လိင်ခွဲခြား ဆက်ဆံမှုတွေမြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ ၊ မိန်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပါလျှင် ၊ အိမ်မှုကိစ္စ ၊ ဝေယျာဝစ္စအ၀၀နဲ့ အိမ်တွင်းအိမ်ထောင့်တာဝန်ထမ်းရမယ့် ကိစ္စတွေမှာ တာဝန်အရှိဆုံးရယ်လို့  အလိုလိုသတ်မှတ်ခံခဲ့ကြရတယ် ။ ဒါကြောင့်လည်း မိန်းမအဖြစ် မွေးဖွားလာသူတွေထဲ အများစုက သိတတ်စ အရွယ်ကစပြီး ၊ အိမ်မှု ကိစ္စတွေကို အသက်အရွယ်အပိုင်းခြား အလိုက်တဆင့်ခြင်း လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ရပါတယ် ။ လူကြီး သူမတွေခိုင်းစေ သင်ကြားလို့သာ လိုက်လုပ်ကြရလို့ ၊ အိမ်မှုကိစ္စမှာ ၀ါသနာပါရင်း သင်ကြားတတ်မြောက်သွားသူတွေ ရှိသလို ၊ ဘယ်လောက်သင်သင် ၀ါသနာရော ၊ စိတ်ဝင်စားမှုပါမရှိတာကြောင့် … အိမ်တွင်းမှု မလုပ်မတတ်တဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါပဲ … ။ တတ်တာ မတတ်တာ အပထား ၊ အိမ်တိုင်း အိမ်တိုင်းမှာ အိမ်ရဲ့ ဝေယျာဝစ္စဆိုတာ နေ့စဉ်နေ့တိုင်း ရှိနေတတ်တာမျိုးဖြစ်တာကြောင့် အိမ်တွင်းသန့်ရှင်းမှု နဲ့ ဝေယျာဝစ္စတွေကိုတော့ မဖြစ်မနေ လုပ်ကြရတော့မှာပါ ။

 

အိမ်ထောင့်တာဝန်တော့ ထမ်းတတ်ပါတယ် .. အခုလိုပုံနဲ့ ဆို ...

အိမ်ထောင့်တာဝန်တော့ ထမ်းတတ်ပါတယ် .. အခုလိုမလှမပ ပုံနဲ့ ဆို … အိမ်ထောင်ဖက်ကို ကြာကြာထိန်းဖို့ ကွန်ဖီးဒန့်စ်ရှိပါ့မလား  … ကဲ .. အမိတို့ … အိမ်ထောင်လည်းထိန်း ..အိမ်ထောင်ဦးစီးကိုလည်း ထိန်းကြပါကုန်  :mrgreen:

 

