မန္တလေးမှ ဆိုင်ကယ်များ ( ရွှေကူမေနှင်း )

“ဒေါ်ဒေါ်မေ။ သတင်းကတော့ သတင်းဆိုးပဲ” ရမည်းသင်း အထည်စက်ရုံခွဲ (၈) မှ စက်ရုံမှူး တူတော်မောင် ဦးမြင့်စိုးက လှမ်းပြောခြင်းဖြစ်ပါသည်။
“ဘာ သတင်းကြီးလဲ”
“ဦးချစ်ဆောင် ဆုံးပြီ”
“ဟုတ်လား၊ အေးလေ၊ ၈ဝ တောင် နီးပြီပဲ”
“မဟုတ်ဘူး၊ အက်ဆက်ဒင့် ဖြစ်တာ”
“ဘာနဲ့လဲ”
“ဆိုင်ကယ်ပါ။ သူဆိုင်ကယ် စီးလာတာကို တစ်ခြား ဆိုင်ကယ်က ဝင်အောင်းတာ၊ ဦးချစ်ဆောင်က ပွဲချင်းပြီးပဲတဲ့”

ကျွန်မ ဘာမှ ပြန်မပြောဖြစ်တော့ပါ။ လူထု ဒေါ်အမာ မွေးနေ့တစ်ရက်ဖြစ်သော ၂၀၀၅ ခုနှစ်က မန္တလေးမှာ ဦးချစ်ဆောင်နှင့် ဆုံခဲ့သည်။
မန္တလေး၊ ကျွဲဆည်ကန်က “အောင်မြင့်မို” ဟိုတယ်မှာ တည်းနေရာက ပလိပ်ရှိ ဦးချစ်ဆောင်ထံ ကျွန်မ သွားနှုတ်ဆက်ခြင်းဖြစ်၏။
သူက ပလိပ် အထည်စက်ရုံမှ အငြိမ်းစား ရပြီး ကုန်မာဆိုင်ဖွင့်နေသည်။ သူ့ဆိုင်သို့ ကျွန်မ ရောက်သွားတော့သူက ဆိုင်ပိတ်လိုက်ပြီး သူ့အိမ်သို့ ခေါ်သွားသည်။
ဆိုင်ဘေးမှာ ရပ်ထားသော ဆိုင်ကယ်ဖြင့် ခေါ်သွားခြင်းဖြစ်၏။ ကျွန်မက ရန်ကုန်မှာ ကိုယ်တိုင်ကားမောင်းပြီး လျှောက်သွားခဲ့ဖူးသူ။
နယ်မြို့များရောက်လျှင် မော်တော်ဆိုင်ကယ် ကိုယ်တိုင်မောင်းစီးသူ၊ သည်တော့ ဘာမျှအထွေအထူး မဖြစ်သူ ၊
နောက်က ထိုင်ပြီး သူ့အိမ်လိုက်သွားခဲ့သည်။ အိမ်ရောက်တော့ သူ့သမီးနှင့် သားကြီးက ထမင်းပွဲ ပြင်ကြသည် ၊ သူ့ဇနီးဆုံးသည့် အကြောင်းသတင်း မေးရသည် ၊
ွလွန်ခဲ့သည့် နှစ်များစွာက တော်လှန်ရေး ကိစ္စများ မအောင်မြင်သေးသော ဒီမိုကရေစီ ဖော်ဆောင်ရေးဗျူဟာများ စသဖြင့် ဆွေးနွေးရင်း ညနေရောက်လာသည် ၊ ကျွန်မက ညနေမှာ အခြား စာရေးဆရာများနှင့် တောင်သမန်မှာ ဆုံဖို့ ချိန်းထားသည်။ သည်တော့ ဦးချစ်ဆောင်က ကျွန်မကို တောင်သမန် လိုက်ပို့မည်။
ဤတွင် သူ့သားကြီး (ပလိပ် အထည်စက်ရုံ၊ အင်ဂျင်နီယာ)က သူ့အဖေနားကပ်လာကာ ရိုရိုကျိုးကျိုး အမူအရာဖြင့် “ဖေဖေ အန်တီကို ကားနဲ့ ပို့ပါနော်”ဟု ဆိုသည်။
သူ့အဖေက သိပ်နားမစိုက်။ ကျွန်မနှင့် စကားတွေ ဆက်ပြောနေသည်။ ခဏကြာတော့ သားကြီးက အနားကပ်လာပြန်ကာ “ဖေဖေ အန်တီကို ကားနဲ့ ပို့ပါနော်” ဟု ပြောပြန်သည်။
သည်အခါမှာတော့ သူက အေးပါကွာ ဟု ပြီးစလွယ် ပြောလိုက်သည် ၊ တကယ်ပို့သောအခါမှာတော့ ဆိုင်ကယ်နှင့်ပင်ဖြစ်၏ ၊
ပလိပ်မှ မြစ်ငယ်တံတားကိုကျော်ပြီး တောင်သမန်ဘက် ချိုးဝင်သောအခါ လမ်းရှင်းပြီး လေညှင်းဝင်လာသည် ၊
