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..