မွေးကတည်းက အိမ်တွင်းမှုမသင်ကြားခဲ့ရတဲ့ သူတွေက ကိုယ်လက်အင်္ဂါချို့ တဲ့သူကလွဲလျှင် အတော်များများက လူကုန်ထံမိသားစုက ပေါက်ဖွားလာသူမျိုးတွေပါ ။ သူတို့အတွက် အိမ်တွင်းမှုကို ကိုယ်တိုင် လုပ်စရာမလိုအောင် ကိုယ်စားလှယ် လုပ်ပေးမယ့်လူ တနည်းအားဖြင့် ပြောရလျှင် အဖိုးခပေးပြီး ခိုင်းစေနိုင်တဲ့ အိမ်အကူ/အိမ်ဖော်တွေ ရှိနေတာကြောင့်ပါပဲ ။ လူကုန်ထံအသိုင်းဝိုင်းတွေအပြင် ၊ ကျန်းမာရေးကြောင့် အိမ်အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့ မိန်းမတွေ အတွက်လည်း အိမ်ဖော် / အိမ်အကူဆိုတဲ့ လူတန်းစား လိုအပ်ပါသေးတယ် ။ အရင်ခေတ်တွေတုန်းကတော့ မိန်းမဆိုလျှင် အိမ်တွင်းမှု နိုင်နင်းရုံ ၊ အိမ်မှာထိန်းသိမ်းနေရုံနဲ့တင် လူအဆင့်မှီပြီလို့ ယူဆလက်ခံထားခဲ့ကြပေမယ့် ဘ၀ရပ်တည်ရေး စိန်ခေါ်မှုနဲ့ အပြိုင်ဆိုင်များတဲ့ ယနေ့ခေတ်မှာတော့ အိမ်တွင်းမှုချည်းလုပ်ပြီး ၊ အိမ်မှာနေ အိမ်ထောင်ထိန်းနေရုံမျှနဲ့ အဆင်မပြေတော့ပဲ မိန်းမတွေပါ အပြင်ထွက် စီးပွားရှာအလုပ်လုပ်ကြရတယ် ။ မိန်းမအဖြစ် မွေးဖွားလာလို့ အော်တိုမစ်တစ်အိမ်ထောင်ထိန်းရာထူး ရထားရုံမက ၊ ပိုက်ဆံရှာရမယ့်  တာဝန်ပါ ပိလာတဲ့အခါ ၊ အိမ်မှု ကိစ္စတွေ လစ်ဟင်းတာမျိုး ၊ လုပ်ငန်းခွင်သွားဖို့  အခက်ခဲ ရှိတာမျိုး … စတဲ့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ် ။ အိမ်မှုကိစ္စ အလျှင်မှီအောင် မလုပ်နိုင်လို့ အခက်ခဲကြုံရသလို မိမိတို့ ရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်မှုမှာလည်း ကျဆင်းသွားတတ်တာကြောင့် …. အိမ်ထောင်ဖက်ရှိခဲ့ပါလျှင် အပျော်ရှာသွားတာမျိုး ၊ ပစ်သွားတာမျိုးနဲ့လည်း ကြုံကောင်းကြုံနိုင်ပါသေးတယ် ။  ဒီလို လူမျိုးတွေအတွက် ၊ အိမ်အကူ / အိမ်ဖော်ဆိုတဲ့ ၊  အခကြေးငွေယူပြီး အိမ်တွင်းမှု လုပ်ကိုင်ပေးတဲ့ လူတန်းစား တစ်ရပ်ပေါ်ပေါက်လာခဲ့တာ ဟိုးးးးး အရင် ဘိုးတော်ဘုရား လေးဘက်သွားတဲ့ ခေတ်တွေကတည်းကပါ ။ အိမ်ဖော်နဲ့ အိမ်အကူ ၊ အခကြေးငွေယူပြီး အိမ်မှုကိစ္စလုပ်ကိုင်ပေးတာချင်းအတူတူ .. ကွာခြား ချက်ကတော့ ၊ အိမ်အကူတွေက ပုံမှန် အလုပ်ချိန်အဖြစ်သတ်မှတ်ချိန်မှာသာ ဆားဗစ်ပေးပြီး အချိန်တန် အိမ်ပြန်သွားကြတာမျိုးပါ ။ အိမ်ဖော်ဆိုတာကတော့ ၊ မိသားစုဝင်တစ်ယောက်လို အိမ်မှာ အမြဲရှိပြီး ၊ လုပ်အားခလည်းပေးရသလို ၊ ထမင်းလည်းကျွေး ၊အ၀တ်စားလည်းဆင်ပေးရရုံမက ၊ သူအတူနေသမျှ ကာလပတ်လုံး သူ့ရဲ့ ကျန်းမာရေး ၊ လူမှူရေး ကိစ္စ အ၀၀ကိုပါ အိမ်ရှင်က တာဝန်ယူပေးထားရသူမျိုးပါ ။   လေ့လာမိသလောက်တော့ အနောက်နိုင်ငံတွေမှာ အိမ်ဖော်ထားတာ ထက် ၊ အိမ်အကူထားတာ ခေတ်စားကြောင်းလည်း သိခွင့်ရခဲ့ပါသေးတယ် ။ အိမ်ဖော်ပဲ ဖြစ်စေ ၊ အိမ်အကူပဲဖြစ်စေ မိမိတို့ အိမ်ကို အခကြေးငွေယူပြီး အိမ်မှု ကိစ္စလုပ်ပေးဖို့ ရည်ရွယ်ပြီး လာပတ်သတ်ကြမယ့် တစိမ်းတွေချည်းပါပဲ ။ စိတ်အမျိုးမျိုး ၊ စရိုက်အမျိုးမျိုးတွေလည်း ပါနိုင်ပါသေးတယ် ဒီတော့ အိမ်တွင်းအခန်း ၊ နေရာအားလုံးကို ၀င်ထွက် ထိတွေ့ခွင့်ရနေတဲ့ လူမျိုးဖြစ်တာကြောင့် ၊ ယုံကြည်ရလောက်တဲ့ လူ ၊ အားကိုးရလောက်တဲ့လူ၊ စိတ်ချလောက်ရတဲ့လူ ဖြစ်ဖို့လည်း အရမ်းကို အရေးကြီးပါတယ် ။ ဒါ့ပြင် အကျင့်စာရိတ္တကောင်းမွန်ဖို့လည်း လိုအပ်ပါသေးတယ် ၊အဲ့လိုမှမဟုတ်လျှင် သူခိုးဓါးရိုးကမ်းလိုက်မိသလို အဖြစ်မျိုးနဲ့ကြုံပြီး စိတ်ညစ်ကြရမှာပါ ။