သူက ဆိုင်ကယ်ကို အရှိန်လျှော့ရင်း စကားစပြော၏ ၊ ဒီမယ် ညီမလေး ကိုကိုလေးက နင့်ကို ဆိုင်ကယ်နဲ့ လိုက်ပို့တာ အကြောင်းရှိတယ်။ ဒီကမ္ဘာမှာ လျှို့ဝှက်စကား ပြောဖို့ နေရာမရှိဘူး။
ဒါပေမယ့် ဟောသလို ဆိုင်ကယ်စီးရင်း ပြောတာကိုတော့ ဘယ်ထောက်လှမ်းရေး ကိရိယာက မှ မသိနိုင်ဘူး။
“ဟုတ်ကဲ့ ပြောပါ ကိုကိုလေး ၊ ကျွန်မက ဘယ်လက်ဖြင့် ဆိုင်ကယ်ထိုင်ခုံကို ကိုင်ပြီး ညာဘက်က သူ့ညာဘက် ပခုံးစွန်းကို အသာအယာ ကိုင်ထားပြီး “ဟန်ချက်” ယူထားသည်။
သူက ဆိုင်ကယ်ကို နှေးနှေးမှန်မှန် မောင်းရင်း “ဒီလိုကွ။ ငါတို့ (၆၂) တွေ များများ မကျန်တော့ဘူး။ ၆၂ လည်း မအောင်မြင်ဘူး။ ၈၈ လည်း မအောင်မြင်ဘူး။ ၉၆ တွေလည်း ပန်းတိုင်မရောက်နိုင်ဘူး။
ဒီတော့ ငါတို့ စခဲ့တဲ့ ဇာတ်လမ်းကို ငါတို့ အဆုံးသတ်မှ ဖြစ်မယ်။ ငါတို့ လက်ကျန် ၆၂ တွေ လေး ငါးယောက် တိုင်ပင်ထားပြီးပြီ။ ဒို့အားလုံး အလှည့်ကျ တိုက်ပွဲဝင်ကြမယ်။
တိုက်ပွဲဝင်ရင်း သေကြဖို့ပဲ။ ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း  မီးရှို့ပြီး အသေခံ ဆန္ဒပြကြမယ်။ တစ်ယောက်ပြီးတာနဲ့ နောက်တစ်ယောက် ဆက်တိုက်ဝင်မယ်။
အရေးကြီးတာက ဒါကို ကမ္ဘာက သိအောင် လုပ်ဖို့  မီဒီယာလိုတယ်။ ဒီကိစ္စကို တာဝန်ပေးချင်တာ။ နင်က မီဒီယာနဲ့ အဆင်သင့် စောင့်နေဖို့ပဲ ၊ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ ကျွန်မက သူ့စကား ပြီးအောင် စောင့်နေပြီးမှ လေတဝူးဝူးကြားတွင် သူကြားအောင် သူ့နားနားကပ်ပြီး ပြောရ၏။
“ညီမလေး ကန့်ကွက်တယ် ကိုကိုလေး။ ဒီတိုက်ပွဲက လုံးဝမအောင်မြင်နိုင်ဘူး။
လူတွေ မရေမတွက်နိုင်အောင် သတ်ခဲ့တဲ့ သူတွေက ကိုကိုလေးတို့ လေး ငါးယောက် သေတာကို ဂရုစိုက်ဖို့ အဝေးကြီး။ သေရင် အေးတာပဲလို့တောင် ထင်ကြဦးမယ်။
ကိုကိုလေးတို့ သတ္တိနဲ့ သံမဏိ စိတ်ဓာတ်ကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက အလဟဿ ဖြစ်မှာ သေချာလို့ ညီမလေး သဘောမတူဘူး”
ထိုနေ့ကား ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ တည်း။
ကျွန်မတို့ အားလုံး ယနေ့ အသက်ရှု ချောင်ပြီး မျှော်လင့်ချက်တွေ ကိုယ်စီနှင့် ခရီးပန်းတိုင်ချီတက်နေရဆဲ ဖြစ်သည်။
လမ်းခရီးတွင် အောင်မြင်မှု မှတ်တိုင်များ တစ်ခုစီ စိုက်ထူနိုင်သော်လည်း အနှောက်အယှက် ပေးမည့် ဒီမိုကရေစီဆန့်ကျင်ရေး ရန်သူများက ဟိုထောင့်သည်ထောင့်မှ ပေါ်နေဆဲ ဖြစ်သည်။
