ရင်ထဲကဆူး(၂)

Aung Myint MyatMay 3, 20131min1152

Myanmar Maritime University

ကွှန်တော်တို့တွေ အမှောင်ဖုံးနေတဲ့ စနစ်ဆိုးကြီးရဲ့အောက်မှာ နေလာခဲ့ရတာ နှစ်တွေတော်တော်ကို ကြာခဲ့ပြီပဲ။ အခုလို နိုင်ငံတော်က ပေါ်လစီတွေပြောင်းပြီး Reform, Reconstruct လုပ်နေတဲ့ ကာလမှာ ကျွန်တော့် အတွေ့အကြုံတွေထဲက သင်ခန်းစာယူစရာတစ်ချို့ကို လက်ရှိ ကျောင်းပြီးခါစ လူငယ်တွေ သင်ခန်းစာယူပြီး  ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်လို့ ရနိုင်အောင် တင်ပြပေးပါရစေ။

 

ကျွန်တော် ရေကြောင်းတက္ကသိုလ်ကနေ ၂၀၁ဝ ဖေဖေါ်ဝါရီ ၆ရက်နေ့မှာ B.E(Marine Engineering)ကို ရခဲ့တယ်။ ကျွန်တော်တို့ ကျောင်းက ဘွဲ့တွေ မရခင်ကတည်းက နိုင်ငံခြားကုမ္ပဏီတွေ လာပြီး အလုပ်အကိုင်တွေ ခေါ်ကြတာတွေရှိတယ်။ အဓိကက ကိုရီးယားကုမ္ပဏီတွေပေါ့ဗျာ။ ကျွန်တော် ဒီမှာ အလေးအနက်ပြောချင်တဲ့ အကြောင်းအရာက ကျောင်းတက်နေဆဲနဲ့ကျောင်းပြီးခါစ ညီငယ်၊ညီမငယ်များ ရွေးချယ်မှု မမှားစေဖို့ပါ။

ကျွန်တော်က နယ်ကနေပြီး အမေ ဈေးရောင်းတဲ့ ငွေနဲ့ ရန်ကုန်မှာ ကျောင်းလာတက်ရတဲ့သူဆိုတော့ ပိုပြီးနားလည်တယ်။ ငါးနှစ်တာ ကျောင်းတက်ရတဲ့ အချိန်တွေကို မြန်မြန်ကုန်ပြီး အလုပ်လုပ်ဖို့စိတ်လောနေခဲ့တယ်။ ဒါမှ ပင်ပင်ပန်းပန်းကျောင်းထားပေးရတဲ့ မိဘကို အမြန်ကျေးဇူးဆပ်နိုင်မယ်။ ဒီလိုပဲ လူငယ်ကျောင်းသား၊ကျောင်းသူတိုင်းက ခံယူကြမှာပါ။ ဘယ်အရာကိုပဲ လုပ်လုပ်  Think before you jump! ဆိုတဲ့ ဆောင်ပုဒ်လေး အတိုင်း စဉ်းစားကြမယ်ဆိုရင် အမှားကင်းကင်းနဲ့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်လှမ်းနိုင်ကြမှာပါ။ အဲဒီလိုမှ မဟုတ်ပဲ စိတ်စောပြီး အရွေးအချယ်မှားမယ်ဆိုရင်တော့ ကျွန်တော့်လို ဘဝမှာ ကြီးမားတဲ့ အမှားမျိုးတွေ ကြူးလွန်မိလိမ့်မှာ စိုးရိမ်တယ်ဗျာ။