အိမ်ဖော် / အိမ်အကူ ခေါ်ယူတဲ့နေရာမှာ ပထမဦးစားပေးအနေနဲ့ ဆွေမျိုးနီးစပ်သူတွေထဲက နွမ်းပါးသူတွေကို ခေါ်ယူခိုင်းစေတာမျိုး ၊ ရပ်ဆွေရပ်မျိုး မကင်းရာမကင်းကြောင်းတွေကို ခေါ်ယူ ခိုင်းစေတာမျိုး ဦးစားပေး လုပ်ဆောင်ခဲ့ကြပေမယ့် … အသိကျွမ်း ၊ ဆွေမျိုး မရှိတဲ့ လူတွေကတော့ ပွဲစားလို့ခေါ်တဲ့ ကြားခံ လူတစ်ယောက် အကူညီနဲ့ အိမ်ဖော် / အိမ်အကူ ခေါ်ကြရပါတော့တယ် ။ ပိုက်ဆံပေးပြီး ဆားဗစ်ပေးမယ့်လူရှိနေလျှင် ၊ နေ့ည မရွေး အိမ်အလုပ်မလုပ်ချင်တဲ့ မိန်းမတွေအတွက်တော့ ၊ အိမ်အကူထက် အိမ်ဖော်တွေပဲ လိုအပ်တာကြောင့် ပွဲစားတွေကလည်း အိမ်ဖော်တွေကိုပဲ အဓိကထားပြီးခေါ်ပေးပါတယ် ။ ပွဲခအနေနဲ့ အိမ်ဖော်ရဲ့ တလစာနဲ့ ညီမျှတဲ့ ငွေကြေးကို ပွဲစားလုပ်သူကိုပေးရပြီး ၊ အိမ်ဖော်အတွက် လုပ်အားခကို ခြောက်လစာ တခါတည်း ရှင်းခိုင်းတာမျိုး ၊ သုံးလစာ တခါတည်းရှင်းခိုင်းတာမျိုး လုပ်ပြီး ပိုက်ဆံ ကြို ယူထားတာမျိုးလည်း ရှိသလို ၊ လုပ်အားခကို အိမ်ရှင်ဆီက တလတခါထုတ်တဲ့ အိမ်ဖော်မျိုးလည်း ရှိတယ် ။ အိမ်ရှင်နဲ့ အိမ်ဖော် အဆင်ပြေနေလျှင် ဒီကိစ္စတွေ ပြသနာမရှိပေမယ့် ၊ အချောင်ခိုစားချင်တဲ့ အိမ်ဖော်နဲ့ ၊ ဖျံကျချင်တဲ့ ပွဲစားတို့ ပေါင်းပြီး အိမ်ရှင်ဆီက ကြိုတင်ငွေယူကာ ၊ သတ်မှတ်ရက်မတိုင်ခင်ကပဲ အလုပ်ပြောင်းရွှေ့တာမျိုး ၊ ထွက်ပြေးကြတာမျိုးတွေလည်း ရှိခဲ့ကြလို့ ၊ အိမ်သားတစ်ယောက်လို စာရိတ္တကောင်းပြီး ၊ ယုံကြည်လို့ ရတဲ့ အိမ်ဖော်မျိုး ဈေးကွက်တောင်းဆိုချက်အရ တကယ်ပဲ လိုအပ်ပါတယ် ။