တော်လှန်ရေး သတိကြီးကြီးဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပျော်ရွှင်မှု အပြည့်အဝ ရရန် ကြိုးစားနေကြရဆဲ ဖြစ်သည်။
ဪ ပန်းတိုင်နီးကာမှ ၆၂ လက်ကျန် တစ်ဦး ကျဆုံးသွားခဲ့ပြန်လေပြီ။ ဤ ကျဆုံးမှုက “ရန်သူ” လက်ချက်မဟုတ်။ ပြည်သူထဲမှ မသိနားမလည်သူ၏ လုပ်ရပ်ဆိုးကြီး ဖြစ်သည်။
သည်လို အရေးတွေ ကြိုတင်မြင်သဖြင့် သူ့သားကြီးက လွန်ခဲ့သော ရ နှစ် ကတည်းက သူ့ကို သတိပေးခဲ့ခြင်းဖြစ်၏။ ခုတော့ သားကြီးလည်း ဘယ်မျှ ယူကြုံးမရ ဖြစ်နေရှာပြီလဲ မသိ။
ကျွန်မတို့ တိုင်းပြည် ဒီမိုကရေစီရေး အတွက် ၆၂ ခု ကတည်းက တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းတွေ မရေတွက်နိုင်တော့ပေ။
လုံးဝပြီးပြည့်စုံသော ဒီမိုကရေစီကို ရဖို့က အဝေးကြီး ကျန်သေးသည်။ စင်စစ်မှာလည်း ဒီမိုကရေစီ သဘောတရားကိုယ်တိုင်မှာ လုံးဝပြီးပြည့်စုံခြင်း ဆိုတာ မရှိပေ။
တောက်လျှောက် ပြုပြင်ဖန်တီးသွားရမည့် ကိစ္စဖြစ်သည်။ ရရှိပြီးသော အောင်မြင်မှုများကို ဝမ်းသာစွာ ထိန်းပြီး ပြန်လည်လွတ်ကျ မသွားအောင် သတိထားကြရမည်ဖြစ်သည်။
နောက်ထပ် အောင်မြင်မှုများ ရဖို့ နောက်ထပ် မျိုးဆက်များဖြင့် လက်ဆင့်ကမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မန္တလေးသည် ၂၀၀၅ ကတည်းက ဆိုင်ကယ်မြို့တော် ဖြစ်နေပြီ။ ၂၀၁၃ ဆိုတော့ ဆိုင်ကယ် စီးရေ ဆပေါင်းတစ်ရာ တစ်ထောင်ခန့် ဖြစ်နေပြီ။
ပြင်ဦးလွင်၊ အနီးစခန်းစာကြည့်အသင်း၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှ သိရှိချက်အရ မန္တလေးတိုင်း တစ်တိုင်းတည်းတွင် ၁ နှစ် အတွင်း ဆိုင်ကယ်တိုက်မှုကြောင့် သေဆုံးသူ ၁၇ဝ ကျော်ရှိသည်ဟု ဆိုသည်။
အကြမ်းဖျင်းအားဖြင့် ၂ ရက်မှာ ၁ ယောက် သေနေသည်။ ဤပြဿနာကို ဤအတိုင်းကြည့်နေ၍ မဖြစ်တော့ပါ။
အားလုံး သိနားလည်ပြီး “ဆင်ခြင်တရား” ရအောင် လုပ်ကြဖို့ လိုနေပြီ၊ ဤ ဆိုင်ကယ် ပြဿနာကြီးထဲတွင် ကျွန်မ၏ ၆၂ ရဲဘော် တစ်ဦး ကိုယ်တိုင် စတေးခံခဲ့ပြီ။
ဒီမိုကရေစီရေးအတွက် လျှို့ဝှက်ဗျူဟာတစ်ခုကို ကျွန်မနှင့် တိုင်ပင်ချင်သဖြင့် ဆိုင်ကယ်စီးပြီး သွားခဲ့သော ကျွန်မ၏ ၆၂ ရဲဘော်ကြီးသည်
အခုတော့ ဒီမိုကရေစီရေး မဟုတ်ပါဘဲနှင့် ထိုဆိုင်ကယ်နှင့်ပင် အသတ်ခံခဲ့ရလေပြီ။ မတန်လိုက်လေခြင်း။
ကျွန်မခံပြင်းလွန်းသဖြင့် ဘယ်သူ့ကို လိုက်ရိုက်ရမည်လဲဟု စဉ်းစားသည်။ နောက်ခံအကြောင်းရင်းတွေကဘာလဲ။
မည်သို့ပင်ဖြစ်စေ။
ကျွန်မတို့ ပြည်သူတွေ အသေခံနေရသည်။
၂ ရက်မှာ ၁ ယောက်နှုန်း ထိတ်လန့်ဖွယ်ကြီး မဟုတ်ပါလား။