အရှေ့ကစကားကိုဆက်ရမယ်ဆိုရင်…ကိုးရီးယား ကုမ္ပဏီတွေက အများစု ကျောင်းကို လာခေါ်ကြတယ်ပေါ့ဗျာ။ ပထမဆုံးက Multigate ဆိုတဲ့ ကုမ္ပဏီပေါ့။ အဲ့ဒီ Multigateဆိုတဲ့ အထဲမှာ Hodai, KML, KMTC, Honghaစတဲ့ ကုမ္ပကြီးတွေပါကြတယ်ပေါ့။  Roll one, Roll2 တို့ဆိုရင် Hodaiက ကောက်စားလုပ်တယ်။ အင်တာဗျူးတွေ လာလုပ်တော့ ရယ်စရာလေးတစ်ခု အနေနဲ့ပြောပါရစေဗျာ။ ငါးနှစ်စာသင်နှစ်ကို ကျော်ဖြတ်ပြီး အင်ဂျင်နီယာဘွဲ့ရမယ့် ကျောင်းသားတွေကို ဘာမှ အရင်မမေးပဲ ဒိုက်ထိုးခိုင်းတယ်တဲ့။ပြီးတော့ စကားပြောတာ စစ်ဗိုလ်နဲ့ တပ်သားလို မောက်မောက်မာမာတွေ ပြောသေးတယ်။မေးတော့ English လိုမေးကြတာပေါ့။ ခက်တာက ကိုယ့်ကို အလုပ်ခံ့မယ့် ကိုရီးယားကောင်က စကားပြောတာ ခွေးအလှည်းနင်း…ဥပမာ-သဘောင်္ရဲ့ ကုန်းပတ်ကို အင်္ဂလိပ်လို Deck ပေါ့ဗျာ။ ဒီကောင်ကဘယ်လို ထွက်တယ်ထင်သလဲ …”ဒက်ကီ”တဲ့။ သေလိုက်ပါတော့ဗျာ။ အေးပေါ့ဗျာ။ ထားပါတော့။ ကိုယ်တွေက ကျောင်းပြီးရင် အလုပ်ချက်ချင်းလို ချင်တဲ့ ကောင်တွေဆိုတော့ ဘာခိုင်းခိုင်းလုပ်ရတာပေါ့။ အဲ့ဒီ Multigate လာတော့ ကျွန်တော်တော့ ဝင်မဖြေဖြစ်ခဲ့ပါဘူး။ ကိုရီးယားတွေ မိုက်ရိုင်းတယ်၊ဘာညာ သင်္ဘေံာသားအစ်ကိုကြီးတွေ ပြောတာကြားဖူးတော့ မဖြေပဲ ရှောင်နေလိုက်တယ်။ Scholarship ဆိုပြီး အရွေးခံရတဲ့ ကျောင်းသားတွေကို ညစာတွေ၊ဘာတွေကျွေး၊ ပညာတော်သင်ထောက်ပံ့ကြေးငွေက တစ်နှစ်ကို ၂၅ဝဆိုလားပဲ။ ကျောင်းသားတစ်ယောက်ကို ဘယ်လောက်ဆိုတဲ့ နှုန်းနဲ့ ကုမ္ပဏီက ကျောင်းကို တော်တော်ပေးရတယ်လို့တော့ သတင်းသိုးသိုးသန့်သန့် ကြားရတယ်။ ဘယ်သူ့အိတ်ထဲ ရောက်မလဲတော့ စဉ်းစားကြည့်ကြပေါ့ဗျာ။

တကယ်သာနိုင်ငံတော် ဘဏ္ဍာငွေထဲရောက်လို့ တရားဝင်သတင်းထုတ်ပြန်မယ်(ဥပမာ-ဒီကုမ္ပဏီတွေမှာ မင်းတို့ ဝင်ရောက်လုပ်ကိုင်လို့ တို့ကျောင်းတော်ကြီးကတော့ မည်ရွေ့မည်မျှ အကျိုးရှိသွားတယ်ဆိုရင်၊ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေကလဲ မေတ္တာပွားကြရမှာပါ။)ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ။

အခုတော့ကြည့်။ ကျောင်းသားတွေကိုပေးတော့ တစ်နှစ်လုံးမှ FEC ၂၀၀,၂၅ဝနဲ့။ကျောင်းတစ်နှစ်စာ စာအုပ်ဖိုးတောင်မကြေဘူး။ နှစ်နှစ်လောက် အဲဒီလို ပေးပြီး(စုစုပေါင်းဆို ဒေါ်လာ ၅၀ဝ လောက်ပေါ့ဗျာ) ကိုရီးယားသင်္ဘောကုမ္ပဏီတွေက ကျောင်းပြီးခါစ ကျောင်းသားတွေအပေါ် ဘယ်လို ဂုတ်သွေးစုတ်၊အနိုင်ကျင့်ကြသလဲဆိုတာတွေ ကျွန်တော် အလေးအနက်ပြောချင်ပါတယ်။

 

ဆက်ရန်

 

2 comments

  • kyeemite

    May 3, 2013 at 3:08 pm

    “ကျွန်တော့် အတွေ့အကြုံတွေထဲက သင်ခန်းစာယူစရာတစ်ချို့ကို လက်ရှိ ကျောင်းပြီးခါစ လူငယ်တွေ သင်ခန်းစာယူပြီး ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်လို့ ရနိုင်အောင် တင်ပြပေးပါရစေ။”
    ကိုအောင်မြင့်မြတ်ရည်ရွယ်ချက်ကလေးကောင်းပါတယ်..ဗရာဗိုပါဗျာ…
    ဆက်ရေးပါ…

  • kai

    May 3, 2013 at 3:35 pm

    ပြောရရင်.. Harvard, MITကကျောင်းပြီးတဲ့.. ကျောင်းသားတွေကိုတောင်.. အဲလိုလာမခေါ်ကြဘူးထင်တာပဲ..
    တယ်ဟုတ်တဲ့.. မြန်မာပြည်… :harr:

Leave a Reply