ယခုဆို သင်တန်းကျောင်းများစွာ ပေါ်လာတဲ့အပြင် ၊ တာဝန်ယူ  ဆားဗစ်ပေးတဲ့ လုပ်ငန်းတွေ ဒုနဲ့ဒေး ပေါ်ပေါက်လာပါလျှက် … အိမ်ထောင်မှု့ ကောင်းကောင်းထိန်းနိုင်အောင် လေ့ကျင့်သင်ကြားပေးပြီး စာရိတ္တပါ အာမခံချက်ပေးနိုင်တဲ့ အိမ်ဖော်ဆားဗစ်လုပ်ငန်းမျိုးလုပ်ကိုင်တာတော့ မတွေ့ ရသေးပါဘူး ။ သတိထားမိရသလောက် ယခု တနှစ် ၊ နှစ်နှစ်တွင်းမှာပဲ ၊ ယုံကြည်မှုအတိုင်းတာတစ်ခုယူပြီး ဆားဗစ်ပေးလုပ်နေရတဲ့ ၊ ဘော်ဒီဂတ်လို့ ၊ security ဆားဗစ်လို လုပ်ငန်းတွေတော့ ပေါ်လာတာ တွေ့ရပါတယ် ။ ၀န်ဆောင်ခလည်း သာမန်နှုန်းထက် ဈေးပိုမြင့်သလို ၊ တာဝန်ယူမှု အပိုင်းမှာလည်း အာမခံချက်ရှိလာပါတယ် ။ တာဝန်ချိန်တွင်း တခုခုအပျက်ဆီး အဆုံးရှုံးဖြစ်တဲ့အခါ ၊ ဆားဗစ်ပေးတဲ့လုပ်ငန်း တည်ထောင်ထားတဲ့ company က အလျှော်စား လုပ်တာမျိုးထိလုပ်ပြီး တာဝန်ယူကြပါတယ် ။ ဒါကြောင့်လည်း … အဲ့ဒီလုပ်ငန်း တစတစကြီးထွားလာပြီး အခုဆို ၊ လုပ်ငန်းတူလိုက်လုပ်သူတွေတောင်ရှိနေပါတယ် ။ ဆားဗစ်ချာ့ခ်ျဈေးကြီးပေမယ့် ဆားဗစ်ကောင်းတဲ့ လုပ်ငန်းမျိုး၊ တာဝန်ယူအာမခံပေးတဲ့ လုပ်ငန်းမျိုးဆို ၊ လူသုံးများကြပါတယ် ။ အိမ်အလုပ်ဆိုတာကလည်း ခက်ခက်ခဲခဲကြီးမဟုတ်ပေမယ့် အလေ့ကျင့်မရှိလျှင် ဘယ်က စပြီး လုပ်ရမှန်းမသိအောင်ပဲ ရှုပ်ထွေးတဲ့ အလုပ်ပါပဲ ။ ဒါကြောင့် ယုံကြည်စိတ်ချပြီး ကျွမ်းကျင်တဲ့ အိမ်ဖော်မျိုးကို လိုအပ်နေကြတာပါ ။