( The HotNews ဂျာနယ် Vol – 3 , No-138  မေလ ၃ – ၉   ၂၀၁၃)  အမေ့ ဆောင်းပါးတစ်ပုဒ်ပါ ၊

ဂဇက်တွင် တင်ရန် အကြံပေးခဲ့သော ကိုကြီးမိုက်ကို ကျေးဇူးတင်ပါသည် ၊

ဒဂုန်တာရာ မွေးနေ့အတွက် အောင်ပန်းသို့ ခရီးထွက်တော့မည့် အမေ့ကို ထည့်ချင်ကြောင်း ပြောသောအခါ

ဂဇက်အကြောင်း ရင်းနှီးနေပြီဖြစ်သော အမေကလည်း ကြည်နူးစွာ ခွင့်ပြုခဲ့ပါသည် ၊

 

2

13 comments

  • မောင် ပေ

    May 4, 2013 at 11:18 am

    ကိုမျိုးသန် ့ရေ ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မန်းတလေးမှာ ရှိရင် ကောင်းမယ်ဗျာ
    သိပ်ဆိုးတာကလား
    အုပ်စုလိုက်ကြီး ၊ ဦးထုပ်မဆောင်းပဲ လမ်းပိတ်မောင်းတယ် ။ ပြောင်းပြန်မောင်းတယ် ။ အိတ်ဇော ဖောက်တဲ့ လူတွေကပါသေး ။
    အဆိုးဆုံးက မီးပွိုင့်နီနေတာကို ၊ သူတို ့ပဲ မော်တော်ပီကယ် ဝင်လုပ်ပြီး ၊ စိမ်းလို ့သွားရမယ့် ယာဉ်တွေကို တားတယ် ။ သူတို ့က မီးနီနေတာ ကို ခွေးတွေလို အော်ပြီး ဟောင်ပြီး မောင်းတယ် ။
    နှစ်ငါးဆယ် ဒဏ်ခံခဲ့ရလို ့၊ အခုမှ အတိုးချ ပျော်ကြသော ပါတီဝင် ဆိုင်ကယ်သမားများ ကို အတူတူကြီးပြင်းခဲ့တာနဲ ့ နားလည်ပေးလို ့ရပေမယ့် ၊ ကိုယ်ပျော်ဖို ့ သူတစ်ပါး စိတ်ပျက်စေမယ့် ဒီမိုယောင်ယောင် ပါတီတုဝင် ဆိုင်ကယ်သမားတွေက များခဲ့တာကလား

  • Myo Thant

    May 4, 2013 at 11:30 am

    ကြားခဲ့ပါတယ် ကိုပေရေ ၊

    အာဏာ ဘယ်မှန်းမသိခင် အဲသလို သကောင့်သားတွေကြောင့် ခက်ရတာ ၊

    ၈၉ ကတည်းက ရုံးချုပ်မှာ နေခဲ့ဖူးတဲ့ ကျနော် အများကြီးသိခဲ့ပါတယ် ၊

  • ခင်ခ

    May 4, 2013 at 12:56 pm

    ကျွန်တော်ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက် မန်း လာလည်တော့ ကျွန်တော် သူတည်းတဲ့ ဟိုတယ်ကနေ နေ့လည်စာအတူစားဖို့ ကားနဲ့ခေါ်လာရင်း သူကိုမေးလိုက်တယ် မင်း ကိုယ့်သေတွင်းကိုယ် တူးတဲ့သူတွေ ကြည့်မလားလို့ဆိုတော့ သူငယ်ချင်းက တကူးတကကွာ မင်းကအလုပ်ရှုပ်ခံ လိုက်ပို့အုံးမယ်လို့ဆိုတယ်၊ အဲဒါနဲ့ တကူးတကမဟုတ်ပါဘူး အခုသွားရင် ရှေ့ ဘေး ဘယ် ကြည့်လိုက် အဲဒီမှာ ကိုယ်သေတွင်းကိုယ်တူးနေကြတဲ့ သူတွေ မြင်ရလိမ့်မယ်ပြောလိုက်တယ်။ အဲဒီမှာ သူငယ်ချင်း လည်း မြင်သွား တယ်လေ ဆိုင်ကယ်စီးပေမယ့် ဦးထုပ်မဆောင်းသူတွေ။ အရမ်းကို မဆင်မခြင်မောင်းသူတွေ ကိုပေါ့ဗျာ။

  • MaMa

    May 4, 2013 at 3:05 pm

    ဆရာမကြီးရဲ့စာက လူတွေကို ဘယ်သူမပြု မိမိမှု ဆိုသလို ဆင်ခြင်သင့်တာလေးတွေကို သိအောင် မြင်အောင် ရေးပြသွားတာမို့ အကျိုးများလှပါတယ်။
    တစ်ရက်ခြား တစ်ယောက် သေတယ်ဆိုတဲ့ ကိန်းဂဏန်းဟာ ကြောက်လန့်စရာပါ။
    အဖိုးတန် လူ့အသက်တစ်ချောင်း အကျိုးမဲ့ဆုံးရှုံးရတာ နစ်နာလှပါတယ်။
    ဒီစာကိုဖတ်ပြီး သတိတရား လက်ကိုင်ထားဖို့ လူတိုင်းလူတိုင်း အသိတရားရရှိနိုင်ကြပါစေ။

  • ရွှေ ကြည်

    May 4, 2013 at 4:46 pm

    ဆရာမကြီးရေးတာဖတ်ရလို့ဝမ်းသာမိပါတယ် တိုက်ပွဲဝင်စိတ်ဓါတ်ကောင်းတဲ့ ရဲဘော်တွေရဲ့ စိတ်ကိုမြင်ခွင့်ရလိုက်လို့ တယ်လဲ ဇွဲသတ္တိပြင်းကြပါလားလို့တွေးမိရဲ့။