ဘော်ဒီဂတ်တွေ security တွေလို အိမ်ဖော်တွေကိုလည်း စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး ငှားယူလို့ရမယ့် ၊ လုပ်ငန်းမျိုး ၊ company မျိုးလည်း ရှိသင့်ပါတယ် ။  ဒီလို လုပ်ငန်းမျိုး ၊ company မျိုးဖြစ်လာခဲ့လျှင်၊ရှိလာခဲ့လျှင် …အိမ်ရှင်တွေ အတွက်ရော ၊ အိမ်ဖော်အလုပ်လုပ်မယ့် လူတွေအတွက်ရော … အများကြီး အထောက်ပံ့ကောင်းဖြစ်စေမှာပါ ။ ကျွန်မတို့ နိုင်ငံမှာ အလုပ်သမား ၀န်ကြီး ဌာန လက်အောက်ခံ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားပါသော်လည်း လေဘာမှတ်ပုံတင်မရှိပဲ အလုပ်သမား ဖြစ်နေကြတဲ့ လူဦးရေက ပိုများပါတယ် ။ ဒီလို လေဘာမှတ်ပုံတင် မရှိတဲ့လူ ၊ လုပ်ရကောင်းမှန်း မသိတဲ့ … လူမျိုးတွေအတွက် …. လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတွေ ၊ မတရားဖိနှိပ် ခိုင်းစေခံရမှုတွေအတွက် အကာကွယ်ပေးဖို့ လက်လှမ်းမှီဖို့ မတတ်နိုင်ပါဘူး ။  ဒီလိုပါပဲ အိမ်ဖော်က အကျင့်စာရိတ္တမကောင်းလို့ အိမ်ရှင်တွေဘက်မှာလည်း ပျောက်ဆုံး နစ်နာမှုတွေဖြစ်လာနိုင်ပါသေးတယ် ။ အကြောင်းအမျိုးမျိုးကြောင့် နေရာအမျိုးမျိုးမှာ အလုပ်ခွင်အမျိုးမျိုးမှာ …. အလုပ်သမား ဖြစ်နေရပေမယ့် အလုပ်သမားတစ်ယောက်အဖြစ် မှတ်ပုံတင်ထားနိုင်ခြင်းမရှိတာကြောင့် အကျိုးခံစားခွင့်တွေ လူမသိ သူမသိပျောက်ဆုံးနေရတဲ့ အလုပ်သမား လူတန်းစားတွေထဲ အိမ်ရှင် နှိပ်စက်ခံရတဲ့ အိမ်ဖော်တွေရဲ့ ဒုက္ခကလည်း မသေးလှတာတွေကြောင့် အိမ်ဖော်လုပ်မယ့် အစား နည်းနည်းပါးပါး လူရည်လည်လျှင် အိမ်နီးချင်း နိုင်ငံက စက်ရုံတွေကို ခိုးထွက်ပြီး အလုပ်လုပ်သူတွေ တဖြည်းဖြည်းများလာတာပါ ။ ပြည်တွင်းမှာပဲ …. စနစ်တကျ လေ့ကျင့်ပေးပြီး ၊ အလျှော်စား ကိစ္စထိပါ အာမခံချက်ပေးနိုင်မယ့် သမ္မာအာဇီဝ အသက်မွေးဝမ်းကျောင်းအိမ်ဖော်ဆားဗစ်လုပ်ငန်းမျိုး ပေါ်ပေါက်လာလျှင် သိပ်ကောင်းမယ်လို့ပဲ ထင်ြမင်မိပါတော့တယ် ။  ။

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!