  • Mr. MarGa

    May 4, 2013 at 7:26 pm

    ဆိုင်ကယ်များ ဆိုတော့လဲဆိုင်ကယ်အကြောင်းပဲ ပြောရတာပေါ့ :kwi:
    အရင်ကတော့ စက်ဘီးမြို့တော်လို့ ခေါ်ရလောက်အောင် စက်ဘီးတွေ ပေါခဲ့တယ်
    နောက်ပိုင်း ဆိုင်ကယ်လေးတွေက လက်လှမ်းမီတဲ့ အနေအထားကို ရောက်လာတော့ ဆိုင်ကယ်တဝီဝီနဲ့ ဖြစ်သွားရော
    အဲဒီမှာ ဖြစ်တဲ့ ပြဿနာက
    ဆိုင်ကယ်က အမြန်ယာဉ် စက်ဘီးက အနှေးယာဉ်
    ဆိုင်ကယ်စီးတဲ့သူ အတော်များများက စီးရုံတင်စီးတတ်တာ
    စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု သိရှိမှုက မရှိကြဘူး
    အရင်တုန်းက ဆိုင်ကယ်လိုင်စင် ဆိုတာကလဲ ပိုက်ဆံပေးရင် အဆင်သင့်ဆိုတော့
    သိသင့်သိထိုက်တာကို သိဖို့က ပိုလို့ဝေးသွားရော
    ဒီလို အကြောင်းအရာတွေကပဲ
    မဆင်မခြင် စီးနင်းမှု ယာဉ်တိုက်မှုတွေကို ပိုလို့ ဖြစ်စေတယ်လို့ ပြောရမလား
    အဓိက ကတော့ စည်းကမ်းမလိုက်နာမှုလို့ပဲ (ခပ်ရှက်ရှက်နဲ့) ပြောပါရစေဗျာ

  • Mလုလင်

    May 4, 2013 at 11:28 pm

    ကျုပ်တော့ . . မန်းလေး ရောက်ရင် . . . . သူများ မောင်းတာသာ . . . အသာထိုင်စီးပြီး . . ကိုယ့်ဘာသာကို ဘရိတ် တွေ စွတ်အုပ် နေမိတာဗျ . . အဲ့လို သတ္တိ ကောင်းပုံများ . . . .

  • kai

    May 5, 2013 at 3:31 am

    ဆောင်းပါးလေးကောင်းတယ်ဗျာ..
    ဆရာမကြီးကို ကျေးဇူးတင်ပါကြောင်းပြောပေးပါနော… :kwi:

  • ဦးကြောင်ကြီး

    May 5, 2013 at 9:50 am

    ဒေါ်ဒေါ်မေ
    ပျော်ပျော်နေ
    ဘော်ဘော်တွေ
    ရော်ကျော်သေ
    ဖော်မော်ဆွေ
    ကြော်လှော်ဝေ
    ခေါ်တော်မြွေ
    စော်အော်နေ..

  • kyeemite

    May 6, 2013 at 1:11 pm

    စနေနေ့ အိမ်မှာ The HotNews ဂျာနယ်တစ်စောင်တွေ့လို့
    ကောက်ဖတ်ကြည့်တော့ ဆရာမကြီးဆောင်းပါးလေးဖတ်ရတယ်…
    ဖတ်ပြီးတော့ တော်တော်ကြိုက်မိတာနဲ့ ရွာသူားတွေလည်းဖတ်စေချင်မိတယ်…
    ဂျာနယ်တွေက ရန်ကုန်မှာ များလွန်းတော့ အားလုံးဖတ်ဖြစ်ဖို့မလွယ်ဘူးလေ..
    ဒါနဲ့ပဲ ကိုမျိုးသန့်ကိုဖုန်းဆက်ပြီး တင်ဖို့ အကြံပေးလိုက်တာပါ….
    ခုတော့လဲ ရွာသူားတွေ ဖတ်ရတာပေါ့နော…
    ကျေးဇူးပါကိုမျိုးသန့်ရေ… :hee:

  • ကိုမိုက်ရေ ကျနော်က ဂျာနယ်တွေကို ကြုံရာလက်ဖက်ရည်ဆိုင် ကြုံရာ ဘဏ်မှာထိုင်ဖတ်တော့
    ဖတ်ပြီးရင် ဘယ်ထဲကမှန်းမသိတော့ဘူးဗျ။

Leave a